၃၄၅။ ဆရာဝန်သေပြီ
ဖြောင်ကောချန်ကို ကိုင်ပေါက်ပြီးသည်နှင် မိုလီသည် လျန်တရှုဆီသို့ အမြန်ရောက်သွားကာ သူ့ကိုချက်ချင်းကာကွယ်ပေးထားသည်။
“ငါတို့ အသက်ကယ်ဆေးမဖော်နိုင်သေးဘူး။ ဖော်နိုင်ရင်တောင်မှ ငါတို့ကို သတ်မယ်ဆိုရင်တောင် နင်တို့ကို မပေးနိုင်ဘူး!” မိုလီသည် ဒီလူမှာ သူမထက် အဆင့်အများကြီး မြင့်နေမှာကို သိနေတာတောင်မှ ထန်ဟေးအား ကြောက်လန့်ခြင်းမရှိဘဲ စိုက်ကြည့်ကာ ပြောသည်။
ဖြောင်ကောချန်သည် ကြမ်းပြင်ကနေ လူးလဲထကာ မယုံနိုင်စွာ အော်သည်။ “မဖြစ်နိုင်ဘူး. . .အသက်ကယ်ဆေးရှိရမယ်. . .လိမ်နေတာ. . .နင်တို့မှာရှိတာကို ငါသိ. . .”
ထိုအချိန်တွင် ထန်ဟေးသည် လက်ကိုဝေ့ယမ်းလိုက်သည်။ သူ့လှုပ်ရှားမှုနောက်တွင် လျန်တရှု၏သေနတ်သည် လေထဲတွင် သံချိန်ရှည်ရှည်ကြီးအဖြစ်သို့ ပြောင်းသွားကာ ရုတ်တရပ်လည်သွား၍ ဖြောင်ကောချန်၏ ခေါင်းကိုထိုးဖောက်ဖို့ ပြေးဝင်သွားသည်။
ဖြောင်ကောချန်သည် သူ့ခေါင်းထဲသို့ သံချိန်က ထိုးဖောက်သွား၍ ဦးခေါင်းခွံထဲသို့ဝင်သွားချိန်တွင် မျက်လုံးအပြူးသားဖြစ်နေခဲ့သည်။ သူ့နဖူးအလည်က သံချိန်မှ နီညိုရောင်သွေးများသည် မျက်နှာတစ်လျှောက် စီးကျလာသည်။ ထို့နောက် ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားသည်။
“ဒါကိုအထင်မလွှဲဖို့ မျှော်လင့်ပါတယ်” ထန်ဟေးက ပြောသည်။ “မင်းတို့ပြောနေတဲ့ အသက်ကယ်ဆေးကို ငါလုံးဝစိတ်မဝင်စားဘူး။ ဒီကမ္ဘာမှာ ဘယ်သူကမှ ဒါမျိုးကိုဖော်နိုင်မှာလည်း မဟုတ်ဘူး။ မဟုတ်ရင် ဇွန်ဘီပိုးကိုခုခံနိုင်မယ့် ဆေးဝါးတွေက အခုအထိ ဘာဖြစ်လို့ ပေါ်မလာသေးတာလဲ? ၅နှစ်ကျော်တာတောင် ဘာခုခံဆေးတစ်ခုမှ ပေါ်မလာတာ။ အသက်ကယ်ဆေးဆိုရင် ပိုတောင်ဆိုးဦးမယ်”
မိုလီသည် တိတ်သွားသည်။ သူမ၏အနောက်က လျန်တရှုသည် သူ့အားတည်ငြိမ်စွာကြည့်ပြီး “ဒါဆိုရင် ငါတို့ဆီက ဘာလိုချင်လို့လဲ? ငါတို့ကို သတ်တော့မှာလား?”
ထန်ဟေးသည် အေးစက်သည့်အပြုံးဖြင့် “ငါက ဒီဒုခေါင်းဆောင်ကို သတ်လိုက်တဲ့ကိစ္စကို တခြားသူတွေကို အပြောခံမယ်လို့ ထင်လား?”
