သူ့အရှေ့က လင်းချင်းကို သူတစ်ချက်ကြည့်လိုက်သည်။ ချူးလီလီဆီကို မသွားချင်သေးသည်မှာ လင်းချင်းပေးသည့်ရေမျိုးကို သူထပ်သောက်ချင်သေး၍ ဖြစ်သည်။
သူ့အတွေးများကိုသိသည့် လင်းချင်းသည် “မရတော့ဘူး။ တစ်နေ့ကို တစ်ခွက်ပဲ သောက်ရမယ့် အခြေအနေရှိတယ်”
“ဝူး” ဇွန်ဘီသည် သူမကိုတိတ်တဆိတ်ကြည့်ကာ ဆက်ပြောမည်ကို နားထောင်နေသည်။
“ပထမဆုံး ငါ့စကားကိုနားထောင်” လင်းချင်းက ပြောသည်။ “ဒုတိယက” လင်းချင်းသည် လင်းဟောင်တို့ဘက်သို့ လက်ညိုးထိုးပြကာ “သူတို့နဲ့ ဒီအဆောက်အဦးထဲက တခြားသူတွေကို ထိခိုက်အောင် မလုပ်ရဘဲ ကာကွယ်ပေးရမယ်။ နားလည်ရင် ခေါင်းငြိမ့်”
ဇွန်ဘီသည် အရွယ်ရောက်လူသားများလို ဉာဏ်မကောင်းသော်လည်း ၇နှစ်၈နှစ်ကလေးအရွယ်လောက် ဉာဏ်ရည်တော့ရှိသည်။ ထို့ကြောင့် လင်းချင်းစကားကို နားလည်သဖြင့် ချက်ချင်းခေါင်းငြိမ့်ပြသည်။ လင်းချင်းသည် သူ့နာခံမှုကို အာရုံခံမိသည်။ သူမကိုလိမ်ပါက သူမသည် ချက်ချင်းသတ်ပြစ်မှာ ဖြစ်သည်။
လင်းချင်းသည် လက်မြှောက်လိုက်ကာ ဇွန်ဘီအား “ဟုတ်ပြီ။ ထပြီးတော့ ငါပြောသလိုလုပ်။ နေ့တိင်းနင့်ကို ရေတစ်ခွက်တိုက်မယ်”
ဇွန်ဘီသည် ဖြည်းဖြည်းချင်းထကာ လင်းဟောင်တို့ကိုကြည့်သည်။ ထို့နောက် ခေါင်းမော့၍ အနံ့ခံကြည့်ကာ သူမ၏အနောက်သို့ ကြည့်သည်။ လင်းချင်းသည် မီတာနှစ်ဆယ်လောက်က အဆောက်အဦးကို လက်ညိုးထိုးပြကာ “ဟိုမှာသွားနေ။ အဲ့ဒီအဆောက်အဦးက အခုနင့်နယ်နမိတ်ပဲ”
ဇွန်ဘိသည် ထိုအဆောက်အဦးကို တစ်ချက်ကြည့်ကာ လင်းချင်း၏လက်ထဲက ခွက်အကွဲကိုကြည့်သည်။ နောက်ဆုံးမှ ချူးလီလီကို လှမ်းကြည့်သည်။ ထိုဇွန်ဘီကြီးက သူ့ကိုသွားခွင်ပြုမပြုကို သူသေချာမသိသောကြောင့် ဖြစ်သည်။
ချူးလီလီက သူ့အကြည့်ကြောင့် အော်သည်။ “အာ ယာ!” ‘သွား! သူပြောသလိုလုပ်’
ချူးလီလီဆီက အမိန့်ရမှ ဇွန်ဘီသည် ချက်ချင်းစိတ်အေးရတော့သည်။ လင်းချင်းကို နောက်ဆုံးတစ်ချက်ကြည့်ကာ အမိုးပေါ်ကနေ ခုန်သွားကာ လင်းချင်းညွှန်ပြသည့် အဆောက်အဦးသို့ ခုန်ဆင်းသွားသည်။
လင်းချင်းသည် မလှုပ်ရဲဖြစ်နေသည့် လင်းဟောင်တို့ကို တစ်ချက်ကြည့်လိုက်ရာ သူမအား သူတို့က ထူးဆန်းသလို ကြည့်နေကြမှန်း သိလိုက်သည်။ စကားသိပ်မပြောသည့် လဲ့ယောင်သည် လင်းဟောင်ကို မေးသည်။ “ဒီဇွန်ဘီခေါင်းဆောင်တွေကို ငါတို့ဘော်ဒီဂတ်လုပ်ခိုင်းဖို့ သူလုပ်နေတာလား?”
