May Honey Logo May Honey
Previous Next

၂၁၄။ မငြင်းဘူး

လူသားများအား ထိုလမ်းလျှောက်နေသည့် လူသေကောင်များက ကိုက်တာ သို့မဟုတ် ကုတ်တာမျိုးကို မြင်ဖူးသည်။ ဒီလိုလူများသည် သေသွားကာ သူတို့လည်း လမ်းလျှောက်သည့် အလောင်းကောင်ဖြစ်ကာ လျှောက်သွားတက်ကြသည်။ သူမသည် အခြားသူများကို ဒီလိုဖြစ်အောင် လုပ်ရသလား မသိသော်လည်း သူမက ထိုလမ်းလျှောက်နေသည့် လူသေများနှင့် သိပ်မကွာခြားသလိုပင်။

‘အခုငါ့မှာအဖော်ရပြီ! ငါဒီကလေးမလေးကို ခေါ်ထားပြီးတော့ သေချာဂရုစိုက်မှာပါ’   သူမသည် ကလေး၏ မိသားစုများက စိုးရိမ်နေမှာကို မတွေးသလို ဘာကျွေးရမလဲဆိုသည်ကိုလည်း မစဉ်းစားပေ။ သူမစားရသည်များက ကလေးစားရမည်ဟု ထင်နေတာဖြစ်သည်။

အခုတော့ သူမသည် တစ်ယောက်တည်း လျှောက်သွားနေစရာ မလိုတော့၍ အရမ်းကို ပျော်နေပြီ။ အရင်တုန်းက သူမသည် လူသားများက မရှာနိုင်သည့်နေရာတွင် ပုန်းအောင်းကာ သူတို့အား စပ်စုစွာဖြင့် ငေးနေခဲ့ရသည်။ အခုတော့ ကလေးမလေးနှင့်အတူ သူမသည် ဘာမှလုပ်စရာမရှိဘဲ လမ်းမပေါ်က ပုရွက်ဆိတ်များကို ထိုင်ရေနေရလျှင်တောင် မပျင်းရတော့ပေ။

ဝူယွဲ့လင်းကို သေချာကြည့်နေရင်း သူမ၏အမှုအယာသည် ပြောင်းသွားသည်။ ထို့နောက် ကောင်းကင်ကို တစ်ချက်မော့ကြည့်ကာ ဝူယွဲ့လင်းအားပွေ့၍ လှည့်ထွက်သွားသည်။ မိုးရွာတော့မှာ ဖြစ်သောကြောင့် မိုးရွာလျှင် အရမ်းချမ်းမည်ကို သိသည်။ ထို့ကြောင့် ဝူယွဲ့လင်းအား အနောက်ပိုင်းရေကန်သို့ ခေါ်သွားခြင်း ဖြစ်သည်။

အနောက်ပိုင်းကန်သည် သူမ၏ယာယီနယ်မြေ ဖြစ်သည်။ သူမသည် နေရာတွင် မရှိတုန်းမှာ မြို့ပေါ်က အကောင်ကြီးက သူမ၏နေရာကို မလာဖို့တော့ မျှော်လင့်ရသည်။ သို့သော်လည်း ကလေးမလေး၏ အဖေသည် ဒီနေရာတွင် ရှိနေကြောင်းကိုတော့ မသိပေ။

လင်းချင်းသည် သူမရေထဲကိုပစ်ပေးလိုက်သည့် ဇွန်ဘီအမြူတေကို နွယ်တစ်ခုက ရစ်ပတ်၍ ဆွဲယူသွားသည်ကို မြင်သည့်အခါ ပြုံးလိုက်သည်။

‘စိတ်မရှည်လိုက်တာ!’   သူမတွေးမိသည်။ နွယ်သည် ဇွန်ဘီအမြူတေမှ စွမ်းအားကို အာရုံခံမိသည်နှင့် တိတ်ဆိတ်စွာ တက်လာသည်။ ဘယ်လိုပဲဖြစ်ဖြစ် လင်းချင်းကတော့ ကန်ထဲကနေ နွယ်ထွက်လာသည်ကို သတိထားမိတာပင်။ 

ဇွန်ဘီအမြူတေကို ရေထဲပစ်ချ၍ နှစ်မိနစ်လောက် ကြာသည့်အခါ လင်းချင်းသည် ကန်ထဲကစွမ်းအင် အပြောင်းအလဲကို အာရုံခံမိသည်။ ကန်ထဲကစွမ်းအားများသည် ကန်ပေါ်သို့ မရောက်သေးသော်လည်း သူမသည် သေချာအာရုံခံမိသည်။ စွမ်းအားစီးကြောင်းနှစ်ခုက တစ်ခုတည်းအဖြစ် ပေါင်းစီးသွားသည်ကို သူမသိလိုက်သည်။

