၃၄၈။ ဗိုက်အောင့်နိုင်တယ်
“ဆွဲဖြဲပစ်လိုက်!” ယန်းယန်သည် သူမထံသို့ သွားရည်များကျကာ ကြည့်နေသည့် ဇွန်ဘီခွေးကို ကြောက်နေစဉ် အေးစက်ကာ အက်ကွဲနေသည့် အသံကို ကြားလိုက်ရသည်။
“ဂါး!!!” သူမထံက အမိန့်ကိုရသည်နှင့် ဇွန်ဘီခွေးသည် သူမအား ချက်ချင်းခုန်အုပ်၍ သူ့ခြေများဖြင့် ဖိလိုက်ကာ သွေးရွှဲနေသည့်ပါးစပ်ကိုဖွင့်၍ ကိုက်ဖို့လုပ်သည်။
“အား!” ယန်းယန်သည် သူမ၏ဦးခေါင်းခွံက ပေါက်ကွဲမသွားခင်တွင် ငယ်သံပါအောင် တစ်ချက်သာ အော်လိုက်နိုင်သည်။ ဇွန်ဘီခွေးသည် သူမ၏ဦးခေါင်းတစ်ဝက်ကို ကိုက်၍ဝါးစားသည်။ သူမ၏ ဦးခေါင်းခွံကအစ သူမ၏ ဦးရည်ပြား၊ ဆံပင်နှင့် ဦးနှောက်များကိုစားနေတာ ဖြစ်သည်။ နှာခေါင်း၏အထက် ယန်းယန်၏ခေါင်းသည် ကိုက်စားခံလိုက်ရပြီ ဖြစ်သည်။
လင်းချင်းသည် ခွေးအားဝေးရာသို့ ဆွဲထုတ်လိုက်ကာ “ငါနင့်ကို သူ့ကိုဆွဲဖြဲဖို့ပဲပြောတာ မစားနဲ့! တော်ပြီ မစားနဲ့တော့! ဒီလိုလူမျိုးကိုစားရင် နင့်ဗိုက်အောင့်တာပဲရှိမယ်” လင်းချင်းသည် ဇွန်ဘီခွေးအား လက်တစ်ဖက်ဖြင့် ဆွဲဖယ်ပြီးသည့်အခါ ခွေး၏အောက်မှ ယန်းယန်၏ကိုယ်အား ဆွဲထုတ်လိုက်သည်။
ခွေးသည် ဝါးစားနေရင်း ယန်းယန်၏ကိုယ်အား လက်သည်းများဖြင့် အတင်းထိုးစိုက်ကာ လင်းချင်းက သူ့အစာကို လုသလိုဖြစ်သွားသဖြင့် ပြန်၍မာန်ဖီသည်။ လင်းချင်းက ဆွဲထုတ်ဖို့ ကြိုးစားသော်လည်း ခွေးသည် အလောင်းကို လုံးဝကို အလွတ်မပေးပေ။
“ငါ့ကိုပေး! နင်သူ့မျက်နှာကို စားပြီးပြီ။ သူ့မိသားစုကတောင် သူ့ကိုမှတ်မိနိုင်ပါ့မလား ငါမသိတော့ဘူး။ သူတို့မသိရင် ပျော်ဖို့မကောင်းတော့ဘူး။ နင့်လက်သည်းတွေကို ဖယ်စမ်း!”
လင်းချင်းသည် ခွေး၏လည်ပင်းတွင်ချည်ထားသည့် နွယ်ကနေနောက်သို့ ပြန်ဆွဲသည်။
“ဂါး. . .ဂါ. . .ဂါ” ဇွန်ဘီခွေးသည် လင်းချင်းကို ပြန်တော့ မကိုက်ရဲပေ။
သူ့အစာကို ယူသွားတော့မည်ကို မြင်သည့်အခါ သူ့ပါးစပ်ထဲက ခေါင်းတစ်ဝက်ကို အမြန်မြိုချ၍ ယန်းယန်၏ ပုခုံးကိုခဲကာ လက်မောင်းတစ်ဖက်ကို ဆွဲဖြဲသည်။ လက်မောင်းတစ်ဖက်ကို ကိုက်ချီသွားရင်း ခွေးသည် လင်းချင်းအား ဖယ်ပေးသည်။ ထို့နောက် မြေပြင်တွင် ဝပ်ချလိုက်ကာ ရှေ့ခြေနှစ်ဖက်ဖြင့် လက်မောင်းပြတ်ကို ဖိထားကာ စတင်၍စားနေတော့သည်။
လင်းချင်းသည် ယန်းယန်၏ခေါင်းတစ်ဝက်နှင့် လက်တစ်ဖက်ပြုတ်သေန့် အလောင်းကိုကြည့်ကာ တစ်ဖက်တွင် သတိအပြည့်ဖြင့် စားနေသည့်ခွေးကို တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် သူမသည် အလောင်းကို ကုန်း၍မကာ နယ်မြေထဲကနေ ထွက်လာသည်။
ယန်းယန်ပျောက်သွားသည်ကို တိုက်ခန်းထဲက ဘယ်သူကမှ အခုအထိ မသိကြသေးပေ။
ဘုန်း!
