May Honey Logo May Honey
Previous Next

၃၆၂။ ယန်းချောင်း၏ ပြောင်းလဲမှု

ယန်းချောင်းသည် ထန်ဟေးက ထွက်ပြေးသည်ကို မြင်သည့်အခါ စိတ်ထဲတွင် ညစ်လာသလို ဖြစ်နေသည်။ ထို့ကြောင့် ဝူချန်းယွဲ့ပြောသည်ကို ကြားသည်နှင့် မျက်နှာက ချက်ချင်းမည်းသည်းသွားသည်။ သို့သော်လည်း အခုအချိန်တွင် ထန်ဟေးကို အရမ်းဂရုမစိုက်နိုင်ပေ။ အဘယ်ကြောင့်ဆိုသော် မိုးကြိုးအကြီးကြီးတစ်ခုက ကောင်းကင်ပေါ်မှနေ သူ့ဆီသို့ ကျလာ၍ဖြစ်သည်။

ဒီမိုးကြိုးကြီးသည် တိုင်တစ်လုံးစာလောက်ကို ကြီးမားကာ သူ့ခေါင်းပေါ်တည့်တည့်သို့ ကျလာတာ ဖြစ်သည်။ ယန်းချောင်း၏ရင်သည် ထိတ်ခနဲ ဖြစ်သွားသည်။ သူ့အရိုးထဲအကြောထဲမှ စိမ့်ချမ်းလာတော့သည်။ အမြန်ရှောင်ဖို့ လုပ်သော်လည်း သူလှုပ်လိုက်သည်နှင့် မိုးကြိုးသည် သူနှင့်အတူ လိုက်ရွေ့လာကာ လေထဲတွင် ကွေ့သွား၍ သူ့ထံသို့သာ ကျဆင်းဖို့ ဖြစ်လာသည်။ မိုးကြိုး၏အရှိန်သည် သူ့ထက်မြန်လေရာ မျက်တောင်တစ်ခတ်အတွင်းမှာ ယန်းချောင်း၏ ကျောပြင်ပေါ်သို့ မိုးကြိုးက ထိမှန်သည်။

“အား”  
ဒုန်း   ယန်းချောင်း၏ အော်သံကြီးနှင့်အတူ မိုးကြိုးသံ အကျယ်ကြီးက ထွက်ပေါ်လာသည်။ ဒီတစ်ခါတော့ သူ့လေအစွမ်းဖြင့် သူ့ကိုယ်အား ကာထားတာတောင်မှ မိုးကြိုးဒဏ်ပြင်းပြင်းကို ခံလိုက်ရတော့သည်။

“အား”   သူသည် တစ်ကိုယ်လုံး တုန်ရီနေကာ ကြမ်းပြင်ပေါ်တွင် လူးလှိမ့်နေသည်။ မိုးကြိုး၏ ပေါက်ကွဲမှုကြောင့် သူ့ကုတ်အနက်သည် ပျက်စီးသွားကာ သူ့တစ်ကိုယ်လုံးသည်လည်း မည်းတူးနေပြီ။

ဒါသည် သူနှင့်ဝူချန်းယွဲ့တို့အစွမ်းကြားမှ ကွာခြားချက်ဖြစ်သည်။ သူတို့၏ အဆင့်သည် တူညီသော်လည်း မိုးကြိုးနှင့် လေတို့ကြားမှ ဖျက်စီးနိုင်စွမ်းကတော့ အဆင့်တူမဟုတ်ပေ။

သူထလိုက်ရုံရှိသေးသည်။ သူ့၏မျက်နှာတည့်တည့်သို့ မိုးကြိုးအကြီးကြီး နောက်တစ်ခုက ကျလာပြန်သည်။ ဒီတစ်ခါတော့ သူသည် မြန်မြန်မရှောင်နိုင်တော့ပေ။   ဘုန်း

ဝူချန်းယွဲ့၏ မိုးကြိုးသည် သူ့စွမ်းအားတစ်ဝက်လောက်ကို ဖျက်ပစ်နိုင်လေရာ ကျန်သည့်တစ်ဝက်သည် ခန္ဓာကိုယ်ထဲတွင် ကမောက်ကမ ဖြစ်နေလေပြီ။ 