လင်းဟောင်သည် လင်းချင်း၊ ချူးလီလီနှင့် တခြားဇွန်ဘီများကို နားမလည်စွာကြည့်ကာ အသံတိုးတိုးဖြင့် “ငါလည်းမသိဘူး။ ဒါပင်မယ့် ငါကြားလိုက်တာသာ မလွဲရင် ဒါကဟုတ်လောက်တယ်”
“ဇွန်ဘီခေါင်းဆောင်တွေကို ဘော်ဒီဂတ်အဖြစ်ရမှာ။ အမှန်တိုင်းပြောရရင် ဒါမျိုးကို ပထမဆုံးကြားဖူးတာပဲ။ ပြီးတော့ ငါတို့က တကယ့်ကံကောင်းတဲ့သူတွေပဲ” လီကျန်းသည် ဝင်ပြောသည်။
လင်းချင်းသည် မုံမုံကိုကြည့်ကာ လက်ယက်၍ ခေါ်ရင်း “နင် ဆင်းလာ!”
သို့သော်လည်း မုံမုံသည် သူမကိုကြည့်ကာ မလှုပ်ပေ။ လင်းချင်းသည် သူမအားပြုံး၍ “အေး နင်ငါ့စကားကို နားမထောင်ရင် ငါ့ဆီက ရေထပ်တောင်းလို့ မရဘူးနော်!”
မုံမုံသည် အမိုးပေါ်ကနေ လင်းချင်းအရှေ့သို့ ချက်ချင်းဆင်းလာသည်။ ရေသောက်ပြီးသည့်နောက် လင်းချင်းအပေါ် ရန်လိုစိတ်များသည် ပိုနည်းလာကာ သူမ၏ အာခံစိတ်များသည် တစ်ဝက်လောက်လျော့သွားသည်။ သို့သော်လည်း လင်းချင်းပြောသလို လုပ်နေရသည်ကိုတော့ သိပ်အဆင်မပြေ ဖြစ်နေသေးသည်။
လင်းချင်းသည် ချူးလီလီဆီသို့ လှည့်သွားသည်။ မုံမုံက သူမ၏အနောက်မှ လိုက်လာသော်လည်း လင်းဟောင်တို့ကိုတော့ လမ်းလျှောက်ရင်း လှည့်ကြည့်နေသေးသည်။ မုံမုံ၏ အကြည့်ကြောင့် ဇွန်ဘီများက သူတို့ကို အာရုံမရှိတုန်း ပြန်ဆင်းပြေးဖို့ လုပ်နေသည့် သူတို့သုံးယောက်သည် တောင့်ခဲသွားကာ မလှုပ်ရဲကြတော့ပေ။
လင်းချင်းသည် ချူးလီလီထံသို့သွားကာ အသက်အရွယ်မတူကြသည့် ဇွန်ဘီများကို တစ်ချက်ကြည့်ရင်း “သူတို့အစွမ်းတွေက ဘာတွေလဲ?”