သွေးသံတရွှဲရွှဲဖြင့် အလောင်းကြီးသည် ဆိုဖာအရှေ့က လက်ဖက်ရည်စားပွဲပေါ်သို့ ပြုတ်ကျလာသည်။ ခေါင်းတစ်ဝက်နှင့် လက်တစ်ဖက်မှာ မရှိတော့ပေ။
ထိုအချိန်တွင် ကောင်လေးသည် စောင်ခြုံထဲကနေ ခေါင်းကိုထုတ်လာချိန်ဖြစ်ရာ အလောင်းက သူ့မျက်စိရှေ့တည့်တည့်သို့ ပြုတ်ကျလာခြင်းကို တွေ့လိုက်ရတော့သည်။
“အား!” ကြောက်သွားသည့် ကောင်လေး၏ အော်သံသည် အဆောက်ဦးတစ်ခုလုံးကို ပဲ့တင်လုမတက် ဖြစ်သွားသည်။
“မင်းကွာ ဘာဖြစ်လို့. . .” ကောင်လေး၏အော်သံကြောင့် ဧည့်ခန်းထဲကလူသည် လက်ထဲက tabletပြုတ်ကျတော့မတက် ဖြစ်သွားသည်။ သူသည် ကောင်လေးကို တစ်ချက်ကြည့်လိုက်သော်လည်း သူ့မျက်စိရှေ့တွင် အလောင်းတစ်ခုက ရှိနေသည်ကို တွေ့လိုက်ရသည်။
ကောင်လေးက အော်သည့်အခါ သဘာဝလွန်စွမ်းအားရှင်စစ်သားအချို့က အမြန်ပြေးလာကြသည်။ လက်ဖက်ရည်စားပွဲပေါ်တွင် အလောင်းတစ်ခုက လဲကျနေသည်ကို တွေ့သည့်အခါ သူတို့သည် တကယ့်ကို အထိနာတော့မည်ကို သိသဖြင့် တိတ်သွားကြတော့သည်။
ကလေးမလေးသည် အလောင်းကို ငေးကြည့်နေကာ ဘာမှမတုန့်ပြန်ပေ။
မကြာခင်တွင် ယန်းချောင်း၏ အခန်းတံခါးသည် ပွင့်သွားကာ အခန်းထဲမှ သူတို့ညီအကိုသည် အမြန်ပြေးထွက်လာကြသည်။
“ဘယ်သူ. . .” ယန်းချောင်းသည် ယန်းယန်၏ကိုယ်ကို စိုက်ကြည့်နေသည်။ ရင်းနှီးနေသည့် အဝတ်များကို မြင်သည့်အခါ ယန်းဟွေ့သည် “ဒါက . . .ယန်?”
ယန်းချောင်းသည် ချက်ချင်းခေါင်းကိုမော့ကာ ဧည့်ခန်းထဲကလူများကို ကြည့်လိုက်သည်။ သူသည် တစ်ချိန်လုံး ဂိမ်းဆော့နေသည့်သူအား တစ်ချက်လှည့်ကြည့်ကာ “ဘာဖြစ်တာလဲ? ဘယ်သူလုပ်တာလဲ? ကျန်းဖန် ငါ့ကိုပြော!”
ကျန်းဖန်သည် ခေါင်းကိုခါကာ ကြောက်လန့်သလို ကူကယ်ရာမဲ့ဖြစ်စွာဖြင့် လက်ကိုယမ်းရင်း ဖြေသည်။ “ကျွန်တော်. . .ကျွန်တော်. . .မသိဘူး။ ဘာမှမသိဘူး. . .သူက ဒီမှာထိုင်နေတာ. . .ဘာဖြစ်လို့ ရုတ်တရပ်ကြီး. . .ဘာဖြစ်မှန်ကို မသိလိုက်ဘူး”
ယန်းဟွေ့သည် ကလေးမလေးထံသို့ အမြန်သွားလိုက်၍ ခေါင်းကို အလောင်းထံသို့ မကြည့်မိအောင် လှည့်၍ပွေ့ချီလိုက်သည်။ ထိုအချိန်တွင်ကျန်းဖန်အား “ကျန်းဖန် မင်းဒီမှာဘာရပ်လုပ်နေတာလဲ? မင်းရဲ့သားကို အမြန်ခေါ်သွား!”
