၂၂၇။ မိတ်ဆွေဖွဲ့မလို့
လင်းချင်းသည် စိတ်အရမ်းတိုသွားသည်။ ‘ချီးပဲ! နင့်သမီးကို ငါပြန်ပေးနေတဲ့အချိန်မှာ ခိုးတိုက်ရဲတယ်လား? ငါနဲ့မတိုက်ခင်ညှိလို့မရဘူးလား? နင်ကအဆင့်မြင့်နေတာနဲ့ ဘယ်သူ့ကိုမဆို တိုက်ချင်သလို တိုက်ရတယ်ထင်နေတာလား ဟမ်? ငါနင့်ဇွန်ဘီအမြူတေကို ခိုးခဲ့တာ မှန်ပင်မယ့် ဒါကလည်း အရင်တစ်ခါတုန်းက နင်ငါ့ကိုတိုက်ထားလို့လေ နင်ကချချင်တာလား? မကြောက်တက်ရင် နင့်အစွမ်းတွေမသုံးနဲ့! ငါနဲ့ဒီတိုင်းချမလား?’
သူမသည် လုထန်ရိအား သူမဆီလာဖို့ လက်ညိုးကိုကွေးကာ ခေါ်လိုက်သည်။ လုထန်ရိက သူမကိုကြည့်ကာ သိချင်စိတ်ဖြင့်လာသည်နှင့် စာရေးနေသည်။ ‘သူ့ကို မကြောက်ရင် လက်ရည်ယှဉ်ဖို့ပြောလိုက်!’
လုထန်ရိသည် သူမ၏စာကို မြင်သည့်အခါ အံ့သြသွားသည်။ ‘လက်ရည်ယှဉ်ဖို့လား?’
လင်းချင်းကို တအံ့တသဖြင့် တစ်ချက်ကြည့်ပြီးနော်က ဝူချန်းယွဲ့အား လှည့်ကြည့်လိုက်သည်။ ထို့နောက်မှ လင်းချင်းကို မေးသည်။ “နင်သေချာလို့လား?”
လင်းချင်းသည် အမြန်ပြောရန် သူ့ခြေထောက်ကိုသာ ကန်လိုက်သည်။ ‘သေချာတာပေါ့’
“သူက တိုက်ခိုက်ရေးသမားဖြစ်ခဲ့တာ နင်မသိဘူးလား? ဘာဖြစ်လို့ အဆော်ခံရဖို့ လုပ်နေတာလဲ?”
လင်းချင်းသည် သူ့အားထပ်ကန်လိုက်သည်။ ‘ငါကရော တိုက်ခိုက်ရေးသမား မဟုတ်လို့လား ဟမ်? ဒါပင်မယ့် လုထန်ရိကတော့ ဘယ်လိုတိုက်ခိုက်ရမလဲကို မသိတဲ့ပုံပဲ’
သူမသည် ထပ်ကန်ဖို့ ခြေထောက်မြှောက်လိုက်မှ လုထန်ရိသည် ဘေးကိုရှောင်လိုက်ကာ ဝူချန်းယွဲ့အား အော်ပြောသည်။ “ခေါင်းဆောင်ကြီး! သူ့ကိုတိုက်မယ်ဆိုရင် စိန်ခေါ်တာကို လက်ခံတယ်တဲ့။ ဒါပင်မယ့် နှစ်ယောက်လုံး အစွမ်းသုံးလို့မရဘဲ လက်ရည်ချင်းပဲယှဉ်ရမယ်”
ပြောပြီးသည်နှင့် လင်းချင်းကို လှည့်မေးသည်။ “ငါပြောတာဟုတ်လား?”
