May Honey Logo May Honey
Previous Next

၂၃၃။ အသံပြင်ပြီးပြီ

နူးညံ့သည့် စွမ်းအင်သည် သူမ၏ချွေးပေါက်များထဲမှ စိမ့်ဝင်လာကာ သူမ၏ဗိုက်၊ ရင်ဘတ်နှင့် ခေါင်းတွင်စုသည်။ လင်းချင်းသည် ဒီတစ်ခေါက် နာကျင်မှုကို မခံစားရဘဲ ဗိုက်ထဲတွင် နွေးလာကာ အနည်းငယ်မူးဝေလာခြင်းသာ ရှိသည်။ သူမသည် အလိုလို အိပ်ပျော်လို့သွားသည်။

ဒီတစ်ခါတော့ အရင်ကနှင့် လုံးဝကို ကွာသည်။ ဘာဖြစ်မှန်း မသိလိုက်ဘဲ နိုးလာချိန်တွင် သူမသည် ကုတင်ပေါ်တွင် လှဲနေခဲ့တာဖြစ်သည်။ နွယ်လေးက သူမကို ကုတင်ပေါ်သို့ ပြန်တင်ပေးခဲ့ပုံရသည်။ နူးညံ့သည့် ကုတင်ပေါ်မှထကာ ဗိုကိကိုကြည့်လိုက်သည်။ သူမ၏ဗိုက်မှ အမြှေးပါးများသည် ပိုရင့်လာပြီ။ လင်းချင်းက ဖိကြည့်လိုက်သည့်အခါ လူသားများလို နူးညံ့နေသည်။ ဒီအမြှေးပါးအောက်တွင် ဘာတွေရှိနေမလဲတော့ လင်းချင်းလည်း မသိပေ။

“နွယ်လေး?”   လင်းချင်းသည် ကန်ဘက်ကိုကြည့်ကာ နွယ်လေးကို ခေါ်လိုက်သည်။ ထိုအခါ သူမ၏လည်ချောင်းကို သူမထိကြည့်ကာ ရေရွတ်မိသည်။   “ငါ့အသံက ပြင်ပြီးပြီလား?”

သူမ၏အသံကိုကြားသည့်အခါ ကန်ထဲမှနေ နွယ်များက ထွက်လာကာ ကန်ရေပြင်ပေါ်တွင် ကနေသလို လှုပ်ယမ်းပြသည်။ လင်းချင်းသည် ဘေးကိုကြည့်လိုက်သည့်အခါ သူမ၏အဝတ်များက ကုတင်ဘေးတွင်ရှိနေသည်။ လင်းချင်းသည် အဝတ်များကိုဝတ်လိုက်၍ ကန်ဘေးသို့လာသည်။

“နွယ်လေး ကျေးဇူးပဲ”   သူမသည် နွယ်လေးမှာ ဘယ်လိုမျိုးမှန်း မသိသော်လည်း သူမကို အကျိုးပြုကာ သူမ၏ကိုယ်ကိုလည်း ကုသပေးသည်။ နွယ်လေး၏နွယ်တစ်ခုက ကန်စပ်သို့ရောက်လာကာ သူမ၏ခြေထောက်ကို ရစ်ခွေလာသည်။   ‘မေမေ ကျေးဇူးမတင်ပါနဲ့ နွယ်လေးက မေမေ့ကြောင့် ရှိနေတာ။ အဲ့ဒါကြောင့် မေမေကို ကူညီရတာက နွယ်လေးကို ကူညီသလိုပါပဲ’

လင်းချင်းသည် ထိုင်ချလိုက်ကာ သူမ၏ခြေထောက်မှ နွယ်ကိုကြည့်ရင်း မေးသည်။   “ဘာဖြစ်လို့ ငါ့ကိုမေမေလို့ ခေါ်နေတာလဲ? ဘာဖြစ်လို့ မမလို့ မခေါ်တာလဲ?”

‘ဘာဖြစ်လို့ မမလဲ? မေမေပဲ မေမေလို့ ခေါ်ဖို့ပြောတာလေ’   နွယ်လေးက စိတ်ရှုပ်စွာ ပြန်ဖြေသည်။ လင်းချင်းသည် သူမက အမေခေါ်ခိုင်းဖို့ ဘယ်တုန်းက ပြောမိသလဲကို ပြန်တွေးနေရသည်။   “ဘယ်တုန်းကလဲ? ငါမမှတ်မိပါလား?”

