လျူကျွင်းသည် သူမကို ကူကယ်ရာမဲ့စွာကြည့်ကာ “ရဲတင်းလွန်းလိုက်တာ။ နင်က တကယ့်ကို ဘာကိုမှ မကြောက်ဖူးပဲ”
“ယုံကြည်မှုရှိတယ်လို့ခေါ်တယ်!” လင်းချင်းက ပြောသည်။ “ပြီးတော့လည်း ဒါကငါ့ကမ္ဘာ။ ဒီနယ်မြေရဲ့ ပိုင်ရှင်ကြီးက ငါလေ ဒါနဲ့ နင်ငါမေးတာကို မဖြေရသေးဘူးနော်။ နင်သူတို့ကို သိလားလို့?”
လျူကျွင်းက ခုံတွင်ထိုင်နေသည့်သူများကို ကြည့်ကာ “ဟေးဒီးစခန်းကလူအများစုက သူတို့ကို သိကြတာပေါ့။ နင်ပြန်မှတ်မိရင် သူတို့ကို သေချာသိမှာပါ”
“ဒီလိုလား? သူတို့က ငါနဲ့ဘာဆိုင်လို့လဲ?” လင်းချင်းက သိချင်စွာဖြင့် မေးသည်။
လျူကျွင်းသည် မျက်လုံးကိုလှန်ကာ “ဆိုင်တာပေါ့။ သူတို့အကုန်လုံးက နင့်လက်အောက်ငယ်သားတွေ”
လင်းချင်းသည် သူမကိုကြည့်ကာ မယုံနိုင်စွာဖြင့် ရေရွတ်သည်။ “ဟင်? မဖြစ်နိုင်တာ။ တိုက်တိုက်ဆိုင်ဆိုင် ကယ်လာမိတဲ့သူတွေက ငါ့လက်အောက်ကလူတွေလား? သူတို့က လင်းဖန်တို့နဲ့ ရင်းနှီးနေတာ မဆန်းတော့ပါဘူး။ ငါက အချင်းချင်းသိကြတယ်ပဲ ထင်နေတာ”
သူမသည် ဒီလူများကို နယ်မြေထဲသို့ ထည့်လာပြီးနောက် သိပ်သတိမထားမိခဲ့ပေ။ လင်းမိသားစုက အံ့သြတကြီးဖြစ်တာမြင်တော့ သူမသည် အချင်းချင်းသိသည်ဟုသာ ထင်ကာ အများကြီးတွေးကြည့်မနေတော့ဘဲ နယ်မြေထဲတွင်ထားကာ ထွက်သွားတာ ဖြစ်သည်။
“ယန်ကျင်းဟွာကို လွှတ်ပေးလိုက်တာလား?”
ယန်ကျင်းဟွာအကြောင်း မေးသည့်အခါ လင်းချင်းသည် လက်ဖြန့်ပြကာ “ဟုတ်တယ်။ သူငါ့ကို မကောင်းတာ တော်တော်လုပ်ခဲ့တယ် ကြားပင်မယ့် ဘာမှမမှတ်မိဘူး။ ငါအခုလက်စားချေရင်လည်း အဓိပ္ပါယ်ရှိမှာ မဟုတ်ဘူး။ ပြန်မှတ်မိတဲ့အထိ အချိန်ယူပြီးမှပဲ ရှင်းတော့မယ်။ ပြီးတော့လည်း ငါ့လက်ရှိအစွမ်းက သူ့ကိုထိခိုက်အောင် လုပ်မရသေးဘူး။ သူလည်း ငါ့ကိုထိခိုက်အောင် မလုပ်နိုင်ပါဘူး”
လျူကျွင်းသည် သူမကိုကြည့်ကာ ဖြေသည်။ “ဟုတ်တယ်။ ဒါပင်မယ့် မှတ်ဉာဏ်တွေ ပြန်ပေါ်အောင် ဘယ်လိုလုပ်ရမလဲ ငါတို့မှ မသိတာ။ နင်အဲ့နေရာကို ပြန်ရောက်လည်း ဘာမှမမှတ်မိသေးရင် ဘယ်လိုလုပ်မလဲ? သူ့ကိုအရှင်ဆက်ထားနေမှာလား?”
