၂၉၇။ ရဲတင်းလွန်းတာထက်ကို ပိုနေပြီ
ကားနားက လူများသည် လုချန်းဖန်နှင့် လုတင်းတို့သည် တခြားအဖွဲ့သားနှစ်ယောက်နှင့်အတူ ဖြစ်သည်။ လုချန်းဖန်၏ မျက်နှာသည် မကြိုက်သလို ဖြစ်နေကာ “လုတင်း! နင်ဒီလိုလုပ်တာက မကောင်းဘူး!” အသံတိုးတိုးဖြင့် ပြောသည်။ “သူတို့က ငါတို့ကို ကူညီထားတာကို ငါတို့က သူတို့ဆီက ခိုးစရာလား?”
လုတင်းသည် နှာခေါင်းရှုံ့ကာ “အကိုကြီး သူတို့က ညီမတို့ကို တကယ်ကူညီတယ်လို့ ထင်နေလား? မယုံရဘူးနော်။ သူတို့က ဆောက်လုပ်ရေးအတွက် ငှားမှာကို ဆန်နဲ့ဂျုံ ပေးမယ်လို့ ပြောတယ်။ ဒါက အရမ်းကောင်းလွန်းတော့ ဘယ်လိုလုပ်ပြီး အခုအချိန်မှာ ကောင်းတာတွေက ဖြစ်နိုင်မှာလဲ? သူတို့မှာ ထုတ်မပြောနိုင်တဲ့ လျို့ဝှက်ချက်တွေ ရှိရင်ရှိနေမှာ။ ဖြစ်နိုင်တာက ညီမတို့ကို သေစေချင်နေတာပဲ။ ပြီးတော့လည်း အခုညီမတို့က သူတို့ယာဉ်ကို ယူရုံတင်။ သူတို့ကို ထိခိုက်အောင်လုပ်နေတာမှ မဟုတ်ဘူး။ ညီမတို့သာ သတ်ချင်ရင် သူတို့အခု အကာအကွယ်မဲ့နေတာပဲမလား”
လုချန်းဖန်သည် ခနတိတ်သွားကာ ဆက်ပြောသည်။ “ဒါပင်မယ့် ချန်ယုတင်းနဲ့ တခြားသူတွေကရော? ငါတို့ထွက်သွားရင် သူတို့ဘယ်လိုလုပ်မလဲ? သူတို့အသတ်ခံရမှာ”
“ဘာဆိုင်လဲ?” လုတင်းသည် ဒေါသထွက်နေကာ ပြောသည်။ “အကိုကြီးတို့ နှစ်ယောက်လုံးက ခေါင်းဆောင်တွေပဲ ဆိုပင်မယ့် လူတိုင်းက သူ့စကားကိုပဲ နားထောင်နေကြတာမလား? ဘာဖြစ်လို့ အအကိုကြီးကို အတည်မယူကြတာလဲ? ပြီးတော့လည်း ဒီလိုသုံးစားမရတဲ့ သေလုမျောပါးဖြစ်နေတဲ့ နှစ်ယောက်ရှိသေး။ သူတို့ကို ထားခဲ့သင့်တယ်လို့ ညီမပြောတာကို ခေါင်းမာပြီး သယ်လာသေးတယ်။ ဘာအကူအညီရမှာမလို့လဲ? သူတို့က ပြန်သက်သာလာမှာတဲ့လား?”
သူမပြောသည့်နှစ်ယောက်မှာ သူမနှင့်အတူ ပြန်ပေးဆွဲခံရသည့် ကောင်လေးနှစ်ယောက်ပင်။
လုချန်းဖန်သည် မျက်နှာကြီးမှုံ့ကုပ်သွားကာ “လုတင်း! သူတို့အသက်ရှင်နေသေးသ၍ မျှော်လင့်ချက်ရှိသေးတယ်။ ပြီးတော့လည်း ငါတို့စခန်းရဲ့တစ်ဝက်ကို ရောက်နေပြီမလား? ခနလောက် ထားလိုက်ပါ။ မနက်ဖြန်ပဲ စခန်းကို ရောက်တောမှာ။ ဘာဖြစ်လို့ ဒါမျိုးလုပ်ရမှာလဲ?”
