၃၁၂။ ဘာကိုရှာနေတာလဲ?
ထိုအချိန်တွင် လင်းဖန်နှင့် ယွမ်ထန်ရှင်းတို့သည် အချင်းချင်းကြည့်လိုက်ကာ လင်းဖန်က မေးသည်။
“ဘာဖြစ်လို့ လုမိန်းကလေးက ဒီမှာရောက်နေတာကြာပြီလို့ ငါထင်နေတာလဲ?”
ယွမ်ထန်ရှင်းသည် ခေါင်းငြိမ့်ကာ ပြောသည်။
“ဘယ်တုန်းက ပြန်ရောက်နေတာပါလိမ့်?”
ဝူချန်းယွဲ့သည် လျန်လျန်ကို ဧည့်ခန်းထဲသို့ ချီသွားဖို့ လုပ်နေတာ ဖြစ်သည်။ သူတို့ပြောသည်ကို ကြားသည့်အခါ ရပ်လိုက်ကာ လှည့်ကြည့်ရင်း မေးသည်။
“သူ့နာမည်က လု လား?”
လင်းဖန်က ခေါင်းငြိမ့်ကာ ဖြေသည်။
“ဟုတ်တယ်။ သူ့နာမည်က လု. . .”
သူဖြေတော့မည့် အချိန်တွင် ယွမ်ထန်ရှင်းသည် ထူးဆန်းစွာဖြင့် ဝင်ဖြတ်ပြောကာ
“ဪ! ဟုတ်တယ်! သူ့နာမည်က လု! ဟုတ်တယ်လေ!”
လင်းဖန်သည် ယွမ်ထန်ရှင်းကို နားမလည်စွာကြည့်သည်။ ယွမ်ထန်ရှင်းကို သိတာကြာသဖြင့် ဒီလိုစကားဝင်ဖြတ်ရသည့် အကြောင်းက သေချာပေါက်ရှိမည်ကို နားလည်လိုက်သည်။
ဝူချန်းယွဲ့သည် ယွမ်ထန်ရှင်းကို သံသယဖြစ်သည့် အကြည့်ဖြင့် ကြည့်လိုက်သည့်အခါ တစ်ဖက်သားသည် သူ့အားမရည်ရွယ်ဘဲ ပြောမိသလို ပြုံးပြနေသည်ကို တွေ့ရသည်။
ထိုအချိန်တွင် လျန်လျန်သည် မျက်ခွံလေးများ လှုပ်လာကာ မျက်လုံးက ဖြည်းဖြည်းချင်းပွင့်လာသည်။ ဝူချန်းယွဲ့သည် ယွမ်ထန်ရှင်းအား သံသယဖြင့် စိုက်ကြည့်နေသဖြင့် ဒါကိုသတိမထားမိချေ။ သို့သော်လည်း ဘေးကမုန့်ယွဲ့ကတော့ ဒါကိုသတိထားမိသည်။
“ကြည့်! လျန်လျန်နိုးလာပြီ!”
တခြားသူများသည် ဝူချန်းယွဲ့၏ လက်ထဲက ကလေးကို အကုန်ကြည့်ကြသည်။
ဝူယွဲ့လျန်သည် မျက်လုံးဖွင့်ကြည့်ကာ ပတ်ဝန်းကျင်ကို နားမလည်စွာကြည့်သည်။ လူတိုင်းက သူမကိုကြည့်နေကြသဖြင့် ချက်ချင်းသူ့အဖေ၏ ရင်ခွင်ထဲကို ခေါင်းလှည့်အပ်လိုက်တော့သည်။
“လျန်လျန်? လျန်လျန် ဒီကိုကြည့် ဖေဖေ့ကိုကြည့်။ ဘယ်နေရာ အဆင်မပြေဖြစ်သေးလဲ ဖေဖေ့ကိုပြော?”
