၂၄၂။ ရေမသောက်နဲ့တော့
“မမလီလီလို့ခေါ်။ ဇွန်ဘီမလို့ သွားခေါ်မနေနဲ့” လင်းချင်းက နွယ်လေးကို ပြောလိုက်သည်။
‘ဟုတ်ကဲ့’ နွယ်လေးက ပြန်ဖြေသည်။
လင်းချင်းသည် ရေပုန်းနှစ်ခုဘေးတွင်ရပ်ကာ မျက်လုံးကိုမှေးကျဉ်း၍ ရေထဲကစွမ်းအားကို ကြည့်လိုက်သည်။ ခနကြာသည့်အခါ ထိုစွမ်းအားများသည် ဇွန်ဘီများ၏ကိုယ်ထဲသို့ ဖြည်းဖြည်းချင်း စိမ့်ဝင်နေကြောင်းကို တွေ့လိုက်ရသည်။ ခနတွေးပြီးနောက် သူမသည် ခွက်တစ်ခုသွားရှာယူလိုက်သည်။ ကန်ထဲသို့ ခွက်ကိုရေသွားဖြည့်ကာ မျက်နှာသစ်နေသေးသည့် ဇွန်ဘီမဘေးသို့ ပြန်လာသည်။
“ရပြီ ရပြီ။ ရပ်လို့ရပြီ”
လင်းချင်းသည် သူမကိုပြောလိုက်သည်။ မျက်နှာတွင် ဖုန်များမရှိတော့သဖြင့် မျက်နှာပေါ်က အမာရွတ်များက ပိုထင်းလာသည်။ နဖူးတွင်အသားအချို့သည် မရှိတော့ကာ အရိုးများကို မြင်ရသည်။ သူမ၏မျက်လုံးသည် နက်နေအောင်ချိုင့်ကျနေကာ မျက်တွင်းနက်များသည်လည်း ပန်ဒါတစ်ကောင်လို အကြီးကြီးဖြစ်သည်။ လင်းချင်းသည် ဇွန်ဘီမျက်နှာကို သေချာကြည့်သည့်အခါ သူမ၏မျက်နှာသည် အနည်းငယ် နူးညံ့နေသေးကာ အတော်ငယ်သေးသည့်ပုံရသည်။ လင်းချင်းသည် သူမ၏မေးကိုပင့်ကိုင်ကာ ပါးကိုဆိတ်ကြည့်၍ ပါးစပ်ကို ဆွဲဖွင့်ကြည့်သည်။
“ဂါး” ဇွန်ဘီမသည် အော်သော်လည်း လင်းချင်းအား နာခံစွာဖြင့် ပါးစပ်ဟပေးနေရသည်။ သူမ၏သွားစွယ်များ ပေါ်လာသည်နှင့် ဆိုးဝါးသည့်အနံ့တို့က ထွက်လာသည်။ လင်းချင်းသည် ခေါင်းကိုလှည့်လိုက်ရသည်။ အနံ့က အနည်းငယ်ဖျော့သွားမှ လင်းချင်းသည် သူမ၏ပါးစပ်ထဲသို့ ရေကိုလောင်းထည့်ပေးလိုက်သည်။
“ဂလု အ ဂလု” အစတော့ ဇွန်ဘီမသည် ရေကိုမြိုချပင်ပုံရဘဲ လည်ချောင်းထဲတွင် ထိန်းထားသလို အသံထွက်လာသည်။ သို့သော်လည်း လင်းချင်းက သူမကို တစ်ခွက်လုံးကုန်အောင် တိုက်လိုက်သည်။ နောက်တစ်ခွက် သွားခပ်နေစဉ် ဇွန်ဘီမထံမှ ထူးခြားမှုတစ်ချို့ကို ထောက်လှမ်းမိသည်။
“ဝူး ဂါး” ‘ထပ်လိုတယ် ထပ်လိုတယ်’
သူမသည် ဒီသုံးလုံးကို ထပ်ပြောနေသဖြင့် လင်းချင်းသည် အံ့သြသွားသည်။
‘ရေထပ်လိုချင်တာလား? ဇွန်ဘီက တကယ်ကြီး ကန်ရေသောက်ချင်နေတာလား? ချူးလီလီနဲ့ လျူကျွင်းတို့ကတော့ မသောက်ချင်ဘဲနဲ့?’
