May Honey Logo May Honey
Previous Next

၂၈၃။ တစ်ခုခုက မှားနေတာကို သူခံစားမိတယ်

ဧည့်ခန်းထဲတွင် လူငါးယောက်ခြောက်ယောက်လောက် ရှိနေကြကာ ကျန်သည့်သူများက အပေါ်ထပ်တွင် ကင်းလှည့်နေကြသည်။ 

ဒီဓားပြများသည် လက်နက်များကို သယ်ထားသည်ကိုသာ တွေ့ရပြီး အစားအစာနှင့် တခြားအသုံးအဆောင်များ သယ်သည်ကို လင်းချင်းက မတွေ့ပေ။ သူတို့သည် အစာကို အကုန်ပဲ စားထားကြသလား သူတို့ထဲတွင် နေရာလွတ်စွမ်းအားရှင်တစ်ယောက်ပဲ ရှိနေသလား မမှန်းတက်ပေ။

နေရာလွတ်ဆိုမှ လင်းချင်းသည် သူမ၏နယ်မြေထဲက နယ်မြေလေးကို သတိရသွားသည်။ ဒီဓားပြများထဲတွင် နေရာလွတ်စွမ်းအားရှင်သာ ရှိပါက သူမသည် ထိုလူထံမှ သိမ်းလိုက်ဖို့ကို တုံ့ဆိုင်းနေမှာ မဟုတ်ပေ။ လင်းချင်းသည် နံရံကိုမှီကာ ရပ်တွေးနေရင်း လူတစ်ယောက်၏လက်ထဲတွင် ရေဘူးအချို့ပေါ်လာသည်ကို မြင်လိုက်ရသည်။

“ဆရာ”   ထိုလူသည် လက်ထဲတွင် ရေဘူးသုံးဘူးပေါ်လာသည်နှင့် အဆင့်မြင့်တစ်ယောက်အား ခေါ်လိုက်ကာ တစ်ဘူးပစ်ပေးသည်။ ထို့နောက် နောက်နှစ်ဘူးကို တခြားတစ်ယောက်သို့ ပေးလိုက်၍ သူကတစ်ဘူးသောက်သည်။

ဆရာအခေါ်ခံရသည့်သူသည် ရေဘူးကိုဖွင့်လိုက်ကာ ရေတစ်ဝကြီးတစ်ငုံသောက်ပြီးမှ   “စန်း ငါတို့မှာ ရေဘယ်လောက်ကျန်သေးလဲ?”

ရေဘူးပစ်ပေးသည့်သူသည်   “တစ်ဒါဇင်လောက် ရှိသေးတယ်။ ဟိုလူတွေကို ဒီကိုဆွဲခေါ်လာပြီးရင်တော့ သူတို့မှာ ရေဘယ်လောက်ပါလာမလဲ ကြည့်ရမယ်”

“သူတို့လာပါ့မလား? ငါတို့ကို လိုက်မဖမ်းတော့ရင်ရော”   တခြားသူက ပြောသည်။

“သေချာပေါက်ကို လာမှာပါ”   ဆရာကပြောကာ ရေဘူးအား စားပွဲပေါ်သို့ တင်လိုက်သည်။ ထို့နောက် ဆိုဖာဘက်သို့သွားကာ မထိုင်ခင် ဖုန်များကို အရင်ခါလိုက်ပြီးမှ   “ဒီမိန်းမက သူတို့အတွက် အရေးကြီးပုံရတယ်။ အဲ့ဒါကြောင့် သူရှင်နေသ၍ သူတို့အလျှော့ပေးမယ့်ပုံ မပေါ်ဘူး။ ဒါပင်မယ့် သူတို့အလျှော့ပေးသွားရင်လည်း ငါတို့က ဘာမှဆုံးရှုံးစရာမှ မရှိတာ။ မဟုတ်ဘူးလား?”   သူသည် ရယ်ရင်းပြောသည်။