ဝူချန်းယွဲ့သည် သူ့သမီးကို အရမ်းအူမြူးပျော်ရွှင်စွာဖြင့် ပြောကာ အမြန်ဆိုဖာပေါ်သို့ ချပေးလိုက်သည်။
ဝူယွဲ့လျန်သည် သူ့အားတောက်ပသည့် မျက်လုံးများဖြင့် ခိုးမော့ကြည့်ပြီးနောက် သူ့ရင်ခွင်ထဲသို့ ပြန်ပုန်းနေပြန်သည်။ သူ့သမီးသည် အရင်လို တုန့်ပြန်နေသည့်အခါမှ ဝူချန်းယွဲ့သည် သက်ပြင်းရှည်ကြီးကို ချနိုင်သွားသည်။
ထိုအချိန်တွင် ဝူယွဲ့လျန်သည် သူမ၏ကိုယ်အား လက်သေးသေးလေးများဖြင့် လိုက်စမ်းကြည့်နေရာ ဘာကိုမှ မစမ်းမိပေ။ ထိုအခါ ပေါင်ပေါ်ကနေ ချက်ချင်းထကာ သူမဝတ်ထားသည့် အဝတ်များကို နားမလည်စွာ ငုံ့ကြည့်နေသည်။
‘ဟင်? ဒါငါ့အကျီမဟုတ်ဘူး. . .အကြီးကြီးပဲ. . .’
သို့သော်လည်း အဝတ်အကြောင်းကို သိပ်အာရုံမထားဘဲ မျက်လုံးက အကုန်ပတ်ရှာသော်လည်း သူမ၏ ရတနာလေးကို မတွေ့သဖြင့် အဖေဖြစ်သူအနားကို ရှာကြည့်ပြန်သည်။ သို့သော်လည်း မတွေ့ပေ။ ဧည့်ခန်းထဲကိုလည်း သူမသည် မျက်လုံးဖြင့် လိုက်ရှာ၍ မတွေ့သည့်အခါ ဝူချန်းယွဲ့အား မျက်ရည်ဝိုင်းနေသည့် မျက်လုံးများဖြင့် စိုက်ကြည့်နေတော့သည်။
“ဘာတွေရှာနေတာလဲ?”
လင်းဖန်သည် ကလေးအကြောင်းကို သိသည်။ သူ့တွင်လည်း သမီးလေးရှိတာကြောင့် ဖြစ်ပါသည်။
“မြက်ပုစဉ်းလေးကို ရှာနေတာဖြစ်မယ်!”
ဝူချန်းယွဲ့သည် ခနတွေး၍ ပြောသည့်အခါ ဝူယွဲ့လျန်သည် ချက်ချင်းကို ခေါင်းငြိမ့်ပြသည်။
“မပူနဲ့ ရတနာလေးက သမီးအခန်းထဲမှာ”
ဝူချန်းယွဲ့က ပြုံးကာပြောသည်။
“ဗိုက်ဆာနေပြီလား? အပေါ်ထပ်ကို အဝတ်သွားလဲပြီးရင် စားဖို့ဆင်းလာကြမလား?”
ထိုအခါ သူမ၏ မြက်ပုစဉ်းရုပ်လေးကို အခန်းထဲသို့ ပြန်ပါက တွေ့နိုင်မှာ ဖြစ်သောကြောင့် ဝူယွဲ့လျန်သည် ပျော်ရွှင်စွာဖြင့် ခေါင်းအမြန်ငြိမ့်ပြသည်။
ဝူချန်းယွဲ့သည် ချစ်မြတ်နိုးစွာဖြင့် ဆံပင်ကိုလက်ဖြင့် ပွတ်ပေးလိုက်သည်။ ထိုအခါ သူ့ရင်ထဲတွင် နွေးထွေးသွားသည်။
“လျန်လျန်ကို အပေါ်ထပ်မှာ ငါအဝတ်သွားလဲပေးလိုက်ဦးမယ်။ ယွင့်လုံ ဧည့်သည်တွေကို ဧည့်ခံပေးထားပါ”
ဝူချန်းယွဲ့က ဝူယွဲ့လျန်ကိုချီ၍ ထွက်သွားမှ ရှောင်ယွင့်လုံသည် အံ့သြနေရာကနေ အသိပြန်ဝင်တော့သည်။
“လင်းလူကြီးမင်းနဲ့ ယွမ်လူကြီးမင်း ပြန်ထိုင်ကြပါဦး။ စားလို့ဖြင့် မပြီးကြသေးဘူး”
ဒီလိုပြောကာ စားပွဲသို့ ညွှန်ပြသည်။
ဝူယွဲ့လျန်အား သူ့အဖေထံသို့ အထိခိုက်လုံးဝမရှိဘဲ ပြန်ပို့နိုင်မှသာ လင်းဖန်နှင့် ယွမ်ထန်ရှင်းတို့လည်း စိတ်အေးနိုင်ကြသည်။ သူတို့သည် ထမင်းစားဝိုင်းသို့ ပြုံး၍ပြန်သွားကြသည်။
“လုမိန်းကလေးက ဘာဖြစ်လို့ အစောကြီး ပြန်သွားတာလဲ?”
