ကျွင်းကျွင်းက ရေထဲမှတက်လာသည့်အခါ လင်းချင်းသည် သူမ၏အဝတ်များကို ကောက်ပေး၍ ပေးလိုက်ကာ “ဘယ်လိုလဲ? နင့်အစွမ်းကရော?”
လင်းချင်းသည် ကျွင်းကျွင်းက အခုဆိုလျှင် အဆင့်၄ဇွန်ဘီဖြစ်နေကြောင်းကို အာရုံခံမိသည်။ ထို့အတူ သူမ၏ရှုပ်ထွေးနေသည့် စိတ်ထဲတွင် အမုန်း၊ ဒေါသ၊ စိတ်ပျက်ခြင်း ၊ အံ့သြခြင်းနှင့် မယုံကြည်နိုင်ခြင်းတို့ ရှိနေကြောင်းကို ခံစားမိသည်။ ထို့ကြောင့် ကျွင်းကျွင်းအား နားမလည်စွာကြည့်ကာ “ဘာဖြစ်လို့လဲ?”
ကျွင်းကျွင်းသည် ခေါင်းငုံထားရင်း အဝတ်များကိုယူ၍ ဝတ်လိုက်သည်။ ဝတ်ပြီးမှ ခေါင်းမော့ကာ လင်းချင်းကို ရှုပ်ထွေးစွာကြည့်ရင်း အသံတိုးတိုးဖြင့် “ခေါင်းဆောင်”
“ဟမ်?” လင်းချင်းသည် သူမကို မျက်လုံးအပြူးသားကြည့်ပြီး “နင်စကားပြောနိုင်ပြီလား? နေပါဦး ငါ့ကိုဘာလို့ခေါ်လိုက်တာ?”
လင်းချင်းသည် ကျွင်းကျွင်း၏မျက်နှာမှာ မျက်ကွင်းမည်းများ မရှိတော့ဘဲ သူမမီးခိုးရောင်မျက်လုံးများသည် လုံးဝကိုနက်သွားကြောင်းကို တွေ့လိုက်ရသည်။ ကျွင်းကျွင်းသည် သူမ၏စိုရွှဲနေသည့် ဆံပင်ရှည်များကို တစ်ဖက်သို့သိမ်း၍ ရေညှစ်ချရင်း “အချိန်အတော်ကြာသွားသလို ခံစားရတယ်။ ကျွန်မအကုန်မှတ်မိပြီ။ ကိုယ့်အကြောင်းကိုရော ခေါင်းဆောင်ကိုရော” စကားဆုံးသည်နှင့် လင်းချင်းကို ကြည့်သည်။
“ဟမ်? ငါ့ကိုအရင်ကသိတာလား?” လင်းချင်းသည် သူမကို နားမလည်စွာကြည့်ရင်း မေးသည်။ “ဒါပင်မယ့် ငါ့ကိုခေါင်းဆောင်လို့ ခေါ်ရခြင်းကို အရင်ဖြေ။ တခြားလင်းချင်းတစ်ယောက်လို ငါ့ကိုမြင်နေတာတော့ မဟုတ်ဘူးမလား?”
ကျွင်းကျွင်းသည် သူမ၏ဆံပင်ရှည်ကို ရေညှစ်နေရင်းက ဆက်ပြောသည်။ “လင်းဖန်တို့တွေကို ခေါင်းဆောင်က ကယ်ခဲ့မှတော့ တစ်ယောက်တည်းပဲမလား? ကျွန်မလို မှတ်ဉာဏ်တွေ ပျောက်သွားတာလား? ဒါမှမဟုတ် လွန်ခဲ့တဲ့ငါးနှစ်က ဘာဖြစ်ခဲ့လဲကိုပဲ မသိတာလား?”
လင်းချင်းသည် ကြောင်သွားသည်။ ကျွင်းကျွင်း၏စကားများက သူမ၏ခေါင်းထဲက တစ်ခုခုကို နှိုးဆွပေးသလိုဖြစ်သဖြင့် ခေါင်းကိုက်ခဲလာသည်။ ထို့ကြောင့် နဖူးကို လက်ဖြင့်ကာရင်း ညည်းညူသည်။ “အား”
ကျင်းကျွင်းသည် ကြောင်သွားကာ စိတ်ပူစွာဖြင့် “ဘာဖြစ်လို့လဲ? တစ်ခုခုမှတ်မိလို့လား?”