လင်းချင်းသည် သူမကိုတစ်ချက်ကြည့်ကာ “အဲ့နေရာကို သွားပြီးလို့ ဘာမှမမှတ်မိသေးရင် နောက်တစ်နည်းရှာရမှာပဲ။ ဒါပင်မယ့်လည်း သူကမျက်နှာပြောင်ပြီး ငါ့ရှေ့မှာ ထပ်ပေါ်လာလို့ကတော့ ငါသူ့ကို လွှတ်ပေးမှာ မဟုတ်တော့ဘူး”
လျူကျွင်းသည် ဘာကိုဆက်ပြောရမလဲ မသိစွာကြည့်နေသည်။ ထို့နောက် ခေါင်းစဉ်ပြောင်းလိုက်ကာ “ဒီနယ်မြေလေးက ဘယ်ကလဲ? ငါ့အထင် ဒီလိုနယ်မြေလေးမျိုးတွေ ထပ်ရရင် ပိုအဆင်ပြေမယ်။ နင်မြင်တဲ့အတိုင်း ဒါကနင့်အိမ်လို ဖြစ်နေပြီးတော့ လူတွေကို ခနခနခေါ်လာနေတက်တာ။ အပြင်ကနေ အိမ်တစ်လုံးလောက် ထည့်လိုက်ပါလား? ဒါဆိုရင် ငါတို့ပရိဘောဂတွေလည်း နေရာချရတာ လွယ်ပြီ။ သူတို့ကို မြက်ခင်းထဲမှာ ရပ်ခိုင်းထားရတာက နည်းနည်းမထူးဆန်းဘူးလား?”
လင်းချင်းသည် ပရိဘောဂများပုံထားသည့် နေရာနားက လူများကို တစ်ချက်ကြည့်သည်။ ပရိဘောဂများသည် အခုနည်းနည်းသပ်ရပ်နေတော့လည်း ကြည့်ရတာက တစ်မျိုးကြီး ဖြစ်နေသည်ကတော့ အမှန်ပင်။
သူမသည် နယ်မြေထဲကို အိမ်တစ်လုံးထည့်ဖို့ တွေးဖူးသော်လည်း ပြဿနာက ရှိနေသည်။ “အပြင်က အဆောက်အဦးတိုင်းက မြေပေါ်မှာ ဆောက်ထားတာ။ ငါကမြေကြီးနဲ့ ဆက်နေတဲ့ပစ္စည်းဆိုရင် နယ်မြေထဲကိုထည့်မရဘူး။ ဆိုလာတွေကိုပဲကြည့်။ အဆောက်အဦးဆိုရင်လည်း တစ်ယောက်ယောက်က ဖယ်ပေးထားမှ ငါသွင်းရမှာ”
လျူကျွင်းသည် သဘောတူစွာဖြင့် ခေါင်းငြိမ့်သည်။ တကယ်ပြဿနာရှိသည်။
“ယွမ်ထန်ရှင်းပြန်လာတာကိုစောင့်ပြီး သူ့ကိုအကူအညီတောင်းမှပဲ။ ဒီလိုနယ်မြေလေးတွေ ရဖို့ကတော့ နေရာလွတ်စွမ်းအားရှင် ဒါမှမဟုတ် နေရာလွတ်ဇွန်ဘီကို သတ်ဖို့လိုမယ် ထင်တယ်”
သူမ၏နယ်မြေအဆင့်မြင့်သွားတုန်းက ဒီနယ်မြေ၏ သဘောသဘာဝတချို့ကို သူမနားလည်ခဲ့သည်။ ဒီနယ်မြေလေးသည် နေရာလွတ်စွမ်းအားရှင်၏ အမြူတေကို သူမစုပ်ယူခဲ့သောကြောင့် သူမ၏နယ်မြေတစ်စိတ်တစ်ပိုင်းဖြစ်လာတာ ဖြစ်သည်။ သူမသာ နေရာလွတ်စွမ်းအင်အမြူတေများရပါက သူမသည် နယ်မြေလေးများကို ထပ်ထည့်နိုင်မှာ ဖြစ်သည်။
“ဒီနယ်မြေလေးက သူများဆီက ရတာလို့ ပြောချင်တာလား? ဒါက တကယ်ဖြစ်လို့လား?” လျူကျွင်းသည် အံ့သြစွာကြည့်သည်။