“မင်းအသက်နဲ့ မင်းလက်အောက်ကလူတွေ အသက်က မင်းတို့စမ်းသက်ချက်ကြောင့် သေသွားရတဲ့လူတွေကို ပြန်လျော်ပေးဖို့ မလုံလောက်သေးဘူး”   ဝူချန်းယွဲ့၏ အေးစက်သည့်အသံက ထွက်ပေါ်လာသည်။ သူသည် ဒီလိုမျိုး အေးတိအေးစက်ပြောသည်က အရမ်းကို ရှားပါးလွန်းသည်။ ပုံမှန်အားဖြင့် သူသည် အပြုံးဖျော့ဖျော့ဖြင့် အသံမှာ နူးညံ့ကာ နွေးထွေးနေသည်။ သို့သော်လည်း ဒီနေ့တွင်တော့ အပြုံးက မပြောင်းလဲသော်လည်း အကြည့်တို့မှာ အေးစက်နေသည်။

“ဟား ဟား. . .ဟား ဟား. . .ဟား ဟား ဟား. . . ငါ့ကိုသတ်ချင်တာလား? ဒီလောက်လွယ်မယ်ထင်နေလား?”   ယန်းချောင်းသည် ကြမ်းပြင်မှနေ ကုန်းရုန်း၍ ထလာသည်။ သူသည် လူသားပုံစံ မီးသွေးခဲကြီးနှင့် တူလှသည်။ အခုလို ရယ်ပြောလိုက်သည့်အခါ သူ့မျက်နှာသည် ပိန်လိမ်နေသည်။

သူသည် ပါးစပ်ကိုဟကာ ရယ်လိုက်၍ ပါးစပ်ကို ထူးဆန်းစွာ ကျယ်ကျယ်ဟကာ သွားများကို ဖြဲလိုက်သည်။ မကြာခင်တွင် သူ့အရိုးများ ကျိုးသွားသလို အသံများထွက်လာကာ သူ့ခန္ဓာကိုယ်သည် ပုံစံပြောင်းသွားတော့သည်။

“ဂါး”   သူ့သွားများကြားထဲမှ သွားရည်များက ကျဆင်းလာသည်။

“ငါ့စမ်းသပ်ချက်ရဲ့ ရလဒ်ကို ပြရတာပေါ့ကွာ ဟား ဟား ဟား. . .”   သူသည် ဝူချန်းယွဲ့ကို အော်ပြောသည်။ သူ့မျက်လုံးများက ကြည်လင်နေသော်လည်း ရူးသွပ်နေသည့် အကြည့်မျိုးဖြစ်သည်။

ယန်းချောင်းသည် အခုဆိုလျှင် လူသားတစ်ဝက် မကောင်းဆိုးဝါးတစ်ဝက် ဖြစ်နေပြီ။ ဝူချန်းယွဲ့သည် မျက်လုံးကို မပိတ်မဘဲ မနေနိုင်ဘဲ   “ဟာ. . .မင်းက အရမ်းရုပ်ဆိုးသွားတာပဲကွာ အမှန်တိုင်းပြောရရင် ငါထပ်မတိုက်ချင်တော့ဘူး ငါမင်းကို ကြည့်ကိုမကြည့်ချင်တော့တာ”   ဒီလိုပြောပြီးသည်နှင့် ယန်းချောင်းထံသို့ လက်ကိုလှုပ်လိုက်၍ နောက်ထပ်မိုးကြိုးဖြင့် ပစ်ချလိုက်သည်။

ဘုန်း   ကောင်းကင်ကနေ မိုးကြိုးက ကျဆင်းလာသည်။ သို့သော်လည်း ထိမည့်တော့မည့် အချိန်တွင်မှ ယန်းချောင်းသည် အမြန်ရှောင်သွားသည်။ ထို့နောက် အနားက အဆောက်အဦးပေါ်သို့ ပင့်ကူတစ်ကောင်လို အမြန်တွယ်တက်သွားသည်။

ဘုန်း
နောက်ထပ် ခရမ်းရောင်မိုးကြိုး တစ်ခုသည် ယန်းချောင်းတွယ်တက်နေသည့် အဆောက်အဦးပေါ်သို့ ထပ်ကျလာပြန်သည်။

အနားက အဆောက်အဦးများမှ ဘေးကင်းရာသို့ ရွေ့ပြောင်းနေကြသည့်သူများသည် မကောင်းဆိုးဝါးလို ဖြစ်သွားသည့်ယန်းချောင်းကို နားမလည်စွာ ကြည့်နေကြသည်။

“သူ. . .သူ. . .ဘာဖြစ်လို့ ဒီလိုမျိုး ရုတ်တရပ် ဖြစ်သွားတာလဲ?”

