ဝူယွဲ့လင်းသည် မီးခိုးရောင်အမွေးလုံးကြောင့် အာရုံပြောင်းသွားကာ သေချာကြည့်လိုက်သည့်အခါ လှုပ်နေပြီး နားရွက်ရှည်ကြီးများ ရှိသည်ကို မြင်လိုက်သည်။
‘ယုန်နဲ့တူတယ်။ ဘယ်ကယုန်လဲ? သိသလိုပဲ’ သူမသည် တွေးနေမိသည်။ ယုန်ကိုကိုင်ကြည့်ချင်သော်လည်း လူအချို့က သူမကို စိုက်ကြည့်နေသည်ကို ခံစားမိသောကြောင့် မလှုပ်ရဲတော့ဘဲ မျက်နှာကို ဒူးများကြား ပြန်သွင်းလိုက်သည်။
လင်းချင်းသည် ထိုလူစုကို ကြည့်ကာ နောက်ဆုတ်ဖို့ လက်ဟန်ပြလိုက်သည်။ အခြားသူများက ဝူယွဲ့လင်းကို ကြည့်နေစဉ် ကောင်းချင်းမင်းသာ လင်းချင်းပြသည်ကို မြင်လိုက်သဖြင့် နားမလည်သလို ကြည့်လိုက်သည်။
“ဆုတ်” လင်းချင်းသည် အသံတိုးတိုးဖြင့် တစ်လုံးတည်း ပြောလိုက်သည်။ ကောင်းချင်းမင်းသည် သူမကိုကြည့်ကာ တခြားသူများကို တစ်ချက်ကြည့်၍ သူမကို ပြန်ကြည့်လာသည်။
လင်းချင်းက ခေါင်းငြိမ့်ပြသည်။ ထိုအခါ ကောင်းချင်းမင်းသည် လုထန်ရိ၏ လက်မောင်းကိုဆွဲလိုက်သည်။ အခြားသူများက သူ့ကိုနားမလည်သလို ကြည့်လာသည်။ ကောင်းချင်းမင်းသည် နောက်သို့နှစ်မီတာလောက်ဆုတ်လိုက်ရင်း “နောက်ဆုတ်ကြ။ ကလေးကို တစ်ယောက်တည်းနေပါစေ”
လုထန်ရိသည် ကလေးကိုတစ်ချက်ကြည့်ကာ အနားကလူများကို ဆွဲခေါ်ရင်း နောက်သို့လှည့်ထွက်လာသ်။ လင်းချင်းကတော့ မလှုပ်ဘဲ လက်ပိုက်ရပ်နေကာ ကလေးမလေး၏ စိတ်အပြောင်းအလဲကို အာရုံခံနေသည်။
ကလေးမလေးသည် သူမ၏နောက်မှ လူများထွက်သွားသည်ကို သိလိုက်သည်။ ထို့ကြောင့် ခေါင်းမော့ကြည့်ကာ ထူးဆန်းသည့် နေကာမျက်မှန်နှင့် ဦးထုပ်ဖြင့်သူသာ ကျန်ခဲ့ကြောင်း တွေ့ရသည်။ သိပ်မဝေးသည့်နေရာတွင် ရှိနေသောကြောင့် သူမသည် မကြောက်သော်လည်း ရှိနေခြင်းကို ဂရုစိုက်နေမိသည်။
ထိုအချိန်တွင် ခြေထောက်ပေါ်မှ ယုန်သည် လှုပ်လာကာ သူမကို ခေါင်းမော့ကြည့်သည်။ ထိုအခါ ဝူယွဲ့လင်းသည် ချက်ချင်းကို ပျော်လို့သွားသည်။ သူမသည် ဒူးများကို ချက်ချင်းချလိုက်ကာ ယုန်ကို တန်းပွေ့လိုက်သည်။ ‘တကယ့်ကိုဟိုယုန်လေးပဲ’
သူမခင်သည့် ယုန်ဖြစ်ကြောင်း သေချာမှ ဝူယွဲ့လင်းသည် ရုတ်တရက် စိတ်သက်သာရာရသွားသည်။ ထို့နောက် ခေါင်းမော့၍ ဘေးကိုကြည့်သည်။ မြက်ခင်းနှင့် ရေကန်သည် အရင်လိုပဲဖြစ်ကာ အချို့ပရိဘောဂများဖြစ်သည့် ကုတင်၊ ဆိုဖာနှင့် စားပွဲတို့သည် အသစ်ဖြစ်နေသည်။ ‘ဒါတွေ ဘယ်ကရောက်လာတာလဲ? ဟိုရုပ်ဆိုးတဲ့ အမကြီးဇွန်ဘီရော?’
နယ်မြေကို မှတ်မိသွားသည်နှင့် လင်းချင်းကို ရှာတော့သည်။ အရှေ့က နေကာမျက်မှန်နှင့် ဦးထုပ်ဆောင်းထားသည့် လင်းချင်းကို လျစ်လျူရှုကာ ရုပ်ဆိုးပြီး ဆံပင်များပွနေသည့် ကြောက်ဖို့ကောင်းသည့် အမကြီးဇွန်ဘီကိုပဲ လိုက်လို့ရှာနေသည်။ ‘ဟင်? အမကြီးဇွန်ဘီရော?’