လင်းချင်းသည် သူမကိုကြည့်ကာ ခေါင်းအစခြေအဆုံးတစ်ချက်ကြည့်ပြီး “နင်တော်တော်များများသိနေပြီပဲ။ နင့်နားလည်နိုင်စွမ်းကလည်း တကယ်မြင့်လာတယ်”
လျူကျွင်းသည် ပြုံးဖြဲဖြဲဖြင့် ပြောသည်။ “ငါဉာဏ်ကောင်းတာ ချီးကျူးချင်တယ်ဆိုရင်လည်း ဒီတိုင်းပြောရပါတယ်။ ရှက်မနေပါနဲ့”
လင်းချင်းသည် ဆွံ့အသွားရှာသည်။
“အခုအပြင်မှာ ဘယ်လိုလဲ?” လျူကျွင်းက မေးသည်။
လင်းချင်းသည် မျက်လုံးမှိတ်ကာ အပြင်ကိုကြည့်သည်။ ထို့နောက် မျက်လုံးပြန်ဖွင့်ကာ “ဟိုတယ်တစ်ခုလုံးခဲနေပြီ။ ဘယ်သူမှ ဝင်လို့ထွက်လို့ မရတော့ဘူး”
“ယန်ကျင်းဟွာကရော?” လျူကျွင်းက မေးသည်။
ထိုအချိန်တွင် လင်းချင်းသည် ရုတ်တရပ် မျက်နှာမည်းသွားကာ “ငါအပြင်ကို တစ်ချက်သွားကြည့်လိုက်ဦးမယ်”
ပြောပြီးသည်နှင့် သူမသည် နယ်မြေလေး၏အပေါက်ဝမှ ပျောက်သွားသည်။ လင်းချင်းသည် အမိုးပေါ်က လသာဆောင်ပေါ်တွင် ရပ်နေသည်။ လသာဆောင်၏တံခါးသည် ရေခဲနေကာ အထဲတွင် စစ်သားအချို့ရှိသည်။ သူမလှည့်ကြည့်သည့်အခါ သူမနားတွင် ရေခဲရုပ်များတွေ့ကာ အကုန်ုလုံးသည် ယန်ကျင်းဟွာ၏ စစ်သားများပင်။ သူမ၏မျက်နှာသည် ပိုမည်းလာကာ လူသတ်ချင်စိတ်တို့ ပိုပြင်းလာသည်။
လှေကားများကို ရေများကခဲနကာ။ အဆောက်အဦးတစ်ခုလုံးအား ယန်ကျင်းဟွာ၏ ရေခဲများက ဖုံးထားသည်။ အပြင်တွင်တော့ လင်းချင်းသည် သူတို့ဆီသွားတုန်းက ရိုက်ခဲ့သည့် စစ်သားများကို တွေ့လိုက်သည်။ ယန်ကျင်းဟွာသည် သူခေါ်လာသမျှ စစ်သားတိုင်းကို အဆင့်ငါးအဖွဲ့ခေါင်းဆောင်နှစ်ယောက်ပါ အပါအဝင် ခဲအောင်လုပ်၍ သတ်ပစ်တာဖြစ်သည်။ ထိုခေါင်းဆောင်နှစ်ယောက်သည် သေသွားသည့် စစ်သားများအတွက် အသနားခံပေး၍ သေသွားရခြင်းကိုတော့ လင်းချင်းမှာ မသိခဲ့ပေ။
“အရှင်ထားလည်း အသုံးဝင်တာမှ မဟုတ်တာ။ ငါတို့ပြန်တဲ့လမ်းမှာ ဇွန်ဘီအစားခံရမှာပဲ။ ငါသူတို့ကို အပိုင်းပိုင်းကိုက်စားခွင့် မပေးဘဲ ဒီလိုသေခွင့်ပေးတာက ပိုကောင်းသေးတယ်” ယန်ကျင်းဟွာသည် ဒီလိုပြောကာ အဖွဲ့ခေါင်းဆောင်နှစ်ယောက်ကိုပါ ရေခဲရုပ်အဖြစ် ပြောင်းပစ်လိုက်သည်။ ဒါကိုမြင်လိုက်ရသည့် အခြားအဖွဲ့ခေါင်းဆောင်များသည် တိတ်သွားကြသည်။
