May Honey Logo May Honey
Previous Next

၂၈၆။ ငါ့အတွက် သူတို့ကိုသတ်ပေး

လင်းချင်းသည် အော့၏သွေးနွယ်များဖြင့် ရစ်ပတ်ခံထားရသည့် ဓားပြခြောက်ယောက်ကို အေးစက်စွာဖြင့် ကြည့်လိုက်သည်။

သူကသာ ဒီလိုမျိုး အကုန်လုံးကို စုပြီးချီထားမယ်ဆိုလျှင် လင်းချင်းက သူတို့အား တစ်ယောက်ချင်းခေါ်နိုင်မှာ မဟုတ်ဘူးဟု အော့က ထင်နေတာ ဖြစ်သည်။ သူ့အထင်က မှန်သော်လည်း လင်းချင်းသည် အကုန်လုံးကို တစ်ခါတည်း နယ်မြေထဲသို့ သွင်းနိုင်သည်။ ထို့အပြင် သူမတွင် နွယ်လေးရှိသေးသည်။ နွယ်လေးသည် သူမ၏ အကောင်းဆုံးလက်နက်ပင်။

ထိုအချိန်တွင် အပြင်ကနေ အော်သံများစွာ ထွက်လာပြီးနောက် ဇွန်ဘီအမြောက်အများက ဒီနေရာသို့ ဖြည်းဖြည်းချင်း ချဉ်းကပ်လာကြသည်။ ထိုအချိန်တွင် လင်းချင်းသည် အော့၏အနားသို့ ကပ်လိုက်သည်။ သတိကြီးလွန်း၍လား အဆင့်မြင့်လွန်း၍လားတော့မသိ လင်းချင်းမှာ သူ့စိတ်ကို ဘယ်လောက်ကြိုးစား၍ ဖတ်ပါစေ ဖတ်မရဖြစ်နေသည်။

လင်းချင်းသည် ဓားပြအုပ်စုကို တစ်ချက်ကြည့်ကာ နယ်မြေထဲသို့ ဝင်လိုက်သည်။

“နွယ်လေး ထွက်လာ”   သူမသည် ကန်ဘေးတွင်ရပ်ကာ နွယ်လေး၏ အမည်ကို ခေါ်သည်။ သူမခေါ်သည်ကို ကြားသည်နှင့် ရေကန်ထဲမှ နွယ်အချို့သည် ထွက်လာကာ သူမ၏လက်ကောက်ဝတ်သို့ တစ်ခုက လာရစ်ပတ်သည်။   ‘မေမေ မေမေ နွယ်လေးကို လွမ်းလို့လား?’

လင်းချင်းသည် အနည်းငယ် ဆွံ့အသွားသည်။
‘နွယ်လေးက ငါ့ကိုအရမ်းခင်နေတာပဲလား?’

“အေး လွမ်းလို့ဟေ့!”   သူမဖြေသည်။   “ဒီမှာ ငါနင့်ကို ပြောစရာရှိတယ်။ အပြင်ကနေ ငါမကောင်းတဲ့ကောင်တွေကို ခေါ်လာခဲ့မယ်။ ငါ့အတွက် သတ်ပေးနိုင်မလား?”

‘ဟင်!’   နွယ်လေးသည် အံ့သြတကြီး ပြောသည်။   ‘မေမေ အခုလေးတင် အများကြီး သတ်ပြီးနေပြီလေ။ ထပ်သတ်ဖို့ ရှိသေးလို့လား?’

“အင်း!”   လင်းချင်းက ပြောသည်။   “ငါမနိုင်မှာကို စိုးရိမ်လို့။ ငါခေါ်လာမယ့်သူတွေက အစွမ်းကြီးကြတယ်”

ထိုအခါ နွယ်လေးသည် ချက်ချင်းကို စိတ်လှုပ်ရှားသွားကာ ကန်ထဲမှပေါ်နေသည့် နွယ်များက ယိမ်းညွန့်လျှက်    ‘မေမေ မကြောက်နဲ့။ ခေါ်လာသာခဲ့။ အဆင့်၇နဲ့ အဆင့်၇အောက်ဆိုရင် သူတို့အစွမ်းတွေကို တစ်ခါတည်းစုပ်ယူပစ်လို့ရတယ်။ နွယ်လေးက အခုအစွမ်းကြီးနေပြီ”

“အဆင့်၇?”   လင်းချင်းသည် နွယ်လေးကို အံ့သြစွာကြည့်မေးသည်။   “နင် အဆင့်၇စွမ်းအားရှင်ကို သတ်နိုင်ပြီလား? ဇွန်ဘီရောလား?”