ချူးလီလီသည် တစ်ယောက်ချင်းစီကို လက်ညိုးထိုးပြကာ “အာယာ အဟ အယာယာ အဟဟား” ‘မီး၊ အစိမ်း၊ မြေ၊ သတ္တု’
မီးဇွန်ဘီသည် ဆယ်နှစ်လောက်ပဲရှိသေးသည့် ကလေးဖြစ်သည်။ ကလေးငယ်လေးဖြစ်သော်လည်း အခုတော့ အရမ်းကြောက်ဖို့ကောင်းနေသည်။ သူ့မျက်နှာပေါ်ပိုင်းတစ်ခုလုံးသည် ပြင်းထန်စွာပျက်စီးနေကာ မေးရိုးသည် လည်ပင်းအထိပြုတ်ကျနေကာ သူ့သွေးစွန်းနေသည့် နှုတ်ခမ်းကြီးသည်လည်း မျက်နှာတစ်ခုလုံးနီးပါး ကွဲနေသည်။ တစ်ချိန်တည်းမှာ သူ့မျက်လုံးများက အနီဖျော့ဖျော့လင်းနေသည်။
အစိမ်းရောင်စွမ်းအားရှင်သည် ဇွန်ဘီမငယ်တစ်ကောင် ဖြစ်သည်။ ဆံပင်တိုများသည် သွေးထွက်နေသည့် ဦးရေပြားတွင်ကပ်နေသည်။ သူမသည် ငါးပေငါးလက်မလောက် အရပ်ရှိကာ ပိန်ပိန်သွယ်သွယ်လေးဖြစ်သည်။ ခြေတံရှည်များနှင့် ပြားကပ်နေသည့် ရင်ဘတ်ရှိကာ တစ်ကိုယ်လုံးသည် သွေးများဖြင့်ညစ်ပတ်နေသည်။ မသေခင်ကတော့ သေသေသပ်သပ်ရှိသည့် မိန်းကလေးတစ်ယောက် ဖြစ်ခဲ့ပုံပင်။
မြေဇွန်ဘီသည် အသက်သုံးဆယ်အရွယ် ယောက်ျားတစ်ယောက်ဖြစ်သည်။ သူ့ကိုယ်သည် ပုံပျက်သွားတာ မရှိသော်လည်း လက်မောင်း၊ ရင်ဘတ်နှင့် ဗိုက်တို့မှာ သွေးများထွက်နေသည့် အပေါက်များအပြည့်ဖြင့်ပင်။ နောက်ဆုံးတစ်ကောင်ကတော့ မျက်မှန်တပ်ထားသည့် အသက်ကြီးကြီး ဆံပင်ဖြူဖြူဖြင့် ဇွန်ဘီဖြစ်သည်။ ထူးဆန်းသည်က သူ့မီးခိုးရောင်ဆံပင်များသည် ဖုန်လုံးဝမရှိဘဲ သန့်ရှင်းနေဆဲဖြစ်သည်။ ထိုအသက်ကြီးဇွန်ဘီသည် ပိုးထည်တရုတ်ရိုးရာဝတ်စုံ ဝတ်ထားကာ လေးကောင်ထဲတွင် သူကအသန့်ပြန့်ဆုံးဖြစ်သည်။
လင်းချင်းသည် ဇွန်ဘီလေးကောင်ကို လေ့လာနေစဉ် သူတို့ကလည်း သူမကို သေချာကြည့်နေကြသည်။ သူတို့သည် ရေခဲဇွန်ဘီဖြင့် လင်းချင်းတိုက်ခိုက်ခြင်းကို ကြည့်ခဲ့ရပြီး မြူခိုးနက်များကို အကုန်လုံးက ကြောက်လန့်နေကြသည်။ လင်းချင်းက အနားသို့လာသည့်အခါ သူတို့သည် လင်းချင်းကို မျက်လုံးနက်များဖြင့် စိုက်ကြည့်ကာ သူမက သူတို့အား မြူခိုးနက်များဖြင့် ရုတ်တရပ် တိုက်ခိုက်မှာကို စိုးရိမ်နေကြသည်။
“အာ ယ ယ အာ ယာ ယာ ယာ” ထိုအချိန်တွင် ချူးလီလီသည် ဇွန်ဘီခေါင်းဆောင်လေးယောက်ကို အော်သည်။ ‘ဘာကြည့်နေတာလဲ? နင်တို့အကုန်ုလုံး သူ့အမိန့်ကိုလည်း နာခံဖို့လိုတယ်’
ဇွန်ဘီလေးကောင်သည် ချူးလီလီကို နားမလည်စွာဖြင့် လှည့်ကြည့်ကြသည်။
လင်းချင်းက အင်အားကြီးသည်မှန်သော်လည်း သူမ၏ အရှိန်အဝါသည် ဒီလေးကောင်ကို ဖိနှိပ်နိုင်သည့်အထိတော့ မရှိသေးပေ။ ထို့ကြောင့် ဒီဇွန်ဘီခေါင်းဆောင်လေးကောင်သည် သူတို့ထက် မသန်မာသည့် ဇွန်ဘီ၏စကားမှန်သမျှကို ခြွင်းချက်မရှိ မနာခံချင်တာက သိသာလှသည်။
ချူးလီလီသည် သူတို့သဘောမတူခြင်းကို အာရုံခံမိသဖြင့် ပြောသည်။ “အာယာ အာယာယေးယေး!” ‘သူ့စကားကို နားမထောင်ချင်ရင် သူနဲ့တိုက်နိုင်တိုက်ကြလေ!’