လင်းချင်းသည် တွေးနေသည်။ သူမသည် မျက်လုံးမှေးကြည့်လိုက်သည့်အခါ ရေပုံးထဲတွင် အစိမ်းရောင်စွမ်းအားများ များနေသည်ကို မြင်လိုက်ရသည်။
‘စွမ်းအားကြောင့်လား? ဒီတစ်ခါ နွယ်လေးက ပိုသန်လာပုံရပြီးတော့ ကန်ရေထဲက စွမ်းအားကလည်း ပိုအစများလာတယ်’
“ဂါး!” လင်းချင်းက ရပ်တွေးနေသည့်အခါ ဇွန်ဘီမသည် အနည်းငယ်စိတ်လှုပ်ရှားစွာဖြင့် အော်ပြသည်။
လင်းချင်းသည် သူမကို ဆွံ့အစွာ ကြည့်လိုက်သည်။ သူမ၏နဖူးက အရိုးပေါ်နေသည့် ဒဏ်ရာက အရမ်းသိသာလွန်းသည်။
‘စိတ်မရှည်နိုင်ဖြစ်နေတာပဲ။ သကြားလုံးလိုချင်တာ မရတဲ့ ကလေးလည်း မဟုတ်ဘဲနဲ့။ ဟုတ်ပြီပဲ ထားပါတော့။ အဆင့်သုံး အဆင့်လေးဇွန်ဘီတွေရဲ့ ဉာဏ်ရည်က လူသားကလေးတစ်ယောက်လောက်ပဲ ရှိတာကိုး’
လင်းချင်းသည် ရေကိုသာလှည့်ခပ်၍ ပြန်လာသည့်အခါ ဇွန်ဘီမသည် ရေပုံးထဲက ရေများကို သောက်နေသည်ကို မြင်လိုက်ရသည်။ “ဟဲ့! မသောက်နဲ့! ဒါကိုသောက်ရင် နင်ဘယ်လိုလုပ် ရေချိုးရမှာလဲ?”
လင်းချင်းသည် ဇွန်ဘီမ၏ မျက်နှာကို အမြန်မကာ လက်ထဲကရေခွက်ထဲက ရေကိုလောင်းတိုက်လိုက်ရင်း “အများကြီးသောက်တာက အကျိုးမရှိဘူး။ တနေ့ကို နှစ်ခွက်ပဲ သောက်ရမယ်။ မနက်ဖြန် စွမ်းအားတွေ အကုန်စုပ်ယူနိုင်မှ ထပ်သောက်လို့ရမယ်။ ပြီးတော့ ပုံးထဲကရေသောက်ခွင့်မရှိဘူး။ ဒါကနင့်ချိုးရေလေ။ ဘယ်လောက်ညစ်ပတ်လဲ သိရဲ့လား?” လင်းချင်းသည် ဇွန်ဘီမကိုကြည့်ကာ သူမပြန်အသိဝင်လာသည့်နေ့တွင် ဒီလိုလုပ်ခဲ့တာကို မှတ်မိပါ့မလား တွေးနေမိသည်။
ဇွန်ဘီမက ဒုတိယခွက်သောက်ပြီးသည့်အခါ လင်းချင်းသည် “ရပြီ ဒီနေ့ထပ်မသောက်နဲ့တော့! ထပ်သောက်ရင် ဖြုန်းတီးနေသလိုပဲ ဖြစ်နေမှာ”