‘မဟုတ်ဘူး. . .’   နွယ်လေးက ပြောသည်။   ‘အဆင့်၇စွမ်းအားရှင်ကို သတ်နိုင်တယ်. . .ဒါပင်မယ့် ဇွန်ဘီတော့မပါဘူး. . .အဆင့်၇ဇွန်ဘီတွေက အဆင့်၇စွမ်းအားရှင်တွေနဲ့ အဆင့်ချင်းမတူကြဘူး’

လင်းချင်းသည် ခေါင်းငြိမ့်လိုက်သည်။ ဆရာဆိုသည့်သူကို သူမခေါ်လာနိုင်မလားတွေးနေမိသည်။ ခနတွေးပြီးနောက် နွယ်လေးအား   “ရတယ် နွယ်လေး။ ငါလူတွေသွားခေါ်လိုက်ဦးမယ်။ အဆင့်၇မပါပင်မယ့် အဆင့်၆နှစ်ယောက်။ ကတုံးနဲ့ကောင်ကို ငါ့အတွက်ချန်ထား။ သူ့အမြူတေကို မစုပ်ယူနဲ့”

နွယ်လေးသည် ထိုကတုံးကောင်ကို ယန်ချောင်းလို မံမီအဖြစ်ပြောင်းပစ်မှာ စိုးရိမ်နေတာ ဖြစ်သည်။ နွယ်လေးသာ သူ့အမြူတေကို မေ့၍စုပ်ယူမိပါက လင်းချင်းသည် နယ်မြေလေးတစ်ခု ထပ်ရတော့မှာ မဟုတ်ပေ။

‘ဟုတ်ကဲ့ ဟုတ်ကဲ့’   နွယ်လေးက ဖြေသည်။

‘အင်း။ ငါအခုအပြင်ထွက်လိုက်ဦးမယ်။ ခနစောင့်’   လင်းချင်းသည် ပြောလိုက်ပြီးနောက် နယ်မြေထဲကနေ တန်းထွက်လာသည်။

. . .

အပြင်တွင် ဓားပြအုပ်စုသည် ဂိတ်ကိုစိုက်ကြည့်နေကြသည်။ ဆရာသည် သူ့မျက်မှန်ကို ပင့်တင်ကာ   “သူတို့ရောက်လာပြီ”

ဇွန်ဘီအုပ်ကြီးသည် ဂိတ်ဝတွင် ပေါ်လာသည်။ သူတို့သည် ဓားပြများကိုကြည့်ရင်း အော်ဟစ်ကာ အချင်းချင်းတွန်းထိုး၍ လာနေကြသည်။ 

အရင်ခေတ်က ဒီနေရာသည် လူခြေနည်းသည့် အိမ်ယာဖြစ်သည်။ လူမထူထပ်ခဲ့သောကြောင့် ဇွန်ဘီတို့က မများသင့်ပေ။ ထို့ကြောင့် ဒီဇွန်ဘီအုပ်ကြီး ရောက်လာသည်မှာ အဆင့်မြင့်ဇွန်ဘီက ခေါ်လိုက်၍ဖြစ်ကြောင်း ခန့်မှန်းမိပြီး ဇွန်ဘီဘုရင် သို့မဟုတ် ဘုရင်မ ဖြစ်နိုင်သည်ဟု တွေးနေမိသည်။

“နေရာလွတ်ဇွန်ဘီက ဇွန်ဘီဘုရင် ဒါမှမဟုတ် ဘုရင်မ ဖြစ်လောက်တယ်”   သူပြောသည်။   “တစ်ယောက်ချင်းဖမ်းနေတုန်း ပိုဝေးတဲ့နေရာက ဒီဇွန်ဘီတွေကို ခေါ်ထားတာ ဖြစ်မယ်”

