May Honey Logo May Honey
Previous Next

၃၄၉။ ကိုယ့်ဟာကိုယ် မထိန်းချုပ်နိုင်ဘူး

ရှန်ယုကျန်းသည် လင်းချင်း၏ ငြင်းဆိုမှုကို ခေါင်းခါပြသည်။ သူမသည် လင်းချင်း၏လက်ကိုကိုင်ကာ အမြူတေကို ထည့်ပေးလိုက်သည်။

လင်းချင်းသည် အမြူတေကိုကိုင်ကာ ရှန်ယုကျန်းအား ခေါင်းခါလိုက်ရင်း   “နင်တကယ် ငါ့ကိုကျေးဇူးဆပ်ချင်ရင် ငါ့အတွက်အလုပ်ကို လုပ်ပေးရင်ရတယ်။ ဒီအမြူတေက နင့်ကိုပိုသန်မာအောင် လုပ်နိုင်တော့ ငါ့ကိုကူညီရာရောက်တယ်”

ရှန်ယုကျန်းသည် ခနတွေဝေသွားကာ လင်းချင်းအား တိတ်ဆိတ်စွာ ကြည့်သည်။ သူမသည် ဇွန်ဘီဖြစ်လာပြီး သူမ၏အစွမ်းများက မနိုးသေးပေ။ လင်းချင်းအား သူမက ကူညီချင်သော်လည်း အကူအညီအများကြီး ပေးနိုင်မည်ဟု မထင်ပေ။

လင်းချင်းက သူမအား   “ဒါဆိုရင် ငါ့အတွက် အလုပ်လုပ်ပေး။ ဒီစခန်းက ပြန်တာနဲ့ နင့်ဇွန်ဘီအဆင့်ကိုမြင့်အောင် ငါကူညီပေးမယ်”   ဒီလိုပြောကာ ရှန်ယုကျန်း၏လက်ထဲသို့ အမြူတေကို ပြန်ထည့်ပေးလိုက်သည်။

ဒီတစ်ခါတော့ ရှန်ယုကျန်းသည် လင်းချင်းအား အတင်းအကြပ် မပေးတော့ပေ။  ခနတွေးပြီးနောက် အမြူတေကို ယူလိုက်ကာ ခေါင်းငြိမ့်ပြလိုက်သည်။ ရှန်ယုကျန်းအား နယ်မြေထဲသို့ ထည့်ပြီးသည်နှင့် လင်းချင်းသည် ကိုယ်ဖျောက်၍ လင်းဝမ်ဝမ်၏ အခန်းသို့ သွားတော့သည်။

လုထန်ရိတို့၏ သတိပေးချက်ကြောင့် လင်းဝမ်ဝမ်၏ အခန်းသည် အခုဆိုလျှင် တင်းကြပ်စွာ အစောင့်အကြပ်များကို ချထားသည်။ လုကျင်းကျားနှင့် အခြားသူများသည် ဝရံတာတွင်စောင့်နေကာ အထဲတွင် တူယွမ်ရှင်းက ယွမ်ထန်ရှင်းကို စိတ်ပျက်စွာဖြင့် ကြည့်နေသည်။

“ဘာဖြစ်လို့ ငါ့ကိုဒီလိုကြည့်နေတာလဲ? ကောင်မလေးတွေကို စောင့်ရှောက်ဖို့ ငါလာသင့်တယ်လို့ မင်းပြောတာမလား? ငါတစ်ယောက်တည်းနဲ့ ဘယ်လိုလုပ်ပြီး စောင့်ရှောက်ရမှာလဲ? အတူတူ စောင့်ပေးတာက မကောင်းဘူးလား?”   ယွမ်ထန်ရှင်းက စာအုပ်ကိုဖတ်နေရင်း တူယွမ်ရှင်းအား တည်ငြိမ်စွာဖြင့် ပြောသည်။

တူယွမ်ရှင်းသည် မျက်လုံးကိုလှန်လိုက်ကာ   “တစ်ယောက်တည်းနဲ့ လုံလောက်ပါတယ်။ ဘာဖြစ်လို့ ကျွန်တော်တို့ကိုပါ ဒီကိုဆွဲခေါ်ထားတာလဲ?”

“လူပိုများလေ ကောင်းလေပဲ မဟုတ်ဘူးလား?”

