‘စွမ်းအားအရင်းအမြစ်’ဆိုသည့် စကားကြားသည့်အခါ ဝူချန်းယွဲ့သည် ခနတန့်သွားကာ သူ့သမီးကို တစ်ချက်ကြည့်သည်။
ပြန်လာသည့် လမ်းတစ်လျှောက်လုံးတွင် သူ့သမီးကိုယ်ထဲမှ ထူးဆန်းသည့်စွမ်းအားကို သူခံစားမိနေခဲ့တာ ဖြစ်သည်။ လျန်လျန်ကိုယ်ထဲက စွမ်းအားသည် နိုးစပြုနေသည်မှာ အချိန်ကြာပြီဖြစ်ပြီး ဝူချန်းယွဲ့သည် ဒါကပို၍သန်မာလာနေသည်ကို ခံစားမိသည်။ ‘ဒီစွမ်းအားက လျန်လျန်ရဲ့အစွမ်းကို နှိုးပေးဖို့ အကျိုးရှိသွားတာလား?’
“မဟုတ်ဘူး ယွင့်လုံ သူ့ကိုယ်ထဲက အစွမ်းတွေက ပိုသန်မာလာနေတာကို မင်းလည်းခံစားမိတယ်မလား?”
ရှောင်ယွင့်လုံသည် အနားသို့လာကာ လျန်လျန်၏လက်ကိုကိုင်လိုက်ပြီး မျက်လုံးမှိတ်ကာ စမ်းကြည့်သည်။ “ဟင်? ဟုတ်နေတာပဲ!” သူပြောသည်။
ဆရာဝန်သည် မျက်မှောင်ကျုံ့ကာ ဆက်ပြောသည်။ “ကြည့်ရတာ လျန်လျန်က သူ့အစွမ်းကို နှိုးတော့မယ့်ပုံပဲ။ ဒါပင်မယ့်လည်း ငါးနှစ်သမီးလေးက အစွမ်းနှိုးရမယ့်ကိစ္စကြီးဆိုတော့ သူ့အတွက် သိပ်မကောင်းဘူး”
ဆရာဝန်၏ သတိပေးချက်ကြောင့် ဝူချန်းယွဲ့၏ မျက်နှာထားသည် ချက်ချင်းမည်းသွားသည်။ သူ့ရင်ထဲကို တစ်စုံတစ်ယောက်က ရေခဲရေဖြင့် ပက်လိုက်သလို ခံစားရတာ ဖြစ်သည်။
ဆရာဝန်ပြောသည်က မှန်သည်။ လက်ရှိတွင် စွမ်းအားကို နှိုးနေစဉ်အတွင်း အဖျားကို သက်သာအောင် လုပ်နိုင်မည့်နည်းလမ်းကို လူတို့သည် ရှာမတွေ့ကြသေးပေ။ စွမ်းအားနိုးလာသည့်သူများသည် မိမိတို့၏ စိတ်ဓာတ်ခိုင်မာမှုဖြင့်သာ ကျော်ဖြတ်နိုင်ကြတာ ဖြစ်သည်။
ယေဘုယျပြောရလျှင် လူငယ်များသည် လူကြီးများလောက် စိတ်ကြံခိုင်မှု မရှိကြလေရာ စွမ်းအားကို နှိုးထသည့် လူငယ်အများစုသည် ရှုံးနိမ့်ကုန်ကြသည်။ ဒီလိုရှုံးနိမ့်သည့် ဖြစ်နိုင်ချေသည်လည်း အရမ်းမြင့်သည်။ စိတ်မာသည့်သူများသာ သူတို့၏ စွမ်းအားများကို နှိုးထစေနိုင်တာ ဖြစ်သည်။
ဝူချန်းယွဲ့သည် စိုးရိမ်တကြီးဖြင့် ဆရာဝန်အား မေးသည်။ “ဆရာ လျန်လျန်ရဲ့အစွမ်းတွေကို ဘယ်လိုရပ်ရမလဲသိလား? အခု သူအစွမ်းကို နှိုးနိုင်သေးမှာ မဟုတ်လောက်ဘူး”