စန်းသည် ရေဘူးကိုကိုင်ကာ ခေါင်းငြိမ့်ရင်း   “ဟုတ်တယ် ဆရာ။ ဒီမိန်းမကို သေချာထိန်းသိမ်းထားဖို့ လိုတယ်။ ဒါမှ ကျွန်တော်တို့ဆန္ဒတွေလည်း အဆင်ပြေမှာ . . .ဟား”

ဒီလိုပြောရင်း ဧည့်ခန်းက လူအချို့သည် ထောင့်ကအမျိုးသမီးအား လှည့်ကြည့်ကြသည်။ သူမအကြောင်း ပြောနေသည်ကို ကြားသည့်အခါ ထိုအမျိုးသမီးလေးသည် တုန်သွားရှာသည်။

လင်းချင်းသည် ဆရာဟူသည့်လူကို ကြည့်လိုက်သည်။ သူသည် မျက်မှန်တစ်လက်ကို တပ်ထားကာ ရည်မွန်ပုံရသည်။ သို့သော်လည်း အကြည့်များသည် လုံးဝကို ယဉ်ကျေးလို့မနေပေ။ မီတာအနည်းငယ်ဝေးသည့် လင်းချင်းသည် ဒီလူထံမှ သွေးနံ့ပြင်းပြင်းနှင့် မကောင်းသည့်ရန်ဆာမှုတို့ကို အာရုံရနေသည်။

စန်းက ကတုံးဖြင့်ယောက်ျားဖြစ်သည်။ သူသည် အကြမ်းတမ်းဆုံးပုံပေါက်သော်လည်း သူ့အရှိန်အဝါသည် အကုန်လုံးထဲတွင် အနည်းဆုံးပင်။ လူချောတစ်ယောက်၏ အမည်က အော့ ဖြစ်သည်။ သူ၏မျက်နှာအစိတ်အပိုင်းများက တိကျပြတ်သားကာ မျက်ခုံးကမြင့်ပြီး တည်ငြိမ်သည့်အကြည့်များက ထူးဆန်းစွာ ဆွဲဆောင်မှု ရှိနေသည်။

သူတို့သုံးယောက်လုံးသည် သန်မာသည့်စွမ်းအားရှင်များ ဖြစ်သည်။ ဆရာဟူသည့်လူကတော့ လင်းချင်းကို ဖိအားတစ်ချို့ ခံစားမိစေသည်။ ထိုသူသည် အဆင့်၇စွမ်းအားရှင်ဖြစ်ကာ ကျန်သည့်နှစ်ယောက်ကတော့ အဆင့်၆များ ဖြစ်သည်။ 

သူမသာ တစ်ယောက်တည်းဖြစ်လျှင် ဒီလူများကို လင်းချင်းက ပူမနေပေ။ အခုတော့ လင်းဖန်တို့ဖြင့် နီးရာသို့ ရောက်လာသောကြောင့် သူမစိတ်ပူမိတာ ဖြစ်သည်။

“ဆရာ”
အော့က ပြောသည်။
“ယန်က သူ့စကားကို တည်မယ်ထင်လား?”

“၇၀ရာခိုင်နှုန်းလောက်!”   ဆရာက ပြောသည်။   “ဒီကောင်က ရည်မှန်းချက်ကြီးတယ်။ တခြားနှစ်ယောက်နဲ့ တန်းတူဖြစ်နေတာ ကြာပင်မယ့် ဒီလောက်က သူ့အတွက် မလုံလောက်သေးဘူး”

အာက ခေါင်းငြိမ့်ကာ   “ဟုတ်တယ်။ ယွမ်ထန်ရှင်းဆိုတဲ့တစ်ယောက်က အဆင့်၆လို့ ပြောပင်မယ့် သူ့ကိုကြောက်စရာ ဘာရှိလို့လဲ?”

