ဝူချန်းယွဲ့သည် ခနလောက်ငြိမ်ကျသွားပြီးနောက် သက်ပြင်းချကာ “ဒါက တကယ်အံ့သြစရာပဲ။ ဘယ်သူ့ကိုမှ ဒါကိုပြောမပြနဲ့။ သိပြီလား?”
‘နားလည်ပါတယ် ဖေဖေ’ နွယ်လေးက ပျော်ရွှင်စွာ ပြောသည်။
ဝူချန်းယွဲ့က အံ့သြသွားကာ မော့ကြည့်၍ နားမလည်စွာဖြင့် ‘ခနလေး ငါ့ကို ဘာလို့ခေါ်လိုက်တာ?’
‘ဖေဖေ?’ နွယ်လေးက ဖြေသည်။ ‘နွယ်လေးက ထွက်လာတာနဲ့ ဖေဖေနဲ့ မေမေရဲ့ ကလေးဖြစ်လာမှာ’
ဝူယွဲ့လျန်သည် နွယ်လေးပြောသည်ကို ကြားသည့်အခါ ချက်ချင်း သူ့အဖေလက်ကို ပုတ်၍ ခေါင်းငြိမ့်ပြသည်။
ဝူချန်းယွဲ့က ငုံ့ကြည့်သည့်အခါ သူမ၏ မျက်လုံးထဲတွင် မြင်ရခဲသည့် ပျော်ရွှင်မှုနှင့် စိတ်လှုပ်ရှားမှုတို့ကို မြင်လိုက်ရသည်။ ‘လျန်လျန် ငါတို့ဘာပြောနေလဲကို သိလို့လား? ဘာဖြစ်လို့ ပျော်နေတာလဲ? တကယ် အငယ်လေး လိုချင်လို့လား? ဒါမှမဟုတ်. . .’ သူခေါင်းကိုက်သွားသည်။
ထို့နောက် လင်းချင်းကို တစ်ချက်ကြည့်ကာ ဝူယွဲ့လျန်အား လင်းချင်းကို လက်ညိုးထိုးပြ၍ “သူ့ကို သမီးရဲ့ အမေဖြစ်စေချင်လို့လား?”
ဝူယွဲ့လျန်က ခေါင်းခါပြမည်ဟု သူထင်ခဲ့သော်လည်း အံ့သြဖို့ကောင်းစွာ ခေါင်းကို ငြိမ့်ပြလာသည်။ ဝူချန်းယွဲ့သည် သူမအား ထူးဆန်းသည့် အမှုအယာဖြင့် ထပ်မေးလိုက်သည်။ “ဆိုလိုတာက. . .မိထွေးအဖြစ် သူ့ကိုလိုချင်တာ?”
ဝူယွဲ့လျန်သည် ခေါင်းကို ဆက်တိုက်ကို ငြိမ့်ပြနေသည်။
ဝူချန်းယွဲ့သည် သူ့သမီးကို ကြည့်နေရင်းက အတွေးရလာသည်။ “ဘာဖြစ်လို့ သမီးနဲ့ နွယ်လေးက ငါတို့ကို လျို့ဝှက်ထားနေသလို ခံစားရတာလဲ? သူ့ကိုရော သိလို့လား?”
ဝူယွဲ့လျန်သည် ဝူချန်းယွဲ့ကို နားမလည်စွာ ကြည့်နေသည်။ မေးခွန်းကို ကြားသည့်အခါ ခေါင်းငြိမ့်ပြသည်။ နွယ်လေးကို သူမက သေချာမသိသော်လည်း သူမတို့က သူငယ်ချင်းကောင်းများ ဖြစ်ကြသည်။
ခုနက ဇွန်ဘီမ၏ ကြိမ်းဝါးထားသည်ကို သတိရသည့်အခါ ဝူချန်းယွဲ့သည် ခေါင်းကို ထပ်ငြိမ့်လိုက်ကာ မေးသည်။ “သူ့ကို အသိမခံဘူးလား? ငါဘယ်သူလဲဆိုတာကို သူမသိသေးဘူးမလား?”