တူယွမ်ရှင်းက ပုခုံးကိုတွန့်၍   “ဟုတ်ပါပြီဗျာ! ဆရာဖြစ်နေမှတော့ ပြောချင်တာသာပြောတော့”

အိပ်ခန်းထဲတွင် လင်းဝမ်ဝမ်သည် မျက်ခုံးကျုံ့၍ အတွေးထဲမြောနေပုံရသည်။

“ဘာတွေတွေးနေတာလဲ? နင့်မျက်ခုံးနှစ်ခုတောင် ဆက်တော့မယ်”   လုံချင်းယင်သည် ဆိုဖာတွင်ထိုင်ကာ သူမ၏ ဓားရှည်ကို အဝတ်ဖြင့် သေချာသုတ်နေရင်းက လင်းဝမ်ဝမ်ကို မေးသည်။

လင်းဝမ်ဝမ်က သက်ပြင်းချကာ   “ငါဒီမှာနေတာက ထန်ရှင်းအတွက် မလိုအပ်တဲ့ ပြဿနာတွေ တကယ့်ကို ဖြစ်နေစေပြီလား မသိဘူး။ ငါဒီမှာနေဖို့ ဆုံးဖြတ်လိုက်တာ အရမ်းကို ခေါင်းမာနေမိသလိုပဲ။ ဒါပင်မယ့်လည်း. . .ငါမသိတော့ဘူး။ ငါသူ့အနားနေချင်တယ်။ သူ့ကိုတွေ့နေချင်တယ်”

လုံချင်းယင်သည် သူမ၏ဓားအစွန်းကိုပဲ စိုက်ကြည့်နေရင်းက ဖြေသည်။   “နင်တစ်ကိုယ်ကောင်းဆန်တာကို နင်သိနေသ၍. . .အပြင်လူအနေနဲ့ နင်သူ့ကိုတကယ်ကြိုက်ရင် သူ့ကိုဘာပြဿနာမှ မဖြစ်စေသင့်ဘူးလို့ ငါထင်တယ်။ နင်လည်း အခုရင့်ကျတ်နေတဲ့ မိန်းမဖြစ်နေပြီပဲ။ သွေးဆူလွယ်တဲ့ ဆယ်ကျော်သက်ကလေးမလေး မဟုတ်တော့ဘူး!”

ဒီလိုပြောရင်း သူမ၏မျက်စိရှေ့တွင် ဓားရှည်ဖြင့်ထလိုက်ကာ ဓားရှည်ကို လေဖြင့်တစ်ချက်မှုတ်လိုက်၍ ပြောသည်။   “သူ့အနားမှာ နင်ရှိချင်ရင် အခြေအနေကို နင်တွေးဖို့လည်းလိုမယ်။ အခုအချိန်တော့ လင်းဖန်တို့နဲ့ လိုက်သွားသင့်တယ်။ ဟိုမှာဇွန်ဘီတွေနဲ့ ချနေရမယ်ဆိုရင်တောင်မှ ဒီကရှုပ်ယှက်ခက်နေတဲ့လူတွေနဲ့ ရင်ဆိုင်ရတာထက် အများကြီး ပိုကောင်းသေးတယ်။ ငါတို့က အပြင်လူတွေပဲလေ။ ဒီလူတွေက ငါတို့ကို တကယ်ကောင်းမယ်လို့ ထင်နေတာလား? ဟိုနေ့ကတွေ့တဲ့ သားအမိကိုပဲ နင်တွေးကြည့်ရင် သိမှာပါ”

လင်းဝမ်ဝမ်က ခေါင်းငြိမ့်သည်။ ထိုနေ့တည်းက သူမသည် ဂါဝန်များကို မဝတ်ရဲတော့ဘဲ ဒီစခန်းထဲတွင် အမြဲတမ်း ဂျင်းဘောင်းဘီများကို ဝတ်နေရသည်။ 

သူတို့သည် ဝူချန်းယွဲ့နှင့် ပူးပေါင်းနေသည့်သူများ ဖြစ်သောကြောင့် စခန်းကလူများက သူမတို့ကို လေးစားမည်ဟု သူမထင်ခဲ့သည်။ သို့သော်လည်း အထင်မှာ မှားနေခဲ့သည်။ သူမတို့က ဒီကိုအကူအညီလာတောင်းကြတာဖြစ်ပြီး သူမတို့က ဖိတ်ခံထားရတာ မဟုတ်ပေ။

