ထိုအခါ သူတို့ဘေးတွင် ရပ်နေသည့်သူက မေးသည်။ “ငါတို့ပြန်ချင်ရင် ပြန်လာလို့ရမလား?”
လင်းဝမ်ဝမ်သည် ခပ်ဖွဖွပြုံးကာ ခေါင်းငြိမ့်၍ “ရပါတယ်။ ဒါပင်မယ့် ခွင့်တော့တိုင်ဖို့ လိုမယ်”
ထိုလူသည် လင်းဝမ်ဝမ်ကိုကြည့်ကာ တွေဝေသွား၍ တစ်ခုခုပြောချင်သော်လည်း မပြောတော့ပေ။ လင်းဝမ်ဝမ်က သူ့ကိုမေးသည်။ “တခြားဘာမေးချင်လို့လဲ?”
ထိုအခါ သူမအား ရှက်ရွံ့စွာကြည့်၍ “ဟို. . .ငါတို့စောစောသွားလို့ရမလား? ငါ. . .ငါတို့အစာလိုလို့ပါ”
လင်းဝမ်ဝမ်သည် ခနတွေးကာ တခြားသူများကို တစ်ချက်ကြည့်သည်။ တူယွမ်ရှင်းက “ဒါပင်မယ့် ငါတို့မှာ လူငါးဆယ်ပဲရှိသေးတယ်။ အလုပ်သမားက မလောက်သေးဘူး။ ပြီးတော့လည်း ခရီးကမလွယ်ဘူး။ အနည်းဆုံး ငါးနာရီလောက်ကိုကြာမှာဆိုတော့ ဆီအတော်ကုန်လိမ့်မယ်”
လင်းဟောင်နှင့် လင်းဝမ်ဝမ်တို့က ခေါင်းငြိမ့်သည်။ သူတို့သည် အလုပ်မစခင် အလုပ်သမားများကို အစာမပေးနိုင်သဖြင့် စောင့်ဖို့တော့ လိုမည်။
“ဒီလိုဆိုရင်ရော ဘယ်လိုလဲ?” လင်းဝမ်ဝမ်က ပြောသည်။ “တခြားသူတွေကို ဝင်ချင်မလား သွားမေးကြည့်ကြ။ ရှင်တို့စုလာတဲ့ လူတစ်ယောက်ချင်းဆီအတွက် ဂျုံဖြူ. . .ပေါင်တစ်ဝက် ကျွန်မပေးမယ်။ ဘယ်လိုလဲ?”
သူမ၏စကားကိုကြားသည့်အခါ လူငါးယောက်သည် မျက်လုံးများ တောက်ပသွားကြသည်။ “တ. . .တကယ်လား?”
လင်းဝမ်ဝမ်သည် အပြုံးဖျော့ဖျော့ကို ဆက်ပြုံးထားရင်းက ခေါင်းငြိမ့်ပြသည်။ ခန်းမထဲက စွမ်းအားရှင်အများစုသည် သူတို့ကို သံဿယဖြင့် ဘေးကနေ ရပ်ကြည့်လာကြသည်။
လင်းဝမ်ဝမ်၏ ကောင်းမွန်လှသည့် အဖြေရသည့်အခါ လူအချို့သည် စိတ်လှုပ်ရှားစွာဖြင့် ထွက်သွားကြသည်။ သူတို့သည် တခြားအလုပ်လိုချင်သည့်သူများကို သွားရှာကြတာ ဖြစ်ပေသည်။
လင်းဝမ်ဝမ်တို့သည် ခန်းမထဲတွင် နှစ်နာရီလောက်နေသည်။ ဒီသာမန်လူအုပ်စုကလွဲလျှင် တခြားဘယ်သူကမှ အလုပ်လာမလျှောက်ကြပေ။ အချို့လူများသည် ဖြတ်သွားရင်း အချက်အလက်များကို ဖတ်သော်လည်း သံသယဖြင့် ချန်ထားခဲ့ကြသည်။
တစ်ဖက်တွင် ရှောင်ယွင့်လုံသည် လင်းဖန်တို့ကို ပို့ပေးဖို့ ဝူချန်းယွဲ့၏အိမ်ကနေ ထွက်သွားပြီး သိပ်မကြာခင်တွင် နောက်ဧည့်သည်တစ်ယောက်က ရောက်လာသည်။
“ခေါင်းဆောင် ချန်ယုတင်းက လာတွေ့ပါတယ်” ရှောင်လီချန်းသည် သတင်းလာပို့သည်။
ဝူချန်းယွဲ့သည် ဆိုဖာပေါ်တွင် ဖိုင်အချို့ကို ဖတ်နေတာ ဖြစ်သည်။ မုန့်ယွဲ့က တခြားဆိုဖာတစ်ခုပေါ်တွင် ထိုင်နေကာ ဝူယွဲ့လျန်ကို ပေါင်ပေါ်တင်၍ ဆံပင်များကို ဖြီးပေးနေသည်။ ကလေးမလေးသည် ယုန်ကိုလက်ထဲတွင် ပိုက်ထားကာ ယုန်အား ဟင်းရွက်ခွံ့ကျွေးနေသည်။ သို့သော်လည်း မီးခိုးရောင်ယုန်သည် သူမကျွေးသည့် အရွက်ကိုမစားပေ။
“ဝင်ခိုင်းလိုက်!”
