May Honey Logo May Honey
Previous Next

၄၀၁။ သူတို့သံသယဝင်နေခဲ့တာကြာပြီ

“စတွေ့တုန်းက အဆင့်သုံးလား လေးလားပဲ ရှိပါသေးတယ်။ ၂လတောင် မကြာသေးဘူး။ မကြီးက အဆင့်၆ကို ချိုးဖောက်နိုင်သွားပြီမလား?”

ချူးလီလီက ပြောသည်။

“တကယ်လို့ ဇွန်ဘီတိုင်းသာ မကြီးလို မြန်မြန်အဆင့်မြင့်နိုင်ရင် လူသားစခန်းတွေဆိုတာ အဆင့်ဇွန်ဘီထောင်ချီလောက်က တိုက်ခိုက်ခံရတာကြောင့် ပျက်နေတာ ကြာလှနေလောက်ပြီ”

လင်းချင်းက လက်တစ်ဖက်ကိုပိုက်ကာ တစ်ဖက်က မေးကိုပွတ်လျှက် တွေးကာ ပြောသည်။

“နင်ပြောတာ ဟုတ်သားပဲ အသိဉာဏ်ရှိဇွန်ဘီတွေ များပင်မယ့် တချို့တလေပဲ အဆင့်၆ထဲကို ဝင်ပြီးတော့ ဇွန်ဘီဘုရင်တွေ၊ ဇွန်ဘီဘုရင်မတွေ ဖြစ်ကြတာ။ ငါက ထူးခြားတဲ့ဖြစ်စဉ်ပဲ။ ဒီကိုယ်ကတောင် ငါ့ဟာဟုတ်မနေဘူး”

လျူကျွင်းက သူမအားကြည့်ကာ တန်းမေးသည်။

“လင်းဝမ်ဝမ်က. . .သရုပ်မှန်ကို သိနေပြီလား? ခုနက ဧည့်ကြိုခန်းမှာ နင်တို့ပြောနေတာက နည်းနည်းထူးဆန်းတယ်”

ထိုအခါ လင်းချင်းက ရယ်ကာ ပြောသည်။

“တကယ်တော့ သူတို့က အရင်တည်းက ငါ့ကိုသံဿယဝင်နေကြတာ။ သူတို့က မယုံနိုင် ဖြစ်နေရုံတင်။ ငါလည်း ဒီကိုယ်မှာ နိုးလာတုန်းက မယုံနိုင်ဖြစ်သေးတာပဲ။ အိပ်မက် မက်နေတယ်လို့တောင် ထင်နေခဲ့တာ”

လျူကျွင်းနှင့် ချူးလီလီတို့သည် လင်းချင်းပြောသည်ကို နားလည်သဖြင့် အချင်းချင်းကြည့်မိကြသည်။ သူတို့သည်လည်း စိမ်းသက်နေသည့် နေရာတစ်ခုတွင် လူစိမ်းတစ်ယောက်အဖြစ် နိုးလာပါက တကယ်ဖြစ်နေသည်ကို မယုံနိုင်ဘဲ နားမလည်ဖြစ်နေမိမှာ အမှန်ပင်။ သို့သော်လည်း သူတို့သည် ကိုယ်တွေ့မဖြစ်ခဲ့သဖြင့် လင်းချင်းက ဘယ်လိုခံစားခဲ့ရမလဲကို အတိအကျ မသိနိုင်ပေ။

“ဒါပင်မယ့် ဘာဖြစ်လို့ သံသယဝင်နေတာလဲ? ကိုယ်တိုင်ထုတ်ပြောထားတာ မဟုတ်ဘူးမလား?”

ချူးလီလီက ပြောသည်။

လင်းချင်းက ဖြေသည်။

“ငါ့အမေက မငယ်တော့ဘူး။ သူများပြောတာထက် သူမြင်တာကိုပဲ ယုံတယ်။ ဒါပင်မယ့်လည်း ငါ့အရင်တုန်းက အကျင့်တွေကို သူတို့မြင်အောင် တမင်ပြထားတာမလို့ သေချာပေါက်ကို ခန့်မှန်းမိမှာပဲ။ ဖြစ်နိုင်တာက ငါက လင်းချင်းအယောင်ဆောင်နေတယ်လို့ သံသယအရင်ဝင်မှာပေါ့။ ဒါပင်မယ့် လင်းဝမ်ဝမ်က တခြားသူတွေလို မဟုတ်ဘူး။ သူ့စိတ်ထဲမှာ သံသယမဝင်လိုက်နဲ့။ အမှန်ပေါ်တဲ့အထိ လိုက်စုံစမ်းတက်တာ။ အဲ့ဒါကြောင့် ပင်လယ်မြို့တော်စခန်းတုန်းက လုထန်ယုအကြောင်းကို တူးခဲ့တယ် ထင်တယ်”

