May Honey Logo May Honey
Previous Next

၂၂၉။ ဇွန်ဘီကိုလူကကိုက်

လင်းချင်းသည် သူမက နာကျင်မှုကို ပြန်ခံစားနိုင်နေကြောင်းကို မသိခဲ့သော်လည်း အခုတော့ ဒီလောက်နာနေလေရာ သိသွားသည်။    ‘ငါပဲအထင်မှားတာလား? ဒီယောက်ျားရဲ့သွားတွေကပဲ ထက်နေသလား?’

လင်းချင်းသည် အခုအချိန်တွင် စိတ်မကြည်တော့ပေ။ သူမ၏ ပေါင်အတွင်းသားများကို ယောက်ျားတစ်ယောက်က ကိုက်နေသဖြင့် မသင့်တော်သည့်အပြုအမှုဖြစ်သောကြောင့် တရားစွဲချင်လာသည်။ စူးနေသည့် နာကျင်မှုအပြင် ထိုယောက်ျားကိုက်နေသည့် သူမ၏ပေါင်သည် ယားသည့်ခံစားမှုကလည်း ဖြစ်နေသေးသည်။

လင်းချင်းသည် စိတ်ထဲတွင် ဆဲဆိုရင်း ထိုယောက်ျား၏ လက်မောင်းကို လွှတ်ပေးလိုက်ကာ လည်ပင်းကို တင်းနေအောင်ချုပ်ထားသည့် သူမ၏ခြေထောက်များကိုပါ ဖြေလိုက်ရင်း အံကြိတ်ကာ   “လွှတ်စမ်း”

“အား”   သူ့လက်ကလွှတ်သည်နှင့် ဝူချန်းယွဲ့သည် လင်းချင်းကို မကိုက်တော့ဘဲ လွှတ်ပေးပြီး ဖြည်းဖြည်းချင်း ထလာသည်။

“ဖွီ”   တံတွေးများကို ထွေးလိုက်စဉ် ကျိုးတော့မလို ဖြစ်နေသည့် လက်မောင်းကို ပွတ်လိုက်ရင်းက ပေါင်ကိုပွတ်ကာ သူ့အားစိုက်ကြည့်နေသည့် လင်းချင်းကို ကြည့်လိုက်သည်။ 

အကုန်လုံးသည် လင်းချင်းတို့၏ ထူးဆန်းသည့် တိုက်ပွဲဝင် အနေအထားကြောင့် ရယ်နေကြသည်။ ဘယ်သူကမှ လင်းချင်း၏ အော်သံသည် ကျန်းမာသည့်လူသားသံ မပေါက်ဘဲ ဇွန်ဘီသံဖြစ်နေခြင်းကို သတိမထားမိလိုက်ကြပေ။ 

သူတို့နှစ်ယောက်သည် အစကတော့ ပညာရှင်များလို တိုက်နေကြသော်လည်း မမျှော်လင့်ဘဲ လင်းချင်း၏ ထိန်းချုပ်မှုအောက်သို့ ဝူချန်းယွဲ့က ရောက်သွားသည်။ ယောက်ျားတစ်ယောက်ဖြစ်ရာ မိန်းမထက် ပိုသန်မာသင့်သော်လည်း သူမက သူ့ထက်ပိုသွက်လက်နေသည်။ ထို့ကြောင့် လင်းချင်းမှာ ဝူချန်းယွဲ့အား ကျွမ်းကျင်စွာဖြင့် ဖိနှိပ်နိုင်လိုက်ခြင်း ဖြစ်သည်။

သို့သော်လည်း လူတိုင်းအံ့သြသွားရသည်မှာ သူတို့တိုက်ပွဲသည် ကလေးများကြား လက်မောင်းယှဉ်လှဲသလို ဖြစ်သွားသောကြောင့် ဖြစ်သည်။ ဝူချန်းယွဲ့သည် သန်မာသည့် ယောက်ျားတစ်ယောက်ဖြစ်သော်လည်း သူ့ပြိုင်ဖက် မိန်းမတစ်ယောက်ဖြစ်သည့် လင်းချင်းကို ကိုက်လိုက်ခြင်းက လူတိုင်းကို အံ့သြစေသည့် အချက်ပင်။

လင်းချင်းသည် တိုက်ပွဲကြောင့် ပေပွသွားသည့် သူမ၏အဝတ်များကို ပြန်သေသပ်အောင် လုပ်နေရသည်။ လည်ပင်းတွင်ချီထားသည့် အကျီသည် နောက်ရောက်သွားကာ လိပ်သွားသဖြင့် ရှေ့သို့ပြန်လှည့်ကာ ဆွဲချလိုက်သည်။ သူမ၏ပေါင်ကိုပွတ်ကာ ဝူချန်းယွဲ့အား အံကြိတ်ကာ
“ငါ့ကိုကိုက်တယ်!”