လုတင်းသည် သူမ၏ဘေးက ယာဉ်ကိုကိုင်ကြည့်ကာ လောဘကြီးစွာဖြင့် “အကိုကြီးက အများကြီး တွေးလွန်းတာပဲ။ အဲ့ဒါကြောင့်လည်း ချန်ယုတင်းက အကိုကြီးခေါင်းပေါ်ကို အမြဲတက်နင်းနေတာ။ ဒီကားကိုကြည့် မမိုက်ဘူးလား? မကောင်းဘူးလား? ပြီးတော့လည်း လက်နက်ဆင်ထားပြီးသား. . . ညီမတို့လို သာမန်လူတွေက ဒါမျိုးကို ရနိုင်ပါ့မလား? အကိုကြီး ဒီကိုအရမ်းမိုက်တဲ့ကားကို မလိုချင်ဘူးလား? ဒါနဲ့ဆိုရင် နောက်တာဝန်တွေလုပ်ရင် ပိုလုံခြုံသွားမှာ မဟုတ်ဘူးလား?” ဒီစကားများဖြင့် သူမသည် လုချန်းဖန်ကို ဖြည်းဖြည်းချင်း ဆွပေးနေသည်။
သူမထင်သလိုပင် လုချန်းဖန်သည် သူမ၏စကားကို ကြားပြီးနောက် ကားကိုကြည့်သည့် အမြင်များသည် ပြောင်းသွားသည်။ ကားမကြိုက်သည့် ယောက်ျားမျိုး မရှိပေ။ ဒီလိုသံချပ်ကာလက်နက်များဖြင့်ကားသည် သာမန်ကားများထက် ပိုတိုက်နိုင်ကာ ပိုကာကွယ်နိုင်သည်။
“အကိုကြီး အခုဆုံးဖြတ်ချက်ချတော့!” လုတင်းက လုချန်းဖန်ကို စိတ်လှုပ်ရှားစွာ ပြောသည်။ “အာလျူရဲ့ အိပ်ငွေ့ချစွမ်းက ပျယ်တော့မယ်။ သူတို့နိုးလာရင် အခွင့်အရေးထပ်ရမှာ မဟုတ်တော့ဘူး”
လုချန်းဖန်သည် ဆွဲဆောင်ခံလိုက်ရသော်လည်း တွေဝေနေသည်။
ထိုအချိန်တွင် လင်းချင်းသည် လုတင်းနားသို့ ခိုးကပ်သွားကာ လက်ကိုထုတ်၍ သူမ၏ လည်ပင်းကိုညှစ်ကာ ကားဖြင့်ဖိကပ်ပစ်လိုက်သည်။
ဒုန်း!
“အား!” လုတင်းသည် ဒါကိုမပြင်ဆင်ထားမိပေ။ လင်းချင်းသည် သူမ၏လည်ပင်းကို ညှစ်ကာကားဖြင့်ဖိထားသဖြင့် အသားကုန်အော်သည်။ သူမသည် တွေဝေသွားကာ မျက်လုံးများကို ဒေါင့်ကပ်၍ တကယ်လားဆိုသည်ကို ကြည့်ဖို့လုပ်သည်။ သို့သော်လည်း သူမ၏လည်ပင်းကို လက်ဖြင့်ညှစ်ခံထားရသည်မှာ အစစ်ဖြစ်သည်။
“အဟွတ်. . .ဟွတ်. . .ဟွတ်. . .အာ့. . .” အသက်ရှုကြပ်လာသဖြင့် သူမ၏ခေါင်းသည် ပူထူလာကာ ရင်ဘတ်က နာလာသည်။ သူမသည် လည်ပင်းကို အမြန်လက်ဖြင့် ထိကြည့်လိုက်ကာ လက်ကိုစမ်းမိသဖြင့် ထိုလက်အတိုင်း တက်လိုက်စမ်းသည့်အခါ ပုခုံးသာ စမ်းမိသည်။
လုချန်းဖန်နှင့် တခြားသူများသည် လုတင်းက ရုတ်တရပ် ဖြစ်သွားသဖြင့် အံ့သြနေကြသည်။ သူမ၏ မျက်နှာသည် အရမ်းနာကျင်နေပုံရကာ တစ်ခုခုက လည်ပင်းကိုညှစ်ထားသလိုပင်။ သို့သော်လည်း သူတို့သည် ဘာကတိုက်နေသလဲကို မမြင်ရသဖြင့် ဘယ်လိုတုန့်ပြန်ရမှန်းမသိ ကြောင်အကုန်သည်။
လုတင်းဘာဖြစ်မှန်း သူတို့သေချာမသိခင် သဏ္ဍာန်တစ်ခုပေါ်လာသည်။ “ကောင်မလေး! နင်က ရည်မှန်းချက် ကြီးတယ်ဆိုတာကိုတော့ ငါပြောနိုင်ပင်မယ့် နင့်ရည်မှန်းချက်ထက် နင့်သတ္တိက ပိုကောင်းနေပါလား!” အက်ကွဲသည့် အသံတစ်ခုက ထွက်လာသည်။
လုတင်းသည် သူမ၏အရှေ့တွင် ဖြတ်ခနဲပေါ်လာသည့် လင်းချင်းကို ကြောက်လန့်တကြားကြည့်နေမိသည်။ သူမသည် ပါးစပ်ကိုဟသော်လည်း ဘာမှမပြောနိုင်ပေ။ သူမ၏မျက်နှာသည် အသက်ရှုကြပ်၍ ဖြူဖပ်နေသည်။
သံထည်ချင်းတိုက်သံများက ထွက်လာပြီးနောက် လုချန်းဖန်နှင့် တခြားနှစ်ယောက်သည် အသိဝင်လာကာ လင်းချင်းကို သေနတ်ဖြင့် ချိန်ထားကြသည်။ “တော်! သူ့ကိုလွှတ်လိုက်!”
