၃၅၇။ မသိတဲ့သူတွေက ခိုးဝင်လာခြင်း
“အင်း. . . ဇွန်ဘီမဖြစ်ခင်မှာ ရှန်ယုကျန်းကို စခန်းအပြင်ကို ထုတ်လိုက်တယ်ဆိုရင်တော့ မနေ့ညကဖြစ်တဲ့ အမှုက ခေါင်းဆောင်ဝူနဲ့ ဘာမှမဆိုင်တော့ဘူး” ကျိုးရှုဟွေ့က ပြောသည်။ “တခြားသူတွေကို မထိခိုက်ရအောင် နစ်နာသူရဲ့ ခင်ပွန်းအနေနဲ့ ချန်ယုတင်းမှာ သူ့ဇနီးကို စခန်းအပြင်ကို ထုတ်သွားနေစေဖို့ အခွင့်အရေးရှိတယ်။
ကျိုးရှုဟွေ့သည် ဝူချန်းယွဲ့ကို ကူညီဖို့ ကြိုးစားနေတာမျိုး မဟုတ်ဘဲ အမှန်ကိုသာ ပြောနေတာ ဖြစ်သည်။ ဝူချန်းယွဲ့သည် မှန်သည့်ဘက်တွင် ရှိနေလေရာ ယန်းချောင်း၏ မေးခွန်းက သူ့အား မထိခိုက်နိုင်စေပေ။ ထို့ကြောင့် ယန်းချောင်းသည် သူ့မေးခွန်းဖြင့်သူ အရှက်ရသွားတာ ဖြစ်သည်။
ခနတွေးပြီးနောက် ယန်းချောင်းက အုံ့မှိုင်းနေသည့် မျက်နှာဖြင့် “ငါ့ရဲ့လုံခြုံရေးအတိုင်းအတာက ကောင်းတယ်။ ဇွန်ဘီနဲ့ ဇွန်ဘီသားရဲကို ခိုးကြောင်ခိုးဝှက်နဲ့ စခန်းထဲကို သွင်းလာတဲ့သူ ရှိနေတယ်။ ဒီရက်ပိုင်းမှာ မင်းတို့လူတွေနဲ့ အပြင်ကလူတွေ စခန်းထဲကို ဝင်လိုက်ထွက်လိုက်လုပ်နေတော့ ငါမင်းတို့ကို သံသယရှိတယ်!”
ဝူချန်းယွဲ့က သူ့ကိုကြည့်ကာ “ခေါင်းဆောင်ယန် ဒီလိုမျိုးပြောမယ်ဆိုရင် သက်သေပြဖို့ လိုမယ်။ မဟုတ်ရင် ငါ့ကိုအသရေဖျက်နေသလိုပဲ!”
“ငါသက်သေရှာပြီးတော့ အဲ့ဇွန်ဘီမကို ဖမ်းပြမယ်!” ယန်းချောင်းက အေးစက်စွာ နှာခေါင်းရှုံ့၍ ပြောသည်။
ကျိုးရှုဟွေ့က သူတို့နှစ်ယောက်ကို တစ်ချက်ကြည့်လိုက်သည်။ ယန်းချောင်းသည် စကားပြောနေခြင်းကို ရပ်လိုက်ကာ “အခု ငါတို့ဒုတိယကိစ္စပြောရအောင်။ ဖြောင်ကောချန်က ဇွန်ဘီကိုက်ခံရတာနဲ့ ဘာဖြစ်လို့ သုသေသနဌာနကို ပြေးရတာလဲဆိုတာကို မဆုံးဖြတ်ရသေးဘူး။ ဒါပင်မယ့်လည်း သုသေသနပညာရှင် လျန်တရှုနဲ့ မိုလီတို့နဲ့ ပြဿနာတက်ပြီး နောက်ဆုံး စမ်းသပ်ခန်းက ပေါက်ကွဲသွားတယ်။ အခု နစ်နာသူတစ်ယောက်ဖြစ်တဲ့ မိုလီက အဲ့အချိန်တုန်းက ဘာဖြစ်ခဲ့သလဲဆိုတာကို ပြောပါဦး”
ဝူချန်းယွဲ့သည် မိုလီကို ခေါင်းငြိမ့်ပြလိုက်သည်။ ထို့နောက် သူမသည် ထ၍လျှောက်ထွက်လာသည်။ စားပွဲများ၏အလည်တွင်ချထားသည့် ထိုင်ခုံသို့ သွားထိုင်လိုက်ကာ ခါးကိုမတ်မတ်ထား၍ အမှုအယာမဲ့စွာဖြင့် စပြောတော့သည်။ “မနေ့ညက ၁၀နာရီမထိုးခင် မိနစ်၂၀မှာ ဒေါက်တာလျန်နဲ့ ကျွန်မက မြေအောက်စမ်းသပ်ခန်းထဲမှာ အလုပ်လုပ်နေခဲ့တယ်။ ဖြောင်ကောချန်က ရုတ်တရပ် အပြေးအလွှားနဲ့ ရောက်လာတယ်။ သူ့မျက်နှာက ဖြူဖပ်ပြီးတော့ သူ့ကိုကြည့်ရတာက သွေးရူးသွေးတန်းဖြစ်နေသလိုပဲ။ အဲ့ဒီအချိန်တုန်းက ဒေါက်တာရော ကျွန်မရော ဘာဖြစ်နေမှန်း မသိခဲ့တော့ သူ့ကိုမတားခဲ့မိဘူး။ ဒါကိုအခွင့်ကောင်းယူပြီးတော့ ကျွန်မကို ဓားစားခံလုပ်တယ်။ ဒေါက်တာကို ဇွန်ဘီပိုးအတွက် ကုသဆေး သူ့အတွက်ပေးရမယ်လို့ ခြိမ်းခြောက်တယ်။ ဒါပင်မယ့် ကျွန်မတို့က ဇွန်ဘီပိုးအတွက် ဘာကုသဆေးမှ မဖော်ထုတ်နိုင်သေးတာမလို့ သူ့တောင်းဆိုမှုကို မတုန့်ပြန်နိုင်ခဲ့ဘူး”
သူမသည် ခနရပ်ကာ ဆက်ပြောသည်။ “ဒါပင်မယ့် သူကကျွန်မအပေါ် အာရုံသိပ်မစိုက်တဲ့အချိန်မှာ အခွင့်အရေးရတာနဲ့ ကျွန်မတက်တဲ့ တိုက်ခိုက်ရေးနဲ့ သူ့ကို ကိုင်ပေါက်လိုက်တယ်။ အဲ့ဒါက သူ့ဆီက ကျွန်မ ဘယ်လိုလွတ်လာသလဲ ဆိုတာပဲ။ အဲ့ဒီအချိန်မှာ အင်အားကြီးသတ္တူစွမ်းအားရှင် တစ်ယောက်က ပေါ်လာပြီးတော့ ဇွန်ဘီပိုးကြောင့် ထုံထိုင်းနေတဲ့ သူ့ကိုချက်ချင်းသတ်သွားတယ်။ သူစိမ်းက ဒေါက်တာလျန်နဲ့ ကျွန်မကို သတ်ဖို့ပြင်တော့ ဒေါက်တာက သူဆောင်ထားတဲ့ လက်ပစ်ဗုံးကို ခွဲလိုက်ပြီးတော့ အရေးကြီးတဲ့ သုသေသနအချက်အလက်တွေကို ကျွန်မကို လွှဲပေးပြီးတော့ ဆုံးသွားတယ်”
မိုလီ၏ အပြုအမှုနှင့် စကားပြောပုံသည် အရမ်းကိုတည်ငြိမ်နေသော်လည်း သူမ၏မျက်လုံးများသည် မှိုင်းဝေလာသည်။ သို့သော် သူမသည် မျက်တောင်အမြန်ခတ်ကာ မျက်ရည်များကို အမြန်တားလိုက်သည်။ “မနေ့ညက မပေါက်ကွဲခင် ဖြစ်သွားတာပါ”
သူ့လက်ထဲက ဖိုင်ကိုဖတ်နေသည့် ကျိုးရှုဟွေ့သည် သူမအား “သတ္တုစွမ်းအားရှင်သူစိမ်းက ဘယ်အဆင့်လဲဆိုလားသိလား?”
“ကျွန်မရဲ့စိတ်စွမ်းအားက အဆင့်၅အလယ်မို့ အဆင့်၆အလယ်နဲ့ အထက်သူတွေအပေါ်မှာ မထိရောက်ပါဘူး။ မနေ့ညက သူ့ကိုထိန်းချုပ်ဖို့ လုပ်ခဲ့ပင်မယ့် ဘယ်လိုမှ မတုန့်ပြန်ဘူး။ ဒီအချက်ကြောင့် သူက အဆင့်၆ထိပ်ဆုံး မဟုတ်ရင် အဆင့်၇ဖြစ်မယ်လို့ ကောက်ချက်ချထားပါတယ်”
ဝူချန်းယွဲ့ကလွဲလျှင် တခြားသူများက ဒါကိုသိထားပြီးသား ဖြစ်သလို လျို့ဝှက်ချက်ကို ထိန်းထားသည့် ယန်းချောင်းသည်လည်း သိနေနှင့်သည်။ ကျန်သည့်သူများကတော့ မိုလီစကားကိုကြားသည့်အခါ အမှုအယာပြောင်းသွားကြသည်။ အထူးသဖြင့် ကျိုးရှုဟွေ့ပင်။
ကျိုးရှုဟွေ့သည် ခနတန့်သွားကာ မိုလီကို ခေါင်းထောင်ကြည့်၍ မေးသည်။ “ဒီလူက အဆင့်၇ ဒါမှမဟုတ် အဆင့်၇ရောက်ခါနီးဆိုတာ သေချာလား?”
ဒါသည် အရေးကြီးသည့် မေးခွန်းဖြစ်သည်။ စခန်းခေါင်းဆောင်၃ယောက်လောက် အဆင့်မြင့်နေသည့်သူမှာ စခန်းထဲတွင် ပုန်းနေ၍ သုသေသနပညာရှင်ကို သတ်သွားသည်။ သေချာသည်ကတော့ ဒါသည်ကောင်းမွန်သည့် ရည်ရွယ်ချက်ရှိမနေပေ။ ‘ဘာရည်ရွယ်ချက်ရှိနေတာလဲ? ဘာဖြစ်လို့ စခန်းထဲကိုဝင်လာတာလဲ?’
“ဟုတ်ပါတယ်” မိုလီက သေချာစွာ ခေါင်းငြိမ့်ဖြေသည်။ ထိုအခါ ကျိုးရှုဟွေ့သည် ဝူချန်းယွဲ့အား မျက်နှာမကောင်းစွာဖြင့် ခေါင်းကိုလှည့်ငြိမ့်ပြသည်။
ဝူချန်းယွဲ့သည် မိုလီကိုကြည့်၍ ခေါင်းငြိမ့်ပြသည့်အခါ သူမသည် ထိုင်ခုံကနေထကာ ဝူချန်းယွဲ့၏အနောက်က ခုံသို့ ပြန်လာထိုင်သည်။
ကျိုးရှုဟွေ့သည် ယန်းချောင်းနှင့် ဝူချန်းယွဲ့ကိုကြည့်ကာ “ဒါဆိုရင် သတ္တူစွမ်းအားရှင်က သုသေသန ပညာရှင် လျန်တရှုနဲ့ ဖြောင်ကောချန်တို့ သေဆုံးမှုအတွက် တာဝန်ရှိတယ်။ အခုဒီသတ္တုစွမ်းအားရှင်က ဘယ်မှာလဲ? ငါတို့စခန်းက ဘာကိုသူလိုချင်နေတာလဲ?”
ဝူချန်းယွဲ့သည် ယှက်ထားသည့်လက်ချောင်းများကို သူ့မေးအောက်တွင်ထားလိုက်ကာ “သူဘယ်မှာလဲဆိုတာကို ဘယ်သူကမှ မသိကြဘူး။ ငါတို့သူ့ကိုရှာမေးရမှာပဲ”
“အဆင့်၆ ဒါမှမဟုတ် အဆင့်၇စွမ်းအားရှင် ဖြစ်နေတည်းက စခန်းကို သူဝင်ချင်သလို အလွယ်လေးဝင်ရနေတယ်။ အခုတော့ တစ်နေရာရာမှာ ပုန်းနေတယ်ဆိုရင် သူ့ကိုရှာဖို့ ငါတို့အတွက် ခက်ခဲမယ်။ အခုလုပ်ရမယ့် အရေးအကြီးဆုံးက ဇွန်ဘီနဲ့ ဇွန်ဘီသားရဲကို ဘယ်သူကဝင်ခွင့်ပြုလိုက်တာလဲ” ယန်းချောင်းက အေးစက်စွာ ပြောသည်။ ဒီစကားများဖြင့် သူသည် ဒီခေါင်းစဉ်နှင့် လူတို့၏အာရုံကို ပြောင်းဖို့ ကြိုးစားနေတာ ဖြစ်သည်။
“ဇွန်ဘီသားရဲ? ခေါင်းဆောင်ယန် ခုနတည်းက ဇွန်ဘီသားရဲကို ခနခနပြောနေတယ်။ စခန်းထဲမှာ ဇွန်ဘီသားရဲရှိနေတယ်လို့ ဘာကယုံကြည်စေတာလဲ?” ကျိုးရှုဟွေ့က ယန်းချောင်းကို နားမလည်စွာကြည့်၍ မေးသည်။
“ယူလာခဲ့ကြ!” ယန်းချောင်းသည် သူ့ဘေးက ဒုခေါင်းဆောင်ကို ပြောလိုက်သည်။
သူ့လက်ထောက်ခေါင်းဆောင်သည် ချက်ချင်းထ၍ ယန်းချောင်းအား အဆင်မပြေသလို တစ်ချက်ကြည့်၍ လှည့်ထွက်သွားသည်။ လူအချို့က သူထွက်သွားသည်ကို ကြည့်နေကြသည်။ မကြာခင်တွင် သူပြန်လာသည့်အခါ သူ့နောက်တွင်တွင် အဝတ်ဖြူဖုံးထားသည့် အရာတစ်ခုကို သယ်လာသည်။ အဖြူဝတ်သည် သွေးများစွန်းထင်းနေတာ အများကြီးပင်။ ထိုအရာသည် လူနှင့်တူသည်။ လူလေးယောက်က ဒါကိုကြမ်းပြင်တွင်ချ၍ တစ်ယောက်က အဝတ်ကိုမလိုက်သည်။
လူတိုင်းထင်သလိုပင် ခေါင်းတစ်ဝက်နှင့် လက်တစ်ဖက်ပျောက်နေသည့် အမျိုးသမီးအလောင်းကို တွေ့လိုက်ရသည်။ ဒီအလောင်းကိုမြင်သည့်သူများ၏ တုန့်ပြန်မှုသည် ၂မျိုးဖြစ်သည်။ စခန်း၏အပြင်သို့ တာဝန်ထွက်ထမ်းဆောင်ဖူးသည့်သူများသည် အလောင်းကို မြင်သည့်အခါ တည်တည်ငြိမ်ငြိမ်ဖြင့် ရှိနေကြသည်။ သို့သော်လည်း စခန်း၏ ကာကွယ်မှုအောက်တွင် ၅နှစ်လောက်နေကာ ဇွန်ဘီနှင့်အလောင်းများကို အပြင်ထွက်မကြည့်ဖူးကြသည့်သူများသည် အလောင်းကိုမြင်သော် မျက်နှာများ ဖြူဖပ်ကုန်၍ ကြောက်လန့်ကုန်ကြသည်။
ယန်းချောင်းသည် အလောင်းကို ညွှန်ပြကာ “ခေါင်းတစ်ဝက်နဲ့ လက်တစ်ဖက် မရှိတော့ ဒီနစ်နာသူကို မင်းတို့မှတ်မိမယ်မထင်ဘူး။ ဒါပင်မယ့် သူ့ကိုသိတဲ့သူ များမယ်လို့ ငါယုံတဘ်။ ဒါငါ့ညီမ ယန်းယန်ပဲ။ မနေ့ည ၉နာရီလောက်က မိနစ်ပိုင်းလောက်လေးပဲ ခနပျောက်သွားတယ်။ ပြန်တွေ့တဲ့အချိန်မှာ ဒီလိုဖြစ်နေပြီ”
ယန်းချောင်း၏ စကားကို ကြားသည့်အခါ သူတို့အပြုအမှုများက ထပ်ပြောင်းသွားကာ ဒီတစ်ခါတော့ အံ့သြသွားကြပုံရသည်။ ယန်းယန်သေသွားသည့်အကြောင်းကို ကြားသည့်အခါ အချို့လူများဆိုလျှင် ကြိတ်၍ ပျော်တောင်နေကြသေးသည်။