သူမသည် ယုန်ကိုပိုက်ထားရင်း ဘေးကိုကြည့်နေသည်။ သူ့မရဲ့ အမကြီးဇွန်ဘီကို မတွေ့သော်လည်း အကျီချွတ်များဖြင့် ယောက်ျားတစ်သိုက်ကိုတော့ တွေ့လိုက်သည်။ လင်းချင်းသည် ကလေးမလေးက သူမကို ရှာနေသည်ကို သိသဖြင့် လက်ကိုယမ်းပြကာ နှုတ်ဆက်သည်။ “လင်း”
ဝူယွဲ့လင်းသည် သူမကို စိတ်ရှုပ်စွာ လှည့်ကြည့်သည်။ လင်းချင်းသည် စတော်ဘယ်ရီသီးပန်းကန်ကို လက်တစ်ဖက်ကသယ်ကာ အနားသို့လျှောက်လာရင်း ဝူယွဲ့လင်းဘေးတွင်ထိုင်ကာ ကြည့်သည်။
“စတော်ဘယ်ရီစား” သူမသည် စတော်ဘယ်ရီသီးများပေးရင်း ပြောသည်။ ထိုအချိန်တွင် အခြားသူများကို တစ်ချက်လှမ်းကြည့်ရာ ဆယ်မီတာလောက်ဝေးနေသဖြင့် ဝူယွဲ့လင်းကို နေကာမျက်မှန်ချွတ်၍ မျက်ဝန်းနက်များ ပြလိုက်သည်။
အခြားလူသားများက သူမ၏မျက်လုံးများကို ကြောက်သော်လည်း ဝူယွဲ့လင်းတော့မပါ။ ဝူယွဲ့လင်းသည် သူမကို မျက်လုံးပြူးကြည့်ကာ အံ့သြပြီး နားမလည်နိုင် ဖြစ်သွားသည်။ ဘယ်လိုတုန့်ပြန်ရမလဲ မသိသဖြင့် အကြည့်ချင်းရှောင်လိုက်သည်။
လင်းချင်းသည်ပြုံးကာ နေကာမျက်မှန်ကို ပြန်ပင့်တင်ပြီး စတော်ဘယ်ရီသီးပန်းကန်ကို တွန်းပို့လိုက်ကာ “ငါဒီမှာ”
ဝူယွဲ့လင်းသည် လင်းချင်းကို မျက်မှောင်ကျုံ့ကာ ပြန်ကြည့်သည်။ သူမပြောချင်သည်မှာ ‘သူမဟုတ်ဘူး။ သူ့လို ဆံပင်ရှည်ကြီး မရှိဘူး။ သူ့လိုအမာရွတ်လည်း မရှိဘူး ပြီးတော့. . .’ ဒီအတွေးများဖြင့် လင်းချင်း၏ ရင်ဘတ်ကို ကြည့်လိုက်သည်။ သူမ၏ အမကြီးဇွန်ဘီမှာ ရင်ဘတ်က ပြားချပ်နေကာ ဒီအမကြီးလို မကြီးပေ။ သို့သော်လည်း မျက်လုံးများကတော့ တူနေသည်။
လင်းချင်းသည် ကလေးမလေးက သူမကို မယုံသည်ကိုသိကာ နားလည်သည်။ ဝူယွဲ့လင်းအနေဖြင့် သူမကို အခုမှတ်မိဖို့ ခဲယင်းသည်။
‘ဘယ်လိုလုပ်ရမလဲ ကလေးတွေက တကယ့်ကိုအခက်ခဲဆုံးသူတွေပဲ’ သူမတွေးမိသည်။ ရုတ်တရက် ဝူယွဲ့လင်း၏ အိတ်ကပ်ထဲကဟာကို မြင်ဖူးသလို ဖြစ်သွားသည်။ သေချာကြည့်သည့်အခါ သူမလုပ်ပေးထားသည့် မြက်ပုစဉ်းပင်။ ထို့အတူ စိမ်းနေသေးသည်။ ‘ဒါကခြောက်သွားသင့်တာ ကြာပြီမလား?’