ဆရာဝန်သည် မျက်မှောင်ကျုံ့ကာ ကူကယ်ရာမဲ့ဖြစ်စွာဖြင့် “လက်ရှိတော့ ငါတို့မှာ ဒီစွမ်းအားနိုးတာကို ရပ်ပေးနိုင်မယ့် ထိရောက်တဲ့နည်းလမ်း ဘာမှမရှိဘူး။ အစွမ်းတွေကို နှိုးထပေးနိုင်တဲ့ အဓိကအရင်းအမြစ်က ဇွန်ဘီပိုးရဲ့ သေးငယ်တဲ့ပမာဏက ပြောင်းလဲဖြစ်လာတာ။ ပိုးက လူ့ကိုယ်ထဲကို ဖြည်းဖြည်းချင်းရောက်သွားပြီးတော့ တိကျတဲ့ဒီဂရီတစ်ခုရောက်ရင် ပေါက်ကွဲသွားလိမ့်မယ်။ ဒါကစွမ်းအားတွေကို နှိုးဆပေးတာပဲ။ ခေါင်းဆောင်က လျန်လျန်ကို ဒီတစ်ခေါက် အပြင်ကို ခေါ်သွားခဲ့တာမှာ ထူးခြားတဲ့ အခြေအနေတစ်ခုခုနဲ့ ကလေးက ကြုံ့တွေ့ခဲ့ရသလား ကျွန်တော်သိချင်တယ်”
ဝူချန်းယွဲ့နှင့် ရှောင်ယွင့်လုံတို့သည် အချင်းချင်းကြည့်ကာ ဝူချန်းယွဲ့က “လျန်လျန်ကို ဇွန်ဘီဘုရင်မက ဖမ်းသွားတာကို ခံလိုက်ရတယ်။ ဒါပင်မယ့် နောက်တော့ ကယ်ပေးတဲ့သူတစ်ယောက်တော့ ပေါ်လာတယ်။ ဒီကြားထဲမှာ ဘာတွေဖြစ်ခဲ့သလဲတော့ ငါတို့လည်း သေချာမသိဘူး”
ဆရာဝန်သည် သူ့မျက်မှန်ကို ပင့်တင်ပြီးနောက် သူ့ရှေ့တွင်ပြနေသည့် နံပတ်များကို ကြည့်လိုက်သည်။ ထို့နောက် မျက်မှောင်ကျုံ့တွေးကာ ပြောသည်။ “အရင်လက ကျန်းမာရေးစစ်တုန်းက ပုံမှန်ပဲ။ တစ်နှစ်လုံးမှာ ဘာပြောင်းလဲမှုမှ မရှိခဲ့ဘူး။ အဲ့ဒါကြောင့် ကျွန်တော့်အထင် ခရီးသွားနေတုန်းက တစ်ခုခုဖြစ်ခဲ့တာကြောင့် အစွမ်းကို နှိုးဆွပေးနေသလို ဖြစ်သွားတာပဲ ဖြစ်ရမယ်”
“ဒါဆိုရင် ငါတို့အခုဘယ်လိုလုပ်ကြမလဲ?” ရှောင်ယွင့်လုံက စိုးရိမ်တကြီး ပြောသည်။ “ရပ်ဖို့နည်းရှာမှပဲ။ ဆက်ဖြစ်နေရင် ကိုမာဝင်သွားလိမ့်မယ်။ ဒီလိုဖြစ်ရင် ငါတို့ဘာလုပ်နိုင်မှာလဲ? ကလေးက အရမ်းငယ်သေးတာကိုကွာ ဘယ်လိုလုပ် ကျော်ဖြတ်နိုင်မှာလဲ”
ဆရာဝန်သည် ရှောင်ယွင့်လုံကို မော့ကြည့်ကာ ဝူချန်းယွဲ့ကို တစ်ချက်ကြည့်သည်။ ထို့နောက် သက်ပြင်းချကာ “အားနာပါတယ် ကျွန်တော်တို့လည်း ဘယ်လိုရပ်ရမလဲ မသိဘူး”
“ဆရာ!!!” ရှောင်ယွင့်လုံသည် စိတ်လွတ်မတက် ဖြစ်နေသည်။ မျက်လုံများပြူးကျယ်နေကာ ရှေ့သို့တိုးရင်း ဆရာဝန်ကို ဆွဲဖမ်းကာ အကူအညီအတင်းအကြပ်တောင်းဖို့ လုပ်လာသည်။ ဝူချန်းယွဲ့သည် သူ့ကိုအမြန်တားလိုက်ရကာ ဆရာဝန်ကိုကြည့်ရင်း “တကယ်နည်းလမ်းမရှိတော့ဘူးလား? ဘာမဆို ငါတို့လုပ်ပေးပါ့မယ်”
ဆရာဝန်သည်လည်း အနည်းငယ်စိုးရိမ်နေတာ ဖြစ်သည်။ “တကယ့်ကို ဘာလုပ်ပေးရမလဲ မသိလို့ပါဗျာ။ အခုလက်ရှိမှာ ဇွန်ဘီပိုးကို ဘယ်လိုထိန်းချုပ်ရမလဲဆိုတဲ့ ရလဒ်တောင် တစ်ခုမှမရှိတာ။ အဲ့ဒါကြောင့် ဇွန်ဘီပိုးကြောင့်ဖြစ်တဲ့ ဒီလိုစွမ်းအားနိုးလာတဲ့ ဖြစ်စဉ်မျိုးကိုလည်း ဝင်စွက်ဖက်ပေးနိုင်တာ ဘာတစ်ခုမှ မလုပ်ပေးနိုင်ဘူး”
ဝူချန်းယွဲ့သည် ဆရာဝန်ကို စိုက်ကြည့်ရင်း ပို၍ပို၍ စိတ်ညစ်လာသည်။ လက်ရှိဆေးဘက်ဆိုင်ရာ သုသေတနများသည် ဇွန်ဘီပိုးနှင့် ပတ်သတ်၍ ဘာထိရောက်မှုရှိသည့် ရလဒ်မတွေ့သေးသည်ကို သူနားလည်သည်။ ထို့ကြောင့် လူတို့သည် ဇွန်ဘီကိုက်ခ့ရသည်နှင့် ဇွန်ဘီဖြစ်ခြင်း သို့မဟုတ် အစွမ်းများနှိုးလာခြင်းတို့ကို မရပ်တန့်နိုင်ကြပေ။ သို့သော်လည်း သူ့သမီးကို အဆုံးရှုံးမခံနိုင်ပေ။
“ဆရာ တွေးကြည့်စမ်းပါ! တကယ်ပဲ ဘာနည်းမှ မရှိဘူးလား? သူ့အစွမ်ကို ရပ်ထားနိုင်သ၍ လျန်လျန်က လုံခြုံနေမှာပဲမလား?” ရှောင်ယွင့်လုံသည် အိုးပူထဲသို့ရောက်နေသည့် ပုရွက်ဆိတ်အလား သောကကြီးစွာဖြင့် ဆရာဝန်ကို မေးသည်။
ဆရာဝန်သည် ကူကယ်ရာမဲ့စွာ ခေါင်းခါပြကာ “တောင်းပန်ပါတယ်! တကယ့်ကိုအားနာပါတယ် ကျွန်တော်တို့လည်း ဘာလုပ်ရမှန်း တကယ့်ကို မသိတာပါ!”
ဝူချန်းယွဲ့သည် ပါးစပ်ဟကာ တစ်ခုခုပြောဖို့ လုပ်သော်လည်း ဘာစကားမှ ထွက်မလာနိုင်ပေ။ ထိုအချိန်တွင် ဝူယွဲ့လင်းသည် ကုတင်ပေါ်ကနေ ခုန်ချကာ ဝူချန်းယွဲ့၏ ဘောင်းဘီစကို လာဆွဲခေါ်သည်။
ဝူချန်းယွဲ့သည် သူ့သမီးကိုငုံ့ကြည့်ပြီးနောက် ထိုင်ချ၍ ဖက်ထားလိုက်ကာ “လျန်လျန် မကြောက်နဲ့။ ဖေဖေက သမီးကို ဘာမှမဖြစ်စေရဘူး!!!”
အခန်းထဲတွင် ပြောပြီးသွားသည့်အခါ ဝူချန်းယွဲ့သည် သူ့သမီးကိုချီကာ ရှောင်ယွင့်လုံနှင့်အတူ အောက်ထပ်သို့ ဆင်းလာသည်။ ဆေးရုံ၏နားနေခန်းတွင် အပြင်ကနေ လူတစ်ချို့လာမှန်းကို သူတို့မြင်လိုက်ရသည်။
“ဒါက ခေါင်းဆောင်ဝူပဲ သူပြန်လာပြီ” ယွမ်ထန်ရှင်းနှင့် ယန်ဖန်းယုသည် အခြားသူများနှင့်အတူ ဆေးရုံသို့လာစဉ် ဝူချန်းယွဲ့နှင့် ယွမ်ထန်ရှင်းတို့ကို မြင်သည့်အခါ အံ့သြစွာပြောသည်။
ဝူချန်းယွဲ့ကို မြင်သည့်အခါ အပြုံးဖြင့် လျှောက်လာကာ “ခေါင်းဆောင်ဝူနဲ့ မင်းသမီးလေးမလား? ဘယ်တုန်းက ပြန်ရောက်ကြတာလဲ? ဒီကို ဘာဖြစ်လို့ ရောက်နေတာလဲ? နေမကောင်းလို့လား?”