“သူက ဘယ်သူလဲ? ဘာဖြစ်လို့ ယန်က သူတို့ကို သတ်စေချင်နေတာလဲ?”   စန်းသည် နားမလည်စွာဖြင့် သူ့ကတုံးပြောင်ကို ပွတ်နေရင်း မေးသည်။

ဆရာသည် သူ့မျက်မှန်ကို အပေါ်သို့ပင့်တက်လိုက်ကာ မေးထောက်လိုက်ပြီး   “ငါကြားတာတော့ သူက ပင်လယ်မြို့တော်စခန်းက အလှဆုံးမိန်းမနဲ့ တွဲနေတယ်တဲ့။ အဲ့ဒါကြောင့် ယန်က အမြင်မကြည်တာ နေမှာပေါ့”   သူသည် ဂရုမထားစွာ ပြောသည်။   “အဲ့ဒါကြောင့် ငါတို့ကို ဒီလူတွေကို ရှင်းခိုင်းတာ”

“ပင်လယ်မြို့တော်စခန်ကိုသာ ငါတို့ကို ဝင်ခွင့်ပေးလို့ကတော့ သူ့အတွက် မလုပ်ပေးစရာ ဘာမှမရှိဘူး!”   အော့က ပြောသည်။   “ဒါပင်မယ့် ဝူချန်းယွဲ့ကို ယန်ချောင်းက ဘယ်လိုစီစဉ်ထားလဲပဲ သိချင်တာ”

ဆရာက ရယ်ကာပြောသည်။   “အဲ့ကောင်ရဲ့ အားနည်းချက်ကို ကိုင်မှာပေါ့။ ဝူချန်းယွဲ့ရဲ့ အားနည်းချက်ကို လူတိုင်းသိတာပဲ။ မင်းသမီးလေးပဲလေ။ ကလေးမလေးက အခုအရမ်းငယ်နေသေးတယ်။ တကယ်လို့ ၁၀နှစ် ၁၂နှစ်လောက်ဆို ကစားလို့ကောင်းမှာ!”

ထိုစကားကိုကြားသည့်အခါ နှစ်ယောက်သည် တုံ့ပြန်မှုကွာသည်။ စန်းက သဘောတကျရယ်ကာ   “ဆရာက ကလေးမလေးတွေကို သဘောကျတာပဲ။ ဒါကိုမသိခဲ့ဘူး!”

သူ့လိုမဟုတ်သည့် အာကတော့ မျက်မှောင်ကျုံ့သွားကာ ဘာမှမပြောပေ။

ဘေးတွင်ရပ်နေသည့် လင်းချင်းကတော့ တစ်ကိုယ်လုံးမတ်နေကာ မျက်လုံးများက အေးသထက် အေးလာသည်။   ‘ငါဘာကို ကြားလိုက်တာလဲ? ဘယ်လောက်တောင် တိုက်ဆိုင်လိုက်သလဲ? ငါ့သူငယ်ချင်း ယွမ်ထန်ရှင်းတို့ နောက်ကိုလိုက်ရုံတင်မကဘူး ကလေးမလေးရဲ့ ဘဝကလည်း မိုးလောက်ကို အန္တရာယ်များနေပြီ။ အားကောင်းတဲ့အဖေရှိတာကလည်း ကောင်းမနေပါလား!’

“ယွမ်ထန်ရှင်းက ဒီကိုလာမယ်ဆိုတာ သေချာလား? ငါတို့သူ့ကိုလွဲသွားရင် ရှက်ဖို့ကောင်းမယ်”

ဆရာက ခေါင်းငြိမ့်ကာ   “ယန်ချောင်းက ဒါသေချာတာကို လူလွှတ်ပြီး အတည်ပြုပေးထားတယ်။ ယွမ်ထန်ရှင်းတို့အပြင် ဟေးဒီးစခန်းက လူတချို့လည်း ဒီမှာရှိတယ်။ ဟေးဒီးစခန်းခေါင်းဆောင်ရဲ့ မိသားစုတွေ”

အော့သည် ထိုင်ခုံကနေထကာ လက်ပိုက်ထားရင်း ဆရာကိုကြည့်၍   “ဟေးဒီးစခန်းခေါင်းဆောင်? ငရဲမီးလား? သူ့မိသားစုက လွတ်သွားတယ်လား? ဒါဆိုရင် ယန်ကျင်းဟွာက တကယ့်ကို​အသုံးမကျတာပဲ ငါးတောင်မိအောင် မဖမ်းနိုင်ဘူး”