ဒီသုံးရက်အတွင်းတွင် ဝူချန်းယွဲ့သည် ဝူယွဲ့လျန်မှာ လူဆိုးများက ခေါ်သွားခြင်း မဟုတ်သည်ကို သေချာခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ချန်ယုတင်းနှင့် တွေ့ခဲ့သလို လင်းဖန်တို့ဆီမှလည်း စခန်းထဲသို့ ဝင်လာပြီး ပျောက်သွားသည့် နေကာမျက်မှန်ဖြင့် အမျိုးသမီးအကြောင်းကို သိခဲ့၍ ဖြစ်သည်။
မကြာခင်တွင် ချန်ယုတင်းသည် တစ်ယောက်တည်း ဝင်လာသည်။ ဝူချန်းယွဲ့က သူ့အားကြည့်ကာ အံ့သြစွာဖြင့် “တစ်ယောက်တည်းလား?” စကားပြောရင်း သူ့အရှေ့က ခုံကိုလက်ညိုးထိုးပြသည်။
ချန်ယုတင်းသည် ထိုခုံတွင်ထိုင်ချကာ ဖြေသည်။ “လမ်းမှာ ဖြောင်ကောချန်နဲ့ တိုးလာလို့ ငါတို့တိုက်ခဲ့ရတယ်။ ငါ့အဖွဲ့ကလူတွေက သူ့မီးကြောင့် အဆိပ်သင့်သွားတာနဲ့ ဆေးရုံပို့ထားရတယ်”
ဝူချန်းယွဲ့သည် ဖန်ခွက်အလွတ်တစ်လုံးကိုယူကာ ချန်ယုတင်းသောက်ဖို့ ရေဖြည့်ပေးလိုက်သည်။ ထိုစကားများကို ကြားသည့်အခါ မျက်မှောင်ကျုံ့သွားကာ သူ့ကိုလှည့်ကြည့်၍ မေးသည်။ “ဖြောင်ကောချန်? ဘာဖြစ်လို့ မင်းနဲ့သူနဲ့က ရန်သူတွေ ဖြစ်ကုန်တာလဲ?”
ချန်ယုတင်းသည် ခနတွေးပြီးနောက် “ငါတို့ကြားက ဆက်ဆံရေးကို သိထားတာ ကြာပြီထင်တယ်။ အဲ့ဒါကြောင့် ကိစ္စသေးသေးလေးတွေနဲ့ လိုက်နှောင့်ယှက်နေတာ!”
ဝူချန်းယွဲ့သည် ခေါင်းငြိမ့်ကာ ရေခွက်ကို ပေးလိုက်ပြီးနောက် “မင်းတို့အဖွဲ့ထဲက မိန်းမတစ်ယောက်နဲ့ ရင်းနှီးတာကို ငါမှတ်မိပြီ။ ဒီတစ်ခါ သူ့ကအပြင်မှာ သေလာခဲ့တော့ ဒါကို ဆင်ခြေအဖြစ် တကယ်သုံးလို့ရသွားတာပေါ့!”
