May Honey Logo May Honey
Previous Next

၂၉၅။ ဆံပင်ပြန်ပေါ်လာတယ်

လင်းချင်းသည် ခနထိုင်ပြီးနောက် နယ်မြေထဲက ထွက်လာသည်။ အဘယ်ကြောင့်ဆိုသော် အပြင်က လူများသည် ခရီးဆက်ဖို့ အဆင်သင့်ဖြစ်နေကြသောကြောင့် ဖြစ်သည်။

ဖန်တင်းဟု အမည်ရသည့် ဒီအမဲလိုက်အဖွဲ့သည် ငတ်နေတာ ကြာပြီ။ အခုတော့ ဝက်သားဆန်ပြုတ်တစ်ပန်းကန်စီ စားလိုက်ရသဖြင့် အားအချို့ရနေသည်။ အခုအချိန်တွင် သူတို့သည် အရင်ကထက် ပို၍အားရှိနေကြသလိုပင်။

နားချိန်တွင် လင်းချင်းနှင့် လုံချင်းယင်ကလွဲ၍ လင်းဖန်တို့ဘက်မှ တခြားအမျိုးသမီးများသည် ဆင်းမလာကြပေ။ ချန်ယုတင်းတို့သည် လင်းဟောင်တို့က ကားထဲသို့ ဆန်ပြုတ်သွားပို့သည်ကို မြင်သဖြင့် ကားပေါ်က ဆင်းမလာသူများ ရှိမည်ကို သိလိုက်သည်။

“ကားထဲဝင်။ ယာဉ်ကိုစစ်ပြီးရင် ငါတို့ထွက်ကြမယ်”   လင်းဖန်သည် အခြားသူများကို အော်ပြောသည်။

လူတိုင်းက ကားပေါ်သို့ တက်ကြသည့်အခါ ကားနှစ်စီးသည် ပင်လယ်မြို့တော်ဆီသို့ မောင်းကြသည်။ လင်းချင်းနှင့် လုံချင်းယင်တို့သည် နေရောင်အောက် ကားပေါ်တွင် ဆက်ထိုင်ကြသည်။ လင်းချင်းသည် ပူသော်လည်း ကားထဲသို့ဝင်မထိုင်ပေ။ သူမသည် အမိုးပေါ်တွင်ထိုင်ကာ ဇွန်ဘီများကို မောင်းထုတ်ပေးဖို့ လိုသေးသောကြောင့် ဖြစ်သည်။

အခုလသည် အောက်တိုဘာလဖြစ်သဖြင့် နေ့အချိန်တွင်ပူကာ ညအချိန်တွင် အေးသည်။ ဒီကမ္ဘာပျက်ခေတ်တွင် ညအချိန်သည် အရမ်းအေးသည်။ လမ်းတွင် ဖုန်ကလည်း တကယ့်ကို ထူလွန်းတာ ဖြစ်သည်။

. . .

ညနေစောင်းတွင် သူတို့သည် ယူဟန်ခရိုင်သို့ ရောက်ကြသည်။ လမ်းတွင်တော့ ချန်ယုတင်းနှင့် လုချန်းဖန်တို့သည် ထူးဆန်းသထက် ထူးဆန်းနေကြသည်။    ‘တစ်လမ်းလုံး ဇွန်ဘီတွေ မတွေ့ဘူး။ ဘာဖြစ်လို့လဲ?’

မနက်တည်းက သတိထားမိတာ ဖြစ်သော်လည်း သူတို့သည် အဝေးပြေးလမ်းမတွင် မောင်းနေတာ ဖြစ်သောကြောင့် အာရုံမထားမိတာ ဖြစ်သည်။ သို့သော်လည်း သူတို့သည် လုံခြုံလွန်းနေသဖြင့် ဇွန်ဘီမြို့တော်ဖြစ်သည့် ဟန်ကျိုးမြို့ကို ဖြတ်ရင်တောင် အဆင်ပြေမည်ဟု ခံစားလာရသည်။

လင်းဖန်သည် မြို့ထဲတွင် ကားပတ်မောင်းကာ ဖြတ်သန်းလာသည်။ မြို့သည် လူနှင့်အဆောက်အဦးများသဖြင့် လမ်းတို့သည် စွန့်ပစ်ထားသည့် ကား၊ ကျောက်တုံးနှင့် တခြားအရာများဖြင့် ပြည့်နေသည်။ 

