May Honey Logo May Honey
Previous Next

၂၈၄။ လူမဆန်

ဧည့်ခန်းထဲတွင် တခြားနှစ်ယောက် ထပ်ရှိနေသေးသည်။ ပြတင်းပေါက်ကိုမှီကာ ဓားစာခံသုံးယောက်နားတွင် ဆေးလိပ်သောက်နေသည့် ဝူနှင့် မီးဖိုချောင်နှင့် ရေချိုးခန်းများကို စစ်နေသည် စစ်တို့ဖြစ်သည်။

အော့ထွက်သည့်နောက် စန်းနှင့်ဆရာသည် စကားပြောတာကို ရပ်လိုက်သည်။ သူတို့သည် အော့လုပ်ခဲ့သလိုမျိုး ပတ်ဝန်းကျင်ကို သတိထား၍ သေချာရှာဖွေနေကြသည်။ 

လင်းချင်းသည် သူတို့တစ်ယောက်ချင်းစီကို ကြည့်လိုက်သည်။ အကုန်လုံးထဲတွင် အာသည် အာရုံသိအကောင်းဆုံးဖြစ်ပုံရသည်။ အာတွင် ဘာအစွမ်းရှိသလဲဆိုသည်ကို မပြောတက်သော်လည်း စံတွင်တော့ နေရာလွတ်အစွမ်းရှိသည်။

ပုံမှန်ဆိုလျှင် နေရာလွတ်စွမ်းအားရှင်များသည် ပျော့ကြသည်။ ကတုံးဖြင့် စန်းသည် နေရာလွတ်စွမ်းအားရှင် ဖြစ်သောကြောင့် သူ့၏တိုက်ခိုက်နိုင်စွမ်းသည် နိမ့်လောက်မည်။ သို့သော်လည်း ‘စန်း’ဟု အခေါ်ခံရသောကြောင့် နံပတ်၃ဖြစ်သည်။ ထို့ကြောင့် လင်းချင်းသည် ဘယ်လိုများ သူတို့ကိုသူတို့ နံပတ်စီထားသလဲ သိချင်နေသည်။

“ဝူ သူတို့ကို သေချာကြည့်ထား!”   ဆရာက ဝူကိုပြောသည်။ ထိုသူသည် စီးကရက်ကို နှုတ်ခမ်းတွင်ခဲထားရင်း ဓားစားခံသုံးယောကိုကြည့်ကာ ပြောသည်။ 

လင်းချင်းသည် အခုအထိ ဒီလူများက အရေးကြီးတာ ဘာကိုမှမပြောသေးသည်ကို သိလိုက်သည်။ အော့က အကုန်လုံးကို ရှင်းကြောင်း သွားစစ်နေသည်။ လင်းချင်းသည် အိမ်ထဲကို ပတ်ကြည့်ပြီးနောက်မှ ခြံစည်းရိုးကို ခုန်ကျော်လာကာ မီတာရာကျော်အောင် အရင်ပြေးသွားသည်။ ထို့နောက် ကိုယ်ပြန်ဖော်ကာ ကလေးဇွန်ဘီကောင်လေးကို ခေါ်လိုက်သည်။

သူမသည် နယ်မြေထဲမှ စာရွက်နှင့်ဘောပင်ကိုထုတ်၍ရေးကာ  ထိုစာရွက်ပိုင်းကို ကလေးဇွန်ဘီကောင်လေးအား ပေးလိုက်ရင်း   “လေး! ဒါကိုလီလီကို သွားပေး။ နင့်အပြင် တခြားဘယ်သူမှ မမြင်စေနဲ့။ သွားတော့!”

ကလေးဇွန်ဘီကောင်လေးသည် ခေါင်းငြိမ့်ကာ စာရွက်ကိုသေချာခေါက်၍ သူ့အိတ်ကပ်ထဲတွင်ထည့်သည်။ ထို့နောက် လင်းဖန်တို့ရှိရာဘက်သို့ အမြန်လှည့်ပြေးသွားသည်။ ထို့နောက် လင်းချင်းသည် ကိုယ်ပြန်ဖျောက်၍ အိမ်ယာသို့ ပြန်သွားကာ ကတုံးကောင်ဖြင့် ဘယ်လိုရင်ဆိုင်ရမလဲကို တွေးကြည့်နေမိသည်။

အစတုန်းက လင်းချင်းသည် ဘာမှမလုပ်ဘဲ ဒီမှာဖြစ်သမျှကို စောင့်ကြည့်ဖို့လောက်သာ။ သို့သော်လည်း မမျှော်လင့်သည်များက ဖြစ်နေသည်။ ဒီဓားပြများသည် လင်းဖန်တို့နောက်သို့ လိုက်နေသည့်သူများ ဖြစ်နေလေသလို ယွမ်ထန်ရှင်းကိုလည်း ထိခိုက်အောင် လုပ်ကြဦးမည်။