နွယ်လေးသည် ခနတိတ်သွားကာ ပြန်ဖြေသည်။   ‘အာ . . .အင်း. . .အတော်ကြာပြီထင်တယ်။ တော်တော်ကြာလောက်ပြီ။ နွယ်လေးလည်း သေချာမမှတ်မိတော့ပင်မယ့် မေမေပြောတဲ့ တချို့စကားတွေတော့ မှတ်မိသေးတယ်’

“ငါဘာတွေပြောခဲ့မိတာလဲ?”   လင်းချင်းက အံ့သြသွားသည်။

နွယ်လေးသည် သူမ၏လက်ဝါးကို သူ့နွယ်ထိပ်လေးဖြင့် ပွတ်သပ်နေသည်။ လင်းချင်းသည် အံ့သြစွာကြည့်ပြီးနောက် သူမသည် ဘယ်တုန်းက ဒီလိုပြောခဲ့မိသလဲကို ပြန်ကိုတွေးမရပေ။   “ဟုတ်ပြီ။ မေမေခေါ်ရတာ နင်သဘောကျရင်လည်း ခေါ်ပေါ့။ ကျွင်းကျွင်းကို အခုသွားခေါ်လို့ ရပြီလား? ငါ့အထင် သူမကြာခင် အဆင့်တက်ပြီး အစွမ်းတွေနိုးလာတော့မယ်”

နွယ်လေးသည် လင်းချင်း၏ လက်ဝါးကိုပွတ်သပ်ရင်းက   ‘ရတယ်။ ရတယ်။ မေမေခေါ်လာလိုက်။ နွယ်လေးမှာ စွမ်းအားတေ အများကြီးပဲ ကျန်သေးပင်မယ့် မေမေ့ကိုယ်က အကုန်မယူနိုင်လို့’

ထိုအခါ လင်းချင်းသည် ထလိုက်ပြီး နွယ်သည်လည်း ရေထဲပြန်ဝင်သွားသည်။ လင်းချင်းက နယ်မြေထဲမှ ထွက်လာသည့်အခါ ပြတင်းပေါက်အပြင်ဘက်က မှောင်နေပြီ။ ချူးလီလီနှင့် ကျွင်းကျွင်းတို့သည် သူမကိုစောင့်ရတာ ပျင်းနေပုံပေါ်သည်။ သူမပြန်ပေါ်လာသည်နှင့် ချက်ချင်း သူအ၏အနားသို့ လာကြသည်။

ချူးလီလီသည် လင်းချင်းကို ခေါင်းအစခြေအဆုံး ပတ်ကြည့်ကာ ပြောသည်။   “အား ယား ယား ယား။ အားယား အား”   ‘အရင်ကနဲ့ တူတူလိုပါပဲ။ မကြီးဆံပင်တွေ ပြန်ပေါက်လာမယ်လို့ ညီမလေးက ထင်ထားတာ’

လင်းချင်းသည် သူမ၏ကတုံးပြောင်ကို လက်ဖြင့်ပွတ်ကာ သက်ပြင်းချပြီး   “အင်း. . .ဆံပင်တွေက ပြန်မပေါက်သေးပင်မယ့် လည်ချောင်းကတော့ ကောင်းသွားပြီ”

လင်းချင်းသည် စကားကိုချောမွေ့စွာ ပုံမှန်အတိုင်းပြောလိုက်နိုင်သော်လည်း ကြားရသည်ကတော့ အသံသည်အက်ကွဲနေသေးသည်။ ထင်သလိုပင် ချူးလီလီနှင့် ကျွင်းကျွင်းတို့သည် သူမကို အံ့သြစွာကြည့်သည်။ ကျွင်းကျွင်းသည် တစ်ချိန်လုံးတိတ်နေကာ သူမပြောချင်တာရှိလျှင် စာပဲရေးပြတက်သည်။ ချူးလီလီကတော့ လူတွေနားမလည်သည့် ဇွန်ဘီဘာသာဖြင့်ပဲ ပြောရသည်ကို သဘောကျပုံရသည်။

လင်းချင်းသည် ကျွင်းကျွင်းကိုကြည့်ကာ   “အခုအဆင်သင့်ဖြစ်ပြီလား?”

ကျွင်းကျွင်းသည် ကုတင်ပေါ်တွင် နှစ်ခြိုက်စွာအိပ်နေသည့် တုံတုံကိုကြည့်ကာ ခေါင်းငြိမ့်ပြသည်။ လင်းချင်းသည် တုံတုံကို တစ်ချက်ကြည့်ကာ ကျွင်းