May Honey Logo May Honey
Previous Next

၃၄၀။ လုမိသားစု၏ အငယ်ဆုံးသားပေါ်လာခြင်း

လင်းချင်း စခန်းသို့ရောက်သည့်အခါ ည၈နာရီ ၉နာရီရှိနေနှင့်သည်။ သူမသည် အစောင့်များက မကြားရအောင် ကားကိုရပ်လိုက်လိုက်၍ နယ်မြေထဲသို့ထည့်ကာ စခန်းသို့ လမ်းလျှောက်လာသည်။

ညရောက်နေပြီ ဖြစ်သောကြောင့် တံခါးများက ပိတ်ကုန်သည်။ လင်းချင်းသည် ကိုယ်ဖျောက်ထားကာ စခန်းနံရံကို လက်သည်းများဖြင့် ကုတ်တက်သည်။ နံရံပေါ်သို့ ရောက်သည့်အခါ စခန်းထဲသို့ ခုန်ချလိုက်သည်။

ညအချိန်ဖြစ်သောကြောင့် စခန်း၏နေရာအများစုသည် မှောင်နေကာ အလည်ပိုင်းလောက်တွင်သာ မီးရှိသည်။ တချို့နေရာများတွင် မီးကိုဖြတ်ထားကာ အဓိကအဆောက်အဦးများသာ မီးရှိသည်။ ထို့ကြောင့် စခန်းတွင် နေကြသည့်သူများသည် အရေးကြီးကိစ္စမရှိလျှင် ညပိုင်းကို အပြင်သို့ မထွက်ကြပေ။

သူမသည် Dအပိုင်းသို့ မှောင်နေသည့်လမ်းမှနေ လျှောက်လာသည်။ လင်းဝမ်ဝမ်တို့နှင့် ၁မိုင်လောက်ပဲ ဝေးသည့်နေရာသို့ရောက်သည့်အခါ သူမ၏လမ်းကို ရပ်သွားစေသည့် အနံ့တစ်ချို့ကို ရလိုက်သည်။

သူမသည် မှောင်ပိန်းနေသည့် ထောင့်တစ်ခုသို့သွားကာ ရှန်ယုကျန်းအား စခန်းထဲသို့ ထုတ်ခေါ်လိုက်သည်။ သူမသည် တစ်ဖက်ကို ညွှန်ပြကာ ရှန်ယုကျန်းအား   “ဟိုမှာ နင်လိုချင်တဲ့သူတွေ။ အခု အမှောင်ထဲမှာ နေ့လိုမျိုးပဲ နင်မြင်နိုင်နေပြီ။ ပြီးတော့ လူအနံ့တွေကို နင့်နှာခေါင်းနဲ့ ခွဲခြားလို့လည်း ရနေပြီ။ ဆာလောင်မှုကို ထိန်းချုပ်ပြီးတော့ အပြစ်မရှိတဲ့သူတွေကို မထိခိုက်စေနဲ့”

ရှန်ယုကျန်းသည် ခေါင်းငြိမ့်ကာ လင်းချင်းထိုးပြသည့်ဘက်ကို ကြည့်လိုက်သည်။ လေထဲတွင် အနံ့ခံကြည့်သည့်အခါ သူမသည် အဝေးကနေ ရင်းနှီး၍ ရွံ့ဖို့ကောင်းသည့်အနံ့များကို ရလိုက်သည်။ သူမသည် ချက်ချင်းမျက်လုံးများ ပြူးလာကာ ပါးစပ်ကို ကျယ်ကျယ်ဟ၍ သွားကိုဖြဲသည်။

“သွား”   လင်းချင်းက ပြောသည်။   “သတိထား။ နင့်ကိုနင်မဖော်မိစေနဲ့။ နင်ကအခုလူသားလိုပဲမလို့ စကားမပြောသ၍ အကုန်အဆင်ပြေတယ်”

ရှန်ယုကျန်းသည် ခေါင်းငြိမ့်ကာ လှည့်ထွက်သွားသည်။ လင်းချင်းက ကိုယ်ဖျောက်၍ သူမ၏အနောက်သို့ လိုက်သည်။ သူမပြလိုက်သည့်ဘက်သည် လင်းဝမ်ဝမ်တို့ နေသည့်ဘက်လည်း ဖြစ်နေသည်။