“ဘာမှမခံစားမိဘူး ဆရာ”   အော့သည် စိတ်ကျနေသည့်အသံဖြင့် ဖြစ်သည်။ သူသည် အမြဲတမ်း အာရုံသိကောင်းလွန်းသူ ဖြစ်သည်။ အခုတော့ ဒီဇွန်ဘီသည် သူတို့နားတွင် ခနခနပေါ်လာတာတောင်မှ သူ့မှာ ဘာကိုမှ မခံစားမိသည်။ ဒါက ပါးရိုက်ခံလိုက်ရသလိုမျိုးပင်။

ဆရာသည်လည်း မကောင်းသည့် မျက်နှာဖြင့် သူ့ကိုကြည့်ကာ   “အကုန်လုံး သတိထားကြ!!!”   သူပြောသည်။   “မင်းတို့ကိုဖမ်းဖို့ အော့ရဲ့သွေးနွယ်တွေကို ဖြတ်နေတဲ့အချိန် ကုန်မှာပဲ။ ဒီအချိန်အတွင်း မင်းတို့ပြန်တိုက်ဖို့ လုံလောက်တယ်”

“ဟုတ်ကဲ့!”   အခြားသူများသည် သတိအပြည့်ဖြင့် ပတ်ဝန်းကျင်ကို ကြည့်နေကြသည်။

လင်းချင်းသည် ဆရာဆီသို့ ခြေလှမ်းတချို့ လှမ်းလိုက်သည်။ သို့သော်လည်း တစ်မီတာလောက်ပဲဝေး၍ လက်လှမ်းတော့မည့် အချိန်တွင် ရုတ်တရပ် သူမရှိရာသို့ လှည့်ကြည့်ကြသည်။

‘မကောင်းတော့ဘူး!’   လင်းချင်းသည် သူ့မျက်လုံးထဲက အလင်းကိုသတိထားမိ၍ ချက်ချင်းလက်ကိုရုတ်ကာ အမြန်ရှောင်လိုက်သည်။

ထို့နောက် ဆရာသည် သူ့လက်ကိုလှုပ်၍ သူမရပ်ခဲ့သည့်နေရာသို့ သံဓားများ လွှတ်လိုက်သည်ကို တွေ့လိုက်ရသည်။ ၂ပေလောက်ရှည်သည့် သံဓားရာကျော်သည် ကောင်းကင်မှ မြေကြီးပေါ်သို့ ထိုးစိုက်ကုန်သည်။ 

လင်းချင်းသာ အမြန်မရှောင်နိုင်ပါက ဒီသံဓားများသည် သူမ၏ကိုယ်သို့ ဖောက်နေလောက်ပြီ။ သူမသည် ကိုယ်ပျောက်နေတာ ဖြစ်သော်လည်း လေနှင့်ရောမနေပေ။ သူမသည် နံရံများကို မဖောက်နိုင်သလို လူများကို မထိနိုင်ပေ။ ဒီလိုလုပ်ပါက သူတို့သည် သူမရှိကြောင်း သတိထားမိမှာ အမှန်ပင်။

မြေပြင်ပေါ်က သံဓားများကိုကြည့်ရင်း ဆရာ၏ အမှုအယာသည် မှောင်မိုက်သွားသည်။ ခုနတုန်းက ဒီနေရာမှ တစ်စုံတစ်ခုသည် သူနှင့်အရမ်းနီးနေသလို ခံစားခဲ့ရတာ ဖြစ်သည်။ 

လင်းချင်းသည် သူ့ဘေးတွင် တည်ငြိမ်စွာ ရပ်ကြည့်နေသည်။ အခုတော့ အဆင့်၇စွမ်းအားရှင်များသည် သူမကိုယ်ပျောက်နေသည်တောင်မှ အနည်းငယ်အာရုံခံနိုင်ကြောင်းကို သိလိုက်ရသည်။  အကွာအဝေးနီးနေလျှင် သတိထားမိသည်။ ထို့ကြောင့် သူ့အားနယ်မြေထဲသို့ ခေါ်သွားဖို့ မဖြစ်နိုင်တော့ပေ။

သူနှင့်တိုက်ဖို့ကလည်း မလွယ်ကူပေ။ သူမသည် အဆင့်၆စွမ်းအားရှင်ကို နိုင်ချေရှိသော်လည်း အဆင့်၇စွမ်းအားရှင်နှင့် တိုက်ခြင်းကတော့ သေကြောင်းကြံနေသလိုဖြစ်သည်။

လင်းချင်းသည် တခြားသူများကို ကြည့်လိုက်သည်။ သူတို့ဆရာလိုမျိုး သူတို့လည်း သံဓားများစိုက်နေသည်ကို ကြည့်နေကြသည်။ ထို့နောက် လင်းချင်းသည် တခြားသူများကိုရှောင်ကာ ကတုံးကောင်နားသို့ သွားလိုက်သည်။ 

ကတုံးကောင်ဘေးတွင် ရပ်လိုက်ကာ သူကဘေးကို ကြောက်လန့်တကြား ကြည့်နေသည်ကို ရပ်ကြည့်နေသည်။ ထိ့နောက် လင်းချင်း၏ နှုတ်ခမ်းများက တွန့်ကွေးသွားကာ စန်း၏ကတုံးပေါ်သို့ လက်ဖြင့်ကိုင်လိုက်ချိန်တွင် စိတ်ထဲက စကားတစ်ခွန်းရွတ်လိုက်သည်။   ‘အကုန်ဝင်!’

ထို့နောက် ဆရာ၏ မျက်လုံးများသည် ဝါးသွားကာ သူ့ရှေ့က လူအကုန်လုံး ပျောက်သွားတော့သည်။ 

နယ်မြေထဲတွင် စောင့်နေသည့် နွယ်လေးမှာ ဓားပြအုပ်စုရောက်လာသည်နှင့် သူတို့ဘာမှန်းသိခင်မှာကို မရေတွက်နိုင်သည့်နွယ်များဖြင့် ချုပ်ထားလိုက်သည်။

“အာ. . .ဒီနေရာက ဘယ်မှာလဲ?”

“ငါ. . .ငါလှုပ်လို့မရတော့ဘူး!”

“အစွမ်းတွေ. . .ငါ့အစွမ်းတွေ သုံးမရဘူး!”

သူတို့ရှေ့တွင်မြင်နေရသည့် မြင်ကွင်းက ရုတ်တရပ် ပြောင်းသွားသည်နှင့် ဓားပြအုပ်စုသည် ချက်ချင်းကြောက်လန့်ကုန်ကြတော့သည်။ 

အော့၏​သွေးနွယ်များသည် သူတို့ဓားပြအချင်းချင်း ရစ်ပတ်ထားသည်ကနေ ပြေကြလာသည်။ ထို့အခါ အော့သည် လန့်သွားကာ ဘေးကိုကြည့်၍ သူ့အစွမ်းကို ထိန်းချုပ်ကာ သူ့အားရစ်ပတ်ထားသည့် ကျောက်စိမ်းဖြူရောင်နွယ်များကို သူ့သွေးနွယ်များဖြင့် ဖယ်ဖို့လုပ်လေသည်။

သူသည် ကန်တစ်ခုကို မြင်ကာ သူတို့က ကန်​ဘေးတွင်ရှိ၍ ကန်ထဲကနေ ဒီကျောက်စိမ်းဖြူရောင်နွယ်များက ထွက်လာတာဖြစ်သည်ကလွဲ၍ တခြားဘာကိုမှ သူမသိတော့ပေ။

သို့သော်လည်း ဒုတိယကပ္ပတိန် ပီသစွာဖြင့် မကြာခင်တွင် တည်ငြိမ်သွားတော့သည်။ ဒီနွယ်များသည် သူတို့ကို တင်းကြပ်စွာ ရစ်ပတ်ထားသည်ကလွဲလျှင် ကန်ထဲသို့ ဆွဲခေါ်ဖို့ မလုပ်ပေ။ ထို့အပြင် ဒီနွယ်ဖြူများတွင် ဆူးမပါသဖြင့် သူတို့အသားများသာ မပဲ့သ၍ သူတို့သည် အဆိပ်မိနိုင်ချေ နည်းလွန်းသည်။

Previous Chapter 286 of 410 Next