၃၆၉။ နွယ်လေးက ပြဿနာဖြစ်စေတယ်
လင်းချင်းက ပြုံးပြကာ “နင့်ဖေဖေနဲ့ ခွဲနေရတာ နာရီပိုင်းလောက်ပဲ ရှိသေးတယ်။ လွမ်းနေပြီလား? သူတာဝန်သွားလုပ်တိုင်း နင့်ကိုခေါ်သွားနေတာ မထူးဆန်းတော့ပါဘူး။ ခေါင်းဆောင်လုပ်ရင်း နင့်ကိုထိန်းနေရတာ သူလည်း အတော်ပင်ပန်းမှာပဲ”
ဝူယွဲ့လျန်သည် လင်းချင်းပြောသည်ကို အကုန်နားမလည်လိုက်သော်လည်း သူမပြောသည့် တချို့အချက်ကိုတော့ ဖမ်းမိလိုက်သည်။ လင်းချင်းပြောသည်မှာ သူမ၏ အဖေက ပင်ပန်းနေသည်။ ပင်ပန်းသည် ဆိုသည်ကို သူမက နားလည်သည်။ ပင်ပန်းသည် ဆိုသည်မှာ တစ်စုံတစ်ယောက် အလုပ်တွေ အများကြီး အများကြီးကို လုပ်ပြီးနောက် အားမရှိတော့တာ ဖြစ်သည်။ ဒါက သူမ၏အဖေက ရှင်းပြထားတာပင်။
‘အမကြီးဇွန်ဘီက အလုပ်တွေ အကုန်လုံးကို ကူညီပေးရင် ဖေဖေက ပင်ပန်းတာ လျော့သွားမှာလား? အမကြီး ဇွန်ဘီကို ငါတကယ်ကြိုက်တယ်။ ပြီးတော့လည်း ဖေဖေက လျန်လျန်ကို အမေ ရှာပေးမယ် ပြောနေမှတော့. . .’
ဒီအတွေးဖြင့် ဝူယွဲ့လျန်သည် လင်းချင်း၏ ခြေသလုံးကို ခုန်ဖက်ထားလိုက်တော့သည်။ ‘အမကြီးဇွန်ဘီက ဖေဖေရဲ့ မိန်းမပဲ ငါ့အမကြီးကို ဘယ်သူ့ကိုမှ မပေးနိုင်ဘူး’
ဝူယွဲ့လျန်က လင်းချင်းကို လာထိနေသဖြင့် လင်းချင်းမှာ ကလေးမလေး၏ အတွေးများကို ကြားလိုက်၍ မျက်နှာသည် ချက်ချင်းမည်းသည်းသွားသည်။ ‘ဘာရယ်? ငါက နင့်အဖေရဲ့မိန်းမ ဘယ်တုန်းက ဖြစ်သွားတာလဲ? ကလေးတွေက အဓိပ္ပါယ်မရှိတာတွေ လျှောက်မပြောသင့်ဘူး’
သူမသည် ဝူယွဲ့လျန်အား ဆွဲခွာလိုက်ကာ သူမက ထိုင်ချ၍ ကလေးမလေး၏ မျက်လုံးကို စိုက်ကြည့်ကာ မေးသည်။ “လျန်လျန် ငါကနင့်အဖေရဲ့ မိန်းမလို့ ဘယ်သူက ပြောတာလဲ? နင့်အဖေကိုသာ နင်ဒါတွေ သွားပြောလို့ကတော့ နင့်အဖေက နင့်ကိုသေချာပေါက် ရိုက်လိမ့်မယ်”
လင်းချင်း၏ စကားများကို ကြားသည့်အခါ နွယ်လေးသည် တောင့်ခဲသွားသည်။ ‘မဖြစ်ဘူး မဖြစ်ဘူး မကောင်းဘူး. . .အသေးလေးက လျို့ဝှက်ချက်ကို ထိန်းတက်ဖို့ ငယ်သေးတယ်’
ဝူယွဲ့လျန်သည် လင်းချင်းအား ခေါင်းခါပြသည်။ ထို့နောက် ခနတွေးပြီး ခေါင်းငြိမ့်ကာ လင်းချင်း၏ ရင်ခွင်ထဲသို့ တိုးဝင်လာကာ သူမအား အတင်းဖက်ထားပြန်သည်။
လင်းချင်းသည် ဘာပြောရမှန်းကို မသိတော့ပေ။ ‘ကြည့်ရတာ အရေးကြီးတာ တစ်ခုခုဖြစ်သွားတဲ့ပုံမလား?’
ဝူယွဲ့ချန်က လျို့ဝှက်ချက်ကို ဖော်မိတော့မလို ဖြစ်သည်နှင့် နွယ်လေးသည် စိုးရိမ်လာသည်။ ထို့ကြောင့် လင်းချင်းအား ထိကာ ‘မေမေ မေမေ အရင်တစ်ခေါက်က ကိုယ်ကိုပြင်ပေးဖို့ နွယ်လေး အဆင်သင့်ဖြစ်နေပြီ. . .မေမေ ကန်ထဲကို အခုလိုက်လာမလား. . .’
နွယ်လေးက သူမအား အာရုံပြောင်းဖို့ လုပ်နေသည်ကို လင်းချင်းက မသိပေ။ ကိုယ်အားပြင်ရပြီဆိုသည်ကို ကြားသည်နှင့် စိတ်ဝင်စားသွားကာ “ဟမ်? ရပြီလား? နင်ပြောတော့ ငါနောက်လူတစ်ယောက် လိုတယ်ဆို?”
‘အခု အဲ့လူကို မေမေမှ မရှာနိုင်သေးတာ’ နွယ်လေးက ပြောသည်။ ‘အဲ့ဒါကြောင့် မေမေ တစ်ယောက်တည်းပဲ ဆင်းလာခဲ့။ ဒါလည်းဖြစ်တာပဲ’
လင်းချင်းက ဒီဉာဏ်များသည့် နွယ်ပင်သေးသေးလေးက သူမကို လှည့်စားနေကြောင်းကို မသိပေ။ တွေဝေစွာဖြင့် သူမက မေးသည်။ “တကယ်လား? ငါတို့တခြားသူကို မလိုဘူးလား?”
တကယ့်ကို သူမသည် ဒါကိုကြားရသည့်အခါ စိတ်သက်သာရာရသွားသည်။ ‘ငါကြိုက်တဲ့ယောက်ျားကို ဘယ်ကနေ ငါကသွားရှာလာရမှာလဲ?’
သို့သော်လည်း နွယ်လေးပြောသည်က အရင်က ပြောသည်နှင့် အနည်းငယ်ကွာနေသောကြောင့် သံသယဝင်လာကာ “နင်ငါကို လိမ်နေတာလား?”
နွယ်လေးသည် အနည်းငယ်အပြစ်ရှိသလို ဖြစ်သွားသော်လည်း လင်းချင်းအား တည်ငြိမ်စွာဖြင့် ပြောသည်။ ‘နွယ်လေးက မေမေ့ကို မလိမ်ပါဘူး’ စိတ်ထဲတွင်တော့ ‘မေမေက ကိုယ့်ဟာကိုယ် ယောက်ျားရှာဖို့ ငြင်းနေတော့လည်း နွယ်လေးကပဲ မေမေအတွက် ရှာပေးတော့မယ် စဖြစ်တာနဲ့ မေမေ့ဗိုက်ထဲမှာ ပုန်းနေတော့မှာ မေမေလိုက်ရှာလို့မရတော့ဘူး’
လင်းချင်းသည် သူမ၏ အကြံအစီကို ဘာမှမသိရှာပေ။ သိသွားပါက သွေးအန်နေမိမှာပင်။
“ဒါဆိုရင်လည်း ပြီးရော” သူမသည် နွယ်လေးကို ခေါင်းငြိမ့်ပြကာ တစ်ခုခုကို တွေးမိသွား၍ “အသေးလေး နင့်အဖေက ပြန်လာတော့မယ်။ သူရောက်လာရင် နင့်ကိုမတွေ့တာမျိုး မဖြစ်အောင် ငါနင့်ကို အခုအပြင်ကို ပို့ပေးမယ်”
ထိုအကြောင်းကို ကြားသည့်အခါ ဝူယွဲ့လျန်သည် လန့်သွားသည်။ နွယ်လေးကို အမြန်လှည့်ကြည့်သည်။ နွယ်လေးကတော့ သူမအား မျက်လုံးကို မှေးကျဉ်း၍သာ ပြန်ကြည့်ပြသည်။ ထိုအခါမှ ဝူယွဲ့လျန်သည် စိတ်မပူတော့ဘဲ လင်းချင်းက သူမကို အပြင်ထုတ်ပေးမှာကို နာခံလိုက်သည်။
. . .
ယွမ်ထန်ရှင်းနှင့် တခြားသူများသည် လင်းချင်းက ဧည့်ခန်းထဲတွင် ခနနေ၍ ပြန်ပျောက်သွားသည်ကို တွေ့ရသည်။ ခနနေသည့်အခါ သူမသည် မင်းသမီးလေးဖြင့် ပြန်ပေါ်လာသည်။
“ငါ့နယ်မြေထဲမှာ ဒီရက်ပိုင်း အဆင့်မြှင့်နေလိုက်ဦးမယ်။ နင်တို့ သတိထားနေကြ။ ယန်းချောင်းရဲ့ အန္တရာယ် မရှိတော့ဘူးဆိုပင်မယ့် သူ့မှာတခြားသူတွေ ရှိသေးတယ်။ ဟိုဓားပြလိုမျိုး။ အဲ့ဒီတော့ အကုန်သတိထားဖို့ လိုမယ်” လင်းချင်းသည် ကလေးမလေးကို ဆိုဖာပေါ်သို့ တင်ထားပြီးနောက် ယွမ်ထန်ရှင်းတို့ကို ပြောသည်။
လင်းဝမ်ဝမ်က ခေါင်းငြိမ့်ကာ “နယ်မြေထဲက ထွက်မလာမချင်း ငါအပြင်ကို မထွက်ပါဘူး” သူမသည် ကိုယ့်ကိုယ်ကို မကာကွယ်နိုင်သေးသောကြောင့် အန္တရာယ်ကြီး ကြုံနိုင်ကြောင်းကို နားလည်သည်။
လင်းချင်းက သူမကို တစ်ချက်ကြည့်ကာ “နင်နားလည်သွားတာ ငါဝမ်းသာပါတယ်” ထို့နောက် ဝူယွဲ့လျန်ကိုကြည့်ကာ “ဝူချန်းယွဲ့က မကြာခင် သူ့ကိုလာကြိုတော့မယ် ထင်တယ်။ ဘာဖြစ်လို့ သူ့ကိုဒီကို ပို့ထားတာပါလိမ့်?”
ဝူယွဲလျန်သည် လင်းချင်းကို ခေါင်းမော့ကြည့်ကာ သူမ၏လက်ကို မြှောက်ပြသည်။ ‘သမီးက ဖေဖေကို ဒီကိုပို့ခိုင်းထားတာ. . .နွယ်လေးနဲ့ ဆော့ချင်လို့. . .’
လင်းချင်းက သူမကို အံ့သြစွာကြည့်ကာ “ဟမ်? နင်လား? ဟုတ်ပြီ။ နင့်အဖေလာခေါ်မှာကို ဒီမှာလိမ္မာပြီး စောင့်နေရမယ်နော်” ဒီလိုပြောကာ သူမသည် ဝူယွဲ့လျန်၏ ဆံပင်ပျော့ပျော့လေးများကို ပွတ်လိုက်သည်။
ဝူယွဲ့လျန်က ခေါင်းငြိမ့်ပြပြီးနောက် သူမ၏မျက်ရည်များကို သူမပြန်သုတ်လိုက်သည်။
ယွမ်ထန်ရှင်းက လင်းချင်းကို နားမလည်စွာကြည့်ကာ “အဆင့်ထပ်မြှင့်မလို့လား? ဇွန်ဘီတွေအတွက် အဆင့်မြှင့်တာကို အန္တရာယ်များပင်မယ့် နင့်အတွက်တော့ ဒီလိုမဟုတ်ပုံပဲ”
လင်းချင်းက သူ့ကိုကြည့်ကာ “သေချာတာပေါ့။ ငါက အခု ဇွန်ဘီနဲ့ တူနေသေးလို့လား?”
ယွမ်ထန်ရှင်းက ခေါင်းငြိမ့်ကာ “ဟုတ်ပါတယ်။ နင်ကထူးခြားတယ်။ ဒါပင်မယ့် နင့်သူငယ်ချင်းတွေကလည်း သာမန်ဇွန်ဘီတွေ မဟုတ်ကြဘူး။ ဒါကလည်း နင့်ကြောင့်ပဲမလား?”
လင်းချင်းသည် သူ့အားကြည့်ကာ မျက်လုံးစိမ်းထဲတွင် အပြုံးဖျော့ဖျော့တို့က ရှိနေ၍ “တချို့အရာတွေက ထုတ်ပြောမယ့်အစား နင့်စိတ်ထဲမှာပဲ သိမ်းထားသင့်တယ်”
လင်းဝမ်ဝမ်သည် လင်းချင်း၏အကြည့်ကို သေချာကြည့်နေရင်း ပျော်ရွှင်မှုက မျက်နှာထက်တွင် ထင်ဟပ်လာသည်။ ‘ဒါပဲလေ ဒီအပြုံးနဲ့ခြိမ်းခြောက်တာ. . . ငါဒါကိုအများကြီး မြင်ဖူးခဲ့ပြီးသား။ အရင်တုန်းက ဒီလိုခြိမ်းခြောက်ခံရတာက လင်းဟောင်ပေါ့။ မကြီးက ငါ့ကိုတော့ အရမ်းချစ်တာမလို့ ဘယ်တုန်းကမှ ဒီလိုမခြိမ်းခြောက်ဖူးဘူး’ ခြိမ်းခြောက်ခံလိုက်ရတိုင်းဖြစ်သွားတဲ့ လင်းဟောင်မျက်နှာထားကို ငါမြင်ရတိုင်း အရမ်းရယ်ချင်တာပဲ။
ယွမ်ထန်ရှင်းသည်လည်း ဒီလိုရုပ်မျိုး ဖြစ်နေသည်။ သူသည် အခုအဆင်မပြေ ဖြစ်နေသည်။ သူက လင်းချင်း၏ လျို့ဝှက်ချက်ကို ဘာမှမတွေးဘဲ ထုတ်ပြောမိသဖြင့် လူတိုင်းရှေ့တွင် သူ့မျက်နှာပျက်ရတော့သည်။
“ဟုတ်ပြီ ဟုတ်ပြီ သိပါပြီ” မကျေနပ်ဖြစ်သွားသည့် ယွမ်ထန်ရှင်းသည် ထူးဆန်းသည့် ခံစားချက်ဖြစ်နေသည်။ ဒီလိုရင်းနှီးသည့် ခြိမ်းခြောက်ခြင်းမျိုး. . .ထပ်ကြုံရမည်ဟု ဘယ်တုန်းကမှ မတွေးခဲ့မိပေ။
လင်းချင်းသည် ခေါင်းငြိမ့်ကာ နယ်မြေထဲသို့ ဝင်လိုက်သည်။ နယ်မြေထဲသို့ ရောက်သည့်အခါ နွယ်လေးသည် ကန်ထဲတွင် ပျော်ပျော်ကြီး ရေကူးနေသည်ကို တွေ့လိုက်ရသည်။
လင်းချင်းကို မြင်သည့်အခါ သူမ၏အနားသို့ အမြန်ကူးလာသည်။ မြေပြင်တွင် လမ်းလျှောက်ရသည်က မမြန်သော်လည်း ရေထဲတွင်တော့ ငါးတစ်ကောင်လို သွက်သွက်လက်လက် ပျော်ပျော်ရွှင်ရွှင်ဖြင့် ကူးခတ်နေတာ ဖြစ်သည်။
လင်းချင်းသည် ဘေးကိုကြည့်ပြီးနောက် နယ်မြေလေးထဲက ခုံတစ်ခုကို ကန်နားသို့ ဆွဲလာသည်။ ခုံနားတွင် အဝတ်များကို ချွတ်ချ၍ တင်ထားလိုက်သည်။ နယ်မြေလေးထဲက ရှန်ယုကျန်းက သူမကို ကြည့်နေ မကြည့်နေကို သူမသည် ဂရုစိုက်မနေပါပေ။
ရှန်ယုကျန်းကလည်း ကြည့်မနေပါပေ။ လင်းချင်းက ကန်နားတွင် အဝတ်ချွတ်နေသည်ကို မြင်သည်နှင့် အနေရခက်စွာ နယ်မြေလေးထဲသို့ ဝင်နေလိုက်တော့သည်။ လင်းချင်းက ဘာဖြစ်လို့ အဝတ်ချွတ်နေသလဲကို သိချင်သော်လည်း ကိုယ်လုံးတီးဖြစ်နေခြင်းကို သူမအတွက်ကြည့်ဖို့ မသင့်တော့ဘူးဟု ထင်သဖြင့် သိချင်စိတ်ကို ထိန်းထားလိုက်သည်။