‘ငါ့နှယ့် ယုံတောင်မယုံနိုင်ဘူး! ဘယ်လိုတွေလား! ဇွန်ဘီဖြစ်နေတဲ့ငါက ဘယ်သူ့ကိုမှ မကိုက်မိအောင် ကြိုးစားနေတာကို! ဒီယောက်ျားက ငါ့ကိုကိုက်သွားတယ်! တော်သေးတာက အသားကိုတိုက်ရိုက်ကိုက်ပြီး သွေးကိုမြိုမချမိတာပဲ မဟုတ်ရင် သူ့ပါဇွန်ဘီဖြစ်လာဦးမယ်!’
သို့သော်လည်း သူမသည် ဒါကိုဒီလောက် စိတ်ထဲရှိတာတော့ မဟုတ်ပေ။
‘ငါက ဇွန်ဘီလေ ငါကဇွန်ဘီလို့! ဘာဖြစ်လို့ ငါကပြန်အကိုက်ခံလိုက်ရတာလဲ?’

ထိုအချိန်တွင် ဝူချန်းယွဲ့သည်လည်း သူဘာလုပ်ခဲ့သလဲကို သူသိသွားကာ ချက်ချင်းရှက်သွားပြီး လက်သီးဆုပ်ဖြင့် နှုတ်ခမ်းကိုကွယ်ရင်း ချောင်းဟန့်နေမိသည်။ ထို့နောက် မျက်နှာကို လွှဲထားသည်။   ‘ဒါတကယ်ရှက်ဖို့ကောင်းတာပဲ! ဘာဖြစ်လို့ ငါသူ့ကိုကိုက်မိတာလဲ! ငါကခွေးလည်း မဟုတ်ဘဲနဲ့! အခုတော့ တကယ်နေရကြပ်ကုန်ပြီ!’

လင်းချင်းပြောသည်ကို ကြားသည့်အခါ လူတိုင်းသည် မထိန်းနိုင်တော့ဘဲ ရယ်ကုန်ကြသည်။ လုထန်ရိသည် အံ့သြနေကာ ဝူချန်းယွဲ့လိုမျိုး နှုတ်ခမ်းကို လက်သီးဆုပ်ဖြင့် ကာနေမိပြီးမှ   “အဟမ်း ခေါင်းဆောင် ရှုံးတယ် ဦးထုပ်ပြုတ်ကျသွားပြီ”   ဒီလိုပြောကာ လင်းချင်း၏ခြေထောက်နားက သူ့ဦးထုပ်ကို လက်ညိုးထိုးပြလိုက်သည်။

ဝူချန်းယွဲ့သည် လှေကားနားသို့ လှည့်ကာလျှောက်သွားရင်း   “ငါရှုံးတယ်။ ငါ့ဇွန်ဘီအမြူတေကို ခိုးသွားတာကို ငါခွင့်လွှတ်ပေးမယ်”

လင်းချင်းသည် သူ့နောက်ကျောကို ကြည့်ကာ ချက်ချင်းအပြေးလိုက်၍ လည်ပင်းကိုခဲလိုက်ရမလား တွေးနေသည်။ လုထန်ရိသည် သူမ၏အတွေးကို သတိထားမိပုံရသဖြင့် သူမနားသို့ အပြေးလာကာ ခေါင်းဆောင်၏ဦးထုပ်ကို ကောက်လိုက်သည်။

“ဟား ဟား သူ့လက်ကိုချိုးဖို့လုပ်တာက သူလည်းအတော်နာသွားမှာ။ စိတ်မတိုပါနဲ့! ဒါပင်မယ့် ဘယ်တုန်းက ဒီလောက်တိုက်ခိုက်တာကို ကျွမ်းသွားတာလဲ? နင်. . .”   လုထန်ရိသည် ဇွန်ဘီဖြစ်သွားပြီးနောက်မှ တိုက်ရေးခိုက်ရေးကို လေ့လာခဲ့သလားဟု မေးချင်တာ ဖြစ်သည်။

လင်းချင်းသည် သူ့ကိုတစ်ချက်ကြည့်လိုက်သည်။ သူမ၏အရှိန်နှင့် တုန့်ပြန်ခြင်းများသည် ဇွန်ဘီဖြစ်လာပြီးနောက် ပိုမြန်လာသော်လည်း ဒီလိုတိုက်ခိုက်နည်းများကိုတော့ သူမသည် အရင်တည်းက ကျွမ်းကျင်နေခဲ့တာဖြစ်သည်။ 

သူမ၏အင်အား၊ အရှိန်နှင့် တုန့်ပြန်ခြင်းတို့သည် အရမ်းကို တိုးတက်လာခဲ့သော်လည်း ဝူချန်းယွဲ့သည် သူမနှင့်အကြာကြီး တိုက်ခိုက်နိုင်သည်။ ဒါသည် အရမ်းကို အထင်ကြီးဖို့ကောင်းလွန်းသည်။
‘ဒါပင်မယ့် ဘာဖြစ်လို့ ငါ့ကိုကိုက်တာလဲ? ရှုံးလို့ကိုက်တာလား? နင်ကခွေးလား? ပြီးတော့လည်း ဒီတိုင်းပဲ ထွက်သွားတော့မှာလား? ငါ့ကိုကိုက်မိတာကို ပြန်တောင်းပန်သွားလေ’

