May Honey Logo May Honey
Previous Next

၃၆၀။ ကိုယ့်ဟာကိုယ် ကာကွယ်

တကယ်တော့ လင်းချင်းသည် ဒီမနက် အုပ်ချုပ်ရေးရုံးသို့ ရောက်လာ၍ ပြဿနာရှာရခြင်းသည် ထန်ဟေးကြောင့်ပင်။ ထန်ဟေးသည် တစ်ညလုံး လင်းဝမ်ဝမ်၏အိမ်နားတွင် ရှိနေကာ မနက်မှ ထွက်သွားသောကြောင့် ဖြစ်သည်။

လင်းချင်းသည် ယန်းယန်ကိုသတ်လိုက်၍ မနေ့ည ပြန်ရောက်လာပြီး သိပ်မကြာခင်တွင် ထန်ဟေးသည်လည်း ရောက်လာတာ ဖြစ်သည်။ သူမသည် တစ်ညလုံးစောင့်ကြည့်နေသော်လည်း ဘာလှုပ်ရှားမှုကိုမှ မလုပ်ပေ။ ထို့ကြောင့် ဒီမနက် လင်းချင်းသည် သူ့အနောက်ကိုလိုက်လာ၍ ပွဲကိုကြည့်နေခြင်း ဖြစ်သည်။

မိနစ်အနည်းငယ်ကြာ၍ လင်းချင်းသည် သူတို့နေရာ အဆောက်အဦးသို့ ပြန်ရောက်သည့်အခါ လင်းဝမ်ဝမ်၏ အခန်းတံခါးအရှေ့တွင် ကိုယ်ပြန်ဖော်လိုက်သည်။ 

ဝေ့ကျန်းချန်နှင့် တခြားအစောင့်သည် သူမကိုမြင်သည့်အခါ ဘာမှမပြောဘဲ ယဉ်ကျေးစွာဖြင့် တံခါးကို ဖွင့်ပေးကြသည်။ တံခါးမဖွင့်ခင်တွင် လင်းချင်းက လေထဲကိုအနံ့ခံ၍   “ဟမ်? ဘယ်တုန်းက အသေးလေးက ရောက်နေတာလဲ?”

“လျန်လျန်ကိုပြောတာလား? အခုလေးတင်ပဲ ရောက်လာတာပါ”   ဝေ့ကျန်းချန်သည် တံခါးဖွင့်ရင်း သူမ၏ မေးခွန်းကို ဖြေသည်။

လင်းချင်းက တံခါးကနေ ဝင်လာသည်နှင့် မီးခိုးရောင်ယုန်ကို ပိုက်ထားသည့် ကလေးမသေးသေးလေးသည် သူမထံသို့ ပြေးလာသည်။

ပြတင်းပေါက်နားတွင်စုနေသည့်လူများသည် လှည့်ကြည့်ကြသည်။ လင်းချင်းကို မြင်သည့်အခါ တစ်ယောက်က မေးသည်။   “ဟမ်? ပြန်လာတာ စောလိုက်တာ။ သူတို့က အခုမှ စတိုက်နေကြတာမလား?”

လင်းချင်းသည် ကလေးမလေး၏ခေါင်းကို ပွဝ်လိုက်ကာ ခုံသို့သွားထိုင်ကာ   “ဟုတ်တယ်။ ဒီလိုအခြေအနေရုတ်ရုတ်သဲသဲကို အခွင့်ကောင်းယူပြီး နင်တို့ဆီကို တချို့လူတွေ လာမှာစိုးလို့ ငါပြန်လာလိုက်တာ။ ဟိုက အခြေအနေကတော့ ယန်းချောင်းက ရှုံးမယ်လို့ ငါထင်တယ်။ ဝူချန်းယွဲ့ကို မနိုင်လောက်ဘူး။ ပြီးတော့လည်း ဝူချန်းယွဲ့က ထောင်ချောက်ဆင်ပြီးသား။ အခု ယန်းချောင်းက ဝင်လာတာကို စောင့်နေရုံပဲ”

သူမသည် စကားကိုရပ်လိုက်ကာ သူမနောက်သို့လိုက်ကာ ဆိုဖာပေါ်သို့တက်နေသည့် အသေးလေးကို လက်ညိုးထိုးပြ၍   “ကလေးကို ဘယ်သူက ခေါ်လာတာလဲ?”

လင်းဝမ်ဝမ်က လျှောက်လာကာ သူမအား ပြောပြသည်။   “ဪ ကပ္ပတိန် ဟွမ်မင်းတို့လူတွေက ဒီကိုလာထားပြီးတော့ ပြန်သွားကြတာ”

လင်းချင်းသည် ကလေးမလေးကိုကြည့်ကာ သူမဟာသူမ ပြောသည်။   “ဘာဖြစ်လို့ ကလေးကို ဒီကိုပို့တာလဲ? ဘယ်နေရာကမှ မလုံခြုံပင်မယ့် ဒီကရော?”

