May Honey Logo May Honey
Previous Next

၃၂၄။ သွားလို့ရပြီ

ဒီမနက်စောစောတွင် ဝူချန်းယွဲ့၊ မုန့်ယွဲ့၊ ရှောင်ယွင့်လုံနှင့် ချန်ယုတင်းတို့သည် ဝူချန်းယွဲ့၏ အိမ်မှ ဧည့်ခန်းထဲတွင် ထိုင်နေကြသည်။ ချန်ယုတင်းသည် ဖြူဖပ်ဖြူလျော်ဖြစ်နေကာ စိုးရိမ်နေပုံရ၍ အရှေ့က လက်ဖက်ရည်စားပွဲကို နီရဲနေသည့် မျက်လုံးဖြင့် ကြည့်နေသည်။ တခြားသူများကတော့ မျက်နှာမှုန်မိုင်းနေကြသည်။

ဝူချန်းယွဲ့သည် သူ့ကိုကြည့်ကာ မေးသည်။   “ဖြောင်ကောချန်က မင်းရဲ့မိန်းမကို ပြန်ပေးဆွဲသွားတာ သေချာလား? သက်သေပြနိုင်လား?”

ချန်ယုတင်းသည် ခေါင်းကိုခါကာ ဒေါသတကြီးဖြင့်   “မနေ့ မနက်က ငါ့လမ်းကို သူပိတ်ပြီးတော့ တမင်ဒုက္ခရောက်အောင် လုပ်နေတာ။ ငါမသွားခင်တုန်းကတောင် သူ့ကိုသေချာပေါက် ငါကလာရှာရမယ်လို့ ပြောလိုက်သေးတယ်။ တခြားသူမဟုတ်ဘဲ သူလုပ်တာလို့ပဲ ထင်တယ်။ စခန်းထဲက လူတိုင်းက သူရူးနေပြီးတော့ မုဒိန်းကျင့်ရတာကို ကြိုက်မှန်းသိကြသားပဲ။ သူမုဒိန်းကျင့်တဲ့ ဘယ်မိန်းမက ရှင်ကျန်ခဲ့လို့လဲ? ပြီးတော့လည်း ကျန်းက ပျောက်နေပြီ. . . .သူပဲဖြစ်မှာ”

ရှောင်ယွင့်လုံက ဝူချန်းယွဲ့ကိုကြည့်ကာ ခေါင်းငြိမ့်၍   “သူတကယ်ဖြစ်လောက်တယ်”

ဝူချန်းယွဲ့သည် ခေါင်းငြိမ့်ကာ မျက်မှောင်ကျုံ့၍   “ဒါပင်မယ့် ငါတို့မှာ သက်သေမှ မရှိတာ။ ပြီးတော့လည်း သူကစခန်းရဲ့ ဒုခေါင်းဆောင် ဖြစ်နေသေးတယ်။ အခုငါတို့လုပ်ရမယ့် အရေးအကြီးဆုံးက ချန်ယုတင်းရဲ့မိန်းမကို လိုက်ရှာဖို့ပဲ”

ထို့နောက် ချန်းယုတင်းကို လှည့်မေးသည်။   “မင်းမှာ တခြားထင်မြင်ချက်ရှိလား? ဘယ်နေရာမှာ ပြန်ပေးဆွဲခံရတာလဲ သိလား?”

“လုံခြုံရေးလိုက်ပေးတဲ့ ငါ့အသင်းဖော်တွေက ငါ့ကိုပြောတာတော့ လူပြတ်တဲ့နေရာမှာ အရိုက်ခံလိုက်ရတယ်တဲ့။ သူတို့နိုးလာတော့ ကျန်းက မရှိတော့ဘူး။ ငါ့လူတွေက အဲ့နေရာတစ်ဝိုက်ကို လိုက်ရှာပင်မယ့် ဘာမှမတွေ့ဘူး”   ချန်ယုတင်းက ပြောသည်။

ဝူချန်းယွဲ့သည် ခနတွေးပြီးနောက် မုန့်ယွဲ့ကိုကြည့်ကာ   “အဲ့နေရာကို မုန့်ယွဲ့က မင်းနဲ့လိုက်ပေးလိမ့်မယ်။ တစ်ခုခုရှာပေးနိုင်မှာပါ”