သူမသည် ခနရပ်ကာ ဆက်ပြောသည်။

“လုထန်ယုနဲ့ ငါနဲ့က မတူဘူးဆိုတာကို သူသိသွားမှာပေါ့။ နောက်တော့ ငါ့ရည်ရွယ်ချက်က ဘာလဲဆိုတာကို စတွေးကြည့်တယ်။ သူစိမ်းတစ်ယောက်က သူတို့ကို ခနခနကူညီနေတာ။ ငါ့မှာ ရည်ရွယ်ချက်တစ်ခုခု ရှိနေတာ မဟုတ်ရင် မိသားစုဝင်မလို့ ဆိုပြီး တွေးမိသွားမယ်”

“ဟေးဒီးစခန်းမှာတုန်းက လင်းဝမ်ဝမ်က အမြဲတမ်း အကာကွယ်ခံလေး ဖြစ်ခဲ့တာ။ အဲ့ဒါကြောင့် နင့်ကိုအတော်လေး အားကိုးပုံရတယ်။ သူနဲ့ သူ့မိသားစုအတွက် ကောင်းမယ့် အတွေးကိုပဲရွေးပြီး မှန်ကြောင်း သက်သေပြဖို့ မျှော်လင့်နေမှာပေါ့။ ဒီလိုလုပ်တယ်ဆိုတာကလည်း နင်သေပြီဆိုတာကို သူလက်မခံနိုင်လို့ပဲ ဖြစ်မှာပါ”

လျူကျွင်းက ပြောသည်။

လင်းချင်းက ခေါင်းငြိမ့်သည်။

“အင်း။ ဟုတ်တယ်။ သူက ငါ့ကိုအမြဲအားကိုးတယ်။ စခန်းနဲ့ငါက ဖျက်စီးခံလိုက်ရတော့ သူ့အတွက် ပြင်းထန်တဲ့ ရိုက်ချက်ဖြစ်သွားမှာ”

ချူးလီလီက သူမကိုကြည့်ကာ

“တုံးတယ်ပြောရမလား? ဉာဏ်ကောင်းတယ်ပြောသင့်လား? ပုံမှန်ဆိုရင် လူတွေကက ဒါမျိုးကို မယုံတာတောင် သူကယုံတယ် ပြီးတော့ ဒါကလည်း တကယ်မှန်နေသေးတာ”

“သူက မတုံးပါဘူး”

လင်းချင်းက ပြောသည်။

“ဒါပင်မယ့် သူယုံမိတဲ့ဟာဆိုရင် အရမ်းခေါင်းမာပြီးတော့ အမှန်သိရဖို့ အကုန်ကြိုးစားနေတက်တာ။ ဉာဏ်ကောင်းတဲ့သူတွေကလည်း တစ်ခါတစ်လေ တုံးတက်တာပဲ။ ပြီးတော့ တုံးတဲ့သူတွေက. . .တစ်ခါတစ်လေတော့လည်း တုံးအနေတာက ကံကောင်းခြင်း တစ်မျိုးပဲ။ တစ်ခါတစ်လေတော့ ကံဆိုးတာပေါ့”

ထိုအချိန်တွင် တံခါးခေါက်သံက ထွက်လာသည်။ လျူကျွင်းသည် တံခါးကိုကြည့်ကာ ပြောသည်။

“ဝင်လာလို့ ရပါတယ်။ တံခါးကို လော့မချထားဘူး”

တံခါးသည် ဖြည်းဖြည်းချင်းတွန်းဖွင့်ခံလိုက်ရကာ ရှန်ယုကျန်းနှင့် ချန်ယုတင်းတို့ နှစ်ယောက်ကို တွေ့လိုက်ရသည်။ ချန်ယုတင်းသည် အခန်းထဲက သုံးယောက်ကို ခေါင်းငြိမ့်ပြကာ လင်းချင်းအား

“လုမိန်းကလေး ကျန်းက နင်တို့နဲ့ နေချင်သေးတယ်ပြောတယ်။ အဲ့ဒါကြောင့်. . .ဒီငါးလွှာမှာ သူ့အတွက် အခန်းပြင်ပေးပါလား”

လင်းချင်းက ရှန်ယုကျန်းကို ကြည့်ကာ မေးသည်။ 

“ဘာဖြစ်လို့လဲ? သူနဲ့အတူ မနေရဲဘူးလား?”

