May Honey Logo May Honey
Previous Next

၃၂၁။ ကြားရဖို့က ဝေးလွန်းတယ်

လုံချင်းယင်သည် သူမအား သေနတ်ဖြင့် စစ်သားများက ချိန်လာသည့်အခါ အလိုလိုမှ တိုနေသည့်စိတ်သည် ပေါက်ကွဲလာတော့သည်။

သူမသည် လက်ကိုမြှောက်လိုက်သည်နှင့် သေနတ်များက တွန့်လိမ်သွားကာ သူတို့ကိုကိုင်ထားသည့်သူတို့ လက်ထဲမှ ပျံတက်သွား၍ လုံချင်းယင်တို့၏ခေါင်းပေါ်တွင် ပုံပျက်ကုန်သည်။ ထို့နောက် သေနတ်တို့က လက်တစ်ချောင်းစာလုံးပတ်ရှိသည့် သံချွန်များအဖြစ်သို့ ပြောင်းသွား၍ စစ်သားများကို ပြန်ပြေးသွားတော့သည်။ သို့သော်လည်း လုံချင်းယင်သည် သံစူးချွန်များဖြင့် မထိုးစိုက်စေဘဲ ချိန်၍ရုံနှင့်တင် ရပ်ထားသည်။

“ဘာရယ်? ကိုယ့်ကလေးကို သူစိမ်းတွေကို နှောင့်ယှက်ဖို့ အားပေးအားမြှောက်လုပ်တယ်? ဒါက နင့်တို့မိသားစုက ကလေးတွေကို သင်တဲ့ပုံစံလား?”   လင်းချင်းသည် အမျိုးသမီးအား အက်ကွဲနေသည့်လေသံဖြင့် ပြောသည်။

ဒီလိုပြောပြီးနောက် သူမသည် ယန်းဟွေ့ကိုကြည့်ကာ နားလည်သလိုဖြင့်   “ဪ ဒါကအကျိုးအကြောင်း စီလျော်သားပဲ။ နင်တို့မိသားစုရဲ့ လူကြီးတွေက ဒီလိုဆိုမှတော့ ကလေးတွေကို သွန်သင်နိုင်ဖို့ နင်တို့ကို ဘယ်လိုလုပ် ထည့်တွက်ရတော့မှာလဲ။ ကလေးက မိသားစုရဲ့ ပုံစံအတိုင်းပဲ ရှိမှာပေါ့။ နဂါးမိသားစုရဲ့ ကလေးက နဂါး၊ ဇာမဏီတွေက ဇာမဏီဖြစ်နေသေးပင်မယ့် ကြွက်ပေါက်တွေကတော့ ဘယ်လိုတွင်းတူးရမလဲ သိတာပေါ့။ ငါပြောတာကို ကြားလား?”

“ဝါး. . .မေမေ! မေမေ!”   ပြတင်းပေါက်အပြင်တွင် ကောင်လေးသည် သူ့အမေကို ကြောက်လန့်တကြား တနေသော်လည်း လင်းချင်းကတော့ သူ့ကိုပြန်ဆွဲတင်ပေးဖို့ စိတ်ကူးမရှိသည့်ပုံပင်။

“ငါနင့်ကိုပြောလိုက်မယ်. . .နင်သာ ငါ့သားကို ထိခိုက်အောင် လုပ်ရဲလို့ကတော့ နင်တို့တစ်ယောက်ချင်းစီကို ငါခံစားရအောင် ပြန်လုပ်မယ် ငါ့သားကို အခုချပေး!”   အမျိုးသမီးသည် လင်းချင်းအား ဒေါသတကြီးအော်ဟစ်သည်။

လင်းချင်းသည် သူမကိုကြည့်လိုက်ကာ သူမမျက်လုံးထဲတွင် အေးစက်သည့်အလင်းက တောက်ပနေသည်။   “ငါ့ကိုအခု လက်လွှတ်လိုက်လို့ ပြောနေတာလား?”   သူမက မေးသည်။   “လုပ်လို့ရတယ်။ နင့်တို့ခေါင်းဆောင်ကို ငါ့မိသားစုကို လက်စားချေဖို့ သွားပြောလိုက်လေ။ ငါ့စောင့်နေပါ့မယ်”   ဒီလိုပြောကာ သူမက ခေါင်းခါသည်။

“ဝါး. . .”   ဒီလိုပြောလိုက်သည်နှင့် အပြင်က ကောင်လေးသည် ကြောက်လွန်း၍ အော်ငိုသည်။ သူ့ဘောင်းဘီဂွကြားသည် စိုကုန်ကာ အဝါရောင်အရည်များက ဆင်းကျလာသည်။

“မဟုတ်ဘူး ရပ်!”   အမျိုးသမီး၏ မျက်နှာသည် ဖြူဖပ်သွားသည်။

လင်းချင်းသည် လင်းဝမ်ဝမ်ကို ညွှန်ပြကာ ယန်းဟွေ့တို့ မောင်နှမကိုကြည့်၍   “သူ့ကိုတောင်းပန်လိုက်. . .မဟုတ်ရင် နင့်သားကို ပြန်မရဘူး!”

