၂၁၃။ လင်းလင်းကို ခေါ်သွားတယ်
အခုမှ ရှောင်ယွင့်လုံသည် အမြီးရှိနေကြောင်းကို မြင်သွားကာ အရမ်းစိတ်ဝင်စားသွားသည်။ ‘ဇွန်ဘီတွေက အမြီးပေါက်လို့လား? ဒီသတ္တဝါတွေက ထူးဆန်းတဲ့နည်းတွေနဲ့ သန္ဓေပြောင်းနေတာပဲ’
ဒီလိုတွေးနေမိသော်လည်း ချက်ချင်းပဲ ဒါကိုတွေးရမည့် အချိန်မဟုတ်ဘဲ သူတို့အား ဇွန်ဘီမငယ်က မိတော့မည်ဖြစ်သည်။ ရှောင်ယွင့်လုံသည် သူမအားကြည့်ကာ ချွေးအေးများ ထွက်လာသည်။ ထိုအချိန်တွင် ဇွန်ဘီမငယ်သည် ရုတ်တရက် ပျောက်ကွယ်သွားသည်။
“ဟင်?” ရှောင်ယွင့်လုံသည် သတိအပြည့်ဖြင့် ပတ်ကြည့်သည်။ ‘သွားပြီလား? ဘယ်ကိုသွားတာလဲ?’
သူ့အသံကြားသည်နှင့် မုန့်ယွဲ့သည် ကားကိုရပ်မိသွားသည်။ ထို့နောက် ကားနောက်မှန်မှ ကြည့်သည့်အခါ ဇွန်ဘီသည် တကယ်မရှိတော့ပေ။ ဒီလမ်းကို ကားများစွာ စွန့်ပစ်ထားသဖြင့် သူမသည် အော်ပြောလိုက်သည်။ “ရှောင်ယွင့်လုံ လမ်းဖွင့်ပေး!”
ရှောင်ယွင့်လုံသည် လှည့်မကြည့်ဘဲ လက်ကိုလှုပ်လိုက်ရာ ကားများသည် ဘေးသို့တွန်းပို့ခံလိုက်ရသည်။ ကားများကို ဖယ်နေသည့် အသံများကြောင့် သာမန်ဇွန်ဘီများ၏ အာရုံကို စွဲဆောင်မိကာ အများကြီး ရောက်လာတော့သည်။
ရှောင်ယွင့်လုံသည် ကားအမိုးပေါ်တွင်နေသော်လည်း ဇွန်ဘီကို မတွေ့ပေ။ ထွက်သွားသေးမှာ မဟုတ်သည်ကတော့ သေချာသည်။ ထို့အတူ ထူးဆန်းသည့် ဇွန်ဘီမငယ်သည် မြွေတစ်ကောင်လို ခိုးတိုက်ဖို့ ပြင်နေကြောင်းကို သူနားလည်သည်။
သူတွေးနေစဉ်တွင် ကားရှေ့သို့ သဏ္ဍာန်တစ်ခုက အမြန်ရောက်လာကာ လက်နှစ်ဖက်ဖြင့် ကားကိုတားစီးထားလိုက်သည်။ မုန့်ယွဲ့သည် ဒီဇွန်ဘီဘယ်လို ပေါ်လာသလဲကို မမြင်လိုက်သလို ဘရိတ်မဆွဲခင်မှာကို ဇွန်ဘီသည် ကားဆီသို့ လက်ဖြင့် မြှောက်လိုက်နှင့်သည်။ ကားသည် တစ်နာရီကို မိုင်တစ်ရာ့နှစ်ဆယ်နှုန်းဖြင့် မောင်းနေလေရာ ကားတိုက်ခံရသည့်သူက သာမန်သူဆိုလျှင် ဆယ်မီတာလောက်ကို လွင့်ထွက်သွားမှာ ဖြစ်သည်။
ဘုန်း! မုန့်ယွဲ့သည် ခေါင်းမူးဝေသွားသည်။
ရှောင်ယွင့်လုံသည် ဘာဖြစ်မှန်းသိသည့်အခါ သူနှင့်ကားသည် လွင့်ထွက်သွားတာဖြစ်သည်။ သို့သော်လည်း သူသည် အမြန်ခုန်ဆင်းကာ လှိမ့်ချလိုက်သည်။ ဘုန်းဆိုသည့်အသံကို ကြားသည့်အခါ သူ့မျက်နှာက ပျက်ယွင်းသွားသည်။