ချန်ယုတင်းသည် ခေါင်းငြိမ့်ကာ ဖြေသည်။ “ဒီလိုဖြစ်မှာကို ကြိုသိတယ်။ ဒီမိန်းမကို လုံခြုံအောင် ပြန်ခေါ်လာပင်မယ့် သူ့ဟာသူ သေတွင်းထဲဆင်းသွားတာ။ ဘယ်သူ့ကိုအပြစ်တင်လို့မှ မရဘူး!” ဒီလိုပြောရင်းဖြင့် ဝူယွဲ့လျန်ကိုကြည့်ကာ မေးသည်။ “နေကာမျက်မှန်နဲ့ အမျိုးသမီးက လျန်လျန်ကို ပြန်ပို့လာပြီလား?”
ဝူချန်းယွဲ့သည် လျန်လျန်ကိုလှည့်ကြည့်ကာ ပြုံး၍ဖြေသည်။ “နေ့လည်စာ စားနေတုန်း ငါတို့အိမ်ထဲမှာ ပေါ်လာပြီးတော့ လျန်လျန်ကို ပြန်ပေးသွားတာ”
“အဲ့အချိန်တုန်းက စခန်းထဲကို ဝင်လာတာကို ငါတို့မမြင်တော့ လိုက်မလာသေးဘူးတောင် ထင်နေတာ” ချန်ယုတင်းက ပြောသည်။ “ဒါပင်မယ့် အံ့သြဖို့ကောင်းအောင် စခန်းက စစ်တဲ့စက်တွေကို ကျော်ဝင်လာနိုင်တယ်။ ဘာဖြစ်လို့ လင်းဖန်တို့နဲ့အတူ ဒီတိုင်းဝင်မလာဘဲ ခိုးလာတာလဲမသိဘူး?”
လင်းချင်းသည် ဝူယွဲ့လျန်က အစွမ်းနိုးလာသောကြောင့် ခေါ်သွားကြောင်းကို မသိသဖြင့် အကြောင်းပြချက်မရှိ ကလေးကို ခေါ်သွားသည်ဟုသာ ထင်နေသည်။ လွန်ခဲ့သည့်၂ရက်က ဝူချန်းယွဲ့သည် သူ့ကိုလာရှာကာ စခန်းသို့ ဦးထုပ်နှင့် နေကာမျက်မှန်တို့ တပ်ထားကာ ရင်သားကြီးကြီးနှင့် ဆံပင်တိုတိုမိန်းမဖြင့် စခန်းသို့ ပြန်လာသလားဟု လာမေးသည်။
သူတကယ်ပြန်လာတာဖြစ်သော်လည်း စခန်းထဲသို့ သူမကတော့ အတူဝင်မလာပေ။ ချန်ယုတင်းတို့အဖွဲ့သည် သူမနှင့်အတူ အလုပ်လုပ်တော့မှာ ဖြစ်ကြောင်းကို သိသည့်အခါ ဝူချန်းယွဲ့သည် သူသိသလောက် သူမ၏အကြောင်းကို မေးသည်။ ထို့နောက် သူ့သမီးမှာ ထပ်ခိုးခံရသော်လည်း ဒီတစ်ခါတော့ ထိခိုက်အောင် လုပ်စေချင်ပုံမရသည့်အကြောင်းကို ဝူချန်းယွဲ့က ပြောပြသည်။ ဒီအမျိုးသမီး၏ပုံစံကို သူတိတိကျကျပြောသည့်အခါ ဝူချန်းယွဲ့သည် စိတ်ပူတာ လျော့သွားကြောင်း ချန်ယုတင်းက သိခဲ့သည်။
ဝူချန်းယွဲ့နှင့် မုန့်ယွဲ့တို့သည် ချန်ယုတင်းအား စပ်စုစွာကြည့်ကာ ဝူချန်းယွဲ့က “ဟင်? ဒါဆိုရင် မင်းတို့အဖွဲ့ထဲကမိန်းမက မလုပ်သင့်တာတစ်ခုခုကို လုပ်လိုက်တာမလား?”