လင်းချင်းသည် သူ့ကိုတစ်ချက်သာကြည့်သည်။ ထို့နောက် သူမသည် နယ်မြေထဲသို့ သူမ၏သင်ပုန်းကို ထည့်လိုက်ကာ ဘောင်းဘီအိတ်ထဲကို လက်နှစ်ဖက်ထည့်၍ မေးကိုမော့ချီထားကာ ဝူချန်းယွဲ့ကိုကြည့်သည်။
ဝူချန်းယွဲ့သည် တွေ့တာရက်ပိုင်းလောက်ပဲ ရှိသေးသည့် သူစိမ်းဘက်ကို လိုက်နေသဖြင့် စိတ်မပျော်တော့ပေ။ သူ့သမီးသည် အထီးကျန်စွာနေတက်သည့် ကလေးဖြစ်ကာ သူမသိသည့် လူများကိုတောင် စကားမပြောနိုင်ပေ။ အခုတော့ တွေ့တာရက်ပိုင်းရှိသေးသည့် မိန်းမတစ်ယောက်ကို ကူညီနေလေရာ ဝူချန်းယွဲ့၏စိတ်သည် အချဉ်ပေါက်နေသည်။
သူ့သမီးလေး၏ခေါင်းကို ပွတ်ပေးလိုက်သည်။ ကလေးက လုံးဝကို ထိခိုက်ခြင်းမရှိသည်က သေချာမှ လင်းချင်းအား ခပ်ဖွဖွပြုံးကာ ထရပ်လာသည်။ “ဟုတ်ပြီ။ မင်းနယ်မြေထဲကို ဝင်မပုန်းနဲ့။ ငါလည်း ငါ့အစွမ်းကို မသုံးဘူး။ ငါ့ဇွန်ဘီအမြူတေကျ မင်းကခိုးရဲပြီးတော့ ငါ့မိုးကြိုးတွေကိုတော့ ကြောက်သားပဲ ဟား ဟား”
ထိုအခါ ဝူယွဲ့လင်းသည် ဝူချန်းယွဲ့၏ ခြေသလုံးကိုဖက်ကာ မျက်ခုံးများကို တွန့်ကွေးလျှက် သူ့အဖေကို မော့ကြည့်သည်။ သူမသည် သူ့အဖေကို မသွားစေချင်သည့်ပုံပင်။ ဝူချန်းယွဲ့က ငုံကြည့်သည့်အခါ သူ့သမီးသည် ဒီနေ့အတော်တက်ကြွနေသည်ကို တွေ့လိုက်ရသည်။ ‘ဒါပင်မယ့် ဘာဖြစ်လို့ အမြဲတမ်း ရန်သူကို ကူညီနေတာလဲ?’
ဝူယွဲ့လင်း၏ခေါင်းကို ပွတ်ပေးကာ “လိမ္မာတဲ့သမီးလေး ဖေဖေ့ကိုလွှတ်။ ဖေဖေက သူ့ကိုမသတ်ဘူး။ ဖေဖေက သူနဲ့မိတ်ဆွေဖွဲ့မလို့!”
ထိုအခါ ဝူယွဲ့လင်းသည် အနည်းငယ်စိတ်သက်သာရာ ရသွားသော်လည်း သူမ၏အဖေကို နားမည်စွာကြည့်သည်။ ‘မိတ်ဆွေဖွဲ့မယ်ဆိုရင် ဘာဖြစ်လို့ ချဖို့လိုတာလဲ?’