ခရီးကိုမြန်စေရန် လင်းဖန်သည် ညတည်းဖို့ လုံခြုံသည့်နေရာကို ရှာမနေပေ။ လင်းချင်းနှင့် တခြားဇွန်ဘီများ ရှိနေလေရာ သူတို့သည် ဘယ်ကိုသွားသွား လုံခြုံနေမှာ ဖြစ်သည်။ 

နောက်ဆုံးတော့ မှောင်လာသည့်အခါ လင်းဖန်သည် ကလပ်တစ်ခုကို တွေ့သည်။ ထိုကလပ်တွင် ဟိုတယ်ခန်း၊ ဘား၊ ရေချိုးခန်းနှင့် ရေနွေးခန်း၊ ဘိလယက်ခုံနှင့် တခြားအပန်းဖြေပစ္စည်းများ အစုံအလင်ရှိသည့်နေရာပင်။ သူတို့ကားရပ်လိုက်သည်နှင့် ကလပ်ထဲက ဇွန်ဘီတိုင်းသည် ထွက်ပြေးကုန်ကြသည်။

“ဒီညဒီမှာနေကြမယ်။ ဒီအဆောက်အဦးက လုံခြုံရေးမြင့်လုနီးပါးနဲ့ ပိတ်ထားတယ်”

လင်းဖန်တို့လို စိတ်မအေးနေသည့် ချန်ယုတင်းတို့ အဖွဲ့သည် ယာဉ်ပေါ်ကနေ သတိအပြည့်ဖြင့် ဆင်းလာကြသည့်အခါ ဘာဇွန်ဘီမှကို မတွေ့ကြပေ။ ထိုအခါ ချန်ယုတင်းနှင့် လုချန်းဖန်တို့သည် ထူးဆန်းသည့် မျက်နှာထားများ ဖြစ်ကုန်ကြသည်။

‘ဘာဖြစ်လို့ ဘယ်ဇွန်ဘီကမှ မလာတာလဲ? ဒီနေရာက ဇွန်ဘီတွေနဲ့ ပြည့်နေသင့်တာ။ ဒါပင်မယ့် တစ်လမ်းလုံး ငါတို့ဇွန်ဘီကို မတွေ့ရတော့ဘူး’

သူတို့သည် လင်းဖန်တို့ထံမှ ဇွန်ဘီတိုင်းကြောက်ရသည့် တစ်ခုခုရှိမည်ဟု ခန့်မှန်းမိကြသည်။

လူစုသည် ကလပ်ထဲသို့ ဝင်လာကြသည်။ မှောင်နေသည်ဖြစ်ရာ မြို့ထဲတွင် လျှပ်စစ်မီးလည်းမရှိသဖြင့် သူတို့သည် ဓာတ်မီးဖြင့် စစ်ရသည်။ ကလပ်ထဲတွင် ဘာဇွန်ဘီမှ မရှိသော်လည်း တစ်နေရာလုံးသည် လုံးဝကို မှောင်မည်းနေသည်။

လင်းဖန်တို့နှင့် တခြားသူများသည် ရိုးရှင်းသည့် အစာအချို့ကို ပြင်ဆင်ကာ ညစာစားပွဲတွင် လူသုံးဆယ်လောက်စုထိုင်၍ ညစာစားဖို့ ပြင်ဆင်ကြသည်။ 

ဘယ်သူကမှ သူမကို အာရုံမရှိသည့်အချိန်မှ လင်းချင်းသည် ထွက်လာသည်။ နယ်မြေထဲသို့ ဝင်လိုက်သည့်အခါ ချူးလီလီအား
“လီလီ အပြင်က လူတွေကို သေချာစောင့်ကြည့်ပေးထား။ ငါဒီည ကန်ထဲကို ဆင်းမှာမလို့”

ချူးလီလီသည် ဆိုဖာပေါ်တွင် လှဲနေရာက ထိုင်လိုက်ကာ ခေါင်းငြိမ့်၍ ပြန်ဖြေသည်။   “ရတယ်”