ချန်ယုတင်းက ခေါင်းငြိမ့်ကာ ဖြေသည်။ “စခန်းကို ပြန်လာတုန်းက နေကာမျက်မှန်နဲ့ အမျိုးသမီးက ငါတို့ကို လက်နက်အပြည့်တပ်ထားတဲ့ကား ငှားပေးတယ်။ လမ်းမှာ လုတင်းက လောဘတက်လာပြီးတော့ စိတ်အစွမ်းရှိတဲ့သူနဲ့ ငါတို့အကုန်လုံးကို အိပ်ငွေ့ချပြီး ကားခိုးဖို့လုပ်တာ။ နောက်ဆုံးတော့ သူနဲ့သူ့အကိုလုချန်းဖန်ကို လုမိန်းကလေးက သတ်ပစ်လိုက်တာပဲ”
ဝူချန်းယွဲ့သည် နားလည်စွာ ဖြေသည်။ “မင်းပြောတဲ့ လုမိန်းကလေးက တကယ်ကြမ်းတဲ့သူပဲ။ သူကိုသွားပြီး မချေမငံ မလုပ်ရင် ကောင်းမယ် မဟုတ်ရင် မင်းကိုမကူညီနိုင်လို့ ငါ့ကိုအပြစ်မတင်နဲ့”
ချန်းယုတင်းသည် ခေါင်းကို အမြန်ငြိမ့်သည်။ သူသည် အမျိုးသမီးလုနှင့် ၂ရက်လောက် အတူရှိသည့်အခါ သူမ၏သန်မာသည့် အရှိန်အဝါနှင့် ဘယ်လောက်ပြတ်သားကြောင်းကို သိနေနှင့်ပြီ။ သူမသည် တကယ့်ကို အန္တရာယ်ရှိသည့်သူဖြစ်ကာ သူမက ဘယ်လောက်အစွမ်းကြီးသလဲကို သူမခန့်မှန်းတက်ပေ။
ဝူချန်းယွဲ့အား သူသိချင်စိတ်ဖြင့် မေးသည်။ “ခေါင်းဆောင်က လုမိန်းကလေးနဲ့ အတော်သိပုံပဲ။ ဘယ်လိုတွေ့ကြတာလဲ? ဘာဖြစ်လို့ လျန်လျန်ကို သူကမပြောမဆိုနဲ့ ခေါ်သွားတာလဲ?”
ဝူချန်းယွဲ့သည် ပထမဆုံးအကြိမ် ဒီဇွန်ဘီမဖြင့်တွေ့တုန်းက မိုးကြိုးဖြင့်ပစ်မိ၍ သူ့အားစိတ်ကောက်သွားသည်ကို ပြန်တွေးမိသည်။ ရလဒ်ကတော့ အချိန်အကြာကြီး သူမ၏နောက်သို့ လိုက်ခဲ့ရသည်။ ဒုတိယအကြိမ်တွေ့တုန်းကတော့ မကောင်းတာ မဖြစ်ခဲ့ပေ။ လျန်လျန်ကို အန္တရာယ်ကင်းစွာ ပြန်ပေးသွားသဖြင့် ဇွန်ဘီတိုင်းမှာ အသိစိတ်ပျောက်၍ လူစိတ်မရှိတော့တာ မဟုတ်ကြောင်းကို သိလိုက်ရသည်။
နောက်ဆုံးတစ်ခေါက် တွေ့စဉ်တွင် သူမက အများကြီး ပြောင်းလဲသွားသဖြင့် သူမမှတ်မိလိုက်ပေ။ သူ့အစွမ်းကို မသုံးဘဲ သူမဖြင့် ယှဉ်တိုက်ရာတွင် သူရှုံးသွားခဲ့သလို သူမ၏ပေါင်ကိုတောင် သူကိုက်ခဲ့မိသေးသည်. . .
