၃၇၉။ နောက်ကြောင်းစုံစမ်းခြင်းကို စတင်
ကမ္ဘာပျက်ခေတ်စတင်၍ ဝူချန်းယွဲ့သည် လျန်လျန်ကို ပျိုးထောင်လာချိန်တွင် ကမ္ဘာက ပြောင်းလဲသွားသည်။ လူအချို့သည် သူ့အနောက်ကို လိုက်လာကြကာ သူတို့အတူ စခန်းထောင်ကြသည်။ နောက်ဆုံးတွင်တော့ သူတို့ အိမ်ဆိုသည်ကို လုပ်နိုင်ခဲ့သည်။
လျန်လျန်၏၏ အဖေဖြစ်လာသည့်နောက် သူသည် အလုပ်နှင့် အဖေကောင်းဖြစ်ဖို့ကိုသာ သူ့အချိန်များကို နှစ်မြုပ်ထားတော့သည်။ အလုပ်တွင် သူသည် စခန်းခေါင်းဆောင်ကောင်းအဖြစ် စခန်းကလူများအတွက် လုံခြုံ၍ သက်သောင့်သက်သာရှိသည့် နေရာတစ်ခုဖြစ်အောင် ထောက်ပံ့ပေးသည်။ ဇွန်ဘီကင်းရှင်းသည့် စခန်းတွင် လူတို့အတွက် အစာ၊ သန့်ရှင်းသောရေနှင့် နေစရာနေရာ ရှိစေသည်။ လိုအပ်တာတိုင်းအတွက် သူနှင့် တခြားစခန်းခေါင်းဆောင် ၂ယောက်သည် အများကြီး အားစိုက်ခဲ့ကြသည်။
သူ့စခန်းသို့ လူတို့က ပို၍ဝင်ရောက်လာသည့်အခါ ပြဿနာတို့က ပိုများလာတော့သည်။ ထို့ကြောင့် သူသည် ပိုအလုပ်များသထက် များလာလေသည်။ ထို့ကြောင့် သူ့တွင် ဆက်ဆံရေးတစ်ခု စတင်ဖို့အတွက် စဉ်းစားဖို့ အချိန်ရော အင်အားရော အပိုမရှိခဲ့ပေ။
သူ့အတွက် မုန့်ယွဲ့၏ ခံစားချက်ကများကို သိချိန်တွင် အတော်နောက်ကျနေခဲ့သည်။ သူမသည် သူ့ဘေးတွင် တစ်ချိန်လုံးရှိနေခဲ့သည့် မိန်းကလေး သူငယ်ချင်း ဖြစ်သည်။ ထို့ကြောင့် သူမကို အဝေးသို့ ပို့မပစ်နိုင်ခြင်းက အသေအချာပင်။ ထို့ကြောင့် သူမနှင့် အကွာအဝေးတစ်ခုထား၍ နေရင်းက သူမဟာသူမ လက်လျှော့သွားလိမ့်မည်ဟု မျှော်လင့်ထားခဲ့တာ ဖြစ်သည်။
သို့သော်လည်း အခုတော့ သူသည် လုံးဝကို ဖယ်ထုတ်၍ မရနိုင်တော့သည့် မိန်းမကို တွေ့လေပြီ မုန့်ယွဲ့ကို အကွာအဝေးတစ်ခုထားရင်းက ရှောင်ယွင့်လုံအတွက် အခွင့်ရေးများစွာကို သူဖန်တီးပေးနေခဲ့ကာ သူတို့နှစ်ယောက်ကို မြန်မြန်အဆင်ပြေသွားစေချင်သည်။ သို့သော်လည်း သူ့အစီအစဉ်က အလုပ်မဖြစ်ပေ။ သူ့အထင်တော့ အသုံးမကျတာက ရှောင်ယွင့်လုံပင်
အကယ်၍ ဇွန်ဘီမ၏ အိမ်မွေးနွယ်ပင်ကသာ သူတို့နှစ်ယောက်ကို အကွက်မဆင်ခဲ့ရင် မုန့်ယွဲ့ကို သူပြတ်ပြတ်သားသား ငြင်းနိုင်မှာ မဟုတ်ပေ။ သူ့စကားများက မုန့်ယွဲ့ကို ဘယ်လောက် ရင်နာစေမလဲဆိုသည်ကို သူနားလည်နေ၍ ဖြစ်သည်။ သို့သော်လည်း ဇွန်ဘီမဖြင့် အတူရှိဖို့ကိုသာ သူဆုံးဖြတ်လိုက်သည်။
အထင်လွဲစေမည့် ပြဿနာများကို ရှောင်ရန်အတွက် မုန့်ယွဲ့ကို ရှင်းအောင် သူပြောလိုက်သည်။ မဟုတ်လျှင် မုန့်ယွဲ့က သူနှင် ဇွန်ဘီမ အကြောင်းကို သိသွားသည်နှင့် ကျိုးကြောင်းမဆီလျော်တာမျိုးကို ခေါင်းမာစွာဖြင့် လုပ်လာနိုင်သည်။ သူမက ဘယ်လိုတုန့်ပြန်လာမလဲကို မပြောတက်ပေ။
သူပြောသည်ကို ကြားသည့်အခါ ဝူယွဲ့လျန်သည် လှေကားဘက်သို့ နားမလည်စွာ တစ်ချက်ကြည့်ကာ သူ့အဖေအား ဘာဖြစ်လို့လဲဟု မေးနေသည့် မျက်လုံးတောက်တောက်လေးများဖြင့် ကြည့်သည်။
“လျန်လျန် ဒီမှာထိုင်နေ။ ဖေဖေ ညစာပြင်လိုက်မယ်။ အဆင်ပြေတယ်မလား? ဗိုက်ဆာနေပြီလား?”