ယန်းဟွေ့တို့ မောင်နှမသည် အချင်းချင်းတစ်ချက်ကြည့်ပြီးနောက် လင်းဝမ်ဝမ်အား အံ့ကြိတ်၍ ‘တောင်းပန်တယ်’ဟု ပြောကြသည်။

“ဘာပြောလိုက်တာ? နင်တို့က အရမ်းဝေးနေတော့ ငါမကြားရဘူး”   ထိုအချိန်တွင် လင်းဝမ်ဝမ်က သူမကိုယ်သူမ တည်ငြိမ်အောင်လုပ်၍ မျက်နှာထက်တွင် ဘာအမှုအယာမှ မရှိတော့ဘဲ သူတို့ကို လှမ်းပြောသည်။

“ကျယ်ကျယ်ပြော! နင်တို့ဘာမှမစားရသေးလို့လား?”   လင်းချင်းသည် အေးစက်စွာဖြင့် လှမ်းအော်သည်။

ထို့နောက် မောင်နှမနှစ်ယောက်သည် ဒေါသထွက်လွန်း၍ သူတို့နဖူးတွင် သွေးကြောများထောင်ထနေလာသည်။ သူတို့သည် အံ့ကိုကြိတ် လက်သီးကိုတင်းနေအောင်ဆုပ်၍ အသက်ဝဝရှုကာ လင်းဝမ်ဝမ်အား အကျယ်ကြီး အော်ပြောသည်။   “တောင်းပန်တယ်!”

ဒီအသံကိုကြားရမှ လင်းချင်းသည် ဘောင်းဘီထဲတွင် သေးပေါက်ချခဲ့သည့် ကောင်လေးအား ပြန်တင်ပေးလိုက်သည်။ 

“ငါ့ကလေး!”   လင်းချင်းက သူ့သားကို ပြန်တင်ပေးလိုက်မှ အမျိုးသမီးသည် အမြန်ပြေးသွားကာ သူ့သားကို တင်းနေအောင်ဖက်လိုက်သည်။

“ဝါး. . .မေမေ! မေမေ!”

ထို့နောက် လင်းချင်းသည် အမုန်းအပြည့်ဖြင့် သူမကို ကြည့်နေကြသည့် ဒီမောင်နှမနှစ်ယောက်ကို တစ်ချက်ကြည့်ကာ ပြောသည်။   “ငါနင်တို့ကို သတိမပေးခဲ့တာ မဟုတ်ဘူးနော်။ ငါတို့ထဲက တစ်ယောက်ယောက်သာ တစ်ခုခုဖြစ်လို့ကတော့ နင်တို့ကို ငါလာရှာမှာ။ ပြီးတော့ နင်တို့ကလေးနှစ်ယောက်ကို ဘယ်လို လုံခြုံအောင် ထိန်းနိုင်မလဲဆိုတာ ငါသိချင်သား။ နင်တို့သိဖို့လိုတာ ယန်းချောင်းဆိုတဲ့ကောင်က ငါ့မျက်လုံးထဲမှာတော့ ဘာကောင်ကြီးမှ မဟုတ်ဘူး!”

စကားပြောပြီးသည့်အခါ သူမသည် သရဲလိုမျိုး အစအနမကျန်အောင် ပျောက်သွားတော့သည်။ ထိုအခါ ယန်းဟွေ့တို့ မောင်နှမအပါအဝင်  အနားတွင်ရှိနေသည့် လူတိုင်းမှာ ကြောက်လန့်သွားကြတော့သည်။

အစတုန်းက လင်းချင်းဘယ်လိုပေါ်လာသလဲကို ဘယ်သူကမှ သတိမထားမိပေ။ အခုတော့ လူတိုင်း၏ မျက်စိရှေ့တွင် ပျောက်ကွယ်သွားသည့်အခါ ဒီနေရာတွင် အစွမ်းရောင်အစွမ်းပိုင်ရှင်အချို့ ရှိနေတာတောင်မှ သူမက ဘယ်ကိုထွက်သွားသလဲကို မသိနိုင်ပေ။ သူမပြောသည့်အရဆိုလျှင် သူမသည် စခန်းခေါင်းဆောင် ယန်ချောင်းကို လုံးဝကို မကြောက်တာ ဖြစ်သည်။