လင်းချင်း၏ အတွေးများကို သတိထားမိပုံရသည့် ဝူချန်းယွဲ့သည် ရပ်သွားကာ ခေါင်းပြန်လှည့်လာပြီး လင်းချင်းကို အသံတိုးတိုးဖြင့်   “ဟို. . .ခုနက ငါတောင်းပန်ပါတယ်! ပြီးတော့လည်း လင်းလင်းကို ကယ်ပေးလို့ ကျေးဇူးတင်ပါတယ်”

ဒီလိုပြောပြီးသည်နှင့် သူသည် ရှောင်ယွင့်လုံတို့ရှိရာသို့ ဆက်သွားလေရာ အခြားသူများသည် သူ့နောက်ကို အမြန်လိုက်လာကြသည်။ ကောင်းချင်းမင်းက ဝူချန်းယွဲ့ကို
“ခေါင်းဆောင် ကျွန်တော်တို့ရော လိုက်လာလို့ရမလား?”

“သေချာတာပေါ့”   ဝူချန်းယွဲ့က အပြုံးဖြင့် ဖြေသည်။ ထို့နောက် ရှောင်ယွင့်လုံကို လှည့်မေးသည်။   “မုန့်ယွဲ့ဘယ်လိုနေလဲ? သူ့ဒဏ်ရာက ဆိုးဝါးလား? သိပ်မကောင်းဘူးဆိုရင် ငါတို့သူ့ကို စခန်းပြန်ပို့ဖို့လုပ်ရမယ်”

“သူအစာငတ်နေတာ ၂ရက်လောက်ရှိပြီ”   ရှောင်ယွင့်လုံကပြောသည်။   “အားနည်းသွားတာကြောင့် မေ့သွားတာ။ သူ့ဒဏ်ရာတွေက မဆိုးပင်မယ့် သွေးထွက်တာ နည်းနည်းများသွားတယ်”

ဝူချန်းယွဲ့တို့ စကားများကို နားထောင်ရင်း လုထန်ရိသည် သူပြန်ရတော့မည်ကို သိလိုက်သည်။ သို့သော်လည်း သူ့တွင် လင်းချင်းကို မေးစရာရှိသေးသည်။   “ငါနင့်ကို ဘယ်မှာရှာရမလဲ? အရှေ့ပိုင်းမှာ နေမှာလား?”

လင်းချင်းသည် ဝူချန်းယွဲ့အား ဒေါသတကြီးစိုက်ကြည့်နေရင်းက သူ့အသံကြားသည့်အခါ    “ရေစက်မကုန်ရင်ဆုံမယ်”   သူမသည် လင်းဖန်တို့နှင့်အတူ ဒီနားတွင် နေမည်ဆိုသည့်အကြောင်းကို သူ့အား မပြောပေ။

လုထန်ရိသည် သူမကိုစိုက်ကြည့်နေသော်လည်း လင်းချင်းက ဘာမှထပ်မပြောသည့်အခါ သက်ပြင်းချလိုက်ကာ ဝူချန်းယွဲ့တို့နှင့် အတူထွက်သွားဖို့လုပ်သည်။ မပြန်ခင်တွင် လူစုထဲမှ တစ်ယောက်က   “အမကြီး ကျွန်တော်တို့နဲ့အတူ စခန်းကို လိုက်ခဲ့ပါလား?”

“သူ့မှာလုပ်စရာရှိသေးတာကို မင်းမေ့သွားပြီလား? ငါတို့ကြောင့် သူနေပေးနေတာလေ”   ကောင်းချင်းမင်းက ဝင်ပြောသည်။

“ဟင်? အာ”   ထိုအကြောင်းကို မေ့နေသည့်သူများသည် အခုမှသတိပြန်ရကြသည်။

“အမကြီး နာမည်က ဘယ်သူလဲ? ကျွန်တော်တို့ နာမည်မသိရသေးဘူး”   ကျန်းရှောင်ညန်က လှမ်းအော်မေးသည်။

လုထန်ရိနှင့် ကောင်းချင်းမင်းတို့သည် လင်းချင်းကို ထူးဆန်းစွာ လှည့်ကြည့်ကြသည်။ ဝူချန်းယွဲ့နှင့် ရှောင်ယွင့်လုံတို့ကတော့ သိချင်စိတ်ဖြင့် ကြည့်ကြသည်။ လင်းချင်းက မမိတ်ဆက်ရသေးသဖြင့် သူမ၏နာမည်ကို သူတို့လည်း သိချင်နေကြသည်။

လင်းချင်းသည် သူတို့ကိုကြည့်ကာ တစ်လုံးသာ ဖြေသည်။   “လင်း”

သူမ၏အသံကတိုးသဖြင့် ကျန်းရှောင်ညန်တို့သည် သေချာမကြားလိုက်ပေ။   “ဟမ်? အမကြီးက ဘာပြောလိုက်တာ? မင်းကြားလိုက်လား?”

“ဟင့်အင်း။ ငါလည်းသေချာမကြားဘူး”

“သူပြောတာက ‘လင်း’”   ဝူချန်းယွဲ့က ဖြေသည်။

“လင်း?”  
Previous Chapter 229 of 410 Next