နှစ်ခုထဲကတစ်ခုသည် ကန်ထဲမှ သူမရင်းနှီးသည့် စွမ်းအင်ဖြစ်ကာ ညင်သာသော်လည်း အခုတော့ ဒီလိုမဟုတ်တော့။ နောက်တစ်ခုသည် ဇွန်ဘီဘုရင်၏ ပြင်းထန်သည့် စွမ်းအင်ဖြစ်သည်။ ကြည့်ရသည်မှာ နွယ်လေး၏စွမ်းအားကို ဇွန်ဘီဘုရင်၏ ပြင်းထန်သည့်စွမ်းအားက လွှမ်းမိုးလိုက်သလို ဖြစ်နိုင်သည်။ စွမ်းအားနှစ်ခုသည် ကန်ထဲတွင် ရောယှက်နေကာ တစ်ခုနှင့်တစ်ခုဝါးမြိုကာ တိုက်ခိုက်နေသည်။

အခြားသူများသည် ကန်ထဲကနေ စွမ်းအားလှိုင်းများကို အာရုံခံမိကြသော်လည်း လင်းချင်းလိုတော့ သေချာမသိပေ။ လုထန်ရိသည် နားမလည်စွာဖြင့် မေးသည်။
“နင့်ကန်ထဲမှာ တစ်ခုခုရှိနေတာလား?”

လင်းချင်းသည် သူနှင့် သူ့နောက်သို့လာသည့် ကောင်းချင်းမင်းကို ကြည့်လိုက်သည်။   ‘ဒီကောင်လေးတွေက အတော်အာရုံကောင်းတာပဲ။ သူတို့အစွမ်းရဲ့ ၃၀ရာခိုင်နှုန်းလောက်ပဲ ပြန်ရသေးတာတောင် ဒါကိုသိတယ်’

ရှဲ့တုန်းသည်လည်း အနားသို့ရောက်လာကာ ရေကန်ကိုကြည့်သည်။ ကန်ထဲမှ အန္တရာယ်သည် ပိုကြီးလာသလို သူခံစားရသည်။

လင်းချင်းသည် လုထန်ရိနှင့် ကောင်းချင်းမင်းတို့ကို တစ်ချက်ထပ်ကြည့်လိုက်သည်။ သူမသည် ခေါင်းငြိမ့်မပြဘဲ ရှဲ့တုန်းကို သင်ပုန်းကိုပေးကာ   “အပြင်ထွက်မယ်။ နင်”   ဒီလိုပြောရင်း သူတို့အဝတ်များနှင့် ရေပုံးကို လက်ညိုးထိုးပြသည်။

လုထန်ရိနှင့်ကောင်းချင်းမင်းတို့သည် အချင်းချင်းကြည့်ကာ သူမပြောသည်ကို နားလည်သည်။ ထို့နောက် လင်းချင်းက မျက်လုံးကိုမှိတ်ကာ ကန်ဘေးကနေ ပျောက်သွားသည်။

ထို့နောက် လုထန်ရိသည် ရှဲ့တုန်းအား   “ငါ့မှာမေးစရာရှိတယ်”   ရှဲ့တုန်းအား ထူးဆန်းစွာပြုံးရင်း မေးသည်။   “လုထန်ယုက ဆံပင်တွေကျွတ်ကုန်လို့လား?”  
  
“ဟား ဟား”   ကောင်းချင်းမင်းသည် မရယ်ဘဲ မနေနိုင်တော့ပေ။

လုထန်ရိသည် သူ့ကိုတစ်ချက်ကြည့်ကာ ရှဲ့တုန်းကိုကြည့်သည်။ နှစ်ယောက်လုံးသည် သတိထားမိတာ ကြာသော်လည်း လင်းချင်းက နေကာမျက်မှန်နှင့် ဦးထုပ်ကို မချွတ်စတမ်းနေသဖြင့် သူတို့က သူမရှက်နေမည်ဟုထင်ကာ တိုက်ရိုက်မမေးတာဖြစ်သည်။

သို့သော်လည်း တကယ်သိချင်နေသည်။ လုထန်ယု၏ ကတုံးဖြင့်မျက်နှာကို အရင်လိုမိတ်ကပ်ထူကြီးဖြင့်၊ မိတ်ကပ်မပါဘဲနှင့် ဇွန်ဘီမျက်လုံးတို့ဖြင့် မျိုးစုံတွေးကြည့်နေရာ ရယ်ရမလို ငိုရမလို ဖြစ်နေတော့သည်။ သူမသည် ကတုံးဖြစ်ကြောင်းကို သိချိန်တုန်းက သူမသိသလောက် ဘာသာစကားများဖြင့် ကျိန်ဆဲနေမည်ကို သူတွေးကြည့်၍ ရသည်။

ရှဲ့တုန်းသည် သူတို့ကိုကြည့်၍ ၇စက္ကန့် ၈စက္ကန့်လောက် ငြိမ်ပြီးမှ ခေါင်းငြိမ့်ပြသည်။ လုထန်ရိကိုကြည့်ရင်း အနည်းငယ်အံ့သြမိသည်မှာ လုထန်ယု သို့မဟုတ် လင်းချင်းကို ဂရုစိုက်နေ၍ ဖြစ်သည်။ လုထန်ရိသည် လုထန်ယုက ဇွန်ဘီဖြစ်သည်နှင့် ဝိဉာဉ်ပြောင်းသွားသည်ကို သိကောင်းသိနေလောက်ပြီ။