လင်းချင်းသည် နဖူးပေါ်လက်တင်ရင်းက ခေါင်းကိုခါကာ “မဟုတ်ဘူး ခေါင်းကိုက်လို့”
ကျွင်းကျွင်းသည် သက်ပြင်ချကာ ဖြေသည်။ “အဆင်ပြေရင်ရပါတယ်။ ခေါင်းကိုက်တာက ပုံမှန်ပဲထင်တယ်။ အခုက ကိုယ်အသစ်ဖြစ်နေတော့ စိတ်ကလည်း ပိတ်ခံထားရတာ ထင်တယ်”
လင်းချင်းသည် ကျွင်းကျွင်းကို ကြည့်ကာ မေးသည်။ “ငါက ငရဲမီးခေါင်းဆောင်မှန်း ဘယ်လိုလုပ်သိတာလဲ? ငါဘယ်လို ခေါင်းဆောင်လုပ်ခဲ့လဲ ငါတော့မသိဘူး” ဒီလိုပြောရင်း ချူးလီလီ၏ ဘီရိုနားသို့သွားကာ သဘတ်ခြောက်တစ်ထည်ရှာ၍ ကျွင်းကျွင်းကို ပေးလိုက်သည်။
ကျွင်းကျွင်းသည် သဘတ်ကိုယူ၍ လင်းချင်းကို ကျေးဇူးတင်ပြီးမှ ဆက်ပြောသည်။ “သူလို့ပဲ ခံစားရလို့။ လင်းချင်းမလား? မှတ်ဉာဏ်တွေပျောက်နေပင်မယ့် သူ့လိုပါပဲ”
လင်းချင်းသည် သူမကိုကြည့်ကာ တိတ်တိတ်နေသည်။ ခနတွေးပြီးနောက် သူမသည် အဖြေရှာဖို့ ဆုံးဖြတ်လိုက်သည်။ ကျွင်းကျွင်းပြောသည်ကတော့ ဖြစ်နိုင်ချေများသည်။ သူမသည် ခေါင်းငြိမ့်ပြကာ “နင်ပြောတာ ဟုတ်လောက်တယ်။ ဒါပင်မယ့် ငါ့မှတ်ဉာဏ်တွေက ကမ္ဘာမပျက်ခင်အထိပဲရှိတာ။ ကမ္ဘာပျက်တုန်းက သေသွားပြီးတော့ လုထန်ယုရဲ့ကိုယ်ထဲမှာ နိုးလာတယ်လို့ ထင်ခဲ့မိတာ”
“ငါးနှစ်ဆိုတာက အချိန်အကြာကြီးပဲ” ကျွင်းကျွင်းက ပြုံး၍ပြောသည်။ “ယုတ္တိမရှိဘူး”
လင်းချင်းသည် သက်ပြင်းချကာ သဘောတူသည်။ “ဟုတ်တယ်။ ငါလည်းထူးဆန်းတယ်ထင်တယ်။ ငါ့အကြောင်းကထားပါ။ နင့်အကြောင်းကရော? ခုနတုန်းက နင့်စိတ်အခြေအနေမကောင်းဘူးမလား? မကောင်းတာတစ်ခုခုမှတ်မိလို့လား?”
ဒီလိုပြောသည့်အခါ ကျွင်းကျွင်းသည် မျက်နှာမည်းသွားသည်။ “နာမည်က လျူကျွင်းပါ။ တုံတုံနာမည်ရင်းက ဟွမ်ယွဲ့တုံ။ သူကလေးနှစ်ရှိပြီ။ ယောက်ျားဟောင်းရဲ့ နာမည်က ဟွမ်ဖေးထန်။ ကျွန်မတို့က ဟေးဒီးစခန်းမှာ အဆင်ပြေတဲ့ဘဝရှိခဲ့ပင်မယ့် နှစ်လလောက်တုန်းက သူက ကျွန်မတို့ကို စခန်းကနေ အလျင်စလို သူနဲ့တခြားသူတွေနဲ့အတူ ထွက်ပြေးခိုင်းတယ်။ ပင်လယ်မြို့တော်စခန်းကို သွားဖို့ပဲ”
ဒီလိုပြောရင်း လျူကျွင်း၏ စိတ်သည် အမုန်းတရားနှင့် သတ်ချင်စိတ်များပါလာကာ စိတ်မငြိမ်ဖြစ်ရင်း “ဒါပင်မယ့် ခရီးကဝေးပြီးတော့ ဇွန်ဘီတွေကလည်း လမ်းမှာများတယ်။ ဇွန်ဘီခေါင်းဆောင်တွေနဲ့ ခနခနတိုးပြီးတော့ လူအတော်များများသေတယ်။ စွမ်းအားရှင်တစ်ယောက်က အစကတော့ စွမ်းအားမရှိတဲ့ ကျွန်မတို့ကို ကယ်ပါသေးတယ်။ နောက်တော့ ကျွန်မတို့က ဝန်ပိုကြီးဖြစ်လာတော့ သာမန်ဇွန်ဘီအုပ်ကြီးနဲ့ တွေ့တဲ့အချိန် ကျွန်မတို့ကို ငါးစာချကျွေးပြီး ထွက်ပြေးသွားကြတယ်”