ထို့နောက် သူမသည် ရေထပ်ဖြည့်ကာ ဇွန်ဘီထီးကိုလည်း နှစ်ခွက်တိုက်လိုက်သည်။ ဇွန်ဘီထီးသည် အသက်နှစ်ဆယ်ကျော်အရွယ်ဖြစ်ကာ ငယ်သေးသည်။ သူသည် ဇွန်ဘီမထက် လှုပ်ရှားမှုများမှာ ပို၍နှေးပြီး ရေကိုလည်း ထပ်မတောင်းပေ။
အထီးကို ရေတိုက်ပြီး၍ လင်းချင်းက လှည့်လာသည့်အခါ အမသည် ချိုးရေများကို သောက်နေသည်ကို မြင်လိုက်ရသည်။ ထိုအခါ လင်းချင်းသည် သူမသည်လည်း ကန်ထဲတွင်ရေချိုးမိခဲ့သည်ကို အနည်းငယ်ရွံမိသလို ဖြစ်သွားတော့သည်။
“နင်ထပ်သောက်နေပြန်ပြီ! မသောက်နဲ့တော့!” သူမသည် ရွံ့မိသွားသော်လည်း ရေသောက်နေဆဲဖြစ်သည့် ဇွန်ဘီမကိုတော့ ဆူနိုင်သေးသည်။
“ဂါး!” ဇွန်ဘီမသည် ရပ်သွားသည်။ သို့သော်လည်း သူမသည် ခေါင်းငုံ့၍ ထပ်သောက်ချင်နေသေးပုံဖြင့် စိတ်မကြည်ဖြစ်နေသည်။
လင်းချင်းသည် ဇွန်ဘီနှစ်ကောင်ကို ပတ်ကြည့်ကာ သူတို့၏ကြွက်သားများကို ဆိတ်ကြည့်သည်။ ကြွက်သားများသည် မာသော်လည်း ရာဘာလိုမျိုး ပျော့တွဲတွဲဖြစ်နေသေးသည်။ ထို့နောက် နွယ်လေးအား “နွယ်လေး သူတို့ကို သေချာကြည့်ထား။ ထွက်မပြေးစေနဲ့”
နွယ်လေးသည် အမိန့်ကိုနားလည်စွာဖြင့် နွယ်များကို လှုပ်ပြသည်။ ထို့နောက် လင်းချင်းက နယ်မြေထဲက ထွက်လာသည်။ လှည့်ကြည့်သည့်အခါ သူမသည် လှောင်ချိုင့်ကြီးကို ထပ်တွေ့ရသည်။ အစက လုံချင်းယင်ကို လိပ်ကြီးများလှောင်ဖို့ လုပ်ခိုင်းထားတာဖြစ်သဖြင့် အထဲတွင် လိပ်ကြီးများက ရှိနေသေးသည်။ လင်းဝမ်ဝမ်တို့ကို ဒီလိပ်များအား စားရသည်ဟု ပြောခဲ့သော်လည်း သူတို့က မယုံကြပေ။
လိပ်ကြီးများကို မြင်သည့်အခါ လင်းချင်းသည် ဘာမှမစားရသေးသည်က ကြာပြီဖြစ်ကြောင်း သတိရသည်။ ထို့ကြောင့် လှောင်ချိုင့်နားတွင်ထိုင်ချကာ လိပ်များကိုကြည့်လိုက်သည်။ ထိုအချိန်တွင် လျူကျွင်းသည် သူမ၏သားကိုချီကာ ထွက်လာပြီဖြစ်ပြီး လင်းချင်းအား ရယ်၍မေးသည်။ “ဗိုက်ဆာနေတာတော့ မဟုတ်ဘူးမလား?”
