၃၄၄။ ဖြေဆေးမရှိ
အောက်ထပ်တွင် ကောင်းချင်းမင်းသည် အခုကြုံခဲ့ရတာကို လုထန်ရိ၏ မျက်နှာကို တည့်တည့်လိုက်၍စိုက်ကြည့်ကာ ပြောနေသည်။ “မင်းကြည့်။ ငါတို့ကလည်း စေတနာထားရလည်း ငါတို့ကိုလည်း သံသယဝင်နေသေး။ ဒါက သူများကိစ္စကို ဝင်ပူမိလို့ပဲ”
လုထန်ရိသည် မျက်လုံးကို လှန်လိုက်ကာ သူ့အားကျော်၍လျှောက်သွားရင်း “ငါက သူများကိစ္စကို ဝင်ပူနေလို့လား? စာထဲမှာပြောထားတဲ့ လုမိန်းကလေး သူဟုတ်လား မဟုတ်ဘူးလား သေချာအောင် လာစစ်ကြည့်ရုံပဲ။ ဒီလူတွေကို ငါဂရုမစိုက်ပါဘူး”
“ဪ! မင်းက သူတို့ကို ဂရုမစိုက်ဘူးလား” ကောင်းချင်းမင်းက ပြောသည်။ “ဒါဆိုလည်း ဒီသတင်းလေးပို့ဖို့ကို ဒီလောက်ညဉ့်နက်နေမှ ငါတို့အကုန်လုံးကို ဆွဲခေါ်လာတာလဲ? ပြီးတော့လည်း အဲ့လူတွေက မင်းကိုကျေးဇူးတင်တာလည်း မဟုတ်ဘူး!”
“ဒီမိန်းကလေးနှစ်ယောက်ကြောင့် သူ့ကိုပြဿနာမတက်စေချင်ဘူး” လုထန်ရိက ပြောသည်။
“ဟမ့်! မင်းပြောချင်တာသာပြောနေတော့” ကောင်းချင်းမင်းက ပုခုံးတွန့်ကာ ပြောသည်။ “ဪ အဲ့လိုဆိုမှ မင်းအမ ခုနက ပြဿနာရှင်းစရာရှိတယ် ပြောသွားတာ ဘာကြီးလဲ?”
လုထန်ရိသည် ခနတွေးပြီးမှ ပြောသည်။ “သံသယဝင်စရာလူကို သူတွေ့သွားလို့ ထင်တယ်။ ငါတို့ထက် အာရုံပိုကောင်းတော့ ငါတို့သတိမထားမိတာတွေ သူကသတိထားမိလောက်တယ်။ ပြီးတော့လည်း ယန်းချောင်းက တိုက်ဖို့လွှတ်ထားတဲ့သူက ခုနက ဖြောင်ကောချန်လို့ ဦးနှောက်မရှိတဲ့ကောင်တော့ မဟုတ်လောက်ပါဘူး”
ကောင်းချင်းမင်းက သူ့ကိုအံ့သြစွာ ကြည့်ကာ “ဖြောင်ကောချန်မဟုတ်ဘူးလား? ဒါပင်မယ့် လင်းဝမ်ဝမ်နဲ့ နောက်တစ်ယောက်အတွက် သူလာတာ မဟုတ်ဘူးလား?”
“ယန်းချောင်းက လွှတ်တာမဟုတ်ဘဲ သူ့ဟာသူ လာချင်လို့လာတာ ဖြစ်မယ်” လုထန်ရိက ပြောသည်။
ကောင်းချင်းမင်းသည် သူ့ကိုကြည့်၍ ခနတွေးကြည့်နေပြီးနောက် ဖြစ်နိုင်သည်ဟု ခံစားလိုက်ရသည်။
. . .