ရှန်ယုကျန်းက ချန်ယုတင်းနှင့် အတူနေမည်ဟု လင်းချင်းက ထင်ထားသလို ချန်ယုတင်းကလည်း ဒီလိုထင်တာဖြစ်သည်။ သို့သော်လည်း ရှန်ယုကျန်းက ကန့်ကွက်သည့်အခါ ချန်ယုတင်းသည် သူ့မိန်းမဖြစ်သူ၏ ဆန္ဒကို လေးစားလိုက်သည်။

ရှန်ယုကျန်းက ခေါင်းငြိမ့်ပြကာ ပါးစပ်ကိုဟ၍ ချန်ယုတင်း၏ လည်ပင်းကို လက်ညိုးထိုးပြသည်။ သူမသည် ကိုယ့်ကိုယ်ကို မထိန်းနိုင်ဘဲ ချန်ယုတင်းအား ကိုက်မိမည်ကို စိုးရိမ်သည်။ ဒီလိုဖြစ်သွားပါက ဒုက္ခရောက်လိမ့်မည်။ 

လင်းချင်းက သူမအား ပြုံး၍ပြောသည်။

“နင်က ဗန်ပိုင်းယားမှ မဟုတ်တာ။ ဘာဖြစ်လို့ သူ့သွေးကြောတွေကို အမြဲသွားစိုက်ကြည့်နေရတာတုန်း?”

ဒီလိုပြောကာ ချန်ယုတင်းအား 

“ဟုတ်ပါပြီ။ ငါသူ့ကို အခန်းတစ်ခု ပေးလိုက်မယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီအလွှာမှာ အခန်းတွေလည်း ပေါပါတယ်”

“ကျေးဇူးတင်ပါတယ် ဒါဆိုရင်. . .ငါအောက်ကို ဆင်းတော့မယ်”

ချန်ယုတင်းသည် လင်းချင်းအား ကျေးဇူးတင်စွာ ပြောသည်။ လင်းချင်းက သူ့အားခေါင်းပြန်ငြိမ့်ပြသည်။

ချန်ယုတင်းထွက်သွားပြီးနောက် လင်းချင်းသည် လျူကျွင်းအား

“ကျွင်းကျွင်း သူ့အတွက် အခန်းစီစဉ်ပေးလိုက်ပါဦး။ အာ. . .ပြီးတော့ ရှဲ့တုန်းအတွက်ရောပဲ”

စကားပြောနေရင်းတွင်မှ ရှဲ့တုန်းနှင့် ဇွန်ဘီခွေးတို့သည် သူမ၏ နယ်မြေထဲတွင် ရှိနေသေးတာကို သတိရတော့သည်။ ဇွန်ဘီခွေးကို ထုတ်ပေးလို့ကတော့ သေချာပေါက်ကို ဘယ်ဖြစ်မလဲ။ ဒီလိုပြောပြီးနောက် သူမသည် နယ်မြေထဲသို့ ထ၍ဝင်သွားသည်။

နယ်မြေထဲသို့ ဝင်ပြီးနောက် ဆိုဖာပေါ်တွင် မှိုင်းထိုင်းစွာ ထိုင်နေသည့် ရှဲ့တုန်းအား

“အပြင်ကို ထွက်ရအောင်. . . ပြီးခဲ့တာတွေကို ထားလိုက်တော့ တချို့လူတွေက နင်ချစ်ဖို့ မထိုက်တန်ပါဘူး။ နောက်ထပ် ဆက်ဆံရေးတစ်ခု ပြောင်းလိုက်ပြီးတော့ သူ့ကိုမေ့လိုက်သင့်တယ်”

ရှဲ့တုန်းက သူမအား ခေါင်းမော့ကာ နားမလည်သည့်ရုပ်ဖြင့် ကြည့်သည်။ လင်းချင်းဘာပြောသလဲကိုသိဖို့ သူအချိန်အတော်ယူလိုက်ရသည်။ ထို့နောက် ခေါင်းခါပြကာ သူ့အိတ်ကိုလွယ်၍ လင်းချင်းအနားသို့ လျှောက်လာသည်။ လင်းချင်းသည် သူ့လက်မောင်းကိုဆွဲ၍ ပြန်ထွက်လာသည်။