ဒါကိုတွေးမိသည့်အခါ စိတ်ထဲအဆင်မပြေသလိုနှင့် ရယ်ချင်သလိုဖြစ်လာကာ ဝူချန်းယွဲ့သည် နဖူးကိုလက်ဖြင့် မကိုင်ဘဲ မနေနိုင်တော့ပေ။ ထို့နောက် ချန်ယုတင်းအား လက်ကာပြကာ “အဲ့ဒီလို မဟုတ်ပါဘူး။ ငါ့ကိုပြောတဲ့စာ ချန်ထားခဲ့ပင်မယ့် ငါကအရမ်းစိတ်ပူသွားလို့ သိပ်မတွေးနိုင်ခဲ့တာ။ ပြီးတော့လည်း ငါသူနဲ့တွေ့တာ နည်းနည်းပဲရှိတော့ သူ့အကြောင်းလည်း သေချာမှမသိတာ”
ချန်ယုတင်းက ခေါင်းငြိမ့်ကာ “ဒီတစ်ခေါက် ငါတို့အဖွဲက သူတို့နဲ့ အုတ်သယ်ဖို့ လိုက်သွားရမှာ။ ခေါင်းဆောင် ငါတို့နဲ့အတူလိုက်ဖို့ လူပိုလွှတ်မပေးဘူးလား? သူတို့ကို သတိထားမိသလောက် သူတို့မှာ အစာအများကြီးရှိတယ်။ သူတို့က အပေးအယူလည်း လုပ်ကောင်းပါတယ်။ ဒီအစာတွေ ဘယ်ကရသလဲတော့ ငါလည်းသေချာမသိပင်မယ့်ပေါ့”
ဝူချန်းယွဲ့သည် သူခုနက ဖတ်နေသည့် ဖိုင်မှစာမျက်နှာ၂ကို လှန်လိုက်ကာ ပြောသည်။ “သူတို့က အရင်ဟေးဒီးစခန်းက လူတွေဆိုတာ မင်းသိသင့်တယ်။ သူတို့ခေါ်နေတဲ့ အလုပ်က တကယ့်အမှန်ပဲ။ ဒါပင်မယ့် သူတို့ပြောတဲ့ အစာကိစ္စကတော့ လုမိန်းကလေး တာဝန်ရှိတာ။ သူ့မှာအစာအများကြီးရှာဖို့ နည်းလမ်းတွေရှိတယ်။ သူ့ဆီက ချေးဖို့တောင် ငါစီစဉ်နေတာ။ ဆောင်းရောက်တော့မှာဆိုတော့ ငါတို့အစာတွေ ပိုစုရတော့မယ်။ ဒီဆောင်းတွင်းမှာ ငါတို့အထွက်ကောင်းကောင်းရတာ မဟုတ်ရင် မြို့ပေါ်ကလူတွေက အဆာငတ်နေလိမ့်မယ်”
ချန်ယုတင်းသည် သူ့ဆီကဖိုင်ကို တောင်းယူ၍ ဖတ်ကြည့်ကာ “အစာတွေ ဒီလောက်အများကြီးကို သူဘယ်ကရတာပါလိမ့်?”
ချန်ယုတင်းသည် သူ့မေးခွန်းကိုပြုံးကာ “ဇွန်ဘီမြို့တွေကနေ သူကအစာစုနိုင်တယ်။ ပြီးတော့လည်း သူ့မှာက နယ်မြေရှိသေးတယ်မလား? ငါတောင် ဟန်ကျိုးမြို့လည်ကို သွားဖို့သတ္တိမရှိပင်မယ့် သူ့အတွက်ကတော့ ပြဿနာမရှိဘူး။ ပြီးတော့လည်း ငါ့အထင် သူကအထူးတပ်သားဟောင်း ဖြစ်ခဲ့ပုံရတော့ စစ်ဗျူဟာအသိများတယ်။ အဲ့ဒါကြောင့် အရင်ခေတ်တုန်းက အစိုးရက အစာတွေကို ဘယ်မှာသိမ်းထားတက်သလဲ သူသိနေတာ။ ငါတို့စခန်းကို သူဒီတစ်ခေါက်လာတာက သူတို့အတွက် စခန်းအသစ်ဆောက်ဖို့ပဲ။ စခန်းအသစ်ရဲ့နေရာ အတိအကျကို ငါတို့လည်း သေချာမသိသေးပင်မယ့် သေချာတာကတော့ ဒီနားတစ်ဝိုက်လောက်မှာပါပဲ”
ချန်းယုတင်းသည် အံ့သြသွားကာ မျက်လုံးပြူး၍ မေးသည်။ “စခန်းလား? သူတို့က စခန်းအသစ်ဆောက်မှာ? လူနည်းနည်းလေးနဲ့ အဲ့ဒါကြောင့် ဆောက်လုပ်ရေးအလုပ်သမားလာငှားတာ မထူးဆန်းတော့ပါဘူး။ ငါတို့က စခန်းနံရံဆောက်ဖို့ လိုနေတာပဲမလား?”