“ယန်ကျင်းဟွာက ဒီနားမှာ ပေါ်လာတာကြောင့် ယန်ချောင်းက ငရဲမီးရဲ့မိသားစုတွေ ဒီနားမှာရှိမယ်လို့ အတည်ပြုလိုက်တာ။ ဆိုလိုတာက ယွမ်ထန်ရှင်းက အဲ့လူတွေနဲ့ အရင်ကအတူရှိနေပုံပဲ။ သူပြန်မရောက်သေးခင် ငါတို့တွေ ငရဲမီးရဲ့မိသားစုကို လိုက်ရှာမှပဲ။ ငရဲမီးရဲ့ညီမနဲ့ ယောင်းမက အတော်လှတယ်လို့ ငါကြားတယ်ကွ!”   ဆရာက ပြောသည်။

“သူတို့မှာ လှတဲ့မိန်းမတွေရှိတယ်လား?”   စန်းသည် စိတ်လှုပ်ရှားသွားကာ   “ဆရာ ဒီရောက်အောင်လာတာ မထူးဆန်းတော့ဘူး!”

ထိုအချိန်တွင် အော့သည် ရုတ်တရပ် တန့်သွားကာ ဧည့်ခန်းကို ပတ်ကြည့်နေသည်။ ထို့နောက် ဓားစာခံသုံးယောက်ကို ကြည့်သည်။ သူ့မျက်နှာက အမှုအယာကြောင့် ဆရာနှင့်စံသည် သူ့ကိုနားမလည်စွာကြည့်ကာ   “ဘာဖြစ်လို့လဲ?”

အော့သည် မသေချာစွာဖြင့်   “မသိဘူး. . . အခုလေးတင် မကောင်းတဲ့ ခံစားချက်ကို ရလိုက်တယ်”   ဒီလိုပြောရင်း လက်ပိုက်ထားသည်ကိုဖြေလိုက်ကာ တံခါးဆီသို့ လျှောက်သွားသည်။

“ကျို့၊ ရှီ မင်းတို့ တစ်ခုခု သတိထားမိလား?”   တံခါးအပြင်တွင်စောင့်နေသည့် နှစ်ယောက်ကို သူမေးလိုက်သည်။ ထိုနှစ်ယောက်သည် သူ့ကိုနားမလည်စွာ လှည့်ကြည့်ကာ တစ်ယောက်က   “ဟင်? ဘာမှမဖြစ်ဘူး။ ဇွန်ဘီအကြောင်းမေးတာဆိုရင်တော့ ချီနဲ့ ပါးကို မေးကြည့်။ သူတို့က အမိုးပေါ်မှာ”

ထို့နောက် အရှေ့သို့ထွက်သွားကာ အမိုးပေါ်ကို လှမ်းမေးသည်။   “ဟေ့ ချီ. . . ဘာထူးလဲ?”

အမိုးပေါ်ကလူသည် ခေါင်းငုံ့ကြည့်ကာ   “အခြေအနေလား? ဇွန်ဘီတွေအပြင် ဘာမှမရှိဘူး။ ဘာဖြစ်လို့လဲ?”

ကျို့သည် ခေါင်းခါကာ    “ဘာမှမဟုတ်ဘူး။ အော့က တစ်ခုခုကို ခံစားရလို့ ပြောတယ်။ မင်းတို့ကောင်တွေ ဂရုစိုက်နေကြဦး!”

အမိုးပေါ်ကလူသည် လက်မနှင့်လက်ညိုးကို ဝိုင်းပြကာ ထွက်သွားသည်။

အော့သည် ကျို့အား လက်ကာပြကာ   “ပတ်ဝန်းကျင်ကို ငါပတ်ကြည့်လိုက်ဦးမယ်။ တစ်ခုခုက မူမမှန်သလိုပဲ”   ဒီလိုပြောကာ ဂိတ်နားသို့ ထွက်သွားသည်။

လင်းချင်းသည် သူ့အားအေးစက်စွာဖြင့် တစ်ချက်ကြည့်ကာ ဆရာဆိုသည့် လူကိုသာ ဆက်စိုက်ကြည့်နေသည်။  
Previous Chapter 283 of 410 Next