ထိုအချိန်တွင် ယွမ်ထန်ရှင်းတို့သည် ကြည့်နေသည့်နေရာမှ  ဆူညံ့သည့် ပေါက်ကွဲသံအကြီးကြီး ထွက်လာသည်။ ယွမ်ထန်ရှင်းသည် လင်းချင်းကို လှည့်မေးသည်။   “သူတို့က အတည်တိုက်နေကြပုံပဲ။ အတော်ပြင်းတယ်။ ဟိုမှာ နင်ရှိတုန်းက ဘယ်လိုလဲ?”

လင်းချင်းသည် အသေးလေးကို ကြည့်နေရင်းက သူမေးသည်ကို ခေါင်းတောင်မော့မကြည့်ဘဲ ဖြေသည်။   “သူတို့စကားများနေကြတာ။ ငါလည်း စိတ်မရှည်တော့တာနဲ့ တိုက်အောင်လို့ မီးရှို့ပေးလိုက်တယ်။ မဟုတ်ရင် သူတို့က တသက်လုံးကွေ့ဝိုက်နေတာနဲ့ တိုက်ဖြစ်မှာကို မဟုတ်တော့ဘူး”

ယွမ်ထန်ရှင်းသည် သူမကိုကြည့်ကာ အနည်းငယ် ဆွံ့အသွားရှာသည်။   “ပွဲပဲသွားကြည့်တာ မဟုတ်ဘူး။ ပြဿနာကို ရှာချလာတာမလား?”

“ဒါပေါ့!”   လင်းချင်းက ပြောသည်။   “အခု ငါသာ ယန်းချောင်းကို ရှုံးအောင်တိုက်နိုင်ရင် ဝူချန်းယွဲ့က ဒီလိုလုပ်ပေးဖို့ စောင့်နေစရာမှ မလိုတာ!”

လင်းဝမ်ဝမ်သည် ပြတင်းပေါက်ကနေ နောက်ဆုတ်ကာ အပြင်ကိုကြည့်သည်။ ခနနေသည့်အခါ လင်းချင်းကို တစ်ချက်လှည့်ကြည့်သည်။ သူမ၏ မျက်လုံးများသည် ထူးဆန်းစွာ တောက်ပနေကာ အပြုံးသည်လည်း ပိုကြီးလာသည်။

လင်းချင်းသည် တစ်ခုခုကို ခံစားမိလိုက်သည်. ထို့ကြောင့် လင်းဝမ်ဝမ်ကို တစ်ချက်ကြည့်၍   “သူတို့တိုက်နေတာက နင့်အတွက် ပျော်ဖို့ကောင်းလား? နင့်ကြည့်ရတာ အရမ်းပျော်နေတဲ့ပုံပဲ”

လင်းဝမ်ဝမ်သည် အတွေးတစ်ခုရသွားကာ အဖြေသိပြီးသား မေးခွန်းကို မေးလိုက်သည်။   “ပျော်နေမှန်း ဘယ်လိုလုပ် သိတာလဲ?”

လင်းချင်းသည် ဝူယွဲ့လျန်အား ဘောပင်နှင့် စာအုပ်ကိုထုတ်ပေး၍ အသေးလေးအား ဘယ်လိုပုံဆွဲရမလဲကို သင်ပေးနေသည်။ ဒီလိုလုပ်နေရင်း လင်းဝမ်ဝမ်၏ အမေးကို ဖြေသည်။   “နင့်မျက်နှာမှာ အကုန်ပေါ်နေပြီးသား”

လင်းဝမ်ဝမ်က ရယ်ကာ   “ဟုတ်ပါပြီ။ ငါ့ကိုသေချာသိတယ်လို့တော့ မထင်ပါဘူး”

ဘေးက လုံချင်းယင်သည် လင်းဝမ်ဝမ်ကို နားမလည်စွာ ကြည့်သည်။ သို့သော်လည်း အဝေးက တိုက်ပွဲ၏ ဆူညံသံများကြောင့် သူမသည် ဒါကိုသိပ်အာရုံမရှိတော့ပေ။

တူယွမ်ရှင်း တိုက်ပွဲဖြစ်နေရာကို စိတ်လှုပ်ရှားစွာကြည့်ရင်း   “ဒီစခန်းမှာ နောက်ခေါင်းဆောင်တစ်ယောက် ရှိသေးတယ်လို့ကြားတယ်။ ကျိုးမျိုးရိုးနဲ့ တစ်ယောက်က ဝူချန်းယွဲ့ဘက်ကပဲ။ အဲ့ဒါကြောင့် အခု၂ယောက်လုံးက အတူတိုက်နေကြမှာ။ သူ့မှာ ဘာလျို့ဝှက်လက်နက်ရှိလို့လဲ? အဆင့်တူ စွမ်းအားရှင်၂ယောက်ကို တပြိုင်တည်းတိုက်ရအောင် ရူးနေတာတော့ မဟုတ်ဘူးမလား?”