မုန့်ယွဲ့က ခေါင်းငြိမ့်ပြသည်။ ချန်ယုတင်းသည် မုန့်ယွဲ့မှာ အစိမ်းရောင်အစွမ်းရှိသည်ကို သိသဖြင့် ခေါင်းငြိမ့်ပြကာ    “ဟုတ်ပြီ။ မုန့်မိန်းကလေးကို ဒုက္ခပေးရတော့မှာပဲ”

“ရပါတယ်”   မုန့်ယွဲ့က အပြုံးဖြင့် ဖြေသည်။

ထိုအချိန်တွင် ရှောင်လီချန်းသည် ဝင်လာကာ မေးသည်.   “ခေါင်းဆောင် ဟေးဒီးစခန်းကလူ ရောက်လာပါတယ်”

ဧည့်ခန်းထဲကလူများသည် ရှောင်လီချန်းကို လှည့်ကြည့်ကာ   “ငါ့အထင်တော့ သူတို့ထွက်တော့မယ့်အကြောင်းကို လာအကြောင်းကြားတာ ဖြစ်မယ်။ ဝင်ခိုင်းလိုက်”

“ဟုတ်ကဲ့”

“မဂ်လာ မနက်ခင်းပါ”   လီကျန်းသည် ဝင်လာရင်း နှုတ်ဆက်သည်။ သူသည် ဝူချန်းယွဲ့ထံမှ ကားငှားဖို့ အရင်ရောက်လာတာဖြစ်ပြီး ချန်ယုတင်းကို မြင်လိုက်ရသည့်အခါ အနည်းငယ် အံ့သြသွားသည်။

“ဟင်? ကပ္ပတိန်ချန်? ခေါင်းဆောင်ဝူရဲ့အိမ်ကို အစောကြီးရောက်လာတာပါလား?”   လီကျန်းသည် လဲ့ယောင်အား ချန်ယုတင်း၏ အိမ်သို့သွားအကြောင်းကြားရန် လွှတ်ထားပြီး ကျန်သည့်အလုပ်လျှောက်သူများကိုရှာဖို့ တခြားသူများကိုလွှတ်ထားသည်။

ရှောင်ယွင့်လုံသည် ထရပ်ကာ ပြောသည်။   “ဪ မင်းက ကားငှားဖို့လာတာမလား? ကားတွေက ပြင်ထားပြီးသား။ ဘယ်နေရာမှာစုကြမှာလဲ? ဘယ်တော့ထွက်မလဲ?”

လီကျန်းသည် ချန်ယုတင်းကို နားမလည်စွာ တစ်ချက်ကြည့်ကာ ရှောင်ယွင့်လုံ၏ အမေးကို လှည့်ဖြေသည်။   “ဒီနေ့လည် ၂နာရီထွက်မှာ။ Dခရိုင်ရဲ့ အုပ်ချုပ်ရေးရုံးအရှေ့မှာ စုကြမယ်”

ရှောင်ယွင့်လုံသည် ခေါင်းငြိမ့်ကာ   “ဟုတ်ပြီ။ ကားမောင်းမယ့်သူတွေကို ၂နာရီရောက် အဲ့ကိုသွားဖို့ ပြောလိုက်မယ်။ ငါတို့ဘက်က ပေးလိုက်မယ့် လူ၃ရာက အဲ့ကားတွေနဲ့ ပါလာလိမ့်မယ်”

လီကျန်းသည် ခေါင်းငြိမ့်ကာ   “ကျွန်တော်တို့ကို လူရောကားပါ ငှားပေးတဲ့ ခေါင်းဆောင်ဝူကို ကျေးဇူးတင်ပါတယ်”

ဝူချန်းယွဲ့သည် ခေါင်းခါကာ ယဉ်ကျေးစွာဖြင့်   “မဟုတ်တာ။ ငါတို့က ပူးပေါင်းဆောင်ရွက်ရုံပဲကို မင်းတို့က အစာတွေပေးတာပဲ။ ဒီအလုပ်နဲ့ဆိုရင် လာမယ့်ဆောင်းတွင်းမှာ လူအများစုက ငတ်သေမှာကို စိုးရိမ်စရာ မလိုတော့ဘူး”

လီကျန်းသည် ခေါင်းငြိမ့်ကာ ချန်ယုတင်းအား   “ကပ္ပတိန်ချန်ဘက်မှာ ပြဿနာမရှိဘူးမလား? နေ့လည်မတိုင်ခင် လူတွေအဆင်သင့်ဖြစ်လောက်မလား? အခုကြည့်ရတာ အဆင်မပြေသလိုပဲ။ မကောင်းတာ တစ်ခုခုဖြစ်လို့လား?”