မိုလီသည် နောက်သို့တစ်လှမ်းဆုတ်ကာ လျန်တရှုအား သေချာကာကွယ်ပေးထားသည်။ သူတို့နှစ်ယောက်လုံးမှာ ဒီညတော့ သူတို့မရှင်နိုင်တော့သည်ကို သိနေကြသည်။
မိုလီသည် အဆင့်၅ စိတ်စွမ်းအားရှင် ဖြစ်သည်။ သူမသည် ထန်ဟေး၏ မျက်လုံးများကို စိုက်ကြည့်နေသော်လည်း တစ်ဖက်ကလူမှာ ဘယ်လိုမှမနေပေ။ ထို့ကြောင့် ထန်ဟေးသည် အဆင့်၆နှင့်အထက် ဖြစ်မှာကို သိလိုက်သည်။ မဟုတ်လျှင် ဖြောင်ကောချန်လို အဆင့်၆အား အလွယ်လေးသတ်နိုင်မှာ မဟုတ်ပေ။
သူမနှင့် ဆရာဝန်တို့သည် ဒီထူးဆန်းသည့်သူမှာ အဆင့်၆ထိပ်ဆုံးဖြစ်ရင်ဖြစ် မဟုတ်လျှင် အဆင့်၇သို့ ရောက်နေနှင့်မှာကို သိလိုက်ကြသည်။ အဆင့်ကွာခြားမှုကြောင့် မိုလီ၏အစွမ်းသည် ထန်ဟေး၏ အပေါ်တွင် မထိရောက်ပေ။
လျန်တရှုတွင် ကုသရေးအစွမ်းသာရှိ၍ တိုက်ခိုက်နိုင်စွမ်းမှ သုညပင်။ သူ့တွင် သေနတ်ရှိခဲ့သဖြင့် ပစ်လို့ကောင်းနိုင်ချေရှိခဲ့သော်လည်း ရန်သူမှာ သူ့၏သတ္တူအစွမ်းဖြင့် သေနတ်ကို အရည်ဖျော်လိုက်ပြီ။ ပိုဆိုးသည်မှာ သတ္တူစွမ်းအားရှင်ရန်သူသည် အဆင့်၆ သို့မဟုတ် အဆင့်၇ ဖြစ်နေသေးသည်။ သူတို့၂ယောက်ကို သတ်ဖို့ဆိုသည်မှာ အလွယ်လေးပင်။
“ဟုတ်လား? ဟား ဟား မင်းကဒီလိုပြောမှတော့ ငါတို့က လွယ်လွယ်အသေမခံတော့ဘူး!”
ထိုအချိန်တွင် လျန်တရှုသည် သူ့လက်ပစ်ဗုံးမှ စနက်တံကို ဖြုတ်လိုက်ပြီ ဖြစ်သည်။ မိုလီ၏ပုခုံးအား လက်တစ်ဖက်ဖြင့် တွန်းလိုက်ကာ စကားဆုံးသည်နှင့် ထန်ဟေးကို လက်ပစ်ဗုံးဖြင့် ပစ်ပေါက်လိုက်၍ မိုလီကို ကြမ်းပြင်ပေါ်သို့ လှဲချစေကာ သူမ၏အပေါ်တွင် သူ့ကိုယ်ဖြင့် ကာပေးထားလိုက်သည်။
ထန်ဟေးသည် လျန်တရှုက လက်ပစ်ဗုံးကိုထုတ်လိုက်တည်းက မကောင်းတာ ဖြစ်တော့မည်ကို သိသဖြင့် အမြန်နောက်သို့ ဆုတ်လိုက်သည်။ ဒီလက်ပစ်ဗုံးသည် သတ္တူဖြင့် လုပ်တာမျိုး မဟုတ်သဖြင့် သူဘယ်လောက်ပဲ မြန်မြန်လှုပ်ရှားပါစေ ထန်ဟေးသည် ဗုံးပေါက်ခြင်းကို မတားနိုင်ပေ။ ထို့ကြောင့် သူသည် အမြန်ရှောင်ဖို့သာ ကြိုးစားနိုင်တော့သည်။
တံခါးအပြင်ကနေ ပွဲကြည့်နေသည့် လင်းချင်းသည်လည်း လျန်တရှုက ဗုံးကိုထုတ်လိုက်တည်းက သူမသည် ဝေးရာသို့ အမြန်ဆုတ်လိုက်ရသည်။