ဝူယွဲ့လျန်သည် ခေါင်းငြိမ့်ကာ ဆိုဖာပေါ်တွင် ငြိမ်ငြိမ်လေး ထိုင်နေသည်။
ဝူချန်းယွဲ့သည် မီးဖိုချောင်းကို ထသွားကာ မုန့်ယွဲ့ကို တစ်ယောက်တည်း ခနလောက်ထားဖို့အပြင် တခြားလုပ်နိုင်တာ မရှိကြောင်းကို သိလိုက်သည်။ သူမလည်း သေချာတွေးဖို့ အချိန်လိုနိုင်သည်။
ထို့အတူ သူသည်လည်း ဇွန်ဘီမ၏ နောက်ကြောင်းကို သေချာတူးဖို့ လူများလွှတ်ဖို့ လိုဦးမည်။ သူမ၏ နာမည်အပြည့်အစုံကိုတောင် သူသိသေးတာ မဟုတ်ပေ။ လူတို့က သူမအား လုမိန်းကလေးဟု ခေါ်နေသော်လည်း ဟိုးတစ်ခါ သူမက မိတ်ဆက်တုန်းက သူမကိုသူမ ‘လင်း’ဟု ပြောသွားခဲ့သည်။ ဘာ ‘လင်း’ဖြစ်နိုင်မည်နည်း?
ထို့အတူ သူမ၏မျက်နှာ. . . တချို့အကြောင်းများကြောင့် ဒီမျက်နှာကို သူတွေးကြည့်လေလေ ပိုရင်းနှီးလာလေလေဟု ခံစားရသည်။ အရင်က တစ်နေရာရာတွင် တွေ့ဖူးခဲ့သည်ဟု ယုံကြည်ခဲ့သော်လည်း ဘယ်မှာမှန်း မသိပေ။ နောက် ပြဿနာ တစ်ခုရှိသေးသည်. . . ဇွန်ဘီမသည် မနေ့က သူ့ကိုစားသွားသည့်သူမှာ ဘယ်သူမှန်းတောင် သိပုံမရပေ။ သူမသိသွားလျှင် ဘယ်လိုတုန့်ပြန်မလဲကို သူသိချင်သည်။
ဒီအတွေးများဖြင့် ဝူချန်းယွဲ့သည် စိတ်ခံစားချက်တို့က ပိုကောင်းလာသည်။ မုန့်ယွဲ့ကြောင့် စိတ်ညစ်နေမှုတို့သည် ပျောက်သွားကာ သူစိတ်သက်သာရာတောင် ရသွားတော့သည်။
ဝူချန်းယွဲ့က စားဖို့ပြင်နေချိန်တွင် တူယွမ်ရှင်းတို့ကလည်း ညစာစားနေကြသည်။
နယ်မြေထဲတွင်တော့ လင်းချင်းသည် သတိမေ့နေသည့် လင်းချင်းသည် အလွန်တရာကို ကြီးမားလှသည့် နွယ်လုံးကြီးထဲသို့ ရောက်နေသည်။ ဘယ်သူမှ မသိသည်မှာ ဒီနွယ်လုံးကြီးသည် တဖြည်းဖြည်းပျောက်နေတာ ဖြစ်သည်။ ဟုတ်ပါသည်။ ပျောက်ကွယ်နေတာပင်
ထိုအချိန်တွင် လင်းချင်း၏ သားအိမ်ထဲသို့ အရှိန်အဝါတစ်ခုက ဖြည်းဖြည်းချင်း စိမ့်ဝင်နေသည်။ ဒါသည် နွယ်လေး၏ အရှိန်အဝါပင်။ ရေထဲတွင် ဖြစ်နေသည်ကလွဲလျှင် နယ်မြေသည် ဘာမှပြောင်းလဲမသွားပေ။
. . .