ရှန်ယုကျန်း၏ အနားကနေ သူမသည် ကပ်မလိုက်ဘဲ အနားက အဆောက်အဦးများကို သူမတစ်ချက်ကြည့်ကာ မျောက်တစ်ကောင်လို လျှင်မြန်စွာ တွယ်တက်သွားသည်။

အမိုးပေါ်တွင်ရပ်နေကာ ရှန်ယုကျန်းက အမှောင်ထဲသို့ သွားနေသည်ကို ကြည့်နေလိုက်သည်။ လူအချို့က အနားသို့ရောက်သည့်အခါ သူမသည် ပုန်းတက်ပြီး လူများက ထွက်သွားမှသာ သူမက ဆက်သွားနေတာ ဖြစ်သည်။

ထိုအချိန်တွင် လင်းဝမ်ဝမ်တို့နေသည့် ရပ်ကွက်နားက လမ်းဆုံတစ်ခုတွင် လူနှစ်စုသည် အချင်းချင်းတွေ့ဆုံနေကြသည်။

“ဒုခေါင်းဆောင်ဖြောင်? အရမ်းနောက်ကျနေပြီ ဘာဖြစ်လို့ ဒီကိုလာတာလဲ? အရေးကြီးတာ တစ်ခုခုလုပ်စရာ ရှိလို့လား?”   ဖြောင်ကောချန်အား လမ်းတစ်ဖက်မှ လုထန်ရိက ရပ်၍မေးသည်။ သူ့ဘေးတွင် ကောင်းချင်းမင်း၊ ဟွမ်ရှို့။ လျူကျင်းနှင့် တခြားသူအချို့က ရပ်နေသည်။

လမ်းတစ်ဖက်တွင် ရပ်နေသည့် ဖြောင်ကောချန်သည် အိတ်ထဲသို့ လက်နှိုက်ကာ လုထန်ရိနှင့် ကောင်းချင်းမင်းတို့ကို ခေါင်းအစခြေအဆုံးကြည့်သည်။ ထို့နောက် ပြုံးကာ    “ဪ! မင်းတို့နှစ်ယောက်က ခေါင်းဆောင်ကျိုးဘက်က ဂန္ဓာမာနှစ်ပွင့်မလား? ဒီလိုညဉ့်နက်ကြီးမှ ဒီကိုဘာဖြစ်လို့ မင်းတို့လာသလဲ ငါမေးတော့မလို့ပဲ။ သူများကို ပြောမရတဲ့ ကိစ္စတစ်ခုခု လုပ်မလို့လား? ဘာဖြစ်လို့ အကုန်လုံးက ညဉ့်နက်မှ ဒီကိုရောက်လာကြတာလဲ?”

ဖြောင်ကောချန်၏ စကားနှင့် မျက်နှာထက်က အပြုံးသည် မဖော်ရွေကာ ရွဲ့တဲ့တဲ့လေသံဖြင့် ယုတ်မာရိုင်းဆိုင်းသည့် အကြည့်မျိုးတောင် ပါနေသည်။ ‘ဂန္ဓာမာဖြူနှစ်ပွင့်’ဆိုသည်မှာ ငယ်ရွယ်ချောမောကာ မာနကြီးကြသည့် လုထန်ရိနှင့် ကောင်းချင်းမင်းတို့ နှစ်ယောက်လုံးကို ဆိုလိုခြင်းပင်။ ဒါသည် သူတို့အား တပ်မက်ကာ မရနိုင်ကြသည့် ယောက်ျားများက ပေးထားသည့် နာမည်ပြောင်ပင်။

လုထန်ရိက ခပ်ဖွဖွပြုံးနေကာ သူ့အပြုံးသည် ကျော့ရှင်း၍ ဘာဒေါသမှ မပါပေ။   “ဒုခေါင်းဆောင်ဖြောင် ဒီမှာ ဘာမှလုပ်စရာမရှိရင် ပြန်ပါတော့။ ဒါက Aအပိုင်းက ဧည့်သည်တွေကိုထားတဲ့ Dအပိုင်းပါ။ ဒုခေါင်းဆောင်လို Bအပိုင်းကသူက သူများနယ်နမိတ်ထဲမှာ ပေါ်လာတာမျိုးက မသင့်တော်ပါဘူး”

သူ့ဘေးက ကောင်းချင်းမင်းသည်လည်း ပြုံးနေသည်။ သို့သော်လည်း သူ့အပြုံးကတော့ လုထန်ရိလိုမဟုတ်ဘဲ အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်နေသလိုပင်။ ဒီအပြုံးသည် သူ့လိုမျိုး သိသာသည့် ယောက်ျားလည်းမဆန် မိန်းမလည်းမဆန်ဘဲ ကြည့်ကောင်းသည့်သူထက်တွင် အရမ်းကို ကြည့်ကောင်း၍ ဆွဲဆောင်မှုရှိနေတော့သည်။