ရုတ်တရပ် အမျိုးသမီးသည် ခေါင်းကိုမော့ကာ လင်းဝမ်ဝမ်တို့ကို လက်ညိုးထိုးပြ၍ ယန်းဟွေ့အား   “သူတို့ကိုဖမ်းပေး! ငါ့သားကို ထိခိုက်အောင်လုပ်တဲ့ အကျိုးဆက်ကို သူတို့ကို သိစေရမယ်!”

သူမ၏သားက သူမရင်ခွင်ထဲတွင် တုန်ရီနေကာ သေးနံ့များဟောင်နေအောင် ထွက်နေသည်ကို မြင်ရသဖြင့် သူမ၏အသိစိတ်ကို ရင်ထဲကအမုန်းက အနိုင်ယူသွားသည်။ အခုတော့ သူမသည် လက်စားချေချင်တာကလွဲရင် ဘာကိုမှ မသိတော့ပေ။ လင်းချင်းက ပျောက်သွားသည်နှင့် သူမသည် လင်းဝမ်ဝမ်တို့ကို လက်စားချေဖို့ လုပ်တော့သည်။

“မတော်နိုင်ကြသေးဘူးလား?”   လူစု၏နောက်နေ အသံတစ်သံက ထွက်လာသည်။ လူတိုင်းက ထိုအသံလာရာကို လှည့်ကြည့်၍ လမ်းဖယ်ပေးလိုက်ကြသည်။ ထို့နောက် ဝူချန်းယွဲ့သည် လူအုပ်ထဲမှ သူ့သမီးကိုချီလာကာ မျက်နှာချိုချိုဖြင့် လျှောက်လာသည်ကို မြင်ရသည်။

“ယန်းဟွေ့! ယန်းယန်! ဒီလူတွေက ငါ့ဧည့်သည်တွေ။ မင်းတို့ ပြဿနာရှာမယ်ဆိုရင်လည်း လူကိုသေချာရွေး!”   ဝူချန်းယွဲ့သည် ပြုံးကာ လင်းဝမ်ဝမ်တို့ဆီသို့ လျှောက်လာပြီး လင်းဝမ်ဝမ်အား ပြုံးရင်း   “လင်းမိန်းကလေး အခုသွားလို့ရပြီ။ ငါဒီလူတွေကို ကိုင်တွယ်လိုက်မယ်။ အခုကစပြီးတော့ ပိုသတိထားကြပါ။ တချို့လူတွေက နောက်ကျောကနေ ဓားနဲ့ထိုးနိုင်တယ်”

“ကျေးဇူးတင်ပါတယ်”   လင်းဝမ်ဝမ်သည် သူ့ကိုခေါင်းငြိမ့်ကာ ဖြေသည်။ ယန်းယန်နှင့် ယန်းဟွေ့တို့အား သူမသည် အေးစက်စွာ တစ်ချက်ကြည့်ကာ တခြားသူများဖြင့် လှည့်ထွက်သွားသည်။

လုံချင်းယင်သည် လက်ကိုယမ်းလိုက်သည့်အခါ ခုနက စစ်သားများကို ချိန်ရွယ်ထားသည့် သံစူးချိန်များသည် စစ်သားများ၏ခြေထောက်နှင့် စင်တီမီတာ အနည်းငယ်ပဲကွာသည့် နေရာများသို့ ထိုးစိုက်ကုန်ကြသည်။

ထို့နောက် လင်းဝမ်ဝမ်တို့ကို စောင့်ရှောက်ပေးနေသည့် စစ်သားများသည် ဝူချန်းယွဲ့ဆီသို့ ပြန်လာကြကာ အနားသို့ကပ်၍ တစ်ခုခုကို ပြောလိုက်သည်။

“ဝူချန်းယွဲ့! နင်သူတို့ကို မကာကွယ်နိုင်ပါဘူး! သူတို့က မရှုပ်သင့်တဲ့သူတွေနဲ့ လာရှုပ်သွားတာ! ပြီးတော့ ဒီအကြောင်းကို သူတို့သိအောင် ငါလုပ်ရမယ်!”   ယန်းယန်သည် ဝူချန်းယွဲ့၏ စကားများကို ကြားသော်လည်း အလျော့မပေးချင်သေးပေ။ ထို့အစား ဒီလိုဒေါသတကြီးအော်သည်။ သို့သော်လည်း လင်းဝမ်ဝမ်တို့ကတော့ သူတို့ကို လှည့်တောင်မကြည့်ဘဲ ထွက်သွားလေပြီ။