ထိုညတွင် ဝူချန်းယွဲ့သည် ရှောင်လီချန်းအား သူ့စာကြည့်ခန်းထဲသို့ ခေါ်ကာ တာဝန်တစ်ခု ပေးသည်။ ထိုတာဝန်သည် ဇွန်ဘီမ၏ နောက်ကြောင်းကို အသေးစိတ်ဖော်ထုတ်လာရန်ပင်။
ရှောင်လီချန်းသည် တာဝန်ကိုရရှိသည့်အခါ နားမလည်စွာဖြင့် ထွက်သွားသည်။ ခေါင်းဆောင်က ဘာဖြစ်လို့ ဇွန်ဘီမ၏ နောက်ကြောင်းကို စုံစမ်းခိုင်းနေမှန်း နားကိုမလည်နိုင် ဖြစ်နေတာပင်။
နောက်နေ့တွင် ရှောင်လီချန်းက တာဝန်ဖြင့် ထွက်သွားသည်နှင့် ကောင်းချင်းမင်းသည် ဒီအကြောင်းကို သတင်းရခဲ့သည်။ နေ့လည်သို့ ရောက်သည်နှင့် လုထန်ရိ၏ ရုံးခန်းသို့ သူသွားတော့သည်။
“ခေါင်းဆောင်ဝူက မင်းရဲ့အမဇွန်ဘီက သူ့ကိုမုဒိန်းကျင့်သွားတဲ့သူ ဆိုတာကို မသိသေးဘူးမလား?” သူသည် လုထန်ရိထံသို့ လျှောက်လာရင်းကို တန်းပြောတော့သည်။
လုထန်ရိသည် ကောက်ပဲသီးနှံထွက်နှုန်း လစဉ်စာရင်းချုပ်များကို ဖတ်နေတာဖြစ်သည်။ ကောင်းချင်းမင်း၏ စကားကိုကြားသည့်အခါ နားမလည်စွာဖြင့် ခေါင်းမော့ကြည့်လိုက်ကာ
“မင်းဘာတွေ ပြောနေတာလဲ?”
ကောင်းချင်းမင်းသည် ဆိုဖာပေါ်တွင် ထိုင်လိုက်ကာ လက်ပိုက်၍ ပျင်းရိစွာဖြင့် ရှင်းပြသည်။ “လုမိန်းကလေး. . . ခေါင်းဆောင်ဝူက သူ့နောက်ကြောင်းကို စုံစမ်းဖို့ သူ့လူလွှတ်လိုက်ပြီ။ အဲ့ဒါကြောင့် ငါ့အထင် သူ့ကိုသံသယဝင်နေပြီ ဖြစ်တယ်။ မဟုတ်ရင် ဘာဖြစ်လို့ နောက်ကြောင်းကို အစောကြီးတည်းက မတူးထားတာလဲ? ဘာဖြစ်လို့ အခုမှ ခိုင်းနေတာလဲ?”