တစ်ဖက်တွင်တော့ လင်းချင်းသည် ထန်ဟေး၏ အနောက်သို့ လိုက်သွားသည်။ မကြာခင်တွင် သူက သုသေသနဌာနသို့ ဦးတည်သွားနေသည်ကို သိလိုက်ရသည်။ အခုအချိန်တွင် သုသေသန ဌာနက အလုပ်သမားများက အလုပ်ဆင်းသွားသဖြင့် လူမရှိပေ။ သို့သော်လည်း တံခါးကပွင့်နေကာ သော့က အရည်ပျော်နေပုံရသည်။
ထန်ဟေးသည် သော့ကိုဖျက်၍ အထဲကိုဝင်လိုက်သည်။ လင်းချင်းက အနောက်ကနေ ခိုး၍လိုက်သွားသည်။
ခနလျှောက်ပြီးနောက် ထန်ဟေးသည် သီးသန့်ခန်းတစ်ခုရှေ့တွင် ရပ်လိုက်သည်ကို တွေ့ရသည်။ တံခါးက ပွင့်နေသည်။ မှန်ကနေတစ်ဆင့် အောက်ကိုဆင်းသည့် လှေကားကို မြင်ရသည်။ အောက်ထဲတွင် အလင်းဖျော့ဖျော့ရှိကာ လူအချို့က စကားပြောနေသည့်အသံကို ကြားရသည်။
ထန်ဟေးသည် ဘေးကိုကြည့်လိုက်သည်။ အကုန်လုံးတိတ်ဆိတ်၍ ဘယ်သူမှ မရှိသည်ကို တွေ့ရမှ သီးသန့်ခန်းထဲသို့ဝင်သွားကာ အောက်သို့ဆင်းသွားသည်။
လင်းချင်းက သူ့နောက်သို့ ချက်ချင်းလိုက်မသွားဘဲ ထိုအခန်းကို ခနစူးစမ်းကြည့်နေသေးသည်။ အခန်းထဲတွင် လူ့ကိုယ်အစိတ်အပိုင်းများကို အရည်ထဲတွင်စိမ်ကာ ဖန်ဘူးများဖြင့် သိမ်းထားသည်။ လင်းချင်းသည် ထိုဘူးများကို ခနကြည့်၍ အောက်ထပ်သို့ ဆင်းလိုက်သွားသည်။
ကြောင်လိမ်လှေကားဖြစ်ကာ သီးသန့်ခန်း၏ အောက်တွင် ကြီးမားသည့် စမ်းသပ်ခန်းက ရှိနေသည်။ စမ်းသပ်ခန်းတွင် စွမ်းအားချွေတာသည့် မီးအိမ်များကို ထွန်းထားသည်။
အချို့ဖန်သေတ္တာကြီးများကို ဒီနေရာတွင် အစဉ်အလိုက်သေချာပိတ်၍ ထားသည်။ လင်းချင်းသည် ကြည့်လိုက်တည်းက ဖန်သေတ္တာထဲမှ ဇွန်ဘီများကို တွေ့လိုက်ရသည်။ ဒီဇွန်ဘီများကို ချိန်းကြိုးဖြင့် သေချာတုပ်ထားကာ မျက်လုံးများကို ပိတ်ထားသည်။
ဒီဇွန်ဘီများက မသေသေးကြောင်းကို သိသော်လည်း သူတို့သည် သုသေသနအတွက် သွေးအများကြီးထုတ်ခံထားရ၍ ခြောက်ကပ်နေပုံရသည်။ သူမသည် ဖန်သေတ္တာများကို သေချာကြည့်မနေတော့ဘဲ တစ်ဖက်က မှန်နံရံကို လှည့်ကြည့်လိုက်သည်။ အထဲတွင် ဖြစ်နေသည်က ကောင်းပုံမရပေ။
