၃၆၁။ နင်လုပ်နိုင်တာက ဒါအကုန်ပဲ
အပြင်ကလူများသည် တစ်ယောက်ကို တစ်ယောက် ကြည့်9နေမိကြသည်။ လင်းချင်းက နားမလည်စွာဖြင့် ခေါင်းထောင်လာကာ တခြားသူများကို ကြည့်၍ “ငါပြောတာက မှားသွားလို့လား?”
ယွမ်ထန်ရှင်းသည် ခေါင်းကိုခါ၍ သက်ပြင်းချကာ “မဟုတ်ဘူး။ နင်မှန်ပါတယ်။ နင်ပြောတာကို အခုအချိန်မှာ လက်မခံနိုင်သေးလို့ ဖြစ်မှာပါ။ အရင်တုန်းက သူကလည်း ဟေးဒီးစခန်းရဲ့ မင်းသမီးလေး ဖြစ်ခဲ့တာပဲကို။ အခုတော့ သူရင့်ကျတ်ဖို့ သင်ယူဖို့ လိုနေပြီ”
လုံချင်းယင်သည် လက်ကိုပိုက်၍ အမှုအယာမဲ့စွာဖြင့် “ရင့်ကျတ်မှကိုဖြစ်မှာ။ ခေါင်းဆောင်ရဲ့ ကာကွယ်မှုက မရှိတော့လို့ သူ့ကိုယ်သူ ဘယ်လိုကာကွယ်ရမလဲဆိုတာက သင်ယူဖို့ တကယ်လိုနေပြီ”
အိပ်ခန်းထဲတွင် လင်းဝမ်ဝမ်သည် တံခါးကို မှီထိုင်နေကာ သူများပြောသည်များကို နားထောင်နေသည်။ ထို့နောက် သူမသည် ဖြည်းဖြည်းချင်းထလိုက်၍ မှန်တင်ခုံတွင် သွားထိုင်လိုက်သည်။
မှန်ထဲက ဆံပင်ရှည်ဖြင့် မိန်းကလေးကို စိုက်ကြည့်နေပြီးနောက် သူမ၏ ရင်ဘတ်ပေါ်က တောက်ပြောင်နေသည့် ဆံပင်နက်များကို ငုံ့ကြည့်လိုက်သည်။ သူမသည် ဆံပင်များကို လက်ဖြင့် သပ်လိုက်ကာ သက်ပြင်းချလိုက်သည်။ ထို့နောက် အံ့ဆွဲထဲက ကပ်ကြေးကိုယူကာ နားရွက်အောက်နားကနေ ဒီဆံပင်ရှည်များကို ကိုက်ချပစ်လိုက်တော့သည်။
လင်းချင်းသည် အသေးလေးကို ပုံဆွဲတက်အောင် သင်ပေးနေသော်လည်း ဒီနေရာနားမှာ ဆူညံသံတို့က ဆက်တိုက်ထွက်ပေါ်နေတာကြောင့် နားကိုစွန့်ထားဖြစ်သည်။ လူတို့သည် ဒီအသံများကြောင့် စခန်းအလည်တွင် ဘာဖြစ်နေသလဲကို အရမ်းသိချင်နေကြပြီ။
ထိုအချိန်တွင် အုပ်ချုပ်ရေးရုံး၏ အပေါ်ဆုံးအထပ်သည် ဆိုးဆိုးဝါးဝါးကို ပျက်စီးနေတာ ဖြစ်သည်။
ယန်းချောင်းသည် လေပွေပေါ်တွင်ရပ်နေလျှက် လေထဲတွင် မျောနေချိန်မှာ ဝူချန်းယွဲ့က အမိုးပေါ်တွင် လက်ကိုနောက်ပစ်လျှက် ရပ်နေသည်။ သူ့၏ဒူးဖုံး ကုတ်အကျီအရှည်သည် လေထဲတွင်လွင့်နေကာ သူ့ခြေတံရှည်များကို ဖော်ပြထားသလို ဖြစ်နေသဖြင့် ဒီပိန်ပိန်ရှည်ရှည်ယောက်ျားသည် အရမ်းကိုကြည့်၍ ကောင်းနေလှသည်။ သူသည် မေးကိုမော့ထားကာ လေထဲက ယန်းချောင်းကို အေးစက်စွာ အပြုံးဖွဖွဖြင့် ကြည့်နေသည်မှာ အရမ်းကို ချောမောလွန်းသည်။
အဆောက်ဦးနားကလူများသည် အမိုးပေါ်ကို နားမလည်စွာ ကြည့်နေကြပြီး အဆောက်ဦးထဲကလူတိုင်းကတော့ ဘေးကင်းရာ၍ ရွေ့ပြောင်းနေပြီးကြပြီ ဖြစ်သည်။