ဖြောင်ကောချန်က သူတို့ကိုခေါ်လိုက်သည့် အသုံးနှုန်းဖြင့် ပတ်သက်၍ သူတို့က သိသာသည့်အမှုအယာ မပြဘဲ အပြုံးကို ဆက်ထိန်းထားသည်။ သို့သော်လည်း သူတို့အနောက်က လူများကတော့ မျက်နှာများ ပျက်ကုန်ကြသည်။ သူတို့သည် မဲမှောင်နေသည့် မျက်နှာများဖြင့် ဖြောင်ကောချန်တို့ကို စိုက်ကြည့်ကြသည်။

ဖြောင်ကောချန်သည် လုထန်ရိ၏ စကားကို အပြုံးဖျော့ဖျော့ဖြင့် တုန့်ပြန်သည်။   “ငါ့ကိုဒီလိုမျိုး ပြောလို့ရမယ်လို့ ဘာကများ မင်းတို့ကိုထင်စေလဲ ငါသိချင်တယ်။ ငါကမင်းတို့ရဲ့ တိုက်ရိုက်ခေါင်းဆောင်မဟုတ်ပင်မယ့် ငါကဒုခေါင်းဆောင်ကွ။ ငါ့ကိုမပြောခင် မင်းပြောနေတဲ့လေသံကို မင်းအရင်သတိထားစမ်း!”

လုထန်ရိက သူ့သတိပေးချက်ကို လုံးဝကို လျစ်လျူရှု၍   “ဒါက Dဒေသပါ”   သူက အပြုံးဖြင့် ပြောသည်။   “ကျွန်တော်တို့ ဘယ်သူ့ဆီမှာမှ တစ်ယောက်ကို တစ်ယောက် အမိန့်ပေးဖို့ မဖြစ်နိုင်ပါဘူး။ ကျွန်တော်က စေတနာနဲ့ အကြံပေးရုံတင်ပါ။ Bအပိုင်းက ဒုခေါင်းဆောင်အနေနဲ့ ခေါင်းဆောင်ဝူရဲ့ ခွင့်ပြုချက်မရှိဘဲ ညပိုင်းကြီး ဒီကိုဘာလာလုပ်သလဲ ကျွန်တော်က သိချင်ရုံတင်ပါ။ ခင်ဗျားဒီမှာရှိနေတာကို သူသိရင် ပိုအထင်လွဲစရာကြီးမလား? ကျွန်တော်ဒီမှာပေါ်လာတဲ့အကြောင်းကတော့ ခေါင်းဆောင်အမိန့်အရပါ။ ခေါင်းဆောင်ဝူရဲ့ ခွင့်ပြုချက်လည်း ပါတာပေါ့ဗျာ”

ဖြောင်ကောချန်၏ အပြုံးသည် ဖြည်းဖြည်းချင်း ပျောက်သွားကာ အေးစက်စွာဖြင့် လုထန်ရိအား   “ငါဒီကိုဘာဖြစ်လို့လာတာလည်းဆိုတာက မင်းကိစ္စလား? သူများမုန့်ကို လက်မရွယ်ဖို့ပဲ ငါမင်းကို အကြံပေးလိုက်မယ်!”

ထိုအချိန်တွင် လမ်းဘေးမှ ခြေသံများ ထွက်လာသည်။ ထိုခြေသံများနောက်တွင် သဏ္ဍာန်တစ်ခုက ပေါ်လာသည်။ အနားက လူနေအိမ်များ၏ မီးရောင်က ဒီနေရာကို သေချာမရောက်သဖြင့် သူတို့သည် အမျိုးသမီးတစ်ယောက်၏အရိပ်ကိုသာ မြင်ရသည်။ သူတို့သည် လက်နှိပ်ဓာတ်မီးဖြင့် ထိုး၍ကြည့်လိုက်သည့်အခါ ဆံပင်ရှည်ရှည်ဖြင့် အမျိုးသမီးက သူတို့နားသို့ ဖြည်းဖြည်းချင်းကပ်လာသည်ကို သူတို့မြင်လိုက်ရသည်။