‘ငါတို့ဆီကို လာပြီးတော့ ငါတို့က သူတို့အကြောင်းကို မသိသေးဘူး ထင်နေပုံပဲ!’   လင်းချင်းက ပြောသည်။   ‘ဒီလိုမျိုးဆိုရင်တော့ အရင်တိုက်တဲ့သူက ပိုပြီးတော့ အကျိုးများနိုင်တယ်’

အော့သည် ဂိတ်ပေါက်သို့ ရောက်သည့်အခါ အစောင့်နှစ်ယောက်အား သူတို့တစ်ခုခုကို သတိထားမိသေးလားဟု မေးသည်။ အမိုးပေါ်က နှစ်ယောက်လိုပင် ထိုနှစ်ယောက်သည်လည်း ဇွန်ဘီများအပြင် တခြားဘာကိုမှ မမြင်ကြောင်းဖြေကြသည်။

“ဘာဖြစ်လို့လဲ? အဆင့်မြင့်ဇွန်ဘီရှိလို့လား?”   တစ်ယောက်က မေးသည်။

အော့သည် စူးရှသည့် မျက်လုံးဖြင့် အပြင်ကို လှမ်းကြည့်သော်လည်း ဘာကိုမှ မတွေ့ပေ။

ထိုအချိန်တွင် လင်းချင်းသည် လမ်းတစ်ဖက်မှာ သက်ကြီးဇွန်ဘီကို တွေ့လိုက်ရသည်။ ထို့ကြောင့် သူ့ဘေးသို့ ချက်ချင်းသွားလိုက်ကာ ကိုယ်ပြန်ဖော်လိုက်သည်။ သူမ၏အရှိန်အဝါကို ထိန်းနိုင်သမျှ ထိန်းထားရင်း   “အဘိုး အနားက ဇွန်ဘီတွေကိုစုလိုက်။ များလေကောင်းလေးပဲ။ သူတို့ကို ခေါ်လိုက်ရအောင်”

“ဂါး?”   ‘သတ်လိုက်ရမလား?’   အဘိုးက လင်းချင်းကို ကြည့်ကာ သေချာမေးသည်။

“သတ်လိုက်!”   လင်းချင်းက ပြောသည်။   “ကတုံးကောင်ကို ကျွန်မအတွက်ချန်ထားပေး။ ဒါပင်မယ့် မျက်မှန်နဲ့ကောင်ကို အဘိုးသတိထားဖို့ လိုလိမ့်မယ်။ သူကအစွမ်းကြီးတော့ သူ့ပစ်မှတ်အဖြစ်မခံနဲ့!”

အဘိုးသည် သူ့လက်နှစ်ဖက်ကို နောက်သို့ပစ်လိုက်ကာ ခေါင်းတစ်ငြိမ့်ငြိမ့်လုပ်ပြပြီးနောက် သူရှိသည့်နေရာမှ ပျောက်သွားသည်။ 

လင်းချင်းသည် ကိုယ်ပြန်ဖျောက်ကာ ကတုံးကောင်နောက်သို့ ထွက်သွားလိုက်သည်။ ထို့နောက် အပြင်မှနေ ထူးဆန်းသည့် အော်သံအရှည်ကြီးကို ကြားလိုက်ရတော့သည်။

“ဂါး!!!”   လင်းချင်းသည် ဒီအသံမှာ အဘိုးက သာမန်ဇွန်ဘီများကို ဆင့်ခေါ်နေမှန်း သိလိုက်သည်။

“ဟမ်? ဘာဖြစ်တာလဲ? ဘာသံကြီးလဲ?”   စန်းသည် သိချင်စိတ်ဖြင့် မေးသည်။ သူနှင့်အခြားသူများသည်လည်း ကြားကြသည်။ ဆရာသည် မျက်တောင်တစ်ချက်ခတ်ကာ   “ငါ့အထင်မှန်ရင် အဆင့်မြင့်ဇွန်ဘီဖြစ်လိမ့်မယ်”

စန်း၏မျက်လုံးများသည် တောက်ပသွားကာ   “အဆင့်မြင့်လား? ဘယ်အဆင့်လဲ? လေး? ငါး? အဆင့်ခြောက်ဖြစ်ရင် ပိုကောင်းမယ်”