ဝူချန်းယွဲ့၏ခေါင်းအထက်တွင် တိမ်မည်းထူထူကြီးတစ်ခုရှိနေကာ ဒီတိမ်မည်းကြီးကြောင့် ဒီနေရာတစ်ခုလုံးသည် မှောင်တော့မတက် ဖြစ်နေသည်။ ထိုတိမ်မည်းများထံမှ မိုးခြိမ်းသံများကိုလည်း တစ်ချိန်လုံးကြားနေရကာ လျှပ်စီးများက တဖြတ်ဖြတ်လက်နေသည်။
ကျိုးရှုဟွေ့သည် ဝရံတာတစ်ခုပေါ်တွင် ရပ်နေကာ ထိုဝရံတာကိုထွက်သည့် တံခါးဝကမှန်များကတော့ သူနှင့် တခြားခေါင်းဆောင်နှစ်ယောက်၏ တိုက်ခိုက်မှုကြောင့် ကွဲအက်နေလေပြီ။
“ယန်းချောင်းက အန္တရာယ်များတဲ့ ပိုးမွှားစမ်းသပ်ချက်ကို ဒီစခန်းကလူတွေနဲ့ လုပ်ခဲ့တယ်။ ဒီအကြောင်းကြောင့် အရင်လမှာ ပျောက်သွားခဲ့တဲ့ လူတိုင်းက သေဆုံးကုန်ကြပြီ။ နစ်နာသူ အရည်အတွက်က ငါးရာအထက်မှာ ရှိတယ်။ ခေါင်းဆောင်ဝူ၊ ငါနဲ့ တခြားအရာရှိတွေက ဒီစမ်းသပ်ချက်ကိုလုပ်တဲ့ ယန်းချောင်းနဲ့ သူ့အမိန့်အရလုပ်ရတဲ့လူတိုင်းကို စခန်းကနေ နှင်ထုတ်ပစ်မယ်လို့ သဘောတူလိုက်ပြီ။ နာမည်စာရင်းက မကြာခင် ထွက်လာမှာပါ။ စခန်းရဲ့ ငြိမ်းချမ်းရေးအတွက် ငါတို့အတူ အပြစ်ပေးကြရအောင်!” ကျိုးရှုဟွေ့၏ အသံသည် အဆောက်ဦးပေါ်ကနေ ပဲ့တင်သံဖြင့် ကျယ်လောင်စွာ အောက်ကလူ အကုန်လုံးကြားရအောင် ထွက်ပေါ်လာသည်။
“ဘာ? လူတွေကိုဖမ်းသွားတာကသူလား! ဘာပိုးစမ်းသပ်ချက်လဲ?”
“အကုန်သေကုန်ကြပြီလား?”
အဆောက်ဦးနားတွင်စုနေကြသည့် လူတို့သည် ချက်ချင်းဆူကုန်ကြတော့သည်။ သူတို့သည် ကြားရသည်ကို မယုံနိုင်ဖြစ်နေသလို စခန်းမှနယ်နှင်ဒဏ်ပေးခြင်းကိုလည်း သဘောမတူချင်ကြပေ။
“ဘာဖြစ်လို့ ထွက်သွားခွင့်ပြုရမှာလဲ? လူအများကြီး သူတို့သတ်ခဲ့တာကွ ငါတို့မသွားခိုင်းနိုင်ဘူး သူတို့သတ်ခဲ့တဲ့အသက်တွေအတွက် ပြန်လျော်ပေးရမယ်”
“ဒါအမှန်ပဲ ခေါင်းဆောင်ကျိုး ထွက်သွားခွင့်မပေးပါနဲ့ ဒီအရူးကောင် ယန်းချောင်းက သေသင့်တယ် အသက်ရှင်နေတဲ့လူတွေနဲ့ ဘယ်လိုများ စမ်းသပ်ရဲတာလား? ခွင့်မလွှတ်နိုင်စရာပဲ”
ထိုအချိန်တွင် ကျိုးရှုဟွေ့က ပြန်ဖြေသည်။ “မပူကြပါနဲ့ ယန်းချောင်းက အဓိက ကြိုးကိုင်သူပဲ။ ငါတို့သူ့ကိုသွားခွင့် မပေးပါဘူး။ ခေါင်းဆောင်ဝူ ဘာလုပ်မလဲကို ငါတို့စောင့်ကြည့်ကြတာပေါ့”
လေထဲက ယန်းချောင်းသည် နှာခေါင်းရှုံကာ “ငါ့ကိုဖမ်းချင်တာလား? လုပ်နိုင်မှာတဲ့လား?”
ဒီလိုပြောကာ သူသည်လက်ကိုယမ်းလိုက်သ်ည့အခါ လေပြင်းတို့သည် ဒီလူအုပ်ထံသို့ ချက်ချင်းတိုက်ခိုက်ကုန်သည်။
“အား”
“တစ်ခုခုကို ကိုင်ထားကြ”
“ပုန်းကြ ပုန်းကြ”
မြေပင်ပေါ်ကလူများသည် သူတို့ကြည့်နေသည်ကို မေ့သွားကြသည်။ လေပြင်းအောက်တွင် သူတို့သည် ခိုလုံရာကို ချက်ခငျ်းရှာကြသည်။ လှုပ်ရှားမှုနှေးသည့်သူများများကတော့ လေပြင်းတိုက်ခံသွားရကာ မြေပြင်ပေါ်သို့ အရှိန်ဖြင့် လဲကျလာသည်။ အချို့ကတော့ လေထဲတွင် မျောပါကုန်ကြသည်။
မိုးခြမ်းသံများနောက် ခရမ်းရောင်မိုးကြိုးတို့က ကောင်းကင်ကနေ ဆင်းသက်လာကာ ယန်းချောင်းကို ပစ်တော့သည်။ ယန်းချောင်းသည် လွတ်ရာသို့ အမြန်ရှောင်သည်။ သို့သော်လည်း သူခြေချလိုက်ရုံနှင့် သူ့ခေါင်းပေါ်သို့ မိုးကြိုးက ပစ်ချနှင့်ပြီးသားပင်။
အုပ်ချုပ်ရေးရုံး၏ အမိုးပေါ်တွင် ဝူချန်းယွဲ့သည် သူ့လက်ကိုလှုပ်၍ ယန်းချောင်းရှိရာသို့ လက်ဖြင့်မျဉ်းတစ်ခု ဆွဲလိုက်သည်။ ထိုအခါ လက်မောင်းလုံးလောက်ရှိသည့် မိုးကြိုးတို့သည် ယန်းချောင်း၏ခေါင်းပေါ်တွင် လှိုင်းများလို ရိုက်ခတ်နေတော့သည်။
လေစွမ်းအားရှင် ယန်းချောင်း၏ တိုက်ခိုက်မှုများသည် ဝူချန်းယွဲ့၏ တိုက်ခိုက်မှုများထက် အားနည်းသော်လည်း ရှောင်ရာတွင်တော့ အကောင်းဆုံး ဖြစ်သည်။ သူသည် လျှင်မြန်စွာ ရှောင်နေကာ ဝူချန်းယွဲ့၏ မိုးကြိုးများအား သူ့ကိုဖြင့် အထိမခံပေ။
“ဟား ဟား ဒါက မိုးကြိုးစွမ်းအားရှင် လုပ်နိုင်တာပဲလား?” ရှောင်နေရင်းဖြင့် ယန်းချောင်းသည် ဝူချန်းယွဲ့အား လှောင်ပြောသည်။ သူ့အသံထဲတွင် အစွမ်းများထည့်ထားသဖြင့် အဝေးကလူများကတောင် ကြားနိုင်သည်။
ဝူချန်းယွဲ့သည် သူ့အားလက်ချောင်း ရှည်ရှည်သွယ်သွယ်များကို ယန်းချောင်းရှိရာသို့ ညွှန်ပြလိုက်သည်။ သူ့လှုပ်ရှားမှုအောက်တွင် မိုးကြိုးများက ထိုနေရာသို့ ကျလာသည်။
ယန်းချောင်းပြောသည်ကို ကြားသည်နှင့် သူသည် အပြုံးဖျော့ဖျော့ဖြင့် “မိုးကြိုးစွမ်းအားရှင်က ဘာလုပ်နိုင်လဲ မင်းသိချင်နေတယ်မလား? မင်းဆန္ဒကို ဖြည့်ပေးရတာပေါ့”
