၂၀၇။ အဆင့်၆နဲ့ အဆင့်၇
ဝူချန်းယွဲ့သည် နောက်ကိုဆုတ်၍ လက်ကိုလှုပ်လိုက်စဉ် တစ်ချက်ချောင်းကြည့်လိုက်သည်။ သူ့လှုပ်ရှားမှုနောက်တွင် ကောင်းကင်ကနေ ပေါင်လုံးလောက်ရှိသည့် ခရမ်းရောင်မိုးကြိုးက ဆင်းသက်လာသည်။ ဝူချန်းယွဲ့သည် မိုးကြိုးဖြင့် သူ့အားလာတိုက်သည့် ဇွန်ဘီဘုရင်၏ခေါင်းကို ပစ်ချလိုက်တာ ဖြစ်သည်။
ဇွန်ဘီဘုရင်သည် ခေါင်းကိုမော့လိုက်သည့်အခါ သူ့ခေါင်းပေါ်က မိုးကြိုးကို မြင်သွားသဖြင့် အသံကျယ်ကြီးဖြင့်အော်ကာ လေထဲတွင်လှည့်လိုက်၍ တခြားတစ်ဖက်သို့ အမြန်ရွေ့လိုက်သည်။
ဒုန်း!
ဇွန်ဘီဘုရင်သည် အနားရှိအဆောက်အဦးကို ခြေဖြင့်ပြင်းပြင်းကန်၍ အရှိန်ယူကာ ဝူချန်းယွဲ့ကို ခုန်အုပ်သည်။ ထိုအဆောက်အဦးတွင် သူ့ခြေသည်းကြောင့် အစင်းရာအကြီးကြီးကျန်ခဲ့သည်။ ဇွန်ဘီဘုရင်သည်သည် လျှင်မြန်စွာဖြင့် ဝူချန်းယွဲ့၏ဘေးသို့ ရောက်လာကာ မိုးကြိုးများပါသည့်လက်ဖြင့် တိုက်လိုက်သည်။ သူ့လက်မောင်းမှ မိုးကြိုးများသည် လက်သည်းကို ရစ်ခွေလိုက်ကာ လက်သည်းအကြီးကြီးဖြစ်သွားပြီး တိုက်တာဖြစ်သည်။
ဝူချန်းယွဲ့သည် နောက်ကိုဆုတ်လိုက်စဉ်တွင် ဇွန်ဘီဘုရင်အား လက်ကိုလှုပ်၍ မိုးကြိုးဖြင့်ပစ်လိုက်သည်။ ဇွန်ဘီဘုရင်သည် မရှောင်တော့သော်လည်း သူ့ကိုယ်ကမိုးကြိုးများဖြင့် ကာရင်းဖြင့် ခေါင်းမာစွာ မိုးကြိုးလက်သည်းဖြင့် တိုက်နေသည်။
မိုးခြိမ်းသံများသည် ဆက်တိုက်ထွက်ပေါ်လာသည်နှင့် ဇွန်ဘီဘုရင်သည်လည်း အပြင်းထန်ဆုံးမိုးကြိုးများကို ခေါ်လိုက်သည်။ ဝူချန်းယွဲ့နှင့် ဇွန်ဘီဘုရင်တို့သည် ဒီလိုပေါင်လုံးလောက်ရှိသည့် မိုးကြိုးလှိုင်းများကြားတွင် ရောက်သွားပြီ။
ဝူချန်းယွဲ့၏မျက်နှာသည် မည်းသွားကာ လေထဲတွင် အမြန်ဂျွမ်းထိုးလိုက်ပြီးနောက် ဇွန်ဘီအုပ်၏ ခေါင်းများပေါ်ကနေ တစ်ဖက်သို့ အမြန်ခုန်သွားလိုက်သည်။ သာမန်ဇွန်ဘီများသည် လူသားဖြစ်ကြောင်းသိသည်နှင့် သူတို့လက်များကို ဆန့်တန်းကာ ဖမ်းဖို့လုပ်သော်လည်း ဝူချန်းယွဲ့မှာ တခြားနေရာသို့ ရောက်သွားနှင့်ပြီ။ ဝူချန်းယွဲ့သည် ဝရံတာသို့ခုန်တက်လိုက်ကာ အဆောက်အဦးထဲသို့ ဝင်ပြေးလိုက်သည်။