ထိုအခါ ဇွန်ဘီလေးကောင်သည် လင်းချင်းကို ရန်လိုစွာဖြင့် ချက်ချင်းစိုက်ကြည့်ကြတော့သည်။ လင်းချင်းသည် သူတို့အား အပြုံးဖွဖွပြုံးကာ သူမ၏လက်ထဲကနေ မြူခိုးနက်များကို ထုတ်လိုက်သည်။ ထိုမြူခိုးနက်များသည် ဒီဇွန်ဘီလေးကောင်၏အထက်တွင် တိမ်မည်းများလို ဖြစ်တည်နေသည်။
မြူခိုးနက်တိမ်တိုက်က သူတို့ခေါင်းပေါ်တွင် ရှိသည့်အခါ ဇွန်ဘီခေါင်းဆောင်များသည် ကြောက်လာကြသည်။ သူတို့သည် ခြေနှစ်လှမ်းဆုတ်ကာ အပေါ်က မြူခိုးနက်များကို ကြည့်ရင်း ကြောက်နေသည့် တိရိစ္ဆာန်များလို အော်ကြသည်။ “ဂါး! ဝူး”
“ဂါး!” မုံမုံတောင်မှ ငြိမ်ငြိမ်မနေနိုင်တော့ကာ နောက်သို့ခုန်ဆုတ်မိသည်။ ထို့နောက် ချူးလီလီက ဒီမြူခိုးနက်များကို ဘယ်လိုမှမနေသဖြင့် သူမသည် ချူးလီလီအနားသို့ မသိမသာတိုးကပ်နေလိုက်သည်။
“ဝိုး! နေရာလွတ်စွမ်းအားရှင် မဟုတ်ဘူးလား? ဘာဖြစ်လို့ ထူးဆန်းတဲ့ မြူခိုးနက်တွေကို ထုတ်နေနိုင်တာလဲ?” အောက်ထပ်သို့ ဆင်းဖို့လုပ်နေသည့် လင်းဟောင်တို့သည် မဆင်းခင်တွင် ကောင်းကင်မှာ မြူခိုးနက်များဖြင့် ဖုံးနေသည်ကို တွေ့လိုက်ရသည်။
“အစွမ်းနှစ်မျိုးရှိနေတာလား?” လီကျန်းက အံ့သြစွာဖြင့် မေးသည်။
လဲ့ယောင်သည် ဇွန်ဘီခေါင်းဆောင်များ၏ အပြုအမှုကို ကြည့်နေကာ ခနနေမှ ပြောသည်။ “တိမ်မည်းတွေထဲမှာ တစ်ခုခုရှိနေသလိုပဲ။ ဇွန်ဘီခေါင်းဆောင်တွေက အတော်ကြောက်နေတာ”
သူ့စကားကြားမှ ကျန်သည့်နှစ်ယောက်သည် ဇွန်ဘီခေါင်းဆောင်များကို ကြည့်မိကြသည်။ လဲ့ယောင်ပြောသလို သူတို့သည် အခုအချိန်တွင် အရမ်းကြောက်နေကြသည်။