“ဘယ်လိုမကောင်းဆိုးဝါးမျိုးလဲ?”

အခုအချိန်တွင် ယန်းချောင်းသည် လေးဖက်ထောက်ဖြစ်နေရာ သူ့ကျောရိုးသည် ကွေး၍ခုံးသွားပြီ။ သူ့လက်များသည် ပေါင်လုံးထက်တောင် ကြီးလာကာ လက်ချောင်းများတွင် လက်သည်းကောက်ကောက်ချွန်ချွန်များ ထွက်လာ၍ ခြေများသည် ထူးဆန်းစွာ ကွေးနေသည်။ ထိုအဆောက်အဦးမှနေ တခြားနံရ့တစ်ခုသို့ ခုန်ကူးလိုက်သည်။

“ပြေးနိုင်တယ် ဘယ်လိုများ လုပ်နိုင်တာလဲ?”
ဝူချန်းယွဲ့၏ အနောက်တွင်နေသည့် ရှောင်ယွင့်လုံက သူ့ကိုမေးသည်။

ဝူချန်းယွဲ့သည် လက်ကိုလှုပ်လိုက်သည့်အခါ ကောင်းကင်ပေါ်မှ မိုးကြိုးများသည် နောက်နံရံတစ်ခုပေါ်သို့ ရောက်နေသည့် ယန်းချောင်းထံသို့ ကျဆင်းလာသည်။ သို့သော်လည်း ယန်းချောင်းသည် အခုတော့ အကုန်လုံးကို ရှောင်နိုင်နေသည်။

“မင်းမြင်လား သူအခုပိုတောင် အရှောင်ကောင်းလာပြီ ငါ့အထင်တော့ ငါတိုက်တာကို ထုံသွားပြီ ထင်တယ်”
ဝူချန်းယွဲ့သည် ယန်းချောင်းကိုကြည့်ရင်း ပြောသည်။

ရုတ်တရပ် ယန်းချောင်းသည် နောက်တစ်ဖက်သို့ကူးသွား၍ ဝူချန်းယွဲ့၏ အမြင်ကနေ ပျောက်သွားသည်။ ထိုအခါ အုပ်ချုပ်ရေးရုံးအမိုးပေါ်သို့ အမြန်ခုန်တက်သွား၍ ယန်းချောင်းရှိရာ အဆောက်အဦးထံသို့ အမြန်လိုက်တော့သည်။

ဝူချန်းယွဲ့က အမြန်ထွက်သွားသည့်အခါ ရှောင်ယွင့်လုံသည် သူ့နောက်တွင် သိချင်စိတ်တို့ဖြင့် ကျန်ခဲ့တော့သည်။ ပုံမှန်အားဖြင့် အဆင့်၇စွမ်းအားရှင်များသည် လေထဲတွင် မျောမနေနိုင်ပေ။ လေစွမ်းအားရှင်များသည်သာ လေဖြင့် သူတို့ကိုယ်ကို ဖော့ထား၍ ပျံနိုင်တာဖြစ်သည်။

ဝူချန်းယွဲ့က အမိုးပေါ်မှ အဆောက်အဦးသို့ ခုန်ဆင်းရင်း ဆက်တိုက်ရှောင်နေသည့် ယန်းချောင်းကို မိုးကြိုးများဖြင့် ပစ်နေသည်။ သို့သော်လည်း သူပြောလိုက်သလို သူ့တိုက်ခိုက်မှုများက မထိရောက်တော့ပေ။ မိုးကြိုးများမှန်ထားသော်လည်း အခုတော့ ယန်းချောင်းသည် ဘာမှမဖြစ်သည့်သူလို နံရံပေါ်တွင် လေးဖက်ထောက်ကြီး တွယ်ထားလျှက်ရှိသည်။