ရှောင်ယွင့်လုံသည် ဝူယွဲ့လင်းအနားသို့လာကာ သူမ၏လက်ကိုဆွဲရင်း ပြောသည်။ “ကလေးတွေက နားမလည်ပါဘူး။ ဒါကလူကြီးတွေ မိတ်ဆွေဖွဲ့တာပဲ။ ဒီကိုလာ။ ခေါင်းကိုင်အဖေနဲ့အတူ သူတို့ကို ကြည့်ရအောင်။ အမကြီးယွဲ့ကိုလည်း ငါတို့တွေ စောင့်ရှောက်ဖို့ လိုသေးတယ်”
ဒီလိုပြောရင်း ဝူယွဲ့လင်းကို ပွေ့ချီလိုက်ကာ လှေကားနားသို့သွားသည်။ တံခါးနားသို့ ရောသည့်အခါ လင်းချင်းအား လှည့်ပြောသည်။ “လင်းလင်းကို ကယ်ပေးလို့ ကျေးဇူးတင်ပါတယ်။ အကြွေးတစ်ခုတင်သွားပြီ။ တစ်ခုခုလိုအပ်ရင် စခန်းမှာငါ့ကိုလာရှာလှည့်။ ငါကူညီနိုင်တာ ဘာမဆိုကူညီပေးမယ်”
လင်းချင်းသည် သူ့ကိုကြည့်ကာ ယဉ်ကျေးစွာဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။ ထို့နောက် ရှောင်ယွင့်လုံသည် ဝူချန်းယွဲ့ကို တစ်ချက်ကြည့်ကာ မုန့်ယွဲ့ဆီသို့သွားသည်။
ဝူချန်းယွဲ့သည် ရှောင်ယွင့်လုံ၏ အကြည့်ကို နားလည်သည်။ တစ်ဖက်သူကို မထိခိုက်စေချင်တာ ဖြစ်သည်။ ဒီအမျိုးသမီးက သူ့ဇွန်ဘီအမြူတေကို ခိုးသွားသော်လည်း သူ့သမီးလေးကို ကယ်ပေးသည့်သူ ဖြစ်နေသောကြောင့်ပင်။ ဝူချန်းယွဲ့သည်လည်း ဒါကိုသေချာသိပါသည်။ ‘ဒီထူးဆန်းတဲ့မိန်းမက လင်းလင်းကိုသာ ကယ်မထားရင် ငါဒီလိုသူနဲ့ စကားတောင်ပြောမနေဘူး။ လင်းလင်းကိုသာ ကယ်မပေးထားရင် ငါမိုးကြိုးနဲ့ ဆက်တိုက်ကို ပစ်ပြီးသားပဲ!’
လုထန်ရိသည် လင်းချင်းကို စိတ်ပူစွာ တစ်ချက်ကြည့်သည်။ သူမသည် ကိုယ့်ကိုကိုယ်နာကျင်အောင် လုပ်နေသလို ခံစားမိကာ ဘာဖြစ်လို့ လုပ်နေမှန်းကို နားမလည်နိုင်ပေ။ သို့သော်လည်း လင်းချင်းကို ဘာမှထပ်မပြောတော့ဘဲ “အာ ကျွန်တော်တို့ကတော့ ဒိုင်လုပ်ပေးမယ်။ အဆင်သင့်ဖြစ်ကြပြီလား?”
လင်းချင်းသည် ဝူချန်းယွဲ့၏ မျက်နှာချင်းဆိုင် အမိုးစွန်းတစ်ဖက်သို့ လျှောက်သွားသည်။ ဝူချန်းယွဲ့သည်လည်း ပြုံးနေကာ လင်းချင်းနှင့် သုံးမီတာလောက်အကွာသို့ လျှောက်လာသည်။ လူတိုင်းသည် စိတ်လှုပ်ရှားစွာဖြင့် မျက်လုံးများ ပြူးကျယ်နေကြသည်။ သူတို့သည် ဒီလိုမျိုးမမျှော်လင့်သော်လည်း အခုတော့ပွဲကြည့်ရတော့မည်။
လူစုသည် ပွဲကြည့်ရင်း စားစရာမုန့်ရှိရင်ကောင်းမည်ဟု တွေးနေမိသည်။ သူတို့သည် ခုံမရှိသဖြင့် ထိုင်စရာနေရာ ရှာကြသည်။ မိုးရွာထားသောကြောင့် အမိုးသည် ရေစိုနေသဖြင့် လှေကားနားသို့သာသွားကာ ထိုင်ကြည့်ရတော့သည်။