သူမသည် အနားသို့ သွားကြည့်သည်။ အခုမှဆင်းလာသည့် ထန်ဟေးအပြင် ဖြောင်ကောချန်သည်လည်း ဒီနေရာတွင် ရှိနေသည်။ အခုအချိန်တွင် သူ့မျက်နှာသည် ဖြူဖပ်နေကာ မျက်တွင်းများ ကျသွား၍ နှုတ်ခမ်းတို့က ခရမ်းရောင်သို့ ပြောင်းနေပြီ။
အခန်းထဲတွင် တခြား၂ယောက်လည်း ရှိသေးသည်။ လင်းချင်းက သူတို့၂ယောက်လုံးကို မြင်ဖူးသည်။ တစ်ယောက်သည် မုတ်ဆိတ်များဖြင့်ဖြစ်၍ ဆရာဝန်ဖြစ်ပုံရသည်။ အမျိုးသမီးကတော့ သူ့လက်ထောက်ဖြစ်လောက်သည်။ အမျိုးသမီးမှာ ဖြောင်ကောချန်ထံမှ လည်ပင်းညှစ်ခံနေရသည်ကိုတောင် သူ့အားအေးစက်သည့် အကြည့်များဖြင့် ကြည့်နေဆဲပင်။
“လျန်တရှု. . .အား. . .ငါမင်းကိုသိတယ်. . .ဇွန်ဘီပိုးကိုခုခံတဲ့ လိမ်းဆေး မင်းဖော်ထားတယ်. . .ငါ့ကိုပေး. .. ပေး. . .မဟုတ်ရင် ဒီမိန်းမကို သတ်ပစ်မယ်!” ဖြောင်ကောချန်သည် မိုလီ၏လည်ပင်းကိုညှစ်ကာ လျန်တရှုအား အော်ဟစ်နေသည်။
လျန်တရှုသည် သူ့ကိုတည်ငြိမ်စွာကြည့်ကာ “ဒုခေါင်းဆောင်ဖြောင် ခင်ဗျားမျက်နှာက ဘယ်လိုဖြစ်နေပြီလဲသိလား? စာရွက်လိုဖြူနေပြီးတော့ မျက်တွင်းနက်ကြီးတွေလည်း ကျနေပြီ။ နှုတ်ခမ်းကလည်း ခရမ်းရောင်ဖြစ်သွားပြီ။ ခင်ဗျားကိုယ်ထဲကပိုးက ဦးနှောက်ကို မကြာခင်ကူးတော့မှာကို သိရဲ့လား?”
သူ့သေချာပြောပြနေခြင်းကြောင့် ဖြောင်ကောချန်သည် မျက်လုံးပြူးသွားကာ ကြောက်ဖို့ကောင်းသည့်ရုပ်ဖြင့် ကြောက်လန့်ခြင်းနှင့် ဒေါသရောကာ အော်သည်။ “ောက်ရေးမပါတာတွေ ငါ့ကိုဖြေဆေးပေး. . .အခုဖြေဆေးပေး. . .” သူ့အသံသည်တုန်လာသည်ကို သူဘယ်လိုမှ တားမရပေ။
လျန်တရှုသည် သူ့ကိုကြည့်ကာ ဘာမှမပြောပေ။ သူ့ထံမှ လည်ပင်းညှစ်ခံထားရသည် မိုလီသည် စ၍စကားပြောသည်။ “ဖြေဆေးမရှိဘူး။ ဒေါက်တာလျန်က ဘာဖြေဆေးမှ မဖော်ခဲ့ဘူး။ ပိုပြီးတော့ စိတ်လှုပ်ရှားလာလေလေ ပိုးကပိုပြန့်ဖို့ မြန်လေလေပဲ”
ဖြောင်ကောချန်းသည် လက်ကိုအားထည့်လိုက်၍ လည်ပင်းကိုညှစ်ကာ သူမအား ငုံ့ကြည့်၍ ဆဲဆိုသည်။ “ောက်ကောင်မ ပါးစပ်ပိတ်ထား . . . နင့်ကိုငါယုံမယ်လို့ မမျှော်လင့်နဲ့!”