နွယ်လေးက ခနတိတ်သွားကာ ပြန်ဖြေသည်။ ‘ဒါကအခုလို မေမေ့ကိုယ်ကို ပြင်ပေးတာက နွယ်လေးအတွက် အရေးကြီးတဲ့ ပြောင်းလဲမှုမလို့။ ယောက်ျားတစ်ယောက်ရဲ့ သုတ်ပိုးနဲ့ ယောက်ျားစွမ်းအင်ပါမှ ဖြစ်စဉ်က အောင်မြင်နိုင်မှာ။ လျန်လျန်က မေမေ့ကို ကြိုက်တယ်ပြောတော့ အမေခေါ်နိုင်လားလို့ မေးလိုက်တာ. . .သူကရတယ်တဲ့. . .’
ဝူချန်းယွဲ့သည် နွယ်တို့အား အဓိပ္ပါယ်ပြည့်ဖြင့်ကြည့်ကာ “ဒါကြောင့် ငါ့ကိုဆွဲခေါ်လာတာကိုး ရဲတင်းလွန်းတယ် မင်းမေမေကိုတောင် အသိပေးမထားဘူး။ သူနိုးလာရင် မင်းကတော့ အပြစ်ပေးခံရတော့မှာပဲ”
အခုတော့ နွယ်လေးက တခြားယောက်ျားတစ်ယောက်ကို ဒီအထဲသို့ခေါ်လာ၍ ဇွန်ဘီမ၏ကိုယ်နှင့် ချိုမြိန်သည့်အရသာကို သိမ်းပိုက်ခွင့်ပြုမည်ကို သိရသည့်အခါ ဒေါသလှိုင်းတစ်ခုက သူ့ရင်ထဲတွင် မြင့်တက်လာသည်။ သို့သော်လည်း သူ့စိတ်တစ်ပိုင်းမှာ သူဒီကိုရောက်လာ၍ ရုတ်တရပ်ကို ဝမ်းသာသွားသည်။
ကုတင်ပေါ်တွင်လှဲနေသည့် ဇွန်ဘီမကို သူကြည့်လိုက်သည်။ သူမ၏ အိပ်ပျော်နေသည့် မျက်နှာလေးသည် လှပသည်။ သူမ၏ အရမ်းတိုသည့် ဆံပင်များကလည်း ရှည်နေပြီဖြစ်ရာ ခေါင်းအုံးပေါ်တွင် ပြန့်ကျနေသည်။
သူသည် ဝူယွဲ့လျန်ကို ချီ၍ ကုတင်နားသို့သွားကာ ဇွန်ဘီမကို သေချာကြည့်လိုက်သည်။
“တော်တယ် လျန်လျန်” ဝူယွဲ့လျန်အား သူချီးကျူးလိုက်ကာ ဆက်ပြောသည်။ “အခုကစပြီး သူ့ကို မေမေလို့ ခေါ်ဖို့လိုတယ်။ နားလည်လား?”