လုထန်ရိ၏ အမှုအယာသည် လေးနက်သွားသည်။ ကောင်းချင်းမင်း၏ စကားသာ မှန်မယ်ဆိုလျှင် ခေါင်းဆောင်ဝူအား အမှန်မသိရအောင် သူတားထားမှ ဖြစ်မည်။
ကောင်းချင်းမင်းသည် သူ့စိတ်ပူနေခြင်းကို နားလည်သွားကာ “မပူနဲ့။ ငါအချက်အလက်တွေကို ခိုးပြီးတော့ ဖွက်ထားခိုင်းလိုက်ပြီ” သူက ပြောသည်။ “ဟေးဒီးစခန်းက လူတွေကိုလည်း ဒါနဲ့ပတ်သက်တာတေကို ဖုံးထားတာ ငါသတိထားမိမယ်။ အဲ့ဒါကြောင့် ခေါင်းဆောင်ဝူက လုမိန်းကလေးရဲ့ သရုပ်မှန်ကို လတ်တလော ရှာနိုင်မယ် မထင်ဘူး”
လုထန်ရိ၏ သက်ပြင်းချလိုက်ကာ ချောမောသည့် သူ့မျက်နှာထား တင်းနေမှုတို့ကို လျှော့လိုက်၍ “ကျေးဇူးပဲကွာ”
ကောင်းချင်းမင်းက သူ့ကို တစ်ချက်ကြည့်ကာ “ဘာဖြစ်လို့ ငါ့ကိုကျေးဇူးတင်နေတာလဲ? လုမိန်းကလေးက ငါတို့အသက်တွေကို ကယ်ထားတာပဲ။ ငါတို့က သူ့ကိုအကြွေးတင်နေတာ။ ဒီတိုင်း. . .သူက ဇွန်ဘီဖြစ်လာတဲ့နောက် အရင်ကနဲ့ လုံးဝကို မတူတော့သလိုပဲမလား?”
လုထန်ရိသည် ခုံနောက်ကိုမှိလိုက်ကာ သူ့မေးကိုပွတ်ရင်း ပြောသည်။ “မသေခင်တုန်းက အရမ်းကို နောင်တရသွားလို့ ဇွန်ဘီဖြစ်သွားတာနဲ့ လမ်းမှန်ကို ပြန်သွားပြီး. . .ဘဝအသစ်လို နေတာများလား?”
ကောင်းချင်းမင်းသည် သူ့စကားကို ရယ်ချင်သွားကာ “သူက မင်းရဲ့အမဆိုတော့ သူများတွေထက် မင်းပဲ ပိုသိမှာပေါ့။ ဒါကဖြစ်နိုင်တယ်လို့ မင်းထင်လို့လား?” သူက ပြောသည်။ “လမ်းမှန်ကိုသာ လျှောက်ချင်လို့ကတော့ သူအရင်တည်းက လုပ်ခဲ့မှာ”
လုထန်ရိသည် သူ့အား သဘောမတူစွာကြည့်ကာ “ဘာဖြစ်လို့ မဖြစ်နိုင်ရမှာလဲ? လူတွေက ဘဝရဲ့အခက်ခဲဆုံးအချိန်တွေမှာ အသိဝင်လာတာမျိုး မဟုတ်ရင် နောင်တရတာမျိုး ဖြစ်နိုင်တာပဲ။ ဘာဖြစ်လို့ သူက အသိဝင်လာတယ်လို့ ငါကမယုံရမှာလဲ?”
ကောင်းချင်းမင်းက သူ့အားကူကယ်ရာမဲ့စွာကြည့်ကာ “ဟုတ်ပါပြီကွာ။ ဟုတ်ပါပြီ။ မင်းဒီလိုတွေးမယ်မှန်း ငါသိနေတယ်။ မင်းမှန်လောက်ပါတယ်။ လုမိန်းကလေးရဲ့ လက်ရှိအပြုအမှုတွေကတော့ မင်းပြောသလို အသိပြန်ဝင်နေတဲ့ပုံပဲ။ ဒါပင်မယ့် ဘာဖြစ်လို့ မင်းအမကို မင်းက ပိုသဘောကျလာနေတယ်လို့ ငါခံစားနေရတာလဲ?”
လုထန်ရိသည် လက်ကိုပိုက်လိုက်ကာ “ငါသူ့ကို တစ်သက်လုံး ကာကွယ်ပေးနေတာ။ အခုမှ မင်းက သိတာလား?”
ကောင်းချင်းမင်းက ဘာပြောရမှန်း မသိတော့ပေ။ သူ့အမဖြစ်သူ အကြောင်းကိုသာ ဆက်ပြောနေရလျှင် စကားကို ဆုံးနိုင်မှာ မဟုတ်တော့သည်ကို ခံစားမိသည်။
သို့သော်လည်း လုထန်ရိသည် သူ့အား ဆက်၍မထိုင်နိုင်စေသည့် မေးခွန်းကို မေးလာသည်။
“ဟိုနေ့ညက လင်းဝမ်ဝမ်တို့ တံခါးကို ခေါက်တုန်းက ဘာဖြစ်လို့ ငါ့ကိုရုတ်တရပ်ကြီး ဆွဲပို့လိုက်တာလဲ? အဲ့တစ်ခေါက် မင်းထူးဆန်းနေတာ ဘာဖြစ်လို့လဲ?”