“ငါတို့မှာ အဆင့်ငါးအမြူတေ သုံးခုပဲ ရှိသေးတယ်”   ဆရာက ပြောသည်။   “ဒါပင်မယ့် အဆင့်လေးအမြူတေတော့ အတော်များတယ်။ ငါတို့မှာရှိတဲ့ အမြူတေနဲ့ ယန်ချောင်းဆီက အစာတော်တော်များများ ဝယ်ရပြီ။ အဲ့ဒါကြောင့် ငါတို့အဆင့်၆အမြူတေသာ ရလို့ကတော့ သူ့ကိုမပေးနိုင်ဘူး”

စန်းသည် ခနရပ်သွားပြီးနောက် ခေါင်းငြိမ့်ကာ   “ဟုတ်တယ်! အဆင့်လေးအမြူတေ ဘယ်လောက်ရှိမလဲ ငါစစ်ကြည့်လိုက်မယ်!”

စကားပြောရင်း မျက်လုံးမှိတ်လိုက်သည်။ သုံးစက္ကန့်ကြာသည့်အခါ မျက်လုံးပြန်ဖွင့်၍   “အဆင့်လေးအမြူတေ ၃၁ခုရှိတယ်”

ဆရာသည် ခေါင်းငြိမ့်ပြသည်။ အပြင်တွင် အဘိုး၏အော်သံကို ကြားသည့် အော့က ဘာမှန်းသေချာသိသည်နှင့် ချက်ချင်းလှည့်ပြန်လာဖို့လုပ်သည်။

“ရပြီ။ ငါစိုးရိမ်သွားရတဲ့ အကြောင်းပြချက်က ဒီအဆင့်မြင့်ဇွန်ဘီကြောင့် ဖြစ်မယ်။ ဘယ်အဆင့်လဲတော့ ငါလည်းမသိဘူး”   သူပြောသည်။

“ဟုတ်မယ်”   ဂိတ်စောင့်နှစ်ယောက်က ခေါင်းငြိမ့်ကြသည်။

လင်းချင်းသည် မတိုက်သေးဘဲ ဓားစားခံသုံးယောက်ထံသို့သွားကာ သူတို့၏ အသက်စွမ်းအင်ကို အာရုံခံကြည့်သည်။ အမျိုးသမီးသည် အဆင်ပြေသည်။ သို့သော်လည်း ဆံပင်ရှည်ဖြင့်ကောင်လေးမှာ အသက်ထွက်တော့မလို ဖြစ်နေပြီ။ သူ့နံရိုးလေးချောင်းနှင့် လက်မောင်းတစ်ဖက်သည် ကျို့းနေသည်။ ထို့အပြင် သူ့အသည်းသည်လည်း ပျက်စီးနေသည်။ တခြားတစ်ယောက်တော့ သူ့ထက်ပိုကောင်းသေးသည်။ ဆံပင်ရှည်ဖြင့်ကောင်လေးလောက် ဒဏ်ရာမပြင်းသော်လည်း  သူ့ခြေထောက်တစ်ဖက်က ကျိုးနေတာ ဖြစ်သည်။

လင်းချင်းသည် ကောင်လေးနှစ်ယောက်၏ နဖူးကိုစမ်းကြည့်ကာ သက်ပြင်းချလိုက်သည်။ ဒီနှစ်ယောက်သည် အသက်ရှင်ချင်စိတ်တောင် မရှိကြသလို ဖြစ်နေကြသည်။ လင်းချင်းသည် သူတို့နဖူးကို ထိထားရင်း စိတ်ထဲကစကားကို ပို့မေးလိုက်သည်။   “ရှင်ချင်လား?”

ဒီမေးခွန်းကို သူမထပ်ခါတစ်လဲလဲ ပို့ကြည့်သည်။ သူမသည် တပ်သားဖြစ်ခဲ့ဖူးသောကြောင့် လူကယ်ရသည်က သူမ၏တာဝန်ပင်။ အခုတော့ ဒီတာဝန်လုပ်ဖို့ မလိုတော့သော်လည်း သူမ၏တာဝန်ယူစိတ်အသိကြီးက ဆက်ရှိနေဆဲပင်။ သူမသည် လူတိုင်းကို ကယ်ဖို့လောက်အထိ ကြင်နာတက်တာ မဟုတ်သော်လည်း လူဆိုးနဲ့တိုက်ရင်း တချို့အသက်များကို ကယ်ပေးလိုက်ရတာလောက်ကတော့ သူမအတွက် ဘာမှားမှာမလို့နည်း?