လုထန်ရိတို့သည် အမျိုးသမီးကို အံ့သြစွာကြည့်ကြသည်။ အခုက ညဉ့်နက်နေပြီ။ ပုံမှန်လူများသည် ဒီအချိန်တွင် ထွက်ခဲလေရာ အမျိုးသမီးတစ်ယောက်က တစ်ယောက်တည်း ထွက်လာခြင်းသည် အရမ်းကို ထူးဆန်းနေသည်။

အမျိုးသမီး၏ မျက်နှာကို သေချာမြင်ရသည့်အခါ ဖြောင်ကောချန်၏ မျက်နှာသည် ပြောင်းသွားသည်။ သူ့ဘေးကလူအား သူမကို မေးငေါ့ပြကာ    “ဘာဖြစ်လို့ ဒီကိုရောက်နေတာလဲ?”   ‘ဒီမိန်းမက Fအပိုင်းက အခန်းထဲမှာ ပိတ်ခံထားသင့်တာမလား?’

သူ့နောက်က လူများသည်လည်း သူတို့ထံသို့ တစ်ယောက်တည်း လျှောက်လာသည့် အမျိုးသမီးအား စိုက်ကြည့်ကာ ရုပ်များက တည်ကြည်ကုန်သည်။

ရှန်ယုကျန်းသည် ဖြောင်ကောချန်ကို စိုက်ကြည့်၍ လျှောက်လာသည်။ သူမ၏ မဖြီးသင်ရသေးသည့် ဆံပင်များအောက်မှ သူမ၏မျက်နှာသည် အမှုအယာ ကင်းမဲ့နေသည်။

“ဘာဖြစ်လို့ ရပ်နေကြတာလဲ? အမြန်သွားခေါ်ကြ”   ရှန်ယုကျန်းက သူတို့နှင့် ၃မီတာလောက်ပဲ ဝေးတော့သည့်အခါ ဖြောင်ကောချန်သည် သူ့ဘေးကလူကို အော်ပြောသည်။

သူ့စကားကို ကြားသည့်အခါ သူ့လက်အောက်လူများသည် အမြန်ထွက်၍ ရှန်ယုကျန်းအား ဝိုင်း၍ဖမ်းဖို့ လုပ်ကြသည်။

“ခနလေး! ခင်ဗျားတို့ ဘာလုပ်နေကြတာလဲ?”   လုထန်ရိက ဖြောင်ကောချန်အား ရုတ်တရပ် အကျယ်ကြီး ထမေးသည်။ ထိုအချိန်တွင် သူသည် အမြန်ထွက်သွားကာ ရှန်ယုကျန်း၏ အရှေ့တွင် ဒီလူများအား ဝင်တားလိုက်သည်။

“ဘယ်သူလဲ? ဘာဖြစ်လို့  ဒီလောက်နောက်ကျမှ အပြင်ကို ထွက်လာတာလဲ? နေတဲ့နေရာကို ပြန်သွားတော့!”   ကောင်းချင်းမင်းသည်လည်း လျှောက်ထွက်လာကာ ရှန်ယုကျန်း၏ အရှေ့တွင်တား၍ မေးသည်။ 

လုထန်ရိနှင့် ကောင်းချင်းမင်းတို့၏ အနံ့က ဇွန်ဘီဖြစ်သည့် ရှန်ယုကျန်းအတွက် ကောင်းနေလေရာ သူမ၏ဗိုက်သည် စတင်၍မြည်လာသည်။ သူမသည် သူတို့နှင့်ဝေးအောင် နောက်သို့၂လှမ်းလောက် အမြန်ဆုတ်လိုက်ရသည်။ ထို့နောက် သူမသည် ခေါင်းကိုခါကာ ဖြောင်ကောချန်အား လက်ညိုးထိုးပြသည်။ သူမ၏မျက်လုံးထဲတွင် အမုန်းတရားတို့က ပြင်းပြနေသည်။

ကောင်းချင်းမင်းသည် သူမ၏ဒေါသထွက်နေမှုကို ခံစားမိကာ မျက်လုံးထဲမှ အမုန်းတို့ကို မြင်လိုက်သည်နှင့် ဒီမိန်းမက ဘာဖြစ်လို့ ဒီတွင်ရောက်နေသလဲကို နားလည်သွားသည်။ ထို့ကြောင့် ဖြောင်ကောချန်အား လှည့်၍မေးသည်။
“ခင်ဗျား သူ့ကိုမကောင်းတာ လုပ်ထားတယ်မလား?”

Previous Chapter 340 of 410 Next