“လျို့ဝှက်လက်နက်က သူ့ရဲ့အဆင့်၇မိတ်ဆွေ”   လင်းချင်းက ပြောသည်။   “အခုက နှစ်ယောက်ချင်းစီတိုက်နေကြပြီ”

တူယွမ်ရှင်းသည် သူမကို နားမလည်စွာဖြင့် လှည့်ကြည့်ကာ   “ဟမ်? အဲ့တစ်ယောက်က ဘယ်ကလဲ?”

လင်းချင်းက    “သူက ဒီလမ်းဖောက်ထားတာ ကြာပြီ။ ပြီးတော့လည်း အဲ့အဆင့်၇က နင်တို့ကို စောင့်ကြည့်နေတာ ၁ရက် ၂ရက်ကြာသေးတယ်။ နင်တို့မသိခဲ့ရုံတင်သာ”

ထိုအခါ တူယွမ်ရှင်း၊ လင်းဝမ်ဝမ်နှင့် တခြားသူတို့သည် အံ့သြသွားကြကာ အချင်းချင်းကြည့်ကုန်ကြတော့သည်။ အဆင့်၇သည် သူတို့အား စောင့်ကြည့်နေခဲ့သည်။ လုထန်ရိနှင့် ယန်ဖန်းယုတို့မှာ စကားကိုချဲ့ကား၍ ပြောခဲ့တာ မဟုတ်ပုံရသည်။

တူယွမ်ရှင်းသည် အံ့သြစွာဖြင့်   “ဘာဖြစ်လို့ စောင့်ကြည့်နေတာလဲ? ဝမ်ဝမ်ကိုဖမ်းဖို့ အခွင့်အရေးရှာနေတာလား? ငါတို့က ခုခံနိုင်မှာမဟုတ်တော့ ချက်ချင်းလုပ်ရင်ရတာပဲ”

လင်းချင်းသည် လင်းဝမ်ဝမ်ကို တစ်ချက်ကြည့်ကာ   “သူ့ပစ်မှတ်က လင်းဝမ်ဝမ်ဆိုပင်မယ့် သူ့မှာ တခြားအတွေးတွေ ရှိနေပုံပဲ။ အဲ့ဒါကြောင့် ချက်ချင်းမလုပ်သေးတာ”

ထိုဓားပြကောင်သည် ယန်းချောင်း၏ စကားများကို လုံးဝမယုံသည်ကို ခံစားမိသည်။ ထို့အတူ သူ့အားအသုံးချသွားမည်ကိုလည်း သံဿယဝင်နေသေးသည်။ ဟိုရူးနေသည့် ယန်းချောင်းကရော ဒါကိုသိပါ့မလားဆိုသည်ကို လင်းချင်းက သိချင်မိသည်။

လင်းဝမ်ဝမ်၏ အပြုံးသည် ဖျော့မသွားဘဲ   “ကြည့်ရတာ ငါကတကယ့်ကို ဆွဲဆောင်မှုရှိနေသလိုပဲ။ ပြောင်းလို့ရမယ့်နည်းရော ရှိပါဦးမလား?”

လင်းချင်းသည် သူမကိုတစ်ချက်ကြည့်ကာ တွေးတောင်မနေပဲ   “ရှိတာပေါ့။ ဆံပင်ကိုညှပ်ပစ်။ တိုလေကောင်းလေပဲ။ နင့်အသွင်အပြင်ကို ပြောင်းနိုင်ရင် ပြစ်မှုဖြစ်နိုင်တဲ့နှုန်းကိုလည်း နင်လျှော့နိုင်မှာပဲ”

လင်းဝမ်ဝမ်၏ အမှုအယာသည် ခနတောင့်ခဲသွားသည်။ ထို့နောက် သူမသည် မျက်မှောင်ကျုံ့ကာ ခနတိတ်သွားပြီးနောက် တခြားသူများအား   “ဒါသာတကယ်ဆိုရင် လုပ်လိုက်မယ်။ ဘယ်လိုထင်ကြလဲ?”

လင်းချင်းသည် သူမအား အံ့သြစွာကြည့်ကာ   “တကယ်လုပ်မလို့လား?”

လင်းဝမ်ဝမ်သည် သူမ၏ဖြောင့်စင်းနေသည့် ဆံပင်ရှည်များကို ဘယ်လောက်နှစ်သက်ကြောင်း လင်းချင်းသည် သေချာကို မှတ်မိသည်။ လင်းချင်းသည် လင်းဝမ်ဝမ်၏ ဆံပင်ရှည်က အဆင်မပြေမှု အများကြီးကို ဖြစ်နိုင်စေသည်ဟုပြောခဲ့ကာ ညှပ်ဖို့ခနခနပြောခဲ့သော်လည်း လင်းဝမ်ဝမ်သည် နားမထောင်ရုံတင်သာမက ဆံပင်ညှပ်ခိုင်း၍ ဒေါသတောင် ထွက်ခဲ့သည်။

အခုတော့ လင်းဝမ်ဝမ်သည် ဒီလိုမျိုး ပြောလာလေပြီ။ လင်းချင်းမှာ   ‘ငါပြောလိုက်ရုံလေးနဲ့ တကယ်ကြီး ဆံပင်ညှပ်တော့မှာ မဟုတ်ဘူးမလား?’

လုံချင်းယင်သည် လျှောက်လာကာ လင်းဝမ်ဝမ်အား   “တကယ်တော့ ဆံပင်ညှပ်ရုံနဲ့ မလုံလောက်ဘူး။ ကိုယ့်ကိုယ်ကိုလည်း ကာကွယ်တက်အောင် သင်သင့်တယ်။ အခုနင့်ကို ကာကွယ်ပေးမယ့် ခေါင်းဆောင်မရှိတော့လို့ နင့်ဟာနင် ကာကွယ်ရမယ်”

လင်းဝမ်ဝမ်သည် လင်းချင်းကို နားမလည်သလို လှည့်ကြည့်သည်။

လင်းချင်းသည် သူမကို မော့မကြည့်ဘဲ အသေးလေးကို ကြည့်ပေးနေရင်းက   “ချင်းယင်ပြောတာ အမှန်ပဲ။ ကိုယ့်ကိုယ်ကို ကာကွယ်တက်အောင် လေ့လာပြီးရင် မိသားစုနဲ့ သူငယ်ချင်းတွေကိုလည်း ကာကွယ်တက်အောင် သင်ဖို့လိုတယ်။ တချိန်လုံး နင့်ကိုမိသားစုနဲ့ သူငယ်ချင်းတွေကပဲ ကာကွယ်ပေးနေရတယ်လို့ မခံစားမိဘူးလား? တနေ့ နင့်ကိုသူတို့ မကာကွယ်နိုင်တော့ရင် နင်ဘယ်သူ့ကို အားကိုးမှာလဲ?”

လင်းချင်းသည် ဒီစကားများကို အရင်တည်းက လင်းဝမ်ဝမ်အား ပြောခဲ့ဖူးသည်။ သို့သော်လည်း လင်းဝမ်ဝမ်သည် ဘယ်တုန်းကမှ စကားကို နားမထောင်ပေ။ သူမသည် သူများကို အားကိုးရသည်ကို ကြိုက်သည်။ အပြင်ထွက်တိုင်း အဖော်ပါမှသွားသည်။ တကယ်တော့ တစ်ယောက်တည်းသွားသည်ဆိုတာ ဘယ်တုန်းကမှ မရှိပေ။

အရင်အချိန်လုံးကတော့ လင်းချင်းသည် သူမ၏မိသားစုနှင့် သူငယ်ချင်းများကို သူမက ကာကွယ်ပေးနိုင်မည်ဟု ယုံကြည်ခဲ့သဖြင့် လင်းဝမ်ဝမ်ကို စိတ်တိုင်းကျသာ လုပ်ခွင့်ပေးထားခဲ့သည်။ သို့သော်လည်း အခုတော့ ကမ္ဘာပျက်သည် ဖြစ်နေ၍ စိတ်ဓာတ်ကျစရာ ဖရိုဖရဲဖြစ်လာသည်။ အစွမ်းရှိသည့်လူအချို့သာ နောက်ဆုံးတိုင် ရှင်သန်နိုင်တော့မှာ ဖြစ်သည်။ ကိုယ့်ကိုယ်ကို မကာကွယ်နိုင်သည့် လူများအတွက် ကမ္ဘာပျက်ခေတ်သည် အန္တရာယ်များသည်။

လင်းဝမ်ဝမ်သည် ပြတင်းပေါက်ဘေးတွင်ရပ်ကာ လင်းချင်းကို စိုက်ကြည့်၍ ဘာမှမပြောပေ။ ခနနေသည့်အခါ သူမသည် အိပ်ခန်းသို့ လျှောက်သွား၍ တံခါးပိတ်လိုက်သည်။  
Previous Chapter 360 of 410 Next