ဇွန်ဘီဘုရင်သည် ဝူချန်းယွဲ့၏ မိုးကြိုးဒဏ်ကို ခံလိုက်ရသော်လည်း မီးခိုးများထဲမှ ဘာမှမဖြစ်သည့်အလား အမြန်ထွက်လာသည်။ သို့သော်လည်း သူ့၏သွေးရွှဲနေသည့် ကိုယ်ကြီးမှာ မည်းတူးသွားပြီ။ ဇွန်ဘီဘုရင်ကို မထိခိုက်နိုင်ဘဲ ရုပ်သာပိုဆိုးသွားစေတာ ဖြစ်သည်။
ထိုအချိန်တွင် ဝူချန်းယွဲ့သည် နောက်အဆောက်အဦး တစ်ခု၏ အမိုးပေါ်တွင် ရပ်နေကာ လက်နှစ်ဖက်ကို ဝေ့ယမ်းလိုက်သည်။ ထို့နောက် ကောင်းကင်မှနေ ဇွန်ဘီဘုရင်ထံသို့ နောက်ထပ် ပေါင်လုံးလောက်ရှိသည့် မိုးကြိုးများက ဆင်းသက်လာပြန်သည်။
သူတို့သည် စွမ်းအားအမျိုးအစား တူကြသည်။ အဆင့်၇ဖြစ်သော်လည်း ဝူချန်းယွဲ့သည် ဇွန်ဘီဘုရင်က သူ့ကိုနောက်ကနေ မနားစတမ်းတိုက်နေသဖြင့် အခွင့်မသာသလိုတောင် ဖြစ်နေပုံရသည်။ တကယ်တော့ ဝူချန်းယွဲ့မှာ အလွယ်လေးရှောင်နိုင်တာ ဖြစ်သည်။
မိုးခြိမ်းသံများနှင့်အတူ မိုးကြိုများက ထပ်ကျလာသည်နှင့် ဇွန်ဘီဘုရင်သည် သတိလက်လွတ်ဖြင့် ဝူချန်းယွဲ့ကို ထပ်တိုက်လာပြန်သည်။ သို့သော်လည်း မကြာခင်မှာ မိုးကြိုးများသည် လေထဲတွင် လမ်းကြောင်းအနည်းငယ်ပြောင်းသွားကာ ပြေးတိုက်ဖို့လာသည့် ဇွန်ဘီဘုရင်ပေါ်သို့ ထပ်ကျလာသည်။ ဒီလိုဖြင့် သုံးကြိမ်လောက် မိုးကြိုးပစ်ခံလိုက်ရတော့သည်။
ဇွန်ဘီဘုရင်သည် အန္တရာယ်ကို ရုတ်တရက် ခံစားမိသွားသဖြင့် ဝူချန်းယွဲ့၏မိုးကြိုးများကို ပြန်ခုခံဖို့အတွက် သူ့မိုးကြိုးလက်သည်းများဖြင့် တန်ပြန် တိုက်လွှတ်လိုက်သည်။ သို့သော်လည်း မကြာခင်တွင် သူ့မိုးကြိုးလက်သည်းများမှ မိုးကြိုးတို့မှ ဝူချန်းယွဲ့၏ တောက်လျှောက်ပစ်နေသည့် မိုးကြိုးများကြောင့် ပျောက်ကွယ်သွားသည်။
ဝူချန်းယွဲ့သည် ဒီဇွန်ဘီဘုရင်၏ တိုက်ခိုက်မှုသည် အားမပါသလို အစီအစဉ်မရှိဘဲ ထင်ရာစိုင်း၍ ပစ်နေတက်ကြောင်းကို အခုသိသွားသည်။ ဒီလိုတိုက်ခိုက်ခြင်းသည် အစွမ်းကုန်ဖို့ ပိုများလေပြီး တိုက်ခိုက်ရေးပုံစံသည် သူ့အတွက် ရင်ဆိုင်ရဖို့ လွယ်ကူသည်။
ဇွန်ဘီဘုရင်က မိုးကြိုးများကို ခုခံလိုက်သည့်အချိန်တွင် ဝူချန်းယွဲ့သည် သူ့လက်နှစ်ဖက်ကို ရုတ်တရက်မြှောက်လိုက်ကာ ဇွန်ဘီဘုရင်ကို ချုပ်ကိုင်ထားသည့်အလား လက်ဖဝါးနှစ်ဖက်ကို မျက်နှာချင်းဆိုင်ထား၍ လက်ချောင်းများကို ကွေးလိုက်သည်။ ထိုအခါ ဇွန်ဘီဘုရင်အနားတွင် မိုးကြိုးကျော့ကွင်းက ဖြည်းဖြည်းချင်း ဖြစ်တည်လာကာ ရစ်ပတ်ထားလိုက်သည်။
“ဂါး!”