ထိုအခါ ဝူယွဲ့လျန်သည် ပျော်ရွှင်စွာ ပြုံးသည်။
ဝူယွဲ့လျန်၏ အပြုံးကို မြင်ရသည့်အခါ ဝူချန်းယွဲ့၏ နှလုံးသားသည် အရည်ပျော်သွားသည်။ လျန်လျန်က ဒီဇွန်ဘီမနှင့် စတွေ့တည်းက သူမသည် ပိုတက်ကြွလာကာ ခနခနပြုံးနေတက်သည်။ ကလေးက စကားမပြောသေးသော်လည်း ဒီလောက်ပြောင်းလဲမှုနှင့်ပင် ဝူချန်းယွဲ့သည် အရမ်းကို ပျော်နေပြီ။
ထို့အတူ ဒီဇွန်ဘီမ၏ အကြောင်းကိုလည်း သူအရမ်းစိတ်ဝင်စားသည်။ သူ့လျန်လျန်ကို အမြဲတမ်း စောင့်ရှောက်ပေးကာ အသက်ကယ်ပေးသည်ကလည်း အကြိမ်ကြိမ်ပင်။ အခုဖြစ်ခဲ့တာအရဆိုလျှင် မုန့်ယွဲ့စကားက မှန်သွားပြီ။ သူ့ဘဝကို သူမထံတွင်ပေးအပ်ကာ သူမလုပ်ပေးခဲ့သည်များအတွက် ကျေးဇူးဆပ်သင့်နေသည်။
‘အရင်တုန်းက သူ့ပေါင်ကို ငါကိုက်ခဲ့တယ်။ အခု ငါသူနဲ့ဆက်ဆံမိပြီ။ နိုးလာရင် သူဘယ်လိုဖြစ်နေမလဲ ငါသိချင်တယ်’ ဝူချန်းယွဲ့သည် လင်းချင်း၏ မေးဖျားကို ထိလိုက်ကာ သေချာကြည့်လိုက်သည်။
သူမ၏မျက်နှာကို သေချာကြည့်လေလေ တစ်နေရာရာတွင် မြင်ဖူးခဲ့သလို ရင်းနှီးလာလေလေပင်။ အစည်းဝေးခန်းထဲတွင် မျက်ကပ်မှန်တို့ဖြင့် ပေါ်လာတုန်းက သူမအား ရင်းနှီးနေကြောင်း သူသိလိုက်ရသော်လည်း ဘာကြောင့်မှန်း မသိပေ။
သူမ၏ နူးညံ့သည့် မျက်နှာလေးကို သေချာကြည့်ပြီးနောက် ဝူချန်းယွဲ့သည် လက်ကိုချလိုက်ကာ ဝူယွဲ့လျန်အား “သမီးက သူ့ကိုဒီလောက်ကြိုက်နေမှတော့ ဖေဖေက သူ့ကိုလက်ထပ်လိုက်မယ် ဟုတ်ပြီလား? ဖေဖေက သူ့ကိုစားပြီးမှတော့ အနာဂတ်မှာ သူ့ကိုတာဝန်ယူပေးဖို့ လိုတယ်”
ဝူယွဲ့လျန်သည် သူ့အဖေပြောသည် စားသည်ဆိုသည်ကို နားမလည်ပေ။ ထို့အတူ လက်ထပ်သည်ဆိုသည်ကိုလည်း သေချာနားမလည်ပင်မယ့် ကောင်းတာမှန်းတော့ သိလိုက်သည်။ ထို့ကြောင့် ဝူချန်းယွဲ့အား ခေါင်းငြိမ့်ပြသည်။
ထိုအချိန်တွင် နွယ်လေးက သူ့နွယ်များကို ယိမ်းထိုးရင်း ‘ပြီးတော့ နွယ်လေးရော နွယ်လေးကိုရော နွယ်လေးကိုလည်း တာဝန်ယူပေးရမယ် အခုကစပြီးနွယ်လေးဖေဖေ ဖြစ်သွားပြီ လျန်လျန်ရဲ့ ညီမလေးလည်း ဖြစ်လာဦးမှာ’
ဝူချန်းယွဲ့က သူမအား အဓိပ္ပါယ်အပြည့်ဖြင့် ကြည့်ကာ “ဒါဆိုရင် မင်းကိုကြည့်ရအောင် မင်းကိုယ်အစစ်ကို မင်းကဘာမှန်းတောင် ငါမသိရသေးဘူး. . . ဘယ်လိုလုပ်ပြီးတော့ ငါကတာဝန်ယူရမှာလဲ? ပြီးတော့လည်း ငါ့ကိုဒီကိုဆွဲခေါ်လာတာက မင်းလေ ငါ့အတွက်တောင် မင်းကတာဝန်ယူပေးရမှာမလား?”