ထို့ကြောင့် ပင်လယ်မြို့တော်စခန်းက လူများသည် သူမတို့အား တန်းတူမတွေးကြပေ။ မတူညီသည့် အခြေအနေမျိုးတွင် သူတို့ကို ဆက်ဆံပုံက မတူကြပေ။ သူတို့သည် သူများနေရာကိုရောက်နေသဖြင့် ခေါင်းငုံနေရသည်။

သူမသည် လက်ရှိအခြေအနေကို သတိမပြုမိသဖြင့် ကိုယ့်ကိုယ်ကို အပြစ်တင်နေမိသည်။ ဒါကလည်း အရင်တည်းက သူမ၏ မကြီးသည် သူမအား အရမ်းအကာအကွယ်ပေးထားခြင်းနှင့် အသားကျနေ၍ ဖြစ်နိုင်သည်။

အခုအချိန်တွင် သူမ၏ သိက္ခာနှင့် ခံစားချက်တို့က လွန်ဆွဲနေသည်။ သူမသည် လူတိုင်းကောင်းဖို့အတွက် ပင်လယ်မြို့တော်စခန်းမှ ဖြစ်နိုင်သမျှ မြန်မြန်ထွက်သွားသင့်သည်။ သို့သော်လည်း ခံစားချက်များက ယွမ်ထန်ရှင်းနှင့် မခွဲချင်ပေ။ ယွမ်ထန်ရှင်းကတော့ သူမ၏ခံစားချက်များကို ဘယ်တုန်းကမှ မတုန့်ပြန်တာတောင် သူမကတော့ သူ့အနားတွင် ဆက်ရှိနေချင်သေးသည်။

‘မကြီးသာ ဒီမှာရှိရင်. . .မကြီးက ငါ့ကိုအသေဆူပြီးတော့ ချက်ချင်းစောင့်ကန်လောက်တယ်! ငါ့ကိုယ်ငါ မထိန်းချုပ်နိုင်တော့လို့ ငါ့အတွက် ဆုံးဖြတ်ချက်ချပေးမယ့်သူ လိုနေပြီ။ ဒါပင်မယ့် မကြီးက. . .’
လင်းချင်း၏ အကြောင်းကို တွေးမိသည့်အခါ လင်းဝမ်ဝမ်သည် ဝမ်းနည်းသွားသည်။

သို့သော်လည်း မကြာခင်တွင် လုထန်ယုဟူသည့် ဇွန်ဘီမကို တွေးမိသွားသည်။ တချို့အကြောင်းများကြောင့် ဒီဇွန်ဘီမနှင့်အတူနေတာကြာလေလေ သူမ၏ မကြီးနှင့်တူနေသည်ဟု ခံစားရလေလေဖြစ်သည်။ သူမ၏လက်ရေး၊ လေယူလေသိမ်း၊ အပြုအမှုအချို့နှင့် ရင်းနှီးနေသည့် တည်ရှိမှုတို့က. . . သူမသည် မကြီးနှင့်အတူရှိနေသလို ခံစားရစေသည်။ လင်းဝမ်ဝမ်သည် ဒီဇွန်ဘီမက ဘာဖြစ်လို့ သူမတို့ မိသားစုကို ကူညီနေသလဲကို တွေးလိုက်သည်။

“ချင်းယင် ငါ့မကြီးက. . .တကယ်ဆုံးသွားပြီလို့ နင်ထင်လား?”   သူမသည် လုံချင်းယင်အား နားမလည်စွာဖြင့် ရုတ်တရပ် ထမေးသည်။

လုံချင်းယင်သည် လင်းဝမ်ဝမ်ကို ကြည့်ကာ နားမလည်စွာဖြင့်   “ဘာကိုပြောချင်တာလဲ?”   သူမက မေးသည်။   “ခေါင်းဆောင်က အရမ်းသန်မာတယ်လို့ ငါထင်တယ်။ မသေတာ ဖြစ်နိုင်တယ်။ ရှုံးသွားပင်မယ့် အသက်ရှင်နိုင်တဲ့ အခွင့်အရေးတွေ ရှိနေတာပဲ။ မသေဘူးလို့ ငါယုံကြည်တယ်။ တစ်နေ့တော့ ပြန်လာတာ ဖြစ်မှာပါ”

“မသေဘူးဆိုရင် ပြန်လာနေလောက်မှာ. . .”   လင်းဝမ်ဝမ်က မသေမချာဖြင့် ပြောသည်။

“ဖြစ်နိုင်ပါတယ်”   လုံချင်းယင်သည် လင်းဝမ်ဝမ်၏ စကားများကို သိပ်အာရုံမထားဘဲ ပြန်ဖြေသည်။

. . .