“မုန့်ယွဲ့! လင်းလင်း!” ရှောင်ယွင့်လုံသည် မှောက်သွားသည့်ကားဆီသို့ ကြောက်လန့်တကြား အော်ခေါ်ရင်း ပြေးသွားသည်။
“လင်းလင်း! မုန့်ယွဲ့! မုန့်ယွဲ့!” ကားဆီသို့ အမြန်ပြေးလာကာ ကားပြတင်းပေါက်ကနေ အော်လိုက်သည်။ ကားသည် ပြောင်းပြန်ကြီးမှောက်နေလေရာ မုန့်ယွဲ့သည်လည်း ပြောင်းပြန်ဖြစ်နေသည်။
“အား” မုန့်ယွဲ့သည် ညည်းညူမိသည်။ သူမ၏ကိုယ်သည် ဒဏ်ရာများဖြင့်ဖြစ်ကာ ခေါင်းမှလည်း သွေးထွက်နေသည်။ သူမ၏မျက်မှောင်များကို ကျုံ့ထားကာ မျက်လုံးက တင်းတင်းပိတ်ထားသည်။ ရှောင်ယွင့်လုံ၏အသံကြားမှ သူမသည် ပြန်တုံ့ပြန်လာနိုင်ခြင်း ဖြစ်သည်။
“မုန့်ယွဲ့ နင်ဘယ်လိုနေလဲ? မုန့်ယွဲ့! လင်းလင်း. . .လင်းလင်းဘယ်မှာလဲ? ဘာဖြစ်လို့ လင်းလင်းက ဒီမှာမရှိတာလဲ?” ကားပြတင်းပေါက်ကနေ ကြည့်လိုက်သည့်အခါ မုန့်ယွဲ့သည် သွေးများရွှဲနေလေသည့်အခါ ကြောင်အသွားပြီးနောက် ဘေးခုံတွင် ဘယ်သူမှ မရှိတော့သည်ကို တွေ့လိုက်ရသည်။
ဝူယွဲ့လင်းက ပျောက်သွားပြီ။ သူ့တစ်ကိုယ်လုံးတွင် ချွေးအေးများရွှဲကာ ရှောင်ယွင့်လုံသည် မုန့်ယွဲ့အား ကားထဲကနေ ထုတ်ပေးလိုက်သည်။ ထိုအခါ သူမသည် ဒဏ်ရာဆိုးဆိုးဝါးဝါးမရဘဲ မေ့နေရုံလောက်သာ ဖြစ်ကြောင်း တွေ့လိုက်သည်။ သူကိုယ်ပိုစိတ်ခြောက်ခြားစေသည်မှာ ဝူယွဲ့လင်းက ဇွန်ဘီနှင့်အတူ ပျောက်သွားခြင်း ဖြစ်သည်။ သံသယဝင်စရာ မလိုအောင်ကို ဇွန်ဘီက ခေါ်သွားသည်မှာ သေချာသည်။
‘ငါဘယ်လိုလုပ်ရမလဲ? ဇွန်ဘီကို ဘယ်လိုရှာရမလဲ? မုန့်ယွဲ့ကလည်း အခုဒဏ်ရာရနေတာ။ သူ့ကိုစောင့်ရှောက်ဖို့ လူလိုတယ်’ လင်းလင်းကို ခေါ်သွားသည့် ဇွန်ဘီသည် အဆင့်၆ဇွန်ဘီဘုရင်မ ဖြစ်လိမ့်မည်။ အဆင့်မြင့် ဇွန်ဘီများသည် ကလေးများနှင့် မိန်းမတို့ကို စားရသည်ကို အကြိုက်ဆုံးပင်။ ဝူယွဲ့လင်းကို ခေါ်သွားသဖြင့် အသက်ရှင်ကျန်နေဖို့ အခွင့်အရေးက အရမ်းရှားသွားပြီ။
‘ဝူချန်းယွဲ့ကို ငါဘယ်လိုရှင်းပြရမလဲ? ဇွန်ဘီဘုရင်မကို အခုတွေ့တောင် ငါဘယ်လို လင်းလင်းကို ပြန်ခေါ်ရမလဲ? ပြီးတော့လည်း ဇွန်ဘီဘုရင်မက ဘယ်သွားမှန်းမှ ငါမသိတာ။ လင်းလင်းကို ဘယ်လိုရှာရမလဲ?’ ရွေးချယ်စရာ မရှိတော့ကာ မုန့်ယွဲ့နိုးလာမည်ကို စောင့်နေရင်း လင်းလင်း၏ တည်နေရာကို အာရုံခံဖို့ပဲ ရှိတော့သည်။ သူမအား အမှုအယာမဲ့စွာဖြင့် ပွေ့သွားကာ သန့်သည့်နေရာသို့ သွားလိုက်သည်။
ဘန်း!