ထိုအခါ ယန်းဟွေ့၏ စကားသည် အသက်ကယ်လိုက်သလို ဖြစ်သွားကာ ကျန်းဖန်သည် အမြန်ကုန်းရုန်းထသွားသည်။ သူသည် ဆိုဖာသို့သွားကာ စောင်ခြုံထဲက သူ့၏သားကို အမြန်ပွေ့ချီ၍ ဧည့်ခန်း၏ တခြားတစ်ဖက်သို့ ချက်ချင်းရှောင်နေသည်။
ယန်းချောင်းသည် ယန်းယန်တို့ မိသားစု၏ လုံခြုံရေးအတွက် တာဝန်ယူထားသည့် သဘာဝလွန်စွမ်းအားရှင်စစ်သားများကို ကြည့်ကာ အသံနက်နက်ဖြင့် “ငါ့ကိုပြောစရာမရှိဘူးလား?”
စစ်သားများသည် တစ်ယောက်ကို တစ်ယောက်ကြည့်ကာ “ကျွန်တော်. . .ကျွန်တော်တို့ ဘာကိုမှ မခံစားမိပါဘူး။ ဘယ်သူစိမ်းရဲ့ အရိပ်အယောင်ကိုမှ မခံစားခဲ့ရပါဘူး။ ဘယ်သူမှ ဒီကိုမလာပါဘူး” တခြားစစ်သားများသည်လည်း ခေါင်းငြိမ့်ကာ ဘာမှထပ်မပြောကြပေ။
သူတို့၏ ကာကွယ်မှုအောက်ကလူ သေသွားသည်က အဓိကဖြစ်သည်။ သူတို့သည် အလုပ်ကို မလုပ်နိုင်သဖြင့် ဘယ်လောက်ပဲရှင်းပြနေပါစေ ဒီအချက်ကတော့ ပြောင်းသွားမှာ မဟုတ်ပေ။ ယန်းချောင်းသည် ဒီမိန်းမကို သူတို့က လုံခြုံအောင်မထားနိုင်သည့် အချက်ကိုပဲ ဂရုစိုက်မှာ ဖြစ်သည်။
တကယ်တော့ စစ်သားများသည် အခုသေဖို့ စောင့်နေကြတာ ဖြစ်သည်။ သူတို့သည် သူတို့ခေါင်းဆောင်၏ မိသားစုကို မကာကွယ်နိုင်သဖြင့် သေသင့်သည်။ ယန်းချောင်းသည်လည်း စိတ်ထားနူးညံ့သူ မဟုတ်သည့်အပြင် သူသည် ရက်စက်ကာ နှလုံးသားမဲ့လေသည်။
သူတို့ထင်သလိုပင် ယန်းချောင်းသည် ခေါင်းငြိမ့်ကာ သူတို့အား လက်ဖြင့်ယမ်းလိုက်သည်။ သူ့လှုပ်ရှားမှုအောက်တွင် စွမ်းအားရှင်ငါးယောက်သည် တိုက်ခန်း၏ ဝရံတာကနေ လေပွေများက ဆက်တိုက်ဝင်လာသည်။
“အား!”
“အား!”
အော်သံများက ထွက်ပေါ်လာသည်။ စွမ်းအားရှင်များသည် လေပွေများထဲတွင် ပိတ်မိသွားကာ သူတို့၏ကိုယ်ကို လေဓားများက ပတ်၍ဖြတ်နေသည်။ နီရဲနေသည့်သွေးများသည် ယန်းချောင်း၏အနားတွင် သွေးမိုးရွာနေသလို တဖွဲဖွဲကျနေသည်။
လင်းချင်းသည် ဒီလူများ၏တုန့်ပြန်မှုကို ဝရံတာ၏မျက်နှာချင်းဆိုင် အဆောက်အဦး၏အမိုးကနေ ကြည့်နေသည်။ ထို့နောက် သူမသည် ဒီအဆောက်အဦးကနေ လင်းဝမ်ဝမ်ရှိရာနေရာသို့ ပြန်လှည့်သွားသည်။
. . .