ထိုအချိန်တွင် ရှောင်ယွင့်လုံ၏ကားသည် ဝူချန်းယွဲ့၏ခြံထဲသို့ မောင်းလာသည်။ ရှောင်ယွင့်လုံသည် ကားတံခါးဖွင့်၍ ဆင်းလာသည်။ ဧည့်ခန်းထဲသို့ ရောက်သည့်အခါ ဝူချန်းယွဲ့နှင့် မုန့်ယွဲ့တို့က ဒီမှာထိုင်နေရင်း စခန်းကနေ ရိက္ခာစုဖို့ ဘယ်လိုထွက်ရမလဲကို ပြောနေကြပုံရသည်။

“ပြန်လာပြီပဲ နောက်ကျလိုက်တာ။ ဘာဖြစ်လို့ကြာနေတာလဲ? ညစာစားပြီးပြီလား?”   ဝူချန်းယွဲ့က ရှောင်ယွင့်လုံအား ခေါင်းမော့ကြည့်ကာ မေးသည်။

“ငါညစာ မစားရသေးဘူး”   ရှောင်ယွင့်လုံက ပြောသည်။   “ဟိုမှာခန နေပြီးတော့ သူတို့ရဲ့ နောက်အစီစဉ်ကို မမပြန်ခင် နားထောင်လာခဲ့တာ”

“သူတို့နေရာကို ဆုံးဖြတ်ပြီးပြီလား? ဆောက်လုပ်ရေးက ဘယ်တော့စမှာလဲ?”   ဝူချန်းယွဲ့က သိချင်စွာဖြင့် မေးသည်။

ရှောင်ယွင့်လုံက ခေါင်းခါကာ   “ဆောက်လုပ်ရေးက မစရသေးပင်မယ့် တည်နေရာတော့ ဆုံးဖြတ်ပြီးပြီ။ သူတို့က အဓိကနေရာမှာ နံရံအရင်ဆောက်ဖို့ စီစဉ်ထားတယ်။ ငါ့အထင်တော့ ယွမ်ထန်ရှင်းက ဟိုကိုမရောက်မချင်း သူတို့မစကြလောက်သေးဘူး”

ဝူချန်းယွဲ့က ဒါကိုကြိုတွေးမိသဖြင့် ခေါင်းငြိမ့်သည်။   “ငါလည်း ဒီလိုထင်ပါတယ်”

ထိုအချိန်တွင် ရှောင်လီချန်းသည် ဧည့်ခန်းထဲသို့ အမြန်အပြေးအလွှားဝင်လာကာ   “ခေါင်းဆောင် သုသေသနစခန်းမှာ ဒေါက်တာလျန်က လက်ပစ်ဗုံးနဲ့ အသတ်ခံလိုက်ရပါတယ်!”

“ဘာပြောတယ်?”   ဝူချန်းယွဲ့နှင့် ရှောင်ယွင့်လုံတို့ နှစ်ယောက်လုံးသည် သူ့အား အံ့သြစွာ လှည့်ကြည့်ကြသည်။

“သတင်းရလာတာပါ!”   ရှောင်လီချန်းက ပြောသည်။

ဝူချန်းယွဲ့သည် သူ့လက်ထဲက ဖိုင်ကိုစားပွဲပေါ်သို့ ပစ်ချကာ အမြန်ထလိုက်၍ ဘာမှမပြောတော့ဘဲ အပြင်သို့ထွက်သွားသည်။ ရှောင်လီချန်းသည် ဝူချန်းယွဲ့၏ ကုတ်အကျီကိုယူကာ နောက်ကနေ ရှောင်ယွင့်လုံနှင့်အတူ လိုက်သွားသည်။

မုန့်ယွဲ့သည်လည်း ဆိုဖာတွင် ထိုင်နေတာ ဖြစ်သော်လည်း သူတို့နှင့်အတူ လိုက်မသွားဘဲ သူတို့ထွက်သွားသည်ကိုသာ ကြည့်နေသည်။   
Previous Chapter 349 of 410 Next