“အမျိုးသမီးက အဆင်ပြေပါ့မလား? ခေါင်းဆောင်က တိုက်ခိုက်ရေးအကုန်တက်တယ်” လျူကျင်းသည် လင်းချင်းကို တစ်ချက်ကြည့်ကာ စိတ်ပူစွာဖြင့် ပြောသည်။ ကျန်းရှောင်ညန်သည် ခေါင်းခါကာ ဖြေသည်။ “မသိဘူး! ငါတို့က သူ့ကိုလည်း သေချာသိတာမှ မဟုတ်တာ”
“ဒီတိုင်းကြည့်ရအောင်” ဟွမ်ရှို့ကပြောသည်။ “သူတို့စတိုက်ရင် ငါတို့သိမှာပဲ။ ခေါင်းဆောင်က ညှာပေးဖို့တော့ မျှော်လင့်ပါတယ်။ ဘာပဲဖြစ်ဖြစ် မိန်းကလေးတွေကို ယဉ်ယဉ်ကျေးကျေးနဲ့ ညင်ညင်သာသာ ထားသင့်တယ်”
‘မိန်းကလေးလား?’ အကုန်လုံးသည် လင်းချင်းကို ကြည့်ကာ ဘာပြောရမလဲ မသိတော့ပေ။
“အဟမ်း” လျူကျင်းသည် အသံတိုးတိုးဖြင့် “အမကြီးကိုလည်း ကြည့်ဦး ဘယ်နေရာက မိန်းကလေးဆန်နေလို့လဲ? သူ့ပုခုံးပေါ်က ရှပ်ကိုဖယ်လိုက်ရင်တော့ မိန်းမဆန်ရင်ဆန်မယ်”
ကောင်းချင်းမင်းကလည်း ဝင်ပြောသည်။ “ဦးထုပ်ဖယ်ရင် ဘယ်လိုနေမယ်ထင်လဲ? သူ့ဆံပင်က ငါတို့ယောက်ျားလေးတွေထက်တောင် တိုနေမလားပဲ”
“အဲ့လိုထင်တယ်” တစ်ယောက်က ထပ်ပြောသည်။ “ဆံစလေးတွေတောင် မမြင်ရဘူး။ ခေါင်းနောက်ပိုင်းကို ရိတ်ထားတာများလား?”
လင်းချင်း၏ ထူးဆန်းသည့် ဆံပင်ပုံကြောင့် အကုန်လုံးသည် သူမကို ထူးဆန်းစွာ ကြည့်ကြသည်။ ‘အမကြီးရေ နည်းနည်းလောက် မိန်းကလေးဆန်ဆန်လေး နေလို့မရဘူးလားဗျာ?’
ဘေးကရှဲ့တုန်းသည် ဒီလူများကို ဆွံ့အစွာ ကြည့်နေသည်။ ‘အခုက သူ့ဆံပင်ပုံကို ဆွေးနွေးရမယ့် အချိန်လို့တော့ ငါမထင်ဘူး’
ဝူချန်းယွဲ့သည် သူ့ရှေ့မှ လင်းချင်းကိုကြည့်ကာ ပြောသည်။ “မင်းဘာတစ်ခုမှ မပြောသေးတာ ဘာဖြစ်လို့မှန်း ငါမသိပင်မယ့် အနည်းဆုံးတော့ မင်းကိုမင်း မိတ်ဆက်သင့်တယ်”
လင်းချင်းသည် မျက်လုံးလှန်လိုက်သည်။ ‘ဘာဖြစ်လို့ စကားများနေတာလား? ချချင်တာလား? မချဘူးလား?’
သူမသည် ဘာမှပြောမနေဘဲ ရှေ့သို့နှစ်လှမ်းတက်လိုက်ကာ ခြေထောက်များကို ခွဲထားပြီး လက်သီဆုတ်လိုက်ကာ သူမ၏ရင်ဘတ်ရှေ့တွင် ရွယ်ထားသည်။ ထို့နောက် သူမသည် ဝူချန်းယွဲ့ကို တိုက်ဖို့အသင့်ဖြစ်နေသည့် အနေအထားဖြင့် စိုက်ကြည့်လိုက်သည်။ ထိုအခါ ဝူချန်းယွဲ့လည်း သူမလိုပင် တိုက်ဖို့အနေအထားပြင်လိုက်သည်။
ထိုအခါ လူစုသည် အံ့သြသွားကြသည်။
“ဒီအမျိုးသမီးက ဘယ်လိုတိုက်ရမလဲကို သိတာပဲ!”