တစ်ဖက်တွင် ရှန်ယုကျန်းသည် သုသေသနဌာနကနေ ထွက်လာ၍ လင်းချင်း၏ အနံ့အနောက်သို့ လိုက်လာသည်။ ဒီနေရာသည် အလည်ပိုင်းဖြစ်နေလေရာ စွမ်းအားရှင်အများစုက ဒီစခန်း၏ အလည်ပိုင်းတွင် နေကြသဖြင့် သူမသည် မသွားရဲပေ။ ထို့ကြောင့် ဖြောင်ကောချန်က သူမကို အရင်ကတိုက်ခိုက်ခဲ့သည့် နေရာနားသို့ လှည့်ထွက်သွားလိုက်သည်။
လုမိန်းကလေးက သူမတွင် သွားစရာမရှိပါက ဒီနေရာကနေ စောင့်နိုင်သည်ဟု ပြောခဲ့သည်။ ထို့ကြောင့် သူမသည် လမ်းဆုံ၏ အမှောင်ထဲတွင် ပုန်းနေတုန်း သဏ္ဍာန်တစ်ခုက သူမ၏အရှေ့တွင် ပေါ်လာသည်။
လင်းချင်းသည် ရှန်ယုကျန်းအား အဝေးကနေ အာရုံခံမိသည်။ ထို့ကြောင့် သူမ၏အနားသို့လျှောက်လာကာ ကိုယ်ပြန်ဖော်လိုက်ခြင်းပင်။ “ဝင်လိုက်။ အခုစခန်းထဲမှာ နင်ပေါ်လာလို့ မရဘူး။ အခုဒီထဲမှာပဲ ပုန်းနေသင့်တယ်”
ရှန်ယုကျန်းသည် လင်းချင်း၏ အဓိပ္ပါယ်ကို သိသည်။ အချို့လူများသည် သူမအကြောင်းကို သိနေနှင့်ပြီ ဖြစ်သည်။ ထို့ကြောင့် စခန်းထဲတွင် နေဖို့က သူမအတွက် မလုံခြုံသလို သူမရှိနေခြင်းက တခြားသူများအား ပိုဒုက္ခရောက်စေလိမ့်မည်။ ထို့ကြောင့် လင်းချင်းက သူမအား နယ်မြေထဲတွင်သာ နေစေချင်သည်ကိုသိသဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။
လင်းချင်းသည် သူမ၏လက်ကိုဆွဲ၍ နယ်မြေထဲသို့ဝင်ဖို့ လုပ်သည်။ သို့သော်လည်း ရှန်ယုကျန်းသည် လက်ကိုအဆွဲမခံဘဲရှောင်လိုက်ကာ အမြူတေကို ထုတ်လိုက်သည်။ အမြူတေ၏ စွမ်းအင်များအရ ဒါသည် အဆင့်၆ဖြစ်နိုင်သည်။ သူမသည် လင်းချင်းအား အမြူတေကို ပေးလိုက်သည်။
“ဒါကို ဟိုကောင်ရဲ့ဟာမလား?” အမြူတေကနေ လင်းချင်းသည် ဒါကရှန်ယုကျန်း ကိုက်လိုက်သည့်သူမှန်း အနံ့ရလိုက်သည်။ ရှန်ယုကျန်းသည် ခေါင်းငြိမ့်၍ အမြူတေအား လင်းချင်းကို ထိုးပေးသည်။
“ငါ့အတွက်လား?” လင်းချင်းက အံ့သြနေသည်။ ရှန်ယုကျန်းသည် ဒီအမြူတေထဲက အစွမ်းများကို အခုလက်ရှိတွင် မစုပ်ယူနိုင်သေးသော်လည်း နောက်အဆင့်မြင့်သည့်အခါ သုံးဖို့ သိမ်းထား၍ရသည်။
ရှန်ယုကျန်းသည် လင်းချင်းအား ကျေးဇူးတင်စွာကြည့်ရင်း ခေါင်းကိုထပ်ငြိမ့်ပြသည်။
“ဒါနဲ့ပြန်ပေးချင်လို့လား? မလိုပါဘူး။ ငါလိုချင်ရင် အဆင့်၆အမြူတေတွေ ရနိုင်ပါတယ်။ နင်သိမ်းထားလိုက်ပါ” သူမ၏စိတ်ဆန္ဒကို သိသဖြင့် လင်းချင်းသည်ပြုံး၍ ငြင်းလိုက်သည်။