ချူးလီလီကို ထုတ်ပေးပြီးသည့်အခါ လင်းချင်းသည် ဇွန်ဘီခေါင်းဆောင်များနှင့် အဆင့်လေးဇွန်ဘီနှစ်ကောင်ကို ထုတ်ပေးသည်။ ထို့နောက် သူမသည် ထိုင်ခုံတစ်လုံးကိုဆွဲကာ ကန်နားသို့ သွားသည်။ ကန်ထဲသို့ မဆင်းခင် သူမသည် နေကာမျက်မှန်၊ ဦးထုပ်နှင့် အဝတ်တို့ကိုချွတ်သည်။ 

တုံတုံသည် လျူကျွင်း၏ ရင်ခွင်ထဲတွင် အိပ်ပျော်နေနှင့်ပြီ ဖြစ်သည်။ လျူကျွင်းက လင်းချင်း၏ ကန်ထဲကို ဆင်းသွားသည့် နောက်ကျောကို လှမ်းကြည့်နေသည်။   ‘နောက်ကျောက လှလိုက်တာ။ ခါးကသွယ်သွယ်လေး။ တင်ကလည်းလုံးလို့။ ခြေတံကလည်းသွယ်တယ်။ အသားအရည်ကလည်းဖွေးလို့။ ဆံပင်ရှည်တွေသာ ကျောပေါ်ဖြာကျနေရင် တကယ့်ကိုလှမှာ’

‘ဝမ်းနည်းဖို့ကောင်းတာက ကတုံးဖြစ်နေတယ်’   လျူကျွင်းက တွေးသည်။

လင်းချင်းသည် သူမ၏ဗိုက်ကို ထိလိုက်သည့်အခါ ဝါဂွမ်းလို ပျော့နေသည်ကို ခံစားမိလိုက်သည်။ သူမည် ရေထဲသို့ ဆင်းလိုက်သည့်အခါ နွယ်လေး၏နွယ်များက သူမ၏ခြေထောက်ကို ရစ်ပတ်ကာ ကန်ထဲသို့ ဆွဲခေါ်သွားသည်။

သူမ၏ကိုယ်အား နွယ်များက ပတ်ထားသည်မှာ တဖြည်းဖြည်း ကျောက်စိမ်းဖြူရောင် ပိုးအိမ်ဖြစ်လာသလိုပင်။ လင်းချင်းသည် ရင်းနှီးသည့် စွမ်းအားက သူမကိုယ်ထဲသို့ ဖြည်းဖြည်းချင်းစိမ့်ဝင်လာသည်ကို ခံစားမိပြီး သူမ၏ကိုယ်သည် အေးမနေတော့ဘဲ စ၍ပူလာသည်။ 

ဒီတစ်ကြိမ်တွင် ဆံပင်ပြန်ပေါက်မလား မသိသော်လည်း ဗိုက်ကတော့ ပြန်သက်သာနေပြီ ဖြစ်ကြောင်းကို ပြောနိုင်သည်။ သူမ၏ ဗိုက်သည် ပူသထက် ပူလာသည်မှာ မီးမြှိုက်ခံနေသလိုပင်။ သူမ၏လည်ချောင်းနှင့် ဦးနှောက်သည်လည်း မီးလိုပူနေသည်။

ကျောက်စိမ်းဖြူပိုးအိမ်ထဲမှ အစိမ်းဖျော့ဖျော့ အလင်းများက လင်းလာသည်။ ထို့နောက် အလင်းသည် ဖျော့သွားကာ မြူခိုးနက်များက ပိုးအိမ်ထဲကနေ ထွက်လာသည်။ မြူခိုးနက်များသည် ရေဖြင့်မရောဘဲ ဖြည်းဖြည်းချင်း ရွေ့လျားသွားကြသည်။ မြူခိုးနက်များ ထွက်လာသည်နှင့် ကျောက်စိမ်းဖြူနွယ်များသည် ရုတ်တရပ် လင်းချင်းကို ဖြေပေးလိုက်သည်။

တစ်ကိုယ်လုံးကို မြူခိုးနက်များဖြင့် ဖုံးထားသည်။ နွယ်လေး၏ အကူအညီမပါသည်တောင်မှ လင်းချင်း၏ကိုယ်သည် မြုပ်လဲမသွား ပေါ်လည်းမလာဘဲ ရေထဲတွင် ဆက်ရှိနေသည်။

