၃၃၂။ သူ့ကိုစောင့်နေချင်ပါတယ်
ရှန်ယုကျန်းသည် ဘာဖြစ်ခဲ့သလဲကို မှတ်မိသည်။ သူမကို မကယ်ခင်တုန်းက သူမသည် သတိမေ့မျောသွားခဲ့ပြီ ဖြစ်သော်လည်း ကယ်ပြီးသည့်နောက် သူမသတိပြန်လည်လာသည့်အခါ ဒေါက်တာလျန်၏ စကားများကို သူမကြားလိုက်သည်။
ဆရာဝန်က သူမတွင် ဇွန်ဘီပိုးကူးဆက်ခံထားရကြောင်း ပြောနေသည်ကို မှတ်မိသည်။ သူမသည် စကားမပြောနိုင်ကာ ခြေလက်တို့က ထုံကျဉ်နေသေးသည်။ သူမသည် အသက်မရှင်တော့သလို ခံစားရသည်။ ရင်ဘတ်ကို လက်ဖြင့်ဖိကြည့်သည့်အခါ ထင်သလိုပင် သူမ၏ နှလုံးသည် မခုန်တော့ပေ။
“အဝတ်ကို အရင်ဝတ်” လင်းချင်းက ပြောသည်။ “ချန်ယုတင်းက အပြင်မှာ အခုရှိတယ်။ နင်သူ့ကိုတွေ့ချင်ရင် ငါနင့်ကိုခေါ်သွားပေးမယ်”
ထိုအခါ ရှန်ယုကျန်းသည် ချန်ယုတင်းကို ထပ်မတွေ့ချင်တော့သည့်အလား ခေါင်းကိုခါသည်။
လင်းချင်းက သူမဘာတွေးနေသလဲကို သိသည်။ “နင့်ရုပ်က ပြောင်းမသွားဘူး။ အရင်တုန်းကလိုပဲ။ မတွေ့ချင်သေးဘူးလား? သူသာနင့်ကိုချစ်ရင် နင်ပြောင်းလဲသွားလည်း သူ့စိတ်ထဲထားမှာ မဟုတ်ပါဘူး”
ရှန်ယုကျန်းသည် ခေါင်းကိုငုံ့ကာ အဝတ်ကို ဝတ်သည်။
“ဒါဆိုရင်လည်း ရတာပဲ” လင်းချင်းက ဆက်ပြောသည်။ “သူ့ကိုမတွေ့ချင်ရင်လည်း အခုဒီမှာနေပြီးတော့ နင့်လက်ရှိအခြေအနေနဲ့ အသားကျအောင် နေလိုက်ဦး”
ရှန်ယုကျန်းသည် အဝတ်ကို ဝတ်ပြီးသည့်အခါ လင်းချင်းကို မော့ကြည့်ပြီး လျူကျွင်းကို ကြည့်သည်။ ထို့နောက် ပတ်ဝန်းကျင်ကို ပတ်ကြည့်ကာ ဆိုဖာဘက်သို့ နှာခေါင်းတရှုံ့ရှုံ့လုပ်သည်။ သူမ၏အကြည့်များသည် ဆိုဖာပေါ်က တုံတုံထံတွင် ဖြစ်သည်။
လျူကျွင်းသည် သူမ၏ မျက်လုံးထဲမှ ဆာလောင်မှုက တဖြည်းဖြည်းပေါ်လာသည်ကို မြင်သည့်အခါ “ဒါငါ့သား။ နင်စားလို့မရဘူး။ ဗိုက်အရမ်းဆာနေရင် ရေသွားသောက်။ ကန်ရေက နင့်စားချင်စိတ်ကို ဖျက်ပေးတယ်”
ရှန်ယုကျန်းသည် ခနတွေဝေသွား၍ ကန်ကို အံ့သြစွာ ကြည့်သည်။ သူမတွင် မေးစရာမရှိသဖြင့် လင်းချင်းက နယ်မြေထဲကနေ လှည့်ထွက်ဖို့ လုပ်သည်။
“ဂါး!”
‘ခနလေး!’
လင်းချင်းက ထွက်ဖို့လုပ်သည့်အခါ ရှန်ယုကျန်းက သူမကို ရုတ်တရပ် စောင့်ခိုင်းသည်။ လင်းချင်းက ပြန်လှည့်ကြည့်ကာ
“ဘာဖြစ်လို့လဲ?”