ဝူချန်းယွဲ့ကို အော်ပြီးနောက် သူ့သားကို ပွေ့ချီကာ တစ်ချိန်လုံး ကြောင်အစွာ ရပ်ကြည့်နေသည့် သူ့သမီးထံသို့ လျှောက်သွားသည်။   “ယွင့်ယွင့် ပြန်ကြမယ်”

ယန်ဟွေ့သည် အနောက်ကနေ လိုက်ကာ သူ့တူမလေး၏ လက်ကိုဆွဲ၍ အတူပြန်သွားကြသည်။ ဘယ်သူကမှ ယူ၍ထိ၍မှာ မဟုတ်သောကြောင့် သူ့ဆိုင်က ပစ္စည်းများကိုတောင် သိမ်းမနေတော့ပေ။ 

ဒီနှစ်ဖွဲ့က ထွက်သွားတော့မှ ဝူချန်းယွဲ့သည် သက်ပြင်းချရသည်။ သူသည် ဒီနားကနေ ဖြတ်သွားတာ ဖြစ်သည်။ သို့သော်လည်း ဆူညံ့သံများကို ကြား၍ လာကြည့်သည့်အခါ ဒီနေရာတွင် လူများကစုနေကြသဖြင့် တစ်ခုခုဖြစ်တာကို သိလိုက်သည်။

အနားသို့ ရောက်လာသည့်အခါ ဇွန်ဘီမသည် ယန်းချောင်း၏တူကို ပြတင်းပေါက်အပြင်သိုထုတ်၍ တွဲလောင်းချထားကာ ခြိမ်းခြောက်နေသည်ကို မြင်လိုက်ရသည်။ ထိုအချိန်တွင် ယန်းယန်နှင့် ယန်းဟွေ့တို့ နှစ်ယောက်လုံးသည် ကြောက်လန့်နေကြပုံရသည်။ ဒီမောင်နှမ၏ စရိုက်များကို သိနေသဖြင့် သူတို့က ဇွန်ဘီမကို အရင်သွားစမိ၍ ဟိုက ဒီလိုပြန်ခြိမ်းခြောက်နေတာ ဖြစ်မည့်အကြောင်းကို သိလိုက်သည်။

သူခနလောက် ဆက်ကြည့်နေသည့်အခါ ဇွန်ဘီမက လင်းဝမ်ဝမ်အား သူတို့ကို တောင်းပန်ခိုင်းခဲ့သည်။ ထိုအခါ သူ့ခန့်မှန်းချေကာ မှန်သွားသည်။ ဒီဇွန်ဘီမက ပါးကိုက်ရင် နားကိုက်တာမျိုး လုပ်လိုက်သည်ဟု သူခံစားရသည်။

ယန်းယန်က သူမ၏သားက ဒီလိုမျိုးစတာကို အားပေးအားမြှောက်လုပ်သဖြင့် ဇွန်ဘီမသည် ကောင်လေးကိုလည်း ဒီလိုဆိုးဝါးသည့် နောက်ခြင်းမျိုး ပြန်လုပ်လိုက်သည်။ သို့သော်လည်း ဇွန်ဘီမသည် ဖြစ်နိုင်ချေတို့ကို ထည့်တွက်ပုံမရပေ။ ယန်းချောင်းသည် ဒီအတွက် လင်းဝမ်ဝမ်တို့ကို သေချာပေါက်ကို ပြန်လက်စားချေတော့မှာ ဖြစ်သည်။

ဝူချန်းယွဲ့သည် ခနတွေးပြီးနောက် မုန့်ယွဲ့အား   “ဒီလူတွေကို စောင့်ရှောက်ဖို့ လူနည်းနည်းလောက် ခိုးပို့ထားချေ။ တစ်ခုခုဖြစ်ရင် ဖြစ်နိုင်သမျှ အမြန်ဆုံးငါ့ကိုသတိပေး”

မုန့်ယွဲ့သည် ခေါင်းငြိမ့်ကာ လှည့်ထွက်သွားသည်။ 

ဝူချန်းယွဲ့ကတော့ ဝူယွဲ့လျန်နှင့် သူ့နောက်လိုက်များဖြင့် သူတို့သွားမည့်နေရာသို့ ထွက်သွားသည်။  
Previous Chapter 321 of 410 Next