လင်းချင်းနိုးလာသည့်အခါ သူမသည် ဘာကိုမှ မမြင်ရဘဲ အကုန်မှောင်ပိန်းနေသည်။ ခေါင်းမကြည်သေး၍ဟု ထင်လိုက်သည်။ သို့သော်လည်း နှစ်စက္ကန့်လောက်ကြာမှ အမှောင်ထုသည် သူမ၏ မြူခိုးနက်များ ဖြစ်ကြောင်းကို သိလိုက်ရသည်။

သူမသည် လက်ဝါးကိုဖြန့်ကာ မြူခိုးနက်များကို လက်ဝါးတွင်စုလိုက်မှသာ အမှောင်ထုသည် မျက်စိရှေ့ကနေ ပျောက်သွားတော့သည်။ ထို့နောက် သူမသည် ကန်ထဲတွင် ရှိနေသေးကြောင်းကို သိလိုက်သည်။

မြူခိုးနက်အကုန်လုံးသည် လင်းချင်း၏ လက်ဝါးထဲသို့ ဝင်သွားမှ နွယ်လေးသည် အောက်တွင်စောင့်နေရာက တက်လာသည်။ လင်းချင်း၏ခါးကို ရစ်ပတ်ကာ အပေါ်သို့ ပို့ပေးရင်း
‘မေမေ မေမေ နိုးလာပြီပဲ’

‘အင်း’   လင်းချင်းသည် စိတ်ထဲက ဖြေသည်။   ‘ဘယ်လောက်ကြာသွားလဲ?’

နွယ်လေးက ပြန်ဖြေသည်။   ‘သိပ်မကြာဘူး။ နှစ်နာရီလောက်ပဲ’

တစ်ခါတစ်လေတွင် လင်းချင်းသည် နွယ်လေးက ဘယ်ကနေ လာသလဲကို တကယ်သိချင်သည်။ ကလေးနှင့်တူသော်လည်း အကုန်လုံးကို သိနေသည်။ အရမ်းခင်တွယ်တက်ကာ ဗဟုသုတတို့ကလည်း ကျယ်ပြန့်သည်။

လင်းချင်းသည် ရေထဲကထွက်လာသည်နှင့် ကန်ဘေးသို့ ကူးသွားတာ ဖြစ်သည်။ ထို့နောက် သူမသည် ရေထဲကတက်ကာ အရင်ဆုံး အဝတ်ဝတ်သည်။ 

“ဟင်? ဆံပင်ထွက်လာပြီထင်တယ်. . .ဒါပင်မယ့် တိုသေးတယ်. . .”   သူမ၏ အနောက်က အသံထွက်လာသည်။ ထို့နောက် လျူကျွင်းသည် သရဲလို ပေါ်လာသည်။

လင်းချင်းသည် ခနတန့်တာ လျူကျွင်းကို လှည့်ကြည့်သည်။ ထို့နောက် လက်မြှောက်၍ ခေါင်းကို ကိုင်ကြည့်သည်။ ထို့နောက် လျူကျွင်းက ဘာကိုပြောနေသလဲ ဆိုသည်ကို သူမသိသွားသည်။

သူမ၏ ဆံပင်များ ပြန်ပေါက်လာပါသည်။ သို့သော်. . .သူမကိုင်မိသည့် ဆံပင်များသည်. . .အရမ်းတိုနေသည်။ သေချာရိတ်ထားသည့် ဆံပင်ကတောင် သူမထက် ပိုရှည်လိမ့်မည်ဟု လင်းချင်းက ခံစားရသည်။

ထို့နောက် လျူကျွင်းက ထပ်ပြောသည်ကို ကြားလိုက်ရသည်။   “ဟယ် လီလီဆံပင်ကျတော့ အရမ်းရှည်တယ်။ ဒါပင်မယ့် နင့်ဆံပင်ကျတော့ ဘာဖြစ်လို့ နည်းနည်းပဲ ပေါက်တာလဲ? ဟား ဟား. . .နွယ်လေးနဲ့ လီလီတို့ကားမှာ လျို့ဝှက်ထားတဲ့ ဆက်ဆံရေးမျိုး ရှိသလားလို့တောင် ငါထင်လာပြီ”  
Previous Chapter 295 of 410 Next