ဘုန်း! မိုးကြိုးပစ်ချသည့်အသံကဲ့သို့ အသံကျယ်ကြီးထွက်လာကာ စမ်းသပ်ခန်းတစ်ခုလုံးမှာ ငလျင်လှုပ်သလို တုန်ခါသွားသည်။ လျန်တရှုတို့ အခန်း၏ဖန်နံရံကြီးသည် ကွဲကျသွားကာ တံခါးမှ မှန်များသည်လည်း ကွဲလို့သွားသည်။ တံခါးနားက စားပွဲပေါ်မှ ပစ္စည်းများသည် အပိုင်းပိုင်းကွဲသွားကာ နောက်စားပွဲတစ်လုံးကတော့ လွင့်ပျံထွက်သွားသည်။ မီးခိုးလုံးကြီးကလည်း ထွက်လာသည်။
“ဟမ်. . .ဒေါက်တာ! ဒေါက်တာ!” လျန်တရှု၏အောက်တွင် လဲနေသည့် မိုလီသည် ပြင်းထန်သည့် တုန်ခါမှုကိုသာ ခံစားလိုက်ရသည်။ သူမအား ဗုံးပေါက်ခြင်းမှ ကာကွယ်ပေးထားသည့် သူကတော့ ပြင်းထန်သည့်ပေါက်ကွဲခြင်းဒဏ်ကို ခံလိုက်ရသည်။
“ဖူး!. . .ဒါ. . .မှတ်ထား. . .ဒါ. . .ယူ. . .ထား. . .” လျန်တရှုသည် သူမ၏ပုခုံးပေါ်သို့ ခေါင်းမှီနေရင်းက သွေးတလုပ်ကို သီး၍အန်ထုတ်လိုက်ကာ သူမ၏လက်ထဲသို့ USBတစ်ခုကို ထည့်ပေးရင်း အားပျော့စွာဖြင့် ပြောသည်။ ထို့နောက် သူသည် မလှုပ်နိုင်တော့သလို ဘာအသံမှလည်း မထွက်နိုင်တော့ပေ။
“ဒေါက်တာ! ဒေါက်တာ!” မိုလီသည် အမြန်ထကာ လျန်တရှုအား ကြောက်လန့်တကြား ပွေ့လိုက်ရင်း အော်ခေါ်သည်။ သို့သော်လည်း တစ်ဖက်သူမှာ ဘာကိုမှမတုန့်ပြန်နိုင်တော့ပေ။
သူမသည် တုန်လှုပ်နေသည့်လက်ဖြင့် လည်ပင်းကနေ သွေးခုန်နှုန်းကို စမ်းကြည့်သည်။ ထို့နောက် အသက်ရှုနေသေးသလားသိရအောင် နှာခေါင်းအောက်တွင် လက်ကိုထားကြည့်သည်။ လျန်တရှုက သေဆုံးသွားပြီကို သိသည့်အခါ သူမသည် တောင့်ခဲသွားသည်။
“ထတော့! သွား! ယန်းချောင်းရဲ့ လူတွေက ဒီကိုရောက်လာပြီ!”
ရုတ်တရပ် အက်ကွဲသည့် အသံတစ်သံက သူမအား ထွက်ပြေးဖို့ ပြောလာသည်။
“ဘယ်သူလဲ?” မိုလီသည် အသံထွက်ရာကို ချက်ချင်းလှည့်ကြည့်သော်လည်း ဘယ်သူ့ကိုမှ မတွေ့ရပေ။
သို့သော်လည်း သူမသည် ထူးဆန်းသည့် အသံပိုင်ရှင်၏ ပြောစကားကို လျစ်လျူမရှုဘဲတော့ မနေနိုင်ပေ။ USBကို တင်းကြပ်စွာ ဆုပ်ကိုင်ထားရင်း သူမ၏လက်ထဲက လျန်တရှုကို တစ်ချက်ကြည့်ကာ စိတ်ငြိမ်အောင် မနည်းတင်းထားလိုက်ရသည်။
မကြာခင်တွင် အပြင်ကနေ ခြေသံများ ထွက်လာသည်။ ထိုအခါ မိုလီသည် သတိအပြည့်ဖြစ်သွားသည်။ ပတ်ဝန်းကျင်ကိုကြည့်၍ လျန်တရှုအား နောက်ဆုံးတစ်ကြိမ် တစ်ချက်ကြည့်၍ ချလိုက်ကာ ရှုပ်ပွနေသည့် စမ်းသပ်ခန်းထဲမှ အမြန်ပြေးထွက်လာသည်။