ယွမ်ထန်ရှင်းကစပ်စုစွာ မေးသည်။
“သူပြန်သွားတာ သေချာလို့လား?”
လင်းဖန်သည် သူ့အားထူးဆန်းသည့် အကြည့်ဖြင့် ကြည့်သည်။
ထိုအချိန်တွင် ရှောင်ယွင့်လုံကလည်း ဝင်ပြောသည်။
“လုမိန်းကလေးက လျန်လျန်ကို တကယ်နှိုးပေးနိုင်တာပဲ။ ပြီးတော့လည်း လျန်လျန်လေးက အခုအစွမ်းနိုးသွားပြီမလား?”
“ဒါကတော့ လျန်လျန်ကို မေးဖို့လိုမယ်”
လင်းဖန်က ပြောသည်။
“လုမိန်းကလေး ပြန်လာမှ မေးရင်လည်း ရလောက်ပါတယ်”
“ခေါင်းဆောင်ဝူကတော့ ဒီနေရာကို လုံခြုံရေးမြင့်မှပဲ။ မဟုတ်ရင် သူကဝင်ချင်သလိုဝင် ထွက်ချင်သလိုထွက်ရနေတာမလား?”
ယွမ်ထန်ရှင်းက ပြောသည်။
ထိုအခါ မုန့်ယွဲ့သည် သူတို့နားသို့လာထိုင်ကာ
“ကျွန်မနဲ့ ခေါင်းဆောင်ဝူတောင် သူ့ကိုရှာမတွေ့မှတော့ အစောင့်ထပ်ထည့်လည်း အသုံးမဝင်ပါဘူး!”
လူ၃ယောက်သည် ခနတန့်သွားသည်။ ထိုအမျိုးသမီးမှာ သူတို့သတိမထားမိဘဲ သူတို့ဘေးသို့ ရုတ်တရပ်ပေါ်လာသည်ကို ပြန်တွေးမိသွားကာ မုန့်ယွဲ့စကားက မှန်သည်ဟု သူတို့ခံစားမိသည်။
“သူ့ကို ထူးခြားတဲ့အလုပ် ဒါမှမဟုတ် လုပ်ကြံဖို့အတွက် လွှတ်မယ်ဆိုရင် အရမ်းအဆင့်မြင့်တဲ့သူတွေကလွဲရင် ဘယ်သူက တားနိုင်ပါ့မလဲ?”
သူတို့သည် လုပ်ကြံရေးကို လင်းချင်းသာလုပ်လျှင် အောင်မြင်နှုန်း ဘယ်လောက်ရှိမလဲ ဆွေးနွေးနေကြစဉ် ဝူချန်းယွဲ့သည် ဝူယွဲ့လျန်ကို အပေါ်ထပ်သို့ ခေါ်သွားနှင့်သည်။
“လျန်လျန် ဘာမှတ်မိလဲ?”