ရှဲ့တုန်းကို အပြင်ထုတ်လာပြီးနောက် လျူကျွင်းသည် တုံတုံကို အောက်သို့ချ၍ ထရပ်လိုက်ကာ ရှဲ့တုန်းနှင့် ရှန်ယုကျန်းတို့ကို အခန်းပြဖို့ အရှေ့ကနေ ဦးဆောင်ထွက်သွားသည်။ 

“နင်တို့နှစ်ယောက် ငါ့နောက်ကနေ လိုက်ခဲ့”

ထို့နောက် လျူကျွင်းက ပြန်လာသည့်အခါ လင်းချင်းကို ထူးဆန်းသည့် အမှုအယာဖြင့် မေးသည်။

“ရှဲ့တုန်းက စိတ်ဓာတ်ကျနေတယ်လို့ ဘာဖြစ်လို့ ငါခံစားရတာလဲ? သူဘာဖြစ်လာတာလဲ?”

လင်းချင်းက ပြောသည်။

“ဪ . . . သူတစ်ခုခု ဖြစ်ခဲ့တာပေါ့။ သူ့ချစ်ခဲ့တဲ့မိန်းမက သူ့ကိုမချစ်တာ သိလိုက်ရတယ်လေ။ ပြီးတော့ သူအိမ်မှာမရှိတုန်း တခြားယောက်ျားတွေနဲ့တောင် ရှိနေလိုက်သေးတယ်။ တကယ်တော့ လူမှန်မဟုတ်တဲ့သူကို ချစ်ခဲ့မိရုံပါပဲ။ ဟိုက သူ့ကိုမချစ်သလို လိမ်လည်းလိမ်သေး။ လိမ်တာကြီးကတော့ အဆိုးဆုံးဆိုတော့ သူကုစားဖို့ အချိန်လိုဦးမှာပေါ့”

လျူကျွင်းက သနားစွာဖြင့် ခေါင်းငြိမ့်သည်။

“သိပြီ”

“ငါသူ့ကို ဆောက်လုပ်ရေးခွင်ထဲကိုပို့ပြီး အာရုံပြောင်းဖို့ အလုပ်တစ်ခုခု လုပ်ခိုင်းထားမှ”

လင်းချင်းက ပြောသည်။

လျူကျွင်းက ဆိုဖာတွင်သွားထိုင်ကာ လင်းချင်းကို ကြည့်၍

“ဒါကောင်းတယ်။ သူ့ကြည့်ရတာ အခုတကယ် လမ်းပျောက်နေသလိုပဲ။ သူ့ဟာသူ ကျော်ဖြတ်နိုင်ဖို့ အချိန်အရမ်းကြာသွားမှာကိုပဲ ငါစိုးရိမ်တယ်”

ရုတ်တရပ် လင်းချင်းသည် တစ်ခုခုကို သတိရသွားကာ လျူကျွင်းအား ခေါင်းမော့၍ မေးသည်။

“နင့်ကိုထားသွားခဲ့တယ်လို့ နင်ပြောတဲ့သူရဲ့ နာမည်က ဘယ်သူလဲ?”

လျူကျွင်းအား ခနပဟေဌိဖြစ်သွားပြီးနောက် မျက်လုံးအရောင်ဖျော့သွားကာ

“ဟွမ်ထန်ဖေး”

လင်းချင်းသည် နောင်တရစွာဖြင့် ပြောသည်။

“ဪ! အဲ့ဒါကြောင့် ရှဲ့တုန်းမိန်းမက သူ့နာမည်ကို ခေါ်နေတုန်းက ငါရင်းနှီးသလို ဖြစ်နေတာ မဆန်းတော့ပါဘူး။ အဲ့တုန်းက သတိမရခဲ့ဘူး! အဲ့ဒီတော့ အဲ့ခွေးကောင်က နင့်ကိုပစ်သွားခဲ့တာပေါ့! ငါသိလို့ကတော့ အဲ့ကောင်နဲ့ကောင်မကို အဝတ်ဖြဲထားခဲ့တာထက် ပိုလုပ်ခဲ့ပါတယ်ဟာ!”

Previous Chapter 401 of 410 Next