“ဂါး” ‘ငါထွက်လို့ရမလား?’ ရှန်ယုကျန်းက သူမကိုကြည့်ကာ မေးသည်။
“နင်လက်စားချေချင်လို့လား?” လင်းချင်းက မေးသည်။ ထို့နောက် လက်တစ်ဖက်ကိုပိုက်ကာ တစ်ဖက်က မေးကိုထိထားရင်း “ဟိုလူတွေက မသေသေးပင်မယ့် ငါသူတို့ခြေထောက်ကို ဖြတ်ထားတယ်။ ဒါပင်မယ့် အခု ဝူချန်းယွဲ့ဆီမှာ။ ငါ့အထင်တော့ ယန်းချောင်းကို ဒုက္ခပေးဖို့ အသုံးချမယ် ထင်တယ်။ အင်း. . . နင်ပြန်သွားပြီး သတ်ချင်ရင်တောင် ဝူချန်းယွဲ့က ခွင့်ပြုပေးမယ် မထင်ဘူး”
“ဂါး!” ရှန်ယုကျန်းက ခေါင်းခါသည်။ ‘သူတို့မဟုတ်ဘူး!’
လင်းချင်းသည် သူမကိုကြည့်ကာ မျက်တောင်ခတ်၍ “အစီအစဉ်ကြံသွားတဲ့သူကို ပြောတာလား? ယန်းချောင်းရဲ့ညီအငယ်လား? ဒါမှမဟုတ် သူ့လက်အောက်ကလူလား?”
သူမသိတာဟူ၍ ယန်းချောင်း၏ညီအငယ် ယန်းဟွေ့နှင့် ချန်ယုတင်းနှင့် တနေ့ကတိုက်သည့် ညာလက်ရုံးလူသာ ရှိသည်။ ထိုလူသည် မိန်းမများကို ခိုးမုဒိန်းကျင့်ရသည်ကို နှစ်သက်ကာ သနားစရာ မိန်းကလေးများကို သတ်၍ အလောင်းကို ဖျက်စီးတက်သည်။
ရှန်ယုကျန်းသည် ခေါင်းကိုငုံ့သွားသည်။ သူမသည် ဒေါသထွက်နေသည့် အရှိန်အဝါတို့ ထွက်လာသည်။ “ဂါး!” ‘ငါကိုယ်တိုင် အပိုင်းပိုင်းဆွဲဖြဲပစ်မယ်!’
လင်းချင်းသည် သူမကို တိတ်ဆိတ်စွာ ကြည့်လိုက်သည်။ ဘေးက လျူကျွင်းက ရှန်ယုကျန်းမှာ ဘာတွေဖြတ်သန်းလာရသလဲကို မသိသော်လည်း စိတ်အခြေအနေ မတည်ငြိမ်မှုကြောင့် မတရားဆိုးဝါးတာ တစ်ခုခုဖြစ်ခဲ့တာကို ခန့်မှန်းမိသည်။
“ပြန်လက်စားချေချင်လို့လား? ရန်သူက ပင်လယ်မြို့တော်စခန်းရဲ့ အဆင့်မြင့်မလား?” လျူကျွင်းက မေးသည်။
လင်းချင်းက ခေါင်းငြိမ့်ကာ “သူ့ယောက်ျားနဲ့ ဝူချန်းယွဲ့တို့က နည်းနည်းရင်းနှီးတယ်။ အဲ့ဒါကြောင့် ဝူချန်းယွဲ့ရဲ့ ပြိုင်ဘက်က သူ့ကိုထိခိုက်အောင်လုပ်တာ။ သူ့ယောက်ျားနဲ့ ဝူချန်းယွဲ့ကို ဒေါသထွက်အောင် တမင်စွတဲ့သဘောမျိုး အဓိကလုပ်သွားတာ”
စခန်းထဲတွင် စိတ်မမှန်သည့် အဆင့်မြင့်လူတစ်ယောက်၏ လက်ထဲသို့ ရောက်သွားသည့် အမျိုးသမီးတစ်ယောက်က ဘာဖြစ်နိုင်သလဲကို တွေးကြည့်ရုံဖြင့် လျူကျွင်းသည် ဘာမှမပြောနိုင်တော့ဘဲ ရှန်ယုကျန်းကိုသာ တိတ်ဆိတ်စွာ ကြည့်နေသည်။
လင်းချင်းက ခနတွေးကာ ရှန်ယုကျန်းအား “နင့်အခြေအနေက မတည်ငြိမ်သေးဘူး။ ပြီးတော့လည်း ဒီဇွန်ဘီဖြစ်သွားတဲ့ကိုယ်နဲ့ နင်နေသားမကျသေးဘူး။ အခုနင့်ကိုထုတ်ပေးရင်တောင် စခန်းထဲကို ပြန်ဝင်ရမယ် မထင်ဘူး။ ဒီလိုဆိုရင်ရော? နောက်တစ်ခေါက် စခန်းကိုငါပြန်လာရင် နင့်ကိုပါ ခေါ်လာမယ်။ စိတ်မပူနဲ့။ နင်အကြာကြီး မစောင့်ရပါဘူး”
လင်းချင်းက သူမကို ပြန်ခေါ်သွားပေးမည်ဟု ကတိပေးသဖြင့် ရှန်ယုကျန်းက ခေါင်းငြိမ့်သည်။ လင်းချင်းပြောသည်ကို ကန့်ကွက်သည့် တခြားဇွန်ဘီလည်း မရှိသဖြင့် သူမသည် သက်ပြင်းချလိုက်သည်။
. . .
စခန်းတွင် လင်းဝမ်ဝမ်နှင့် လုံချင်းယင်တို့သည် တာဝန်ခန်းမ၏ ပြတင်းပေါက်ကနေ ကားများထွက်သွားသည်ကို ကြည့်နေခဲ့သည်။
လုံချင်းယင်သည် လင်းဝမ်ဝမ်ကို သဘောမတူစွာကြည့်ကာ “နင်သူတို့နဲ့ လိုက်သွားသင့်တာ။ ဒုခေါင်းဆောင်က အကူညီလိုတယ်ဆိုရင်တောင် နင့်မောင်လေးက နေခဲ့လို့ရတာပဲ။ နင်ဒီမှာရှိနေတာက အန္တရာယ်များတယ်”
လင်းဝမ်ဝမ်က ခေါင်းခါကာ ပြောသည်။ “ငါအန္တရာယ်ကို မကြောက်ပါဘူး။ ထန်ရှင်းက ဒီမှာရှိသားပဲ။ ငါ့ကိုတစ်ခုခု အဖြစ်ခံမှာ မဟုတ်ပါဘူး”
လင်းဝမ်ဝမ်သည် ယွမ်ထန်ရှင်း၏ အမည်ကို ပြောချိန်တွင် နှစ်သက်ခြင်းက သူမ၏မျက်လုံးထဲ၌ ဖြတ်ခနဲပေါ်လာကာ ပြီးနောက်ပြန်ပျောက်သွားသည်။ သို့သော်လည်း ဒါကိုမြင်ဖြစ်အောင်ကို မြင်လိုက်သည့် လုံချင်းယင်က “ဒုခေါင်းဆောင်က တခြားတစ်ယောက်ကို ချစ်နေတယ်ဆိုတာကို နင်သိသင့်တယ်။ ဒီလိုစောင့်နေဖို့ တန်လို့လား?”