လင်းချင်းသည် သူမ၏အမုန်းနှင့် ဝမ်းနည်းနောင်တရမှုတို့ကို ခံစားရသည်။ လျူကျွင်းသည် ထိုင်ချလိုက်ကာ ဆက်ပြောသည်။ “နောက်ဆုံးတော့ စွန့်ပစ်ခံလိုက်ရတာ။ ဟွမ်ဖေးထန်ကို ကျွန်မတို့ကို ထားမခဲ့ဖို့ အနည်းဆုံးတော့ တုံတုံကို ဘေးကင်းကင်းနဲ့ ပင်လယ်မြို့တော်ကို ခေါ်သွားပေးဖို့ တောင်းပန်ခဲ့ပါသေးတယ်။ ဒါပင်မယ့် သူကမရဘူး။ နှလုံးသားမရှိတဲ့ကောင်က ကျွန်မတို့ကို ထားခဲ့ပြီးတော့ တုံတုံအတွက် အစာနဲ့ရေတောင် ချန်မထားခဲ့ဘူး”
“ဇွန်ဘီကိုက်ခံရပြီးတော့ အဆောက်ဦးထဲကို ဘယ်လိုပုန်းနေတာလဲ?” လင်းချင်းက သိချင်စွာဖြင့် မေးသည်။
လျူကျွင်းကာ “ဟွမ်ဖေးထန်က ကျွန်မကို ဇွန်ဘီအုပ်ထဲကို တွန်းထုတ်လိုက်တာ။ အကိုက်ခံရတော့ သူကကျွန်မကို အခန်းထဲထည့်ပိတ်ထားတယ်။ သတိလစ်နေတာ ရက်အတော်ကြာတယ်။ နိုးလာတော့ တုံတုံကို တခြားခန်းထဲမှာ တွေ့တယ်။ သူတို့အကုန်လုံးက တုံတုံကို ထားခဲ့ပြီးတော့ ထွက်သွားကြတာ”
လင်းချင်းသည် ဒီလိုကောင်ကို ဘာပြောရမလဲ မသိသဖြင့် သက်ပြင်းသာချလိုက်သည်။ သွေးပျက်ရသည့် အခြေအနေမျိုးတွင် သူ့အတွက် ဘယ်လိုဆက်ဆံရေးမဆို သူ့အတွက် အတုလိုဖြစ်နေကာ သူရှင်ဖို့အတွက် ဘာမဆိုလုပ်မည့်သူဖြစ်မည်ဟု ခန့်မှန်းလိုက်သည်။
“တုံတုံကို ထားခဲ့လို့ ကျွန်မသူ့ကို ခွင့်မလွှတ်နိုင်ဘူး” လျူကျွင်း၏ ဝမ်းနည်းမှုတို့က အမုန်းအဖြစ်သာ ကျန်ခဲ့တော့သည်။
လင်းချင်းသည် သူမ၏ပုခုံးကိုပုတ်ကာ “ဟုတ်ပါပြီ။ နင်မြင်တဲ့အတိုင်း တုံတုံက အခုကျန်းမာနေသားပဲ”
“နင်သာငါတို့ကို ရှာမတွေ့ရင် တုံတုံလည်း ဆုံးလောက်မှာ” လျူကျွင်းသည် လင်းချင်းကို ခံစားချက်မဲ့စွာ မော့ကြည့်ပြောသည်။ သို့သော်လည်း လင်းချင်းက သူမကို တကယ်ကျေးဇူးတင်နေသည်ဖြစ်ကြောင်းကိုတော့ ခံစားမိပါသည်။
“ဟုတ်ပြီ သွားရအောင်” လင်းချင်းက ပြောသည်။ “နင်ကန်ထဲမှာ ကြာမယ်ထင်လို့ ငါစိုးရိမ်နေတာ။ တုံတုံနိုးလာလို့ နင်မရှိရင်း ချူးလီလီက အတော်ဒုက္ခရောက်မှာ”
လျူကျွင်းသည် ခေါင်းငြိမ့်ကာ ထလာသည်။ လင်းချင်းသည် သူမ၏လက်ကိုကိုင်ကာ နယ်မြေထဲမှ နှစ်ယောက်ထွက်လာသည်။ ချူးလီလီသည် ပြတင်းပေါက်ဘောင်ကိုမှီကာ မည်းနေသည့် ကောင်းကင်ကို ကြည့်နေသည်။ သူမတို့နှစ်ယောက် ထွက်လာသည့်အခါ ချက်ချင်းလှည့်လာပြီး ကျွင်းကျွင်းကို ကြည့်သည်။
“အာ ယာ ယေး” ‘ဘယ်လိုလဲ? ဘယ်လိုခံစားရလဲ?’
ဒီလိုမေးရင်း လျူကျွင်း၏ ဘေးကိုရောက်လာကာ သေချာပတ်ကြည့်သည်။ ကျွင်းကျွင်း၏ရုပ်သွင်သည် ပြောင်းမသွားသော်လည်း သူမ၏အရှိန်အဝါနှင့် မျက်လုံးများကတော့ ပြောင်းသွားသည်။ ထို့အတူ စွမ်းအားသည်လည်း တိုးလာသည်။
လျူကျွင်းသည် တုံတုံဘေးသို့သွားကာ ဆံပင်လေးများကို ဖွဖွလေးပွတ်လိုက်ပြီး နဖူးကို နမ်းလိုက်သည်။ ထို့နောက် နူးညံ့သည့်အသံဖြင့် “ခေါင်းဆောင်နဲ့တွေ့ရတာ အရမ်းကောင်းတာပဲ”