သို့သော်လည်း လင်းချင်းသည် ဒီကောင်လေးနှစ်ယောက်၏ စိတ်ဝိဉာဉ်ကိုတော့ ကယ်နိုင်မည်ဟု မထင်ပေ။ သူတို့ကိုယ်များကို ကန်ရေဖြင့် ကုသပေး၍ ရသော်လည်း စိတ်ကိုတော့ မရပေ။ သူမသည် ဒီမေးခွန်းကို ထပ်တလဲလဲမေးနေသော်လည်း ကောင်လေးနှစ်ယောက်ဆီမှ ဘာတုန့်ပြန်မှုကို မရပေ။ ကြည့်ရသည်မှာ နှစ်ယောက်လုံးသည် အသက်မရှင်ချင်ကြတော့လောက်ပေ။

သို့သော်လည်း သူမသည် အမျိုးသမီးထံမှ မသိစိတ်ဖြင့်တွေးနေသည့် အသံတိုးတိုးကို ကြားလိုက်ရသည်။   ‘တစ်ယောက်ယောက်ကတော့ ငါ့ကိုလာကယ်ပေးမှာပါ!’   သူမသည် ကိုယ့်ကိုယ်ကို ထပ်ခါတစ်လဲလဲ စိတ်ထဲကနေ ပြောပေးနေကာ စိတ်ဓာတ်ကျမှုကြောင့် ကိုယ့်ကိုယ်ကို မသေအောင် ထိန်းနေပုံရသည်။

ထိုအချိန်တွင် ဝူသည် အနားသို့လျှောက်လာသည်။ လင်းချင်းက ချက်ချင်းထကာ ဘေးသို့ဖယ်လိုက်သည်။ ဝူသည် ဆံပင်ရှည်ဖြင့် ကောင်လေးကို ကန်လိုက်ကာ ဆရာအား   “ဆရာ ဒီကောင်လေးက မကြာခင် သေတော့မယ်။ ဘာဖြစ်လို့ သူမသေခင် အရင်ပိုင်းခုတ်မထားတာလဲ? သေသွားရင် အရသာပျက်လိမ့်မယ်”

အမျိုးသမီးသည် ဝူ၏စကားကို ကြားသည့်အခါ တစ်ကိုယ်လုံးတောင့်ခဲသွားသည်ကို လင်းချင်းက မြင်လိုက်ရသည်။

ဆရာသည် ဝူကိုတစ်ချက်ကြည့်ကာ ဘာမှမပြောပေ။ အော့က ဝင်လာကာ   “ဝူရဲ့စကားကို နားထောင်သင့်တယ် ထင်တယ်။ သေသွားရင် သူ့အသားအရသာက ဆိုးသွားတော့မှာ”

လင်းချင်းသည် ဒီလူများကို မယုံနိုင်စွာ မျက်လုံးပြူးကြည့်နေမိသည်။ သူတို့သည် ဒီကောင်လေးကို ရှင်လျှက်စားချင်နေကြတာပင်။ ဒီဓားပြများသည် လူစိတ်ပျောက်နေကြပြီ။ သူတို့သည် တောရိုင်းထဲကအကောင်များဖြင့် ဘာမှမကွာတော့ပေ။ သူတို့သည် လူစားဖို့အကြောင်းပြောနေခြင်းမှာ အရင်ခတ်က လူများတိရိစ္ဆာန်အသားကို စားမည့်အကြောင်း ပြောနေသလိုပင်။ ထို့အပြင် သူတို့သည် လူသေအသားကို မစားချင်ဘဲ ရှင်လျှက်ကိုတောင် စားချင်နေကြသေးသည်။

ဆရာသည် ခေါင်းငြိမ့်ကာ   “ဒါဆိုရင်လည်း အသားကင်ဖို့ မီးဖို့လိုက်။ ငါတို့ကင်နေရင်း အသားကိုလှီးလို့ရတယ်။ ဒီလိုဆိုရင် ပိုအရသာရှိမှာ”

လင်းချင်းသည် လက်သီးကိုဆုပ်ရင်း မနည်းတည်ငြိမ်အောင် ထိန်းနေရသည်။ သူမသည် သူတို့အကုန်လုံးကို သတ်ဖို့ဆုံးဖြတ်ထားသည်။ လူသားစားသည့်လူများသည် ဇွန်ဘီများထက်ကို ပိုရွံ့ဖို့ကောင်းကာ ကြောက်ဖို့ကောင်းသည်။ ထို့အပြင် ဒီလူများသည် လင်းဖန်နှင့် ယွမ်ထန်ရှင်းတို့အပေါ် မကောင်းသည့် စိတ်လည်းရှိနေသေးသည်။ သူမသည် အဆင့်၇တစ်ယောက်ကို မသတ်နိုင်သေးသော်လည်း တခြားသူများကိုတော့ သတ်နိုင်တာ ဖြစ်သည်။  
Previous Chapter 284 of 410 Next