လင်းချင်းသည် သူ့ကိုကြည့်လိုက်သည်။ သူမ၏ မျက်လုံးများသည် အမှောင်ထဲတွင် နေကာမျက်မှန် တပ်ထားသောကြောင့် မမြင်နိုင်ပေ။ သို့သော်လည်း နှုတ်ခမ်းဖျားများက ကော့တက်သွားသည်ကို မြင်လိုက်ရသည်။
“ငါက သူ့ကိုရှင်ခွင့်ပေးမလို့ ဆိုပင်မယ့် နင်တို့က သူ့ကိုရှင်စေချင်ပုံ မရဘူး။ ငါ့ကိုသေနတ်နဲ့ ချိန်ရဲကြတယ်ပေါ့!” သူမ၏ အက်ကွဲနေသည့်အသံသည် အမှောင်ထဲတွင် ကြားရသည်မှာ ပိုခြောက်ခြားဖို့ ကောင်းလှသည်။ တစ်ချိန်တည်းတွင် လင်းချင်းသည် လက်ကိုအားထည့်ကာ လုတင်း၏ လည်ပင်းကို ညှစ်လိုက်သည်။
လုတင်းသည် ပါးစပ်ဟကာ ကုန်းပေါ်ရောက်နေသည့်ငါးလို လေကိုရှုသည်။ သို့သော်လည်း လေကိုမရှုနိုင်ပေ။ သူမ၏ရင်ဘတ်များ ပေါက်ထွက်မလို ခံစားနေရသည်။ မျက်လုံးက အကျယ်ကြီးဖွင့်ထားသဖြင့် မျက်လုံးများသည် ကျွတ်ကျတော့မတက် ဖြစ်နေသည်။
လုချန်းဖန်သည် တန့်သွားကာ သေနတ်ကို ကိုင်သည့် သူ့လက်များသည် တုန်လာသည်။ ထိုအချိန်တွင် လင်းချင်းသည် လှုပ်ရှားသည်။ သူမသည် ခြေတစ်လှမ်းနောက်ဆုတ်ကာ လုတင်းကို တွန်းထုတ်ပစ်လိုက်သည်။
လုတင်းသည် မြေပြင်ပေါ်သို့ အဝတ်စုတ်လို ပုံကျသွားသည်။ သူမည် လည်ပင်းကို လက်နှစ်ဖက်ဖြင့်ကိုင်ကာ လေကိုမနည်းရှုနေသည်။ ကြမ်းပြင်ပေါ်တွင် အားပြတ်စွာ ထိုင်နေရင်း သူမသည် နာကျင်စွာဖြင့် သီးတော့သည်။ “အဟွတ်. . .အဟွတ်”
လင်းချင်းသည် သူမကိုကြည့်ကာ ပြောသည်။ “ငါက အကြောင်းမရှိဘဲ လူမသတ်ဘူး။ ပြီးတော့လည်း ကြုံရာလူမသတ်ဘူး။ ငါ့ဆီက ခိုးဖို့ပဲ လုပ်တာမလို့ နင့်အသက်ကို ချမ်းသာပေးလိုက်မယ်။ စိတ်ပျက်ဖို့ ကောင်းလိုက်တာ!” ဒီလိုပြောပြီးနောက် သူမသည် ကလပ်ဘက်သို့ လှည့်ထွက်သည်။
လုချန်းဖန်သည် သေနတ်ကိုဆက်မချိန်တော့ဘဲ လုတင်းဆီသို့ အမြန်ပြေးလာသည်။ “လုတင်း! နင်အဆင်ပြေရဲ့လား? သက်သာလား?”