ဝူချန်းယွဲ့သည် စိတ်ဓာတ်ကျနေသော်လည်း အမျိုးသမီးလှလှလေး၏ နွေးထွေးသည့်အပြုံးဖြင့် ကြုံရသည့်အခါ သူသည် ခပ်ဖွဖွသာ ပြုံးနိုင်၍ “ဒုခေါင်ဆောင်ယန် တွေ့ရတာ ဝမ်းသာပါတယ်”
ယန်ဖန်းယုသည် သူ့ကိုတစ်ချက်ကြည့်ကာ ယွမ်ထန်ရှင်းတို့ကို ညွှန်ပြ၍ “ကောင်းပါ့ရှင့် ဒီမှာ မိတ်ဆက်ပေးရဦးမယ် ဒါက ဟေးဒီးစခန်းက ဒုခေါင်းဆောင်ယွမ်တဲ့”
ထို့နောက် သူမ၏အနားသို့ လျှောက်လာသည့် ယွမ်ထန်ရှင်းအား ဝူချန်းယွဲ့ကို ညွှန်ပြကာ “ဒါက နင်တို့ရှာနေတဲ့ ခရမ်းရောင်မိုးကြိုးခေါင်းဆောင်ပဲ”
ယွမ်ထန်ရှင်းသည် ဝူချန်းယွဲ့အား လက်ကမ်းပေးကာ “မဂ်လာပါ။ နောက်ဆုံးတော့ လူချင်းတွေ့ဖူးခဲ့ပြီ”
ဝူချန်းယွဲ့သည် ဝူယွဲ့လင်းအား ရှောင်ယွင့်လုံကို ချီစေကာ ယွမ်ထန်ရှင်းအား လက်ပြန်ဆွဲနှုတ်ဆက်၍ “တွေ့ရတာ ဝမ်းသာပါတယ်”
ယွမ်ထန်ရှင်းသည် သူ့ကိုကြည့်ကာ ရှောင်ယွင့်လုံနှင့် ဝူယွဲ့လင်းတို့ကို လှည့်ကြည့်၍ “ဒါက မင်းသမီးလေးလား? ချစ်စရာလေးပဲ ဒါပင်မယ့် ခင်ဗျားကို ကြည့်ရတာ အဆင်ပြေသလိုပဲ ဘာဖြစ်လို့လဲ?”
ယန်ဖန်းယုသည် ခေါင်းငြိမ့်ကာ စိတ်ပူစွာဖြင့် “ခုနကတည်းက ကြည့်ရတာ မကောင်းသလိုပဲ။ ဒီတစ်ခေါက် ဆုံးရှုံးမှုက အရမ်းများလို့လား?”
ယွမ်ထန်ရှင်းသည် ဝူယွဲ့လင်းကိုကြည့်ကာ ဆက်ပြောသည်။ “မင်းသမီးလေးက နေမကောင်းသလိုပဲ။ မျက်နှာလေးက ရဲနေတယ်။ အအေးမိတာလား? အဖျားရှိနေတာလား?”
ဝူချန်းယွဲ့သည် သူ့သမီးကိုကြည့်ကာ မျက်နှာကို အမြန်စမ်းကြည့်သည်။ ကိုယ်သည်မတရားပူနေကာ မျက်နှာသည် ရဲနေပြီ။ သူမ၏တောက်ပသည့် မျက်လုံးများသည် အခုတော့ အာရုံမစိုက်နိုင်သလို ဖြစ်နေရှာသည်။
ဝူချန်းယွဲ့သည် သက်ပြင်းရှည်ကြီး ချလိုက်ကာ “လျန်လျန်လေ။ သူ့အစွမ်းတွေက နှိုးလာတော့မယ်။ ဘယ်လိုရပ်ရမလဲ မသိဘူး။ ငါတို့ဘာလုပ်ရမလဲကို မသိတော့ပါဘူးကွာ”
ယန်ဖန်းယု၏ လှပသည့် မျက်လုံးများသည် ပြူးကျယ်ကုန်ကာ ပါးစပ်အဟောင်းသားဖြင့် “ဘာ !မဖြစ်နိုင်တာ! ဒီလောက်ငယ်သေးတာကို ဘယ်လိုလုပ်ပြီး ဒီလိုဖြစ်တာလဲ?”
ဝူချန်းယွဲ့၏ မျက်လုံးများသည် ဝမ်းနည်းသွားသည့်ပုံ ဖြစ်သွားသည်။
“ဒီလောက် ကလေးငယ်ငယ်လေးကို အစွမ်းက ရုတ်တရပ်ကြီး ဘယ်လိုလုပ် နိုးလာတာလဲ? အဲ့ဒီမှာ တစ်ခုခုနဲ့ ကြုံခဲ့ရလို့လား?” ယွမ်ထန်ရှင်းက ရုတ်တရပ် မေးသည်။
သူသည်ခနတွေးပြီးနောက် ရုတ်တရပ် တူယွမ်ရှင်းကို ထောင့်တစ်ခုသို့ အမြန်ဆွဲခေါ်သွားကာ “ဒီကိုလာဦး”
ထောင့်လွတ်တွင် တစ်ချိန်လုံး လျစ်လျူရှုထားသည့် တူယွမ်ရှင်းကို လှည့်မေးသည်။ “ကလေးကို ရေတစ်ဘူးပေးလိုက်။ ကူညီနိုင်မလား ကြည့်ရအောင်!”