“ဟုတ်တယ်!” ဝူချန်းယွဲ့က ပြောသည်။ “လင်းဖန်နဲ့ ယွမ်ထန်ရှင်းတို့က ခေါင်းဆောင်တွေ ဆိုပင်မယ့် လုမိန်းကလေးက ဆုံးဖြတ်ချက်ချတဲ့နေရာမှာ သူတို့ထက် ပိုအခွင့်အရေးများပုံရတယ်”
ချန်ယုတင်းက သဘောတူစွာဖြင့် ခေါင်းငြိမ့်ကာ “ဟုတ်မယ်။ ပြီးတော့ လုမိန်းကလေးက တကယ့်ထူးဆန်းတဲ့သူမျိုး။ တစ်ချိန်လုံး ပျောက်နေတက်တာ!”
ဝူချန်းယွဲ့သည် စာဖိုင်ကို လက်ညိုးထိုးပြကာ “မင်းသွားရင် ဒီဖိုင်ထဲကလူတွေကို ခေါ်သွားပြီးတော့ သူတို့ကို စီမံလာပေး”
ချန်ယုတင်းသည် လူစာရင်းကို ဖတ်လိုက်သည်။ လူသုံးရာ၏ နာမည်၊ အစွမ်း၊ အဆင့်၊ လိင်အမျိုးအစားနှင့် အိမ်နေရာတို့ကို စာရင်းပြုစုထားသည်။ စွမ်းအားရှင် ၃၀လောက် ပါနေသည့်အခါ ချန်ယုတင်းသည် အံ့သြသွား၍ “စွမ်းအားရှင်အများကြီး လွှတ်မလို့လား? စခန်းကနေ အစာစုဆောင်းဖို့ မသွားတော့ဘူးလား?”
ဝူချန်းယွဲ့က ခေါင်းငြိမ့်ကာ “ငါလူအများကြီး မလိုပါဘူး။ ပြီးတော့လည်း သူတို့ကို ငါကူညီချင်လို့ ဒီလိုလွှတ်ပေးတာပါ။ ဒီတစ်ခေါက် လုမိန်းကလေးက ငါ့အတွက် အရမ်းကောင်းမြတ်တဲ့ကိစ္စကို လုပ်ပေးသွားတာ” ဒီလိုပြောကာ လျန်လျန်ကို သူလှည့်ကြည့်သည်။
သူ့အမှုအယာကြောင့် ချန်ယုတင်းသည် နားလည်သွားသည်။ “ဒီနေ့လည်ပဲ ဒီအကြောင်း သူတို့ကို သွားပြောလိုက်မယ်”
ဝူချန်းယွဲ့သည် ခေါင်းငြိမ့်ကာ ထရပ်၍ “အတူသွားရအောင်။ ငါလည်း Dခရိုင်က အုပ်ချုပ်ရေးရုံးကို သွားဖို့လိုတယ်” ထို့နောက် ဝူယွဲ့လျန်အား ကောက်ချီလိုက်ကာ “လျန်လျန် လမ်းလျှောက်ထွက်ရအောင်!”
မုန့်ယွဲ့သည် ဝူယွဲ့လျန်ထံမှ ခုန်ဆင်းသွားသည် ယုန်ကိုခေါ်ထားပေးသည်။ ဝူယွဲ့လျန်သည် သူ့အဖေ၏ လည်ပင်းကိုသိုင်းဖက်လိုက်ကာ ရိုးရှင်စွာကြည့်၍ ဘာမှမတုန့်ပြန်ပေ။ ထို့နောက် သူတို့သည် အိမ်ကနေ အတူထွက်လာကြသည်။