“နည်းနည်းပါ” လင်းချင်းက ခေါင်းငြိမ့်ကာ ပြောသည်။
“နောက်ဆုံးစားတာက ဘယ်လောက်ကြာပြီလဲ? တစ်ပတ်လောက် မရှိသေးဘူးမလား” လျူကျွင်းက ပြောသည်။
လင်းချင်းသည် သူမကိုလှည့်ကြည့်ကာ “နင်ဗိုက်မဆာဘူးလား? ငါဒါတွေကို မတွေ့ခင်က စားချင်စိတ်မရှိပါဘူး။ ဒါပင်မယ့် ဒီမှာလည်း အသုံးမှမဝင်တာ။ ငါပြုတ်စားလိုက်တော့မလို့”
“ပြုတ်မှာ?” လျူကျွင်းသည် အံ့သြသွားကာ “နင်အခု ချက်ထားတဲ့အစာတွေ စားပြီလား?”
“သူ့အတွက် ချက်ထားတဲ့လိပ်က ကောင်းတယ်” လင်းချင်းသည် တုံတုံကို လက်ညိုးထိုးပြကာ ပြောသည်။ “လိပ်စွပ်ပြုတ်က အားရှိတယ်”
“ဪ” လျူကျွင်းသည် သူမ၏သားကို တစ်ချက်ငုံ့ကြည့်ကာ ပြောသည်။
လင်းချင်းသည် သူမကိုတစ်ချက်ကြည့်ကာ လှောင်ချိုင့်ကိုမ၍ အထဲဝင်သွားသည်။ အထဲရောက်သည်နှင့် သူမသည် လိပ်တစ်ကောင်ကိုယူကာ ပျောက်သွားသည်။
လျူကျွင်းသည် နယ်မြေထဲတွင် သွားချက်သည်ဟု ထင်မိသော်လည်း လင်းချင်းက ချက်ချင်းပြန်ပေါ်လာသည်။ လျူကျွင်းဆီသို့ လျှောက်လာကာ “အရင်ပြန်ရအောင်။ မီးဖိုချောင်က ဆားလိုချင်သေးတယ်”
တူယွမ်ရှင်းတို့သည် သေချာထိန်းသိမ်းထားသည့် ဆားများကို တွေ့ခဲ့သည်။ ဆားထုပ်မှ ထုတ်လုပ်သည့်ရက်စွဲသည် လွန်ခဲ့သည့်ငါးနှစ်ဖြစ်၍ ကမ္ဘာပျက်သည်က ငါးနှစ်ကျော်သော်လည်း ဆားသည်တော့ ကောင်းနေသေးသည်။ အခုခေတ်တွင် ဆားသည်အရမ်းရှားသည်။ ကုန်ဆုံးသည့်ရက်က အရေးမပါပေ။
“အင်း” လျူကျွင်းသည် ခေါင်းငြိမ့်ကာ လင်းချင်းနှင့်အတူ ဟိုတယ်ထဲသို့ လိုက်လာသည်။
လင်းချင်းသည် ဟိုတယ်မီးဖိုချောင်ကို ရောက်လာသည်။ ဆိုလာစနစ်က ပြန်သုံးနေလေရာ မီးဖိုချောင်တွင် ပစ္စည်းစုံသည်။ ထို့ကြောင့် လင်းဖန်တို့သည် မီးဖိုချောင်ထဲတွင် ချက်ပြုတ်ကာ အပေါ်ထပ်သို့ ယူစားခြင်း သို့မဟုတ် စားသောက်ခန်းတွင် စားခြင်းတို့ ပြုလုပ်တက်ကြသည်။
လင်းချင်းနှင့် ချူးလီလီတို့ကြောင့် ဘယ်ဇွန်ဘီကမှ ဟိုတယ်နားသို့ မလာရဲကြပေ။ ထို့ကြောင့် ဟိုတယ်၏ မီတာတစ်ရာ ပတ်လည်သည် ဇွန်ဘီကင်းနေရာဖြစ်နေလေရာ လင်းဖန်တို့သည် သတိအပြည့်ထားစရာ မလိုတော့ဘဲ ဟိုတယ်ထဲတွင် လုပ်ချင်တာကို လွတ်လပ်စွာ လုပ်ရနေသည်။