‘ဒီချောတဲ့ကောင်လေးက လုထန်ရိနဲ့ ခိုးကြိုက်နေကြတာလား?’   ရှဲ့တုန်းက တွေးသည်။   ‘ဒီမိန်းမမှာ ခိုးတွဲနေတဲ့သူရှိတာလား? ဒါအံ့သြစရာကြီး’

‘သူ့ကိုဂရုစိုက်နေတာလား?’   ရှဲ့တုန်းက ရေးပြသည်။

လုထန်ရိသည် ခနငြိမ်သွားပြီးနောက် မျက်လုံးများစင်းသွားကာ မတက်သာသည့်အပြုံးမျိုးဖြင့်   “သတိထားမိတယ်လား?”

ရှဲ့တုန်းသည် ဆွံ့အစွာဖြင့် မျက်လုံးလှန်မိသလို ကောင်းချင်းမင်းလည်း ဒီလိုဖြစ်သွားကာ ပြောသည်။   “ငါဒါမျိုးကို မပြောချင်ပင်မယ့် မင်းတစ်ချိန်လုံး သူ့ကိုပဲအာရုံစိုက်နေတာ။ သူပြောင်းလဲသွားပြီဆိုတာကို မင်းမခံစားမိဘူးလား? အမှန်တိုင်းပြောရရင် မင်းမှားနေသလားလို့တောင် ငါထင်လာတယ်”

လုထန်ရိသည် ကန်ရေပြင်ကို ကြည့်ကာ ငြိမ်ကျသွားသည်။ သူလည်းသေချာပေါက်ကို ခံစားမိသည်။ မခံစားမိဘဲ ဘယ်နေမလဲ? စတွေ့တည်းက ကွာခြားမှုများကို သတိထားမိကာ သံသယဝင်နေသည်မှာ ကြာလှပြီ။ သို့သော်လည်း သူမသည် ဝန်ခံသွားမလား? လုထန်ယုမဟုတ်ကြောင်းကိုလည်း မငြင်းသောကြောင့် ပြဿနာဖြစ်နေသည်။   “ငါသိပင်မယ့် သူလည်းမငြင်းဘူးလေ”

ကောင်းချင်းမင်းက ခနတိတ်သွားပြီးနောက် ပြောသည်။   “ဘာပဲဖြစ်ဖြစ်ကွာ ဘယ်သူမှမဟုတ်တောင် ငါတို့ကတော့ သူ့ကိုမှတ်မိမယ် ထင်တာပဲ”   ဒီလိုပြောရင်းဖြင့် အခြားသူများကို ကြည့်လိုက်သည်။

ရှဲ့တုန်းသည် သူတို့ကို တစ်ချက်ကြည့်ကာ ဝင်မပြောဘဲ ပစ္စည်းပုံကြီးထဲမှ ရေပုံးများသာ သွားရှာပေးဖို့ ထွက်သွားလေသည်။ ရေကန်ရှိသောကြောင့် လင်းချင်းသည် နောက်လိုရင်သုံးရအောင် ပုံးအရွယ်အစားမျိုးစုံကို စုသိမ်းထားတက်သည်။ သူမသည် ဟိုတယ်က ထွက်မလာခင် လင်းဖန်တို့လူများသုံးဖို့ ကန်ရေကို ပုံးကြီးများဖြင့် ဖြည့်ပေးခဲ့သေးသည်။ ဟိုတယ်တွင် ရေပုံးသုံးဆယ်လောက်ကို ထားပေးခဲ့တာဖြစ်သည်။

နယ်မြေထဲက ထွက်လာသည့်အခါ သစ်ပင်ပေါ်တွင် ထိုင်နေကာ သူမကို အာရုံမခံမိသည့် ဝူချန်းယွဲ့အား တည်ငြိမ်စွာကြည့်လိုက်သည်။ ထို့နောက် ဂုဏ်ယူဝင့်ကြွားစွာပြုံးကာ လှည့်ထွက်လာသည်။

‘သူ့ဇွန်ဘီအမြူတေကို သိမ်းလိုက်တာက နည်းနည်းဆိုးပင်မယ့်လည်း ငါ့ကိုအကြောင်းမဲ့ကြီး မိုးကြိုးနဲ့ ပစ်ချထားလို့ လက်စားချေတာပဲ? ငါကဒါကို မေ့စရာလား! ကလေးမလေးကို ခေါ်ထားမိတယ်ဆိုပင်မယ့် ငါကပြန်ပေးတာပဲမလား? ပြီးတော့ ရက်ကြာကြာ ငါ့မှာကလေးထိန်းကြီး လုပ်ပေးခဲ့ရသေးတာ။ ဒါကကလေးကို စောင့်ရှောက်ပေးရလို့ ဇွန်ဘီအမြူတေကို အဖိုးအခအနေနဲ့ ပြန်ယူရုံတင်ပဲ’

Previous Chapter 214 of 410 Next