ချန်ယုတင်းသည် အုံမှိုင်းနေသည့် မျက်နှာဖြင့်   “ငါ. . .ငါအခု မင်းတို့နဲ့ မလိုက်နိုင်လောက်ဘူး”   ဒီလိုပြောကာ ဝူချန်းယွဲ့ကို တစ်ချက်ကြည့်သည်။

ဝူချန်းယွဲ့သည် ခနတွေးပြီးနောက် ရှောင်ယွင့်လုံအား   “ယွင့်လုံ မင်းလိုက်သွားပြီး အဖွဲ့ကို ဦးစီးပေးလိုက်။ ငါချန်ယုတင်းရဲ့ ပြဿနာကို ကူရှင်းပေးလိုက်မယ်”  
  
ရှောင်ယွင့်လုံသည် ခေါင်းငြိမ့်ကာ ချန်ယုတင်း၏ ပုခဒံးကို ပုတ်လိုက်ပြီးနောက်   “မစိုးရိမ်ပါနဲ့။ မင်းမိန်းမကို ပြန်ရှာတွေ့မှာပါ”   ဒီလိုပြော၍ အခန်းထဲကနေ ထွက်လာသည်။

လီကျန်းသည် ချန်ယုတင်းကို နားမလည်စွာကြည့်ကာ ဘာဖြစ်သလဲ မေးဖို့က အခုအချိန်တွင် မသင့်တော်သလို ခံစားရသည်။ ထို့ကြောင့် ထွက်သွားဖို့အပြင် ရွေးချယ်စရာ မရှိပေ။   “ဒါဆိုရင် ကျွန်တော်သွားလိုက်ဦးမယ်။ လုပ်စရာရှိတာ ဆက်လုပ်ကြပါ”

၂လှမ်းလောက် ထွက်သွားပြီးသည့်နောက် ရပ်လိုက်၍ နောက်သို့ပြန်လှည့်ကြည့်ကာ ချန်ယုတင်းအား   “ဪ အကူအညီလိုရင် ငါတို့ကိုပြောပါ”

ချန်ယုတင်းသည် သူ့အားခေါင်းငြိမ့်ပြကာ   “အင်း ကျေးဇူး”

လီကျန်းထွက်လာသည့်အခါ ဝူချန်းယွဲ့သည် သူ့နောက်ကျောကို လှမ်းကြည့်၍ ဇွန်ဘီမကို တွေးနေမိသည်။    ‘သူက ဇွန်ဘီမလား? လူအနံ့နဲ့ပတ်သက်ရင် ပိုအာရုံပြင်းမှာပဲ။ သူသာကူညီနိုင်ရင် ချန်ယုတင်းရဲ့မိန်းမကို ရှာဖို့က ပိုအချိန်ကုန်သက်သာမယ်’

ဒီအတွေးဖြင့် ထွက်သွားတော့မည့် လီကျန်းကို လှမ်းတားသည်။   “ခနလေး!”

လီကျန်းနှင့် ရှောင်ယွင့်လုံသည် ရပ်သွားကာ သူ့ကိုနားမလည်စွာ ကြည့်သည်။ လီကျန်းက   “ဘာဖြစ်လို့လဲ?”

“လုမိန်းကလေးက ဘယ်မှာလဲ?”   ဝူချန်းယွဲ့က မေးသည်။   “သူ့ကိုဒီကိုလာပေးဖို့ ဖိတ်လို့ရမလား?”

လီကျန်းသည် သူ့ကိုနားမလည်စွာကြည့်ရင်း ဖြေသည်။   “လုမိန်းကလေးနဲ့ တွေ့ချင်လို့လား? ကျွန်တော်ပြန်သွားရင် မေးလိုက်ပါ့မယ်”

“ဒါဆိုရင် သူ့ကိုတောင်းဆိုစရာ တစ်ခုရှိတယ်လို့ ပြောပေးပါ”   ဝူချန်းယွဲ့က ပြောသည်။   “အပြန်လှန်အနေနဲ့ ငါတို့ဆီက သူဘာလိုချင်မယ် မသိဘူး”

လီကျန်းသည် ခေါင်းငြိမ့်ကာ   “ဟုတ်ကဲ့။ သေချာပြန်ပြောပြလိုက်ပါ့မယ်”

