၂၂၀။ အအေးလှိုင်း
‘ကလေးအဖေက အပြင်မှာ။ ပြန်ပို့ပေးဖို့ ကူညီပါ’ လင်းချင်းက ရေးပြလိုက်သည်။
လုထန်ရိတို့သည် အချင်းချင်းကြည့်ကာ အံ့သြသွားကြသည်။ “ခေါင်းဆောင်ဝူက အပြင်မှာလား? သူ့တပ်ရောလား?”
“မမြင်ဘူး” လင်းချင်းက ခေါင်းခါကာ ပြောသည်။ ဝူချန်းယွဲ့သည် မိုးကြိုးဇွန်ဘီကို တစ်ယောက်တည်း အမဲလိုက်ခဲ့ခြင်းကိုတော့ ပြောမပြတော့ပေ။ ပြောလိုက်ပါက အပြင်တွင် ဘာဖြစ်ခဲ့သလဲကို သူတိုသိသွားနိုင်သည်။ ထို့အတူ ဝူချန်းယွဲ့အား အမြူတေကိုခိုးသူသည် သူမဖြစ်ကြောင်း မတော်တဆ ပြောလိုက်မိပါက သူမပဲ ဒုက္ခရောက်လိမ့်မည်။
ကောင်းချင်းမင်းက လင်းချင်းကို ထူးဆန်းသလို ကြည့်ကာ “သူ့အဖေက အပြင်မှာဆိုရင် နင်ပဲထွက်ပြေးလို့ ရနေတာပဲမလား?” ဒီလိုမျိုး နေကာမျက်မှန်သာ တပ်ထားလျှင် ဘယ်သူကမှ သူမက ဘယ်သူဆိုသည်ကို သိနိုင်မှာ မဟုတ်ဘူးဟု သူထင်တာ ဖြစ်သည်။
“ငါကတော့ ကလေးနဲ့ ဘယ်လိုတွေ့တာလဲပဲ သိချင်တယ်” လုထန်ရိက ပြောသည်။
‘အဆင့်၆ဇွန်ဘီက သူ့ကိုဖမ်းခေါ်ထားတာ’ လင်းချင်းက ရေးပြလိုက်သည်။ သူမသည် ဒါပဲရေးပြသော်လည်း လူစုသည် နားလည်သွားကြသည်။
လင်းချင်းက ရယ်ချင်သည်မှာ သူမသည် အဆင့်၆ဇွန်ဘီဟု လုပ်ကြံပြောလိုက်တုန်း တကယ်ကြီးကို နောက်တစ်ကောင်က ပေါ်လာ၍ဖြစ်သည်။
“ဪ ခုနကတွေ့တယ်ဆိုတဲ့ တစ်ကောင်လား?”
ရှဲ့တုန်းသည် လင်းချင်းကို တအံ့တသြကြည့်သည်။ အပြင်တွင် နောက်တစ်ကောင်ရှိမည်ဟု သူကတော့ မထင်ပေ။
“ဇွန်ဘီဘုရင်တွေ ဘုရင်မတွေက နေရာတိုင်မှာ ရှိနေတာလား?” ဟွမ်ရှို့က မျက်လုံးအပြူးသားဖြင့် ပြောသည်။
ကောင်းချင်းမင်းသည် မေးကိုပွတ်ကာပြောသည်။ “ဒါဆိုရင် အဆင့်၆ဇွန်ဘီဆီက ကလေးကို ခိုးလာတာပေါ့။ အဆင့်၆ဇွန်ဘီဆီက ခိုးရတာကို တကယ်သဘောကျပုံရတယ်”
လင်းချင်းသည် တစ်ချက်ကြည့်ကာ ဘာမှမပြောပေ။
လုထန်ရိက ခေါင်းငြိမ့်ကာ
“ကလေးကို ခေါင်းဆောင်ဆီ ပြန်ပို့ပေးမယ်။ ဒါပင်မယ့် ငါတို့အဝတ်တွေ ခြောက်မှ”
ဒီလိုပြောကာ အပေါ်ပိုင်းပြောင်ဖြစ်နေသည့် သူ့လူများကို ကြည့်လိုက်သည်။ ထိုအခါမှ သူတို့လည်း အကျီမရှိသည်ကို သတိရကာ အေးလာသလိုပင်။
လင်းချင်းသည် သူတို့ကိုယ်များကို သေချာစူးစမ်းကြည့်လိုက်သည်။ ‘မဆိုးဘူးပဲ။ လုထန်ရိရော ကောင်းချင်းမင်းရောက အရမ်ရှည်ပြီး ကျစ်ကျစ်လစ်လစ်နဲ့။ ပုခုံးကကျယ်ပြီး ခါးကသွယ်လို့။ တင်ပါးကတောင် လုံးနေသေးတယ်။ သူတို့ကိုယ်က လှတယ်။ လူငယ်တွေက ကိုယ်လုံးလှသားပဲ’
လင်းချင်းထံမှ ရုတ်တရက် အကြည့်ခံရသည့်အခါ ဒီလူစုသည် ပိုအေးလာသလိုပင်။ လင်းချင်းသည် သူတို့ကို တစ်ချက်ကြည့်ပြီးနောက် ရေးပြသည်။ ‘အပြင်မှာ မိုးရွာနေတော့ အေးလိမ့်မယ်။ အဝတ်သန့်တာ ငါရှာပေးမယ်’
ဒီလိုရေးပြကာ လှည့်ထွက်ဖို့ လုပ်စဉ်တွင် သူမ၏ဘောင်းဘီစကို ဆွဲခံလိုက်ရသည်။ သူမငုံ့ကြည့်လိုက်သည့်အခါ ကလေးမလေးသည် ယုန်ကိုပိုက်ထားရင်း သူမဘေးတွင် ဘောင်းဘီစကိုဆွဲ၍ ရပ်နေတာ ဖြစ်သည်။
‘ဟင်? ဘယ်တုန်းက ကုတင်ပေါ်က ဆင်းလာတာလဲ? ဘာဖြစ်လို့ ငါ့ဘောင်းဘီစကို ဆွဲနေတာလဲ? ငါ့ကိုမှတ်မိလို့လား?’
ဝူယွဲ့လင်းသည် ယုန်ကိုပိုက်ကာ လင်းချင်းဘောင်းဘီစကိုဆွဲရင်း သူမကို နားမလည်စွာ ကြည့်နေသည်။ သူမသည် လင်းချင်းကို မမှတ်မိသေးသော်လည်း သူမထံမှ ရင်းနှီးသည့် ခံစားချက်ကို ပေးနေသောကြောင့် ဖြစ်သည်။ ဒီနယ်မြေတွင် လူစိမ်းတွေများနေလေရာ ဝူယွဲ့လင်းသည် သူမပိုလုံခြုံသလို ခံစားရသည့် လင်းချင်းနားသို့ အမြန်ပြေးလာတာ ဖြစ်သည်။
အခြားသူများက ဝူယွဲ့လင်းကို စပ်စုစွာ ကြည့်ကြသည်။ လုထန်ရိသည် အနားသို့လာကာ ထိုင်ချရင်း ပြုံးပြကာ မေးသည်။
“လင်းလင်း အကိုကြီးကို မှတ်မိလား? ငါတို့တွေ အပြင်မှာ တွေ့ဖူးတယ်လေ”
လုထန်ရိက လာသည့်အခါ ဝူယွဲ့လင်းသည် လင်းချင်း၏ အနောက်သို့ ပြေးပုန်းသည်။ ထိုသူက သူမ၏အိမ်နာမည်ကိုခေါ်မှ မျက်လုံးလေးတစ်ဖက်က ကဲကြည့်လာသည်။
ထို့နောက် ကောင်းချင်းမင်းက လာသည်။ ဟွမ်ရှို့က နောက်ကလာသည့်အခါ အခြားသူများလည်း ကပ်လာသည်။ ထိုအခါ ဝူယွဲ့လင်းသည် လင်းချင်း၏အနောက်တွင်ပုန်းရင်း မျက်လုံးလေးတစ်ဖက်တောင် ထွက်မကြည့်တော့ပေ။ ‘ဖေဖေက ပြောတယ်။ အကျီမပါတဲ့လူတွေနဲ့ ဝေးဝေးနေရမယ်တဲ့’
သူမ၏တုန့်ပြန်မှုကြောင့် လုထန်ရိသည် သူ့လူများသည်ကို အပြစ်တင်သည်။ “ငါတို့က လူဒီလောက်များတာ ကလေးက ကြောက်သွားမှာပေါ့။ ပြီးတော့လည်း မင်းတို့ကောင်တွေ အကျီမဝတ်ဘဲ ကလေးရှေ့မှာ လမ်းသလားမနေလို့ မရဘူးလား?”
ကောင်းချင်းမင်းက သူ့ကိုကြည့်ကာ မေးသည်။ “မင်းကရော ဝတ်ထားလို့လား?”
ထိုအချိန်တွင် လင်းချင်းသည် သူတို့ကို ထွက်သွားဖို့ လက်ကာပြကာ “သွား”
ထို့နောက် ဝူယွဲ့လင်းကို ပရိဘောဂများနားသို့ ခေါ်သွား၍ ဆိုဖာပေါ်တင်ပေးလိုက်သည်။ ထို့နောက် သူမက အရှေ့တွင်ထိုင်ချကာ “နင့်အဖေကအပြင်မှာ။ငါ သူတို့ကို” လုထန်ရိတို့ကို လက်ညိုးထိုးပြပြီးမှ “လိုက်ပို့ခိုင်းမယ်”
သူမ၏ အဖေက အပြင်မှာ ဖြစ်ကြောင်း ကြားသည့်အခါ ဝူယွဲ့လင်း၏ မျက်လုံးများသည် တောက်ပသွားသည်။ သူမ၏အဖေကို အမြန်တွေ့ရရန် မျှော်လင့်လျှက် လင်းချင်းကို ပျော်ရွှင်စွာကြည့်လာသည်။
“အပြင်မှာမိုးရွာနေတယ်။ မိုးတိတ်မှတွေ့” လင်းချင်းက ဆက်ပြောသည်။ သူမသည် ဖြည်းဖြည်းချင်းပြောနေသော်လည်း ဝူယွဲ့လင်းက စိတ်ရှည်စွာ သူမ၏စကားကို နားထောင်ပေးသည်။
‘မိုး’ဆိုသည့် စကားကြောင့် ဝူယွဲ့လင်းသည် စိတ်ကျသွားသည်။ လင်းချင်း၏ ဘောင်းဘီစကိုလွှတ်ကာ ယုန်ကိုပဲ ပွတ်ပေးနေတော့သည်။ ကလေးမလေးက စိတ်မကြည်တော့သဖြင့် လင်းချင်းက သိချင်သော်လည်း မမေးလိုက်ဘဲ “မကြောက်နဲ့”
ပြောရင်းဖြင့် သူမသည် ဝူယွဲ့လင်း၏ခေါင်းကို ပုတ်ပေးလိုက်သည်။ ကလေးမလေးသည် ခေါင်းပုတ်ခံရသည့်အခါ မကြိုက်သည့်အရိပ်အယောင်မရှိပေ။ ဘယ်သူမှ သတိမထားမိသည်မှာ ရေထဲကနေ နွယ်လေးသည် ကလေးမလေးဆီသို့ တက်လာခြင်းပင်။
လင်းချင်းသည် ဒီလူစုအတွက် အဝတ်သွားရှာပေးချင်သည်။ သူတို့သည် အဝတ်စိုဝတ်လျှင် အအေးမိနိုင်သလို ကလေးရှေ့တွင် အကျီမဝတ်ဘဲနေခြင်းကလည်း မသင့်တော်ပေ။ သို့သော်လည်း သူမကသာ ထွက်သွားပါက ကလေးမလေးက ပိုကြောက်ဦးမည်။ ကလေးအတွက် အားထားရမည့်သူက ရှိနေပေးမှ ဖြစ်မည်။
လင်းချင်းသည် အခြားသူများကို ကြည့်လိုက်သည့်အခါ သူတို့သည် ကန်ဘေးက မီးဖိုနားမှာ ထိုင်နေသည်ကို မြင်လိုက်ရသည်။ အရင်က လင်းချင်းသည် အပြင်မှ ကျွင်းကျွင်းတို့ ချက်ပြုတ်ဖို့အတွက် သစ်ခြောက်များ ယူပေးတက်သည်။ ထို့ကြောင့် မီးဖိုနားတွင် သစ်သားများ ရှိနေသည်။
‘ဟုတ်သားပဲ။ မီးဖိုပြီး အဝတ်ခြောက်အောင်လှမ်းရတယ်’ သူမက တွေးလိုက်သည်။ ဒီအတွေးဖြင့် ရှဲ့တုန်းကို လေချွန်၍ ခေါ်လိုက်ရာ အကုန်လုံးက သူမကို လှည့်ကြည့်သည်။ လင်းချင်းသည် အခြားသူများကို လျစ်လျူရှုကာ ရှဲ့တုန်းကိုပဲလာဖို့ ခေါ်လိုက်သည်။ ထိုအခါ သူမက ဘာလုပ်စေချင်မှန်းမသိသဖြင့် အနားသို့လျှောက်လာသည်။
လင်းချင်းသည် သင်ပုန်းတွင်ရေးပြသည်။ ‘သစ်သားခြောက်တွေ မြင်တယ်မလား။ သူတို့ကို အဝတ်လှမ်းဖို့ မီးဖိုပေးလိုက်ပါ။ ငါအပြင်ထွက်ပြီး အဝတ်ရှာလို့မရလို့’
ရှဲ့တုန်းသည် သူတို့တစ်ချိန်လုံးမေ့ထားသည့် သစ်ပုံကြီးကို ကြည့်လိုက်သည်။ သူတို့သာ မီးဖိုထားလျှင် အဝတ်က အမြန်ခြောက်လိမ့်မည်။ ထို့နောက် ခေါင်းငြိမ့်ပြကာ ဟွမ်ရှို့ကို လာဖို့ လက်ယက်ပြလိုက်သည်။