သူမသည် လှေကားပေါ်ကကိုတက်ကာ ထွက်မသွားဘဲ တစ်ဖက်ကို လှည့်ထွက်ပြေးသည်။ လျန်တရှုက သူမအား အခုပေးခဲ့သည့်အရာကို ဘယ်သူ့လက်ထဲကိုမှ သူမအရောက်မခံနိုင်ပေ။ အခုတော့ သူမသည် ဒီကနေ ထွက်ကာ ဝူချန်းယွဲ့ကို သွားရှာရတော့မည်။
သူမထွက်သွား၍ သိပ်မကြာခင်တွင် စစ်သားတစ်စုသည် ဒီနေရာသို့ ရောက်လာကြသည်။ သူတို့သည် သေနတ်များကိုချိန်၍ စမ်းသပ်ခန်းထဲသို့ အမြန်ရောက်လာကြသည်။ ဒီနေရာတွင် အလောင်းနှစ်ခုနှင့် ဖန်ခွက်အကွဲနှင့် ပစ္စည်းအပဲ့များသာ ရှိသည်။
“ဖိုင်ကိုအမြန်ရှာကြ။ သူဒီမှာပဲ ဖွက်ထားတာ ဖြစ်ရမယ်!”
ခေါင်းဆောင်ရုပ်ပေါက်သည့်သူသည် အေးစက်သည့်မျက်နှာထားဖြင့် ပြောသည်။ ထိုအချိန်တွင် သူကိုယ်တိုင်လည်း တစ်ခုခုကို ရှာဖွေနေသည့်အလား လိုက်ရှာနေတာ ဖြစ်သည်။
တခြားသူများသည်လည်း စမ်းသပ်ခန်းတစ်ခုလုံးကို သေချာလိုက်ရှာကြသည်။ မိနစ်အချို့ကြာသော် သူတို့သည် စမ်းသပ်ခန်းတစ်ခုလုံးကို ဇောက်ထိုးဖြစ်မတက် ရှာပြီးနေသော်လည်း ဘာကိုမှ မတွေ့ပေ။
“ဆရာ အပေါ်နဲ့အောက် အကုန်ရှာပြီးပါပြီ။ ဒီမှာမရှိပါဘူး!”
“ဒီမှာလည်း မရှိပါဘူး!”
“ဒီမှာမထားခဲ့တာ ဖြစ်နိုင်ပါတယ်!”
“သူ့မှာ လက်ထောက်မရှိတယ်။ သူသွားသမျှ နေရာတိုင်းကို လိုက်နေတာ။ သူလည်းဒီမှာမရှိတော့ ဖိုင်တွေကို သူ့ဆီမှာ ချန်ထားခဲ့တာ ဖြစ်မယ်”
စစ်သားတစ်ယောက်က ခေါင်းဆောင်ကို ပြောသည်။
ခေါင်းဆောင်သည် ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်၍ ဆုံးဖြတ်ချက်ချလိုက်သည့်ပုံဖြင့် “အဲ့မိန်းမကို လိုက်ရှာကြ။ ဝူချန်းယွဲ့တို့လူတွေကိုလည်း စောင့်ကြည့်ထား။ အဲ့မိန်းမကို ဝူချန်းယွဲ့နားကို မရောက်စေနဲ့။ ထွက်ပေါက်တွေမှာလည်း လူတွေစောင့်ထား။ စခန်းထဲကနေကို အထွက်မခံနဲ့!”
“ဟုတ်ကဲ့!”
တစ်ဖက်တွင် လင်းချင်းသည် အထူးဒေသB သို့သွားနေသည့် ထန်ဟေး၏ အနောက်သို့ အမြန်လိုက်သွားသည်။
‘ယန်းချောင်းကို သူသွားရှာနေတာလား? မုတ်ဆိတ်မွေးနဲ့ဆရာဝန်က မသေခင် အရေးကြီးတာကို ဟိုမိန်းကလေးကို ပေးခဲ့ပုံရတယ်။ ယန်းချောင်းက သူယူပြေးသွားတာကို သိနေပြီးသားလား?’ ဒီလိုတွေးရင်း လင်းချင်းသည် ထန်ဟေး၏ အနောက်သို့ ဆက်လိုက်နေသည်။