လုတင်းသည် အသက်ကို ဝဝရှုနေသည်။ သူမ၏ရင်ဘတ်ထဲတွင် အောင့်နေခြင်းက မပျောက်သေးသော်လည်း သူမသည် အခုအနည်းငယ် ပိုသက်သာလာပြီ။
သူမသည် ခေါင်းမော့ကာ လင်းချင်းကို ကြည့်သည်။ မျက်နှာသည် မည်းသည်းနေကာ မျက်လုံးများတွင် အမုန်းနှင့် သတ်ချင်စိတ်တို့ ရှိနေသည်။ လုချန်းဖန်က သူမ၏အနားသို့ ကပ်လာသည်နှင့် သူမသည် သေနတ်ကို လုလိုက်ကာ လင်းချင်းကို ပစ်လိုက်သည်။
သေနတ်သံတို့က ဆက်တိုက်ထွက်လာသည်။
“လုတင်း! ရပ်!”
လုချန်းဖန်သည် သူမ၏လှုပ်ရှားမှုကြောင့် ကြောင်အသွားသည်။ သူတုံ့ပြန်နိုင်ချိန်တွင် လုတင်းသည် ပစ်နှင့်ပြီးသား ဖြစ်သည်။
လုတင်းက ပစ်လိုက်သည်နှင့် လင်းချင်းက လက်ကိုလှုပ်လိုက်ကာ လေထဲတွင် ဖမ်းလိုက်သည်။ လက်ပြန်ဖြန့်သည့်အခါ ကျည်ဆန်အချို့က သူမ၏လက်ထဲတွင် ဖြစ်သည်။ သူမသည် ကျည်ဆန်များကို ကြမ်းပြင်သို့ ပစ်ချလိုက်သည်။
လုတင်းတို့သည် အံ့သြလွန်း၍ မျက်လုံးများ ပြူးကုန်သည်။ လုတင်းသည် ကျည်ဆန်များကို သေချာမမြင်သော်လည်း ကျည်ဆန်ကျသွားသည့် အသံကိုတော့ ကြားလိုက်သည်။
“နင့်ဟာနင်လုပ်တာပဲ။ နင်ကသေချင်နေမှာတော့. . .ဆန္ဒဖြည့်ပေးရတာပေါ့!” လင်းချင်းက ပြောသည်။ ထို့နောက် သူမ၏လက်ချောင်းကို လုတင်းအား ကွေးပြလိုက်သည်။
လေတိုးသံများထွက်လာပြီးနောက် လုတင်း၏ အမှုအယာသည် တောင့်ခဲသွားကာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။
လုတင်းက မလှုပ်နိုင်တော့သည့်အခါ လုချန်းဖန်သည် ပြာယာသွားကာ သူမကို အမြန်ကိုင်လိုက်ရင်း “လုတင်း! လုတင်း? လုတင်း!”
သူသည် သူမကိုပွေ့လိုက်သည့်အခါ သူမ၏ခေါင်းထဲက သွေးစီးကြောင်းက ကျနေသည်ကို မြင်လိုက်ရသည်။ ထို့နောက် သူမ၏ခေါင်းတစ်ဝက်သည် ပဲ့ကျသွားကာ ဦးနှောက်များက ထွက်လာသည်။
လင်းချင်းသည် လုတင်းနှင့် နှစ်မီတာလောက်ပဲကွေးကာ လက်သည်းများကို တစ်ချက်ကွေးလိုက်ရုံဖြင့် လုတင်း၏ ဦးခေါင်းခွံကို ကွဲသွားစေသည်။
“လူတွေကို အကြောင်းမရှိဘဲ ငါမသတ်ဘူးလို့ ငါပြောသားပဲ. . .ဒါပင်မယ့်လည်း ငါ့ကိုသတ်တဲ့သူကို ခွင့်လွှတ်ပေးမယ်လို့ မဆိုလိုဘူး!”
လင်းချင်းသည် လုချန်းဖန်ကို ကြည့်ကာပြောသည်။