လီကျန်းထွက်သွားသည့်အခါ ဝူချန်းယွဲ့သည် ချန်ယုတင်းကိုကြည့်၍   “ငါ့မှာ အကြံရှိတယ်။ လုမိန်းကလေးသာ ကူညီဖို့ သဘောတူရင် ငါတို့ ကျန်းကို ပိုမြန်မြန်ရှာလို့ရပြီ”

“တကယ်လား?”   ချန်ယုတင်း၏မျက်နှာသည် စိတ်လှုပ်ရှားမှုဖြင့် တောက်ပသွားတော့သည်။

ဝူချန်းယွဲ့သည် ယုံကြည့်မှုရှိသည့် အပြုံးဖြင့်   “သူက သာမန်လူမဟုတ်ဘူး။ လူရှာတဲ့နေရာမှာ မုန့်ယွဲ့ထက် ပိုတော်မယ်လို့ ငါထင်တယ်”   ဒီလိုပြောကာ မုန့်ယွဲ့ကို တစ်ချက်ကြည့်လိုက်သည်။

မုန့်ယွဲ့သည် ဝူချန်းယွဲ့အား ထူးဆန်းစွာကြည့်ကာ   “သူ့ကို စစ်ခွေးတွေလိုမျိုး အသုံးချချင်နေတာမလား?”

လုမိန်းကလေးသည် ဇွန်ဘီမဖြစ်၍ ဝူချန်းယွဲ့ထံမှ မိုးကြိုးဖြင့် အပစ်ခံရသည့်သူမှန်း သူမသိပြီးသား ဖြစ်သည်။ မေးစရာကို မလိုအောင် ဇွန်ဘီတို့က လူအနံ့ကို ဘယ်လောက်ရနိုင်ကြောင်း သူမနားလည်သည်။ အဆင့်မြင့်ဇွန်ဘီတို့သည် ခွေးများထက် ပိုသာလွန်သည့် အနံ့ခံအာရုံရှိကြသည်။

သူမစကားကို ကြားသည့်အခါ ဝူချန်းယွဲ့၏ အပြုံးသည် ထူးဆန်းသွား၍   “ဟား! သူ့အရှေ့တော့ မင်းဒီလို သွားမပြောနဲ့။ မဟုတ်ရင် ဒုက္ခရောက်နေမယ်. . . ငါပြောထားတယ်နော်”

မုန့်ယွဲ့သည် သူ့အားမျက်လုံးသာ လှန်ပြသည်။

ချန်ယုတင်းက လင်းချင်း ဘယ်သူလဲကို မသိသဖြင့် ဝူချန်းယွဲ့နှင့် မုန့်ယွဲ့တို့ကြားက စကား၏အဓိပ္ပါယ်ကို နားမလည်ပေ။ 

ထိုအချိန်တွင် မီးခိုးရောင်ယုန်သည် အပေါ်ထပ်လှေကားမှနေ ခုန်ဆင်းလာသည်။ အနောက်တွင် ဝူယွဲ့လျန်သည် သူမ၏လက်ကို လက်တန်းအားကိုင်၍ တစ်လှမ်းချင်း လိုက်ဆင်းလာသည်။

ဝူချန်းယွဲ့သည် သူမအားလှည့်ကြည့်ကာ    “လျန်လျန် နိုးလာပြီ”

ထိုအခါ ဝူယွဲ့လျန်သည် ဆက်၍ဆင်းမလာတော့ဘဲ လက်နှစ်ဖက်ကို ဆန့်ပေးကာ သူမကို လာချီခိုင်းလေသည်။ ဝူချန်းယွဲ့သည် သွားချီလိုက်ကာ သူမ၏ မဖြီးရသေးသည့် ဆံပင်ပျော့ပျော့လေးများကို ပွတ်သတ်လိုက်သည်။

“ဗိုက်ဆာနေပြီလား? မျက်နှာသစ်ပြီး သွားတိုက်ကြတော့မလား?”   သူမေးသည်။

ဝူယွဲ့လျန်သည် ဧည့်ခန်းထဲက ၂ယောက်ကို တစ်ချက်ကြည့်၍  လှေကားပေါ်ကနေ ဆင်းနေဆဲဖြစ်သည့် ယုန်ကိုကြည့်လိုက်ကာ ချက်ချင်းခေါင်းငြိမ့်ပြသည်။  
Previous Chapter 324 of 410 Next