လင်းဝမ်ဝမ်သည် ခပ်လှမ်းလှမ်းတွင် တခြားသူများဖြင့် အတူရှိနေသည့် ယွမ်ထန်ရှင်းကို တစ်ချက်လှမ်းကြည့်ကာ သူမအား အပြုံးဖြင့် “ငါ့မကြီးကို သူမေ့သွားပြီးတော့ သူ့အနားမှာ အမြဲရှိနေတဲ့ ငါ့ကိုသတိထားမိလာတာမျိုး ဖြစ်နိုင်တာပဲ။ ငါသေမယ့်အချိန်အထိ စောင့်ရမယ်ဆိုရင်တောင်မှ သူ့ကိုစောင့်နေရတာက ငါ့အတွက်တန်ပါတယ်”
လုံချင်းယင်သည် သက်ပြင်းချကာ ဘာမှမပြောတော့ပေ။ လင်းဝမ်ဝမ်က ယွမ်ထန်ရှင်းကို တစ်ဖက်သက် ချစ်နေချိန်တွင် ယွမ်ထန်ရှင်းကတော့ သူ့မကြီးကို တစ်ဖက်သက် ချစ်နေသည်။ သူ့ရင်ထဲသို့ သူမက မရောက်နိုင်ဘူးဆိုရင်တောင်မှ လင်းဝမ်ဝမ်က လက်မလျော့နိုင်ပေ။
ဟေးဒီးစခန်းခေါင်းဆောင်က သေသွားသည့်အခါ လင်းဝမ်ဝမ်အတွက် အခွင့်အရေးဖြစ်လာသည်။ သို့သော်လည်း ဘယ်တုန်းကမှ သူမ၏ မကြီးကို သေစေချင်သည့်စိတ်မျိုး သူမတွင်မရှိခဲ့ပေ။ အခုတော့ လင်းဝမ်ဝမ်သည် အခွင့်အရေးကို အမိဖမ်း၍ ယွမ်ထန်ရှင်းအနားတွင် နေဖို့လုပ်နေတာ ဖြစ်သည်။
စခန်းထဲမှ ဝူချန်းယွဲ့၏ အိမ်ထဲတွင်တော့ ဝူယွဲ့လျန်သည် ဧည့်ခန်းထဲတွင် မီးခိုးရောင်ယုန်ကို လိုက်ဖမ်းရင်း ပျော်နေပုံရသည်။ ယုန်သည် ကြမ်းပြင်ပေါ်တွင် ခုန်ပြေးနေသော်လည်း ဝူယွဲ့လျန်နှင့် ဝေးရာကိုတော့ ဘယ်တော့မှ မသွားတက်ပေ။
ရှောင်လီချန်းသည် အလုံပိတ်ထားသည့် ဘူးဖြင့်ရောက်လာကာ ဆိုဖာပေါ်တွင် ဖိုင်များကိုဖတ်နေသည့် ဝူချန်းယွဲ့အား “ကျွန်တော် ရှာတွေ့ပြီ!”
ဝူချန်းယွဲ့သည် ခေါင်းမော့ကာ သူ့လက်ထဲကဘူးကို ကြည့်၍ “ယွမ်ထန်ရှင်းဆီကို ပို့လိုက်” သူကပြောသည်။ “ငါတို့မနက်ဖြန်ထွက်မှာဆိုတော့ သူပြန်လာရင် ငါဒီမှာ မရှိလောက်ဘူး။ ယွမ်ထန်ရှင်းကို သူပြန်လာရင် ပေးထားပေးဖို့ ပြောလိုက်”
ရှောင်လီချန်းက ခေါင်းငြိမ့်ကာ ထွက်သွားသည်။ ထို့နောက် တာဝန်ခန်းမထဲတွင် ယွမ်ထန်ရှင်းကို သူတွေ့သည်။ ယွမ်ထန်ရှင်းထံသို့ လျှောက်လာကာ ပြုံး၍ နှုတ်ဆက်သည်။ “ဒုခေါင်းဆောင်ယွမ်”
ယွမ်ထန်ရှင်းသည်လှည့်ကြည့်၍ သူ့ကိုမြင်သည့်အခါ ပြုံးပြကာ “လီချန်း ငါ့ကိုဒုခေါင်းဆောင်လို့ မခေါ်ပါနဲ့။ ငါကဒုခေါင်းဆောင်မဟုတ်တော့ဘူး။ ယွမ်လူကြီးမင်းလို့ပဲ ခေါ်ရပါတယ်”
ရှောင်လီချန်းသည် ခေါင်းကိုငြိမ့်ကာ ပြုံး၍ “ဟုတ်ကဲ့။ ယွမ်လူကြီးမင်း. . .”
ထို့နောက် သူသည် ဘူးကိုထုတ်ကာ ယွမ်ထန်ရှင်းကို ပေး၍ “ခေါင်းဆောင်က နေကာမျက်မှန်နဲ့ လုမိန်းကလေးကို ဒါပေးခိုင်းလိုက်လို့ပါ”
ယွမ်ထန်ရှင်း၊ လင်းဝမ်ဝမ်နှင့် လုံချင်းယင်တို့သည် သူ့လက်ထဲကဘူးကို သိချင်စွာဖြင့် ကြည့်ကြသည်။ “ဘာလဲ?”
“အလှမျက်ကပ်မှန်တွေပါ” ရှောင်လီချန်းက ပြောသည်။
“ဪ” ထိုအခါ တခြားသူများသည် နားလည်စွာဖြင့် ခေါင်းငြိမ့်ကြသည်။