စကားပြောပြီးသည်နှင့် သူ့လက်ချောင်းများကို ဖြန့်လိုက်၍ လက်နှစ်ဖက်လုံးကို လက်သီးဆုပ်လိုက်ကာ လက်နှစ်ဖက်လုံးကို အောက်သို့ချလိုက်သည်။ ထိုအခါ ယန်းချောင်း၏အပေါ်က ကောင်းကင်သည် မှောင်မိုက်သွားကာ သူ့အပေါ်သို့ တိမ်မည်းများက ရုတ်တရပ်နိမ့်ဆင်းလာသည်။ မိုးကြိုးများသည်လည်း မိုးစက်များ ရွာသွန်းသလိုမျိုး ယန်းချောင်းအပေါ်သို့ ကျလာတော့သည်။
ယန်းချောင်းသည် ဘာဖြစ်သလဲကို ခေါင်းမော့ကြည့်လိုက်သည့်အခါ နောက်ကျသွားနှင့်ပြီ။ မိုးကြိုးမိုးသည် နေရာကြီးကြီးမားမားတော့ ရွာတာမျိုးမဟုတ်ဘဲ မီတာနှစ်ဆယ်ပတ်လည်လောက်သာ ရွာတာဖြစ်သလို မိုးကြိုးများ ကျဆင်းသည့်အရှိန်ကလည်း အရမ်းကိုမြန်လွန်းသည်။ သူဘယ်လောက် မြန်မြန်ပြေးနိုင်ပါစေ ဒါကိုတော့ မရှောင်နိုင်တော့ပေ။
“အား. . .” ယန်းချောင်းသည် သူ့ကိုယ်သူလေဖြင့် ကာကွယ်ရင်း မြန်နိုင်သမျှမြန်မြန် ဒီမိုးကြိုးမိုးထဲမှ ထွက်ပြေးသည်။ သို့သော်လည်း အံ့သြဖို့ကောင်းသည်မှာ ဒီမိုးကြိုးမိုးတို့သည် သူပြေးရာနောက်သို့ ကြောက်ဖို့ကောင်းအောင် လိုက်ပါလာခြင်းပင်။ မကြာခင်တွင် မိုးကြိုးများမှန်ကုန်ကာ ကြမ်းပြင်ပေါ်တွင် လဲကျသွားတော့သည်။
ယန်ချောင်းသည် နိုင်မည့်အခွင့်အရေး မရှိတော့သည်ကို မြင်သည့်အခါ ထန်ဟေးမှာ ချက်ချင်းထွက်ပြေးဖို့ လုပ်တော့သည်။
“ရပ်စမ်း ပြေးချင်နေတာလား?” ကျိုးရှုဟေါ့သည် ထန်ဟေးကို တစ်ချိန်လုံး စောင့်ကြည့်နေတာ ဖြစ်လေရာ တစ်ဖက်က နောက်ဆုတ်သည်နှင့် ချက်ချင်းကို လိုက်တော့သည်။
ယန်းချောင်းသည် ကြမ်းပြင်ပေါ်တွင် လဲကျနေသော်လည်း တစ်ကိုယ်လုံးကို လေဖြင့်ကာထားသဖြင့် မိုးကြိုးဒဏ်ကြောင့် ဒဏ်ရာပြင်းပြင်းထန်ထန်တော့ မရသေးပေ။ ကြမ်းပြင်ပေါ်တွင် လဲနေရင်းဖြင့် ထန်ဟေးက ထွက်ပြေးနေသည်ကို မြင်သွားသည်။
“ဘယ်လိုအကူမျိုး မင်းရှာထားတာလဲ? သူ့အတွက် အခြေအနေမကောင်းမှန်းသိတာနဲ့ ချက်ချင်းထွက်ပြေးဖို့ ဆုံးဖြတ်သွားတယ်။ တော်သားပဲ” ဝူချန်းယွဲ့သည် အဆောက်အဦးပေါ်က ခုန်ချလိုက်ကာ ယန်းချောင်းအနားက ဓာတ်တိုင်ထိပ်တွင် ရပ်နေရင်းက အပြုံးဖျော့ဖျော့ဖြင့် ပြောသည်။