လင်းချင်းသည် သေသွားသည့် စစ်သားများကိုကြည့်ပြီး ရင်ထဲမကောင်းပေ။ ဒီစစ်သားများသည် ဟေးဒီးစခန်းက ဖြစ်သလို မသေသင့်ကြပေ။ ယန်ကျင်းဟွာသည် သူတို့မိသားစုကိုဖမ်းပြီး ခြိမ်းခြောက်ထား၍သာ လိုက်လာခဲ့ရသူများ ဖြစ်သည်။ သူတို့သည် ဒီလိုလုပ်ရင်း သေသွားလိမ့်မည်ဟု ဘယ်တုန်းကမှ ထင်ခဲ့မှာ မဟုတ်ကြပေ။ သူတို့အသက်များသည် ယန်ကျင်းဟွာအတွက် ဘာမှမဟုတ်ပေ။ သူစိတ်ကြည်နေရင် ရှင်ခွင့်ပေးထားကာ စိတ်မကြည်သည်နှင့် သူသတ်ပစ်သည်။
‘ဒီလိုကောင်မျိုးက အကြိမ်တစ်သောင်းတစ်သိန်းလောက်ကို သေသင့်တာ ဘယ်လိုလုပ် စခန်းခေါင်းဆောင်လုပ်ဖို့ တွေးနေတာလဲ? ငါမသတ်ရင်တောင်မှ တခြားသူတွေကြောင့် ကြာကြာရှင်မယ့်သူ မဟုတ်ဘူး!’ လင်းချင်းသည် လက်သီးကို တင်းနေအောင် ဆုပ်လိုက်သည်။
အဆောက်အဦးထဲက ရေခဲများသည် သာမန်ရေခဲမဟုတ်ပေ။ စွမ်းအားပါနေသောကြောင့် ပုံမှန်လို မပျော်ကာ ဖြည်းဖြည်းချင်း အရည်ပျော်ခြင်း သို့မဟုတ် ကွဲခြင်းလောက်သာ ဖြစ်လိမ့်မည်။ လင်းချင်းသည် သူမထိမိပါက အပိုင်းပိုင်းကွဲသွားမည်ကိုသိ၍ အမိုးပေါ်က ရေခဲရုပ်များကို မထိပေ။
သူမသည် နယ်မြေထဲသို့ ပြန်ဝင်လာကာ လျူကျွင်းအား “ယန်ကျင်းဟွာက သူခေါ်လာသမျှ စစ်သားတွေ အကုန်လုံးကို ခဲအောင်လုပ် သတ်ပစ်လိုက်ပြီ!”
လျူကျွင်းသည် မျက်လုံးပြုတ်ကျမတက်ပြူးကာ “ဘာ? ဘာဖြစ်လို့ သူ့လူကိုသူပြန်သတ်နေတာလဲ?”
“သူအားသုံးဆွဲခေါ်လာတဲ့သူတွေ” လင်းချင်းက ပြောသည်။ “ကြည့်ရတာ ဒီလူတွေက သူ့ကိုမုန်းတာ သိနေပုံပဲ။ စခန်းကို အသက်ရှင်လျှက် ပြန်ခေါ်ဖို့ ဘယ်တုန်းကမှ အစီအစဉ်မရှိလောက်ဘူး”
“အတော်ရက်စက်တာပဲ!” လျူကျွင်းက မယုံနိုင်စွာပြောသည်။ “ဒီလူတွေရဲ့အသက်က သူ့အတွက် ဘာမှမဟုတ်ဘူးလား?”
“ဒီလိုထင်တာပဲ” လင်းချင်းက သက်ပြင်းချသည်။
“ယန်ကျင်းဟွာက ဒီလိုလူစားမျိုးမှန်း ငါမသိခဲ့ဘူး။ သစ္စာဖောက်ကောင်!” လျူကျွင်းသည် အံ့သြစွာဖြင့် ရေရွတ်သည်။