လင်းချင်းသည် အရုပ်ကိုမြင်မှ အကြံရသွားသည်။ မြက်ခင်းသို့သွားကာ မြက်များခူးလာသည်။ ထို့နောက် ကုတင်ဘေးတွင် ဝူယွဲ့လင်းကို မျက်နှာချင်းဆိုင်၍ထိုင်ကာ နောက်ထပ်ပုစဉ်းရုပ် လုပ်ပေးတော့သည်။
လင်းချင်း၏အပြုအမှုကြောင့် ဝူယွဲ့လင်းသည် လန့်၍မျက်လုံးများ ပြူးသွားသည်။ မြက်များကို အရုပ်အဖြစ်ယက်ပေးနေသည့် လင်းချင်းကို ကြည့်နေကာ သူမအိပ်ထဲမှ အမြတ်တနိုးသိမ်းထားသည့် ပုစဉ်းရုပ်လေးကို ထုတ်ကာ ယှဉ်ကြည့်လိုက်သည်။ ထို့နောက် သူမသည် အံ့သြသွားသည့် ရုပ်လေးဖြစ်သွားသည်။
လင်းချင်းသည် သူမဘေးသို့ မြက်ပုစဉ်းရုပ်အသစ်ကို ချပေးလိုက်ကာ အပြင်ဘက်သို့ ကြည့်လိုက်သည်။ ဇွန်ဘီမငယ်သည် အခန်းထဲကထွက်သွားပြီ။ လင်းချင်းသည် မျက်လုံးဖွင့်ကာ ကလေးမလေးကို ကြည့်လိုက်သည်။ ဘာဖြစ်လို့ ဒီဇွန်ဘီနှင့် ကလေးက အတူရှိနေသလဲကို နားမလည်နိုင်ပေ။
ထိုအချိန်တွင် ဇွန်ဘီမငယ်သည် စိတ်တိုသွားပြီ။ သူမသည် ဇွန်ဘီအုပ်ဆီသို့ပြေးကာ သတ်ချင်စိတ်အပြည့်ဖြင့် ဇွန်ဘီခေါင်းများကို သူမ၏လက်သည်းဖြင့် ခွဲပစ်နေသည်။ မျက်စိတစ်မှိတ်အတွင်းမှာ သူမ၏အနားတွင် ဇွန်ဘီကိုယ်များဖြင့်ပြည့်ကာ ခေါင်းများက ကြေမွနေသည်။
တစ်ဖက်တွင်တော့ ရှောင်ယွင့်လုံသည် မုန့်ယွဲ့ဘေးတွင်ထိုင်နေကာ နိုးလာဖို့ကို စောင့်နေသည်။ ဆိုဖာပေါ်မှ သူမသည် မျက်ခွံများလှုပ်လာကာ ဖြည်းဖြည်းချင်း မျက်လုံးပွင့်လာသည်။
“အား” သူမသည် လှုပ်ရှားဖို့ လုပ်သည့်အခါ တစ်ကိုယ်လုံးမှ နာကျင်မှုကြောင့် ညည်းညူမိသည်။
ရှောင်ယွင့်လုံသည် သူမကိုကြည့်ကာ အံ့သြစွာဖြင့် “မုန့်ယွဲ့ နင်နိုးပြီလား?”
မုန့်ယွဲ့သည် မျက်မှောင်ကျုံ့ကာ ထဖို့ကြိုးစားသည်။ ရှောင်ယွင့်လုံသည် သူမကို ထဖို့ကူညီပေးသည့်အခါ ဘေးကိုကြည့်ရင်းမေးသည်။ “လင်းလင်းရော ? လင်းလင်းဘယ်မှာလဲ? ဘာဖြစ်လို့ ငါလင်းလင်းကို မတွေ့တာလဲ?”
ရှောင်ယွင့်လုံသည် ခနငြိမ်သွားပြီးနောက် ခါးသီးနေသည့် မျက်နှာဖြင့် “လင်းလင်းကို ဇွန်ဘီဘုရင်မက ခေါ်သွားတယ်”
ထိုအခါ မုန့်ယွဲ့သည် မျက်လုံးပြူးသွားကာ ရှောင်ယွင့်လုံ၏ လက်မောင်းကိုဆွဲယမ်းရင်း အော်သည်။ “နင် ဘယ်လိုလုပ်ပြီး လင်းလင်းကို ခေါ်သွားခံလိုက်တာလဲ? ဘာဖြစ်လို့လဲ? အဟွတ် ဟွတ် ဟွတ်” ပြောနေရင်း သူမသည် အသက်ရှုကြပ်လာကာ ချောင်းဆိုးတော့သည်။
ရှောင်ယွင့်လုံသည် သူမ၏ကျောကို ညင်သာစွာ ပုတ်ပေးရင်းက စိုးရိမ်စွာဖြင့် “စိတ်ငြိမ်ငြိမ်ထား လင်းလင်းရဲ့ တည်နေရာကို အာရုံခံဖို့ ကြိုးစားကြည့်။ ငါတို့ရှာနိုင်မလား ကြည့်ရအောင်” ဒီလောက်အချိန်ကြာသွားရာ လင်းလင်းအတွက် ရှင်သန်ဖို့ မျှော်လင့်ချက် မရှိတော့သည်ကို သူနားလည်သည်။ သို့သော်လည်း ဘာမှမလုပ်လိုက်နိုင်ခြင်းက သူ့အတွက် အပြစ်ရှိစိတ်ဖြင့် နှိပ်ဆက်နေတော့မှာ ဖြစ်သည်။ ‘ဘာဖြစ်လို့ ဇွန်ဘီက ငါတို့ကိုသတ်ပြီး မစားတာလဲ? ဒါဆိုရင် အနည်းဆုံးတော့ ငါတို့ဒီလိုစိတ်ဝေဒနာ ရမှာမဟုတ်တော့ဘူး။ လင်းလင်းသာ မရှိရင်. . .’