ဇွန်ဘီဘုရင်သည် သူ့၏မိုးကြိုးလက်သည်းများက ဝူချန်းယွဲ့၏ မိုးကြိုးများ ကျဆင်းလာမည်ကို ထိရောက်အောင် မကာနိုင်သလို အခုလည်း သူအဖမ်းခံရ၍ လှုပ်မရဖြစ်နေသည်။ ထို့ကြောင့် ဝူချန်းယွဲ့၏ မိုးကြိုးကျော့ကွင်းထဲတွင် ချုပ်ထားခံရရင်း မိုးကြိုးများဖြင့် ဆက်တိုက်အပစ်ခံလိုက်ရသည်။
မိုးကြိုးဆက်တိုက်ကြောင့် ဇွန်ဘီဘုရင်သည် အနည်းငယ်ကြောင်သွားသည်။ ပထမမိုးကြိုးများလို သူ့အားသိပ်နာကျင်မည်မဟုတ်ဘူးဟု ထင်ထားသော်လည်း အံ့ဖွယ်ကောင်းစွာ ထိုမိုးကြိုးများထက် အစပေါင်းများစွာကို ပြန်းထန်လို့နေသည်။
ဇွန်ဘီဘုရင်သည် သူ့၏ပေါ့ဆမှုကြောင့် သူ့ခေါင်းတည့်တည့်ကို မိုးကြိုးများဖြင့် ပစ်ခံလိုက်ရတော့သည်။ အဆောက်အဦးပေါ်မှနေ မီးခိုးများတငွေ့ငွေ့ထွက်ကာ ပြုတ်ကျသွားသည်ကို ကြည့်ရင်း ဝူချန်းယွဲ့သည် လက်နှစ်ဖက်ကို ထပ်မြှောက်လိုက်သည်။ ထိုအခါ မိုးကြိုးကျော့ကွင်းသည်လည်း အတူပြုတ်ကျလိုက်သွားလေသည်။
ဘုန်း!
ဇွန်ဘီဘုရင်သည် ဇွန်ဘီအုပ်ထဲသို့ မိုးကြိုးကျော့ကွင်းနှင့်မီးခိုးများနှင့်အတူ ပြုတ်ကျသွားပြီး သာမန်ဇွန်ဘီအချို့ကို သေသွားစေသည်။
“ဂါး! ဂါး! ဂါး!” သို့သော်လည်း မကြာခင်တွင် ပြန်ထလာကာ ကောင်းကင်ကိုကြည့်၍ အော်လေသည်။ သူ့၏အော်သံများကြောင့် ဇွန်ဘီအုပ်သည် ချက်ချင်းဒေါသထွက်လာကာ လိုက်အော်ကြသည်။ ထို့နောက် ဝူချန်းယွဲ့ရှိရာ အဆောက်အဦးသို့ ဖက်တက်လာကြသည်။ ဝူချန်းယွဲ့သည် ပုရွက်ဆိတ်များလို သူ့ဆီတက်လာသည့် ဇွန်ဘီအုပ်ကို တစ်ချက်ကြည့်လိုက်ကာ ထိုနေရာမှ ရှောင်သွားသည်။
ဇွန်ဘီဘုရင်သည် ဒေါသထွက်ကာ အော်လိုက်ရင်း စွမ်းအင်သန့်သန့်များကြောင့် သူ့ကိုယ်အားပတ်ထားသည့် မိုးကြိုးကျော့ကွင်းသည် ကျိုးပျက်သွားသည်နှင့် လျှင်မြန်စွာ ခုန်ထွက်သွားတော့သည်။ အခုတော့ ဝူချန်းယွဲရှိရာသို့ မဟုတ်ဘဲ အခြားတစ်ဖက်သို့ လျှင်မြန်စွာဖြင့် ပြေးထွက်သွားသည်။ မျက်တောင်တစ်ခတ်အတွင်း ပျောက်သွားအောင်ကို အရှိန်ဖြင့်ပြေးတာဖြစ်သည်။
ဝူချန်းယွဲ့သည် မျက်လုံးများကို မှေးကျဉ်းရင်း ပြုံးလိုက်ကာ လိုက်လေသည်။
‘ပြေးတာလား? ဒီလောက်လွယ်မတဲ့လား? ငါကမင်းကိုသတ်ဖို့လာတာ!’
ဇွန်ဘီဘုရင်သည် အနောက်ပိုင်းကန်ခရိုင်ဘက်သို့ ထွက်ပြေးလာတာဖြစ်သည်။ အနောက်ပိုင်းကန်ခရိုင်ကို ရောက်နေနှင့်သည့် လင်းချင်းကတော့ တွေ့သမျှစာအုပ်ဆိုင်တိုင်းတွင် မြေပုံလိုက်ရှာနေတာ ဖြစ်သည်။ မဟုတ်လျှင် သူမသည် စီမံရုံးက ဘယ်နားရှိသလဲဆိုသည်ကို ဘယ်လိုလုပ်၍ သိနိုင်မည်နည်း။