သူတို့ငါးမီတာ အကွာသို့ရောက်သည်နှင့် ကားသည် ပေါက်ကွဲသွားသည်။ မီးခိုးလုံးကြီးများသည် မီးတောက်များနှင့်အတူ ထွက်လာသည်။
တစ်ဖက်တွင်တော့ ဇွန်ဘီမငယ်သည် ဝူယွဲ့လင်းကိုချီကာ အနောက်ဘက်ရေကန်သို့ ပြေးနေသည်။ ခနပြေးပြီးနောက် သူမသည် အဆောက်အဦးတစ်ခု၏ အမိုးပေါ်တွင် နားလိုက်သည်။ သူမသည် မေ့နေသည့် ဝူယွဲ့လင်းကို ကြမ်းပြင်ပေါ်တွင် သေချာချကာ နံရံကိုမှီထားစေသည်။
သူမသည် ဘာဆိုဘာမှကို မမှတ်မိတော့ပေ။ သို့သော်လည်း လူသားများကို မစားသင့်သည်ကိုတော့ သိသေးသည်။ ဒီလိုဖြစ်လာသည့်နောက် သူမသည် လျှောက်သွားလာနေတာ ဖြစ်သည်။ သူမသည် တစ်နေရာတည်းတွင် နေရမည့်အစား ခရီးထွက်နေရခြင်ကို သဘောကျသည်။ သူမသည် အများကြီး မသိပေ။ ဇွန်ဘီတွေက ဘယ်လိုလဲဆိုသည်ကို မသိသော်လည်း လူသားများကိုတော့ သိသည်။ သူမသည်လည်း လူသားမဟုတ်တော့ကြောင်းကို သတိထားမိသည်။ သို့သော် ဘယ်သူလဲဆိုသည်ကိုတော့ မသိတော့ပေ။
လူသားအနံ့များက အရမ်းကောင်းသဖြင့် သဘောကျသည်။ ဗိုက်အရမ်းမဆာရအောင် တစ်ကိုက်လောက် လူသားများကို ကိုက်ကြည့်ချင်သည်။ သို့သော်လည်း လူသားများကို မစားသင့်တာကိုတော့ သေချာသိသေးသည်။ ဘာဖြစ်လို့မှန်း မသိသော်လည်း သူမ၏ခေါင်းထဲကအသံက ပြောနေတာဖြစ်သည်။
သူမသည် တစ်ယောက်တည်းမနေချင်ဘဲ အဖော်အပေါင်းသင်းဖြင့် နေချင်သည်။ သို့သော်လည်း လူသားများက သူမကိုကြောက်နေကြသည်။ သူမကိုမြင်တာနှင့် ထွက်ပြေးတာ သို့မဟုတ် တိုက်ခိုက်တာမျိုး လုပ်တက်ကြသည်။
ပြီးတော့လည်း လျှောက်သွားနေသည့်လူသေများက ရှင်နေသည့် လူသားများနှင့်မတူပေ။ သူတို့အနံ့များသည် ဆိုးဝါးလွန်းကာ ညစ်ပတ်ပြီး ရုပ်ဆိုးသေးသည်။ ထို့ကြောင့် သူမသည် သူတို့နားသို့ ကပ်ကိုမနေချင်ပေ။ သူတို့ခြေလက်များက ကျိုးနေသေးသော်လည်း လမ်းလျှောက်နိုင်သေးသည်။ အချို့ဆိုလျှင် ဗိုက်မှာပေါက်နေသော်လည်း လှုပ်ရှားနေနိုင်ကြသေးသည်။ အလိုလိုကို သူမသည် သူတို့ကို မကြိုက်ပေ။
ထို့ကြောင့် တစ်ယောက်တည်းသာ ခရီးထွက်နေသည်။ အခြေစိုက်စခန်းများနားတွင်နေကာ လူသားများကို စောင့်ကြည့်တက်သည်။ အထဲသို့ဝင်ကာ သူတို့နှင့်အတူ နေချင်သော်လည်း လူသားများက သူမကို ကြောက်ကြသည်ကို သိသည်။
‘ဘာဖြစ်လို့လဲ? ဘာဖြစ်လို့ ငါ့ကိုကြောက်တာလဲ? ငါဘယ်သူ့ကိုမှ ထိခိုက်အောင် မလုပ်ဖူးတာ’
ဇွန်ဘီမငယ်သည် ထိုင်ချလိုက်ကာ ဝူယွဲ့လင်းကို ဖက်ထား၍ နားမလည်စွာ စိုက်ကြည့်နေသည်။
‘ကလေးလေး ချစ်ဖို့ကောင်းလိုက်တာ!’
သူမသည် ခရီးအကြာကြီး သွားလာနေသော်လည်း ဒီလိုကလေးမျိုးကို ပထမဆုံးအကြိမ် မြင်ဖူးတာ ဖြစ်သည်။ ဝူယွဲ့လင်း၏ မျက်နှာလေးကို စပ်စုစွာဖြင့် လက်ဖြင့်ထိဖို့လှမ်းလိုက်သည်။ သို့သော်လည်း မထိခင်မှာ ရပ်လိုက်သည်။ သူမ၏ လက်သည်းချွန်များကိုကြည့်ကာ လက်ကိုပြန်ရုတ်သိမ်းလိုက်သည်။ သူမ၏လက်သည်းများက အဆိပ်ရှိသည်ကို သိသောကြောင့် ဖြစ်သည်။