ဝူချန်းယွဲ့၏အနားသို့ အမြန်လိုက်လာသည့် ရှောင်ယွင့်လုံကိုကြည့်ကာ အံ့သြစွာဖြင့်   “အေးကွ။ မင်းတိုက်နေတာက သူ့အတွက် အလုပ်မဖြစ်တော့ဘူး”

ထို့နောက် သူသည် ယန်းချောင်းဘက်သို့ လက်ကိုလှုပ်လိုက်သည်။ သူ့လှုပ်ရှားမှုနောက်တွင် သံထည်တို့မှာ ချွန်ထက်သွားကြ၍ ယန်းချောင်း၏ ကိုယ်အား စိုက်ထိုးကြသည်။

“ဂါး”   ယန်းချောင်းသည် အမြန်ရှောင်လိုက်သည်။ သို့သော်လည်း သံချွန်အချို့သည် သူ့ကိုယ်အားစိုက်သွားသဖြင့် နာကျင်စွာဖြင့် ရပ်၍အော်ဟစ်ကာ အရှိန်သည်လည်း နှေးသွားသည်။

“ငါ့အထင်တော့ သူ့ကိုရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုကပဲ နာမယ်ထင်တယ်”   ရှောင်ယွင့်လုံသည် လက်ကိုချ၍ ပြောသည်။

ဝူချန်းယွဲ့သည် ခေါင်းငြိမ့်ကာ ဘာမှမပြောဘဲ ယန်းချောင်း၏ အနောက်သို့ ဆက်လိုက်သည်။ ယန်းချောင်းသည် အခုအချိန်တွင် တိုက်ချင်စိတ် မရှိတော့ဘဲ အပြင်သို့ ဖြစ်နိုင်သမျှ မြန်မြန်ထွက်ဖို့သာ လုပ်နေတော့သည်။

တစ်ဖက်တွင် လင်းချင်းသည် တစ်ခုခုကို ခံစားမလိုက်သဖြင့် အသေးလေးနှင့် ကစားနေခြင်းကို ရပ်လိုက်သည်။ ထို့နောက် ပြတင်းပေါက်နားတွင်စုကာ စခန်းအလည်သို့ သိချင်စိတ်ဖြင့် ကြည့်နေသည့်လူများကို နားမလည်စွာ တစ်ချက်ကြည့်လိုက်သည်။

ထို့နောက် သူမသည် ဂရုမထားစွာ ခေါင်းကိုလှည့်လိုက်၍ ခုနက လင်းဝမ်ဝမ် ဝင်သွားသည့် အိပ်ခန်းကို တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် သူမသည် ခနတွေးကာ    “ချင်းယင် အိပ်ခန်းထဲသွားပြီး ဝမ်ဝမ်ကို တစ်ချက်ကြည့်ပေးနိုင်မလား? ငါ့စကားက လွန်သွားပြီလားမသိဘူး”

လုံချင်းယင်သည် လင်းချင်းကို တိတ်ဆိတ်စွာကြည့်နေပြီး   “သူ. . .ဆံပင်ညှပ်လိုက်မှာတော့ မဟုတ်လောက်ဘူးမလား?”

လင်းချင်းသည်လည်း လုံချင်းယင်ကို မသေချာစွာ ပြန်ကြည့်ကာ   “မဖြစ်နိုင်ဘူး သူ့ဆံပင်ကို သူဒီလောက်တန်ဖိုးထားတာ ဘယ်လိုလုပ် ညှပ်ပစ်ချင်စိတ်ရှိမှာလဲ?”

လုံချင်းယင်သည် ခေါင်းကိုငုံ့ကာ ခနတွေး၍   “ဒီလိုမထင်ဘူး။ နင်ပြောတာက ဟုတ်ပင်မယ့် အခုတလော သူက နည်းနည်းထူးဆန်းနေတယ်”

သူမသည် စကားဆုံးသည့်အခါ တခြားသူများကို တစ်ချက်ကြည့်လိုက်သည်။ သူတို့က သူမအား သဘောတူစွာ ခေါင်းငြိမ့်ပြကြသည်။

“ဒါဆိုရင် ငါသူ့ကိုသွားကြလိုက်ဦးမယ်”   ဒီလိုပြောကာ အိပ်ခန်းဘက်သို့ လျှောက်သွားလိုက်သည်။  
Previous Chapter 362 of 410 Next