ဝူချန်းယွဲ့သည် သူမ၏အခန်းသို့ ခေါ်သွားရင်း မေးသည်။ ဝူယွဲ့လျန်သည် သူ့အားမော့ကြည့်သည်။ သူ့သမီး၏ မျက်နှာထက်က နားမလည်သည့်ပုံကြောင့် ဘာကိုမှ မှတ်မိမှာ မဟုတ်သည်ကို ဝူချန်းယွဲ့က သိလိုက်သည်။
အခန်းတံခါးကိုဖွင့်ဝင်ကာ သူ့သမီးကို ကုတင်ပေါ်ချပေးလိုက်သည်။ ထို့နောက် ဗီရိုကိုသွားဖွင့်ကာ လဲဖို့အဝတ်သွားယူသည်။ ဝူယွဲ့လျန်သည် သူမ၏ကုတင်ဘေးနားက ဗီရိုအပုလေးနားသို့ သွားလိုက်ကာ ထိုအပေါ်တွင် တင်ထားသည့် အဝါရောင်ပြောင်းနေသည့် မျက်ပုစဉ်းရုပ်ကို ယူလိုက်သည်။ အရုပ်က သူမ၏လက်ထဲသို့ ရောက်သည်နှင့် ပျော်ရွှင်စွာ ပြုံးနေသည်။
အဝတ်ယူ၍ လှည့်လာသည့် ဝူချန်းယွဲ့သည် သူ့သမီးမှာ ကုတင်ပေါ်တွင် မြက်ပုစဉ်းရုပ်ကို လက်နှစ်ဖက်ဖြင့် တယုတယကိုင်ကာ မျက်နှာလေးက အပြုံးဖြင့် တောက်ပနေသည်ကို တွေ့လိုက်ရသည်။ ဒီလိုမျိုး ချိုသာစွာပြုံးခြင်းကို သူမမြင်ရတာ ကြာပြီ ဖြစ်လေရာ ဒီအပြုံးကြောင့် သူ့နှလုံးသားသည် အရည်ပျော်သွားသည်။ အဝတ်များကိုကိုင်နေရင်း သူ့သမီးပြုံးနေသည်ကို နှောင့်ယှက်မိမှာစိုး၍ သူသည်အနားတောင် မသွားရဲဘဲ အဝေးကနေ ကြည့်နေသည်။
. . .
တစ်ဖက်တွင်တော့ လင်းချင်းသည် နယ်မြေထဲသို့ ဝင်လာသည်။ ပရိဘောများရှိရာဘက်တွင် လျူကျွင်းက ထိုင်နေသည်ဖြစ်ရာ သူမသည် ထိုဘက်သို့ လျှောက်လာသည်။ လမ်းတွင် သူမ၏ခြေထောက်အား တစ်ခုခုက ဆွဲထားသလို လေးသွားသည်။
‘ဟင်?’
ခေါင်းငုံ့ကြည့်လိုက်ရာ မီးခိုးရောင်အမွေးလုံးကြီးသည် သူမ၏ဘောင်းဘီစကို ကိုက်နေကြောင်း တွေ့လိုက်ရသည်။
‘ဒါမီးခိုးရောင်ယုန်ပဲ’
လင်းချင်းသည် ခေါင်းငုံ့ကြည့်လိုက်ရာ ဘောင်းဘီစကို မကိုက်တော့ဘဲ သူမ၏ခြေထောက်ပေါ်သို့ ခုန်တက်လာသည်။
“ဘာလုပ်နေတာလဲ?”
လင်းချင်းသည် ဒီယုန်က ဘာလိုချင်မှန်းမသိ၍ အံ့သြစွာ ကြည့်နေမိသည်။ သူမသည် ဇွန်ဘီနှင့်လူတို့၏ အတွေးကိုဖတ်နိုင်သော်လည်း တိရိစ္ဆာန်များ၏ အတွေးကိုတော့ မဖတ်တက်ပါပေ။
ထိုအချိန်တွင် ယုန်ထံသို့ စိတ်လှုပ်ရှားနေသည့် လူလေးသည် ပြေးလာသည်။ လျူကျွင်းသည် တုံတုံကို မြင်လိုက်သည့်အခါ သူမလည်း အနောက်ကနေ လိုက်လာသည်။
ယုန်သည် တုံတုံကြောင့် လန့်သွားကာ ကြောက်သွားပုံရ၍ လင်းချင်း၏ဘောင်းဘီစကို ထပ်ကိုက်ပြန်ကာ ဘေးသို့ဆွဲခေါ်ဖို့ လုပ်ပြန်သည်။ ဒီတစ်ခါတော့ ဒီလိုမျိုး ပြင်းပြန်းထန်ထန်ကို လုပ်ပြနေတာ ဖြစ်သည်။
“အပြင်ကိုခေါ်သွားခိုင်းနေတာလား? ကလေးမလေးနဲ့ ဒီယုန်က တချိန်လုံးရှိနေခဲ့တာဆို။ နင်ထွက်သွားတည်းက ပတ်ပြေးနေတာ။ ဘာလုပ်နေလည်း ငါတော့မသိပါဘူး”