“အဟွတ်. . .ဟွတ်” မိုလီ၏လည်ပင်းသည် ပြင်းပြင်းညှစ်ခံထားရသဖြင့် အသက်ရှုကြပ်လာကာ သည်းနေသည်။ ထိုအချိန်တွင် တံခါးနောက်မှာ တစ်ချိန်လုံးပုန်းနေသည့် ထန်ဟေးက ရုတ်တရပ် ဝင်လာသည်။
“ဖြေဆေးရှိမရှိ ငါမသိပင်မယ့် ငါသိတာက မင်းတို့အကုန်သေတော့မှာကိုပဲ” မုတ်ဆိတ်ဖြင့်ဆရာဝန်သည် ဖြေဆေးကို ဖော်နိုင်ပြီဟု သူက မယုံကြည်ပေ။ သို့သော်လည်း ဖြောင်ကောချန်မှာ ဇွန်ဘီဖြစ်တော့မည်ကို နားလည်၍ ဒါကိုသိသည့်၂ယောက်သည်လည်း သေတော့မှာပင်။
“မင်းဘယ်သူလဲ?” လျန်တရှုသည် သူ့ကိုကြည့်ကာ သတိဖြင့်အော်သည်။
“မင်း. . .မင်းက ဘာဖြစ်လို့ ဒီမှာ? ဒီလိုမဟုတ်. . .ငါက ကယ်လို့ရသေး. . .” ထန်ဟေးကို မြင်သည့်အခါ ဖြောင်ကောချန်၏ မျက်နှာသည် သိသိသာသာကို ပျက်ယွင်းသွားသည်။ ကြောက်လန့်တကြား ခေါင်းကိုခါကာ အသည်းအသန်ရှင်းပြဖို့ လုပ်သည်။
ထန်ဟေးသည် လျှောက်လာကာ သူ့ကိုကြည့်ရင်း ပြောသည်။ “သူပြောတာ အမှန်ပဲ။ မင်းကအခု ဇွန်ဘီနဲ့ ဘာမှမကွာတော့ဘူး။ ခြေတွေလက်တွေ ထုံနေတာကို မခံစားရဘူးလား? ချမ်းမလာဘူးလား? အသားကိုဝါးပြီး သွေးကိုသောက်ချင်မလာဘူးလား?”
ထိုအခါ ဖြောင်ကောချန်သည် ရုတ်တရပ် ခေါင်းကိုငုံ့လိုက်၍ မိုလီ၏ လည်ပင်းမှ သွေးကြောများကို စိုက်ကြည့်နေကာ သူ့မျက်လုံးထဲတွင် ဆာလောင်စိတ်က ပြင်းပြလာသည်။
ထိုအချိန်တွင် လျန်တရှုသည် သူ့အိတ်ထဲတွင် တစ်ချိန်လုံး ဖွက်ထားသည်ကို ထုတ်လိုက်သည်။ သူသည် လက်တစ်ဖက်ကိုယမ်းကာ ဖြောင်ကောချန်အား ဆေးထိုးအပ်သုံးခုဖြင့် ပစ်လိုက်သည်။ ထို့နောက် သေနတ်ကို ဆွဲထုတ်လိုက်ကာ ထန်ဟေးအား သေနတ်ဖြင့် လှည့်ချိန်သည်။ သို့သော်လည်း သူသည် ရန်သူများကို လျှော့တွက်မိသွားသည်။
ဖြောင်ကောချန်သည် ချက်ချင်းခေါင်းမော့ကြည့်ကာ လျန်တရှုက ပစ်လိုက်သည့် ဆေးထိုးအပ်သုံးခုကို လက်ဖြင့်အမြန်ဖမ်းလိုက်သည်။ ထိုအချိန်တွင် သေနတ်ပစ်ဖို့လုပ်နေသည့် လျန်တရှု၏လက်ထဲမှ သေနတ်သည် ရုတ်တရပ် ပြုတ်ကျသွားသည်။
‘မကောင်းတော့ဘူး!’ လျန်တရှုသည် ဘာဖြစ်သလဲကို သိသွားချိန်တွင် တွေးမိသည်။
သေနတ်သည် ပြုတ်ကျသွားသော်လည်း ကြမ်းပြင်ပေါ်သို့ ကျသွားတာ မဟုတ်ပေ။ ထို့အစား သူ့မျက်နှာရှေ့တွင် လွင့်မျောနေရင်းက သေနတ်သည် ပုံစံပျက်လို့နေသည်။
ထိုအချိန်တွင် မိုလီသည် ချက်ချင်းအနောက်သို့ ဆုတ်လိုက်ကာ ဖြောင်ကောချန်၏ လက်ကို သူမ၏လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ဖမ်းလိုက်၍ သူမ၏ကိုယ်ကို ကွေးလိုက်ကာ ကြမ်းပြင်ပေါ်သို့ ကိုင်ပေါက်လိုက်သည်။
ဒုန်း! ဖြောင်ကောချန်သည် ကြမ်းပြင်ပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျသွားသ်။ အားယားမှောက်ကြီးကျသွားကာ ဘယ်လိုကနေ ဘယ်လို သူကကြမ်းပြင်ပေါ်သို့ ကိုင်ပေါက်ခံလိုက်ရမှန်းကို နားမလည်ဖြစ်နေသည်။