နွယ်လေးသည် သူ့မေးခွန်းကြောင့် ပဟေဌိဖြစ်သွားသည်။ ‘ဟမ်? ဒါလည်း ဟုတ်သလိုလိုပဲ. . .ဟို. . .ဟို. . .ဘာပဲဖြစ်ဖြစ် နွယ်လေးက ဖေဖေရဲ့ ကလေးဖြစ်လာတော့မှာ. . .ဒါဆိုရင် ဖေဖေက တာဝန်ယူရမှာပဲ’
သူမ၏ ပြောပုံဆိုပုံကြောင့် ဝူချန်းယွဲ့သည် ဆွံ့အသွားသည်။ သို့သော်လည်း သူမပြောသည့်အထဲက အရေးပါသည်များကို ဖမ်းမိလိုက်သည်။ “မင်းပြောတာက မင်းက ကလေးဖြစ်လာမှာလား? မင်းက. . .မင်းက သူ့ဗိုက်ထဲမှာမလား?” ဒီလိုပြောကာ ဝူချန်းယွဲ့သည် လင်းချင်း၏ ဗိုက်ကို ကြည့်လိုက်သည်။
နွယ်လေးက စိတ်လှုပ်ရှားစွာဖြင့် ‘နီးပါးပဲ။ အထဲကို ရောက်တော့မှာပါ. . .တစ်ဝက်က ဒီမှာရှိတယ်။ နောက်တစ်ဝက်က ဗိုက်ထဲမှာ’
ဝူချန်းယွဲ့သည် ဘာပြောရမှန်းကို မသိတော့ပေ။
ထူးဆန်းသည်များက အရင်ခေတ်က နှစ်ကုန်ခါနီးလျှင် ဖြစ်တက်သော်လည်း အခုနှစ်တော့ အများကြီးပင်။ တစ်ချို့ဇွန်ဘီတွေက လူသားမစားဘဲ လူတောင်ကယ်သေးသည်။ တစ်ချို့ဇွန်ဘီတွေက လှလာသည်။ တစ်ချို့ဇွန်ဘီတွေက စခန်းထောင်နိုင်ကာ. . .ကလေးတောင် မွေးဦးမည်။ နောက်ဆုံးတစ်ခုကတော့ သေချာအောင် စောင့်ကြည့်ရဦးမည်။
ဝူချန်းယွဲ့သည် ဒီဇွန်ဘီမနှင့် တွေ့သည့်နောက်ပိုင်းတည်းက သူမအနားက ဇွန်ဘီတိုင်းသည် ပြောင်းလဲကုန်ကာ မတူကြတော့ပေ။ သူတို့သည် သာမန်ဇွန်ဘီများနှင့် မတူတော့သလို လူသားဆန်မှုနှင့် မှတ်ဉာဏ်တို့ ရှိနေသည်။ ဒီဇွန်ဘီများက ယန်းချောင်းလို မကောင်းဆိုးဝါး ဖြစ်မသွားကြဘဲ လူသားလိုတောင် ပြန်ဖြစ်လာကြတာပင်။
နွယ်လေးက ပြောသည်။ ‘အပြင်ကို ပြန်ထုတ်ပေးပါ့မယ်။ ပြီးရင် မေမေ့ရဲ့အစွမ်းတွေကို မြှင့်ပေးဖို့လိုတယ်။ အဲ့ဒါမှ မေမေက ကလေးမွေးနိုင်မှာ’
ဒီလိုပြောကာ ဝူချန်းယွဲ့တို့ သားအဖ၏ လက်ကိုကိုင်၍ နယ်မြေအပြင်သို့ ပြန်ထုတ်ပေးသည်။
ဝူချန်းယွဲ့က သူ့သမီးကိုချီ၍ အဝတ်သစ်များဖြင့် ရုတ်တရပ် ပြန်ပေါ်လာသည့်အခါ တစ်ညလုံးပေါက်အောင် စောင့်နေကြသည့် ဧည့်ခန်းထဲကလူများသည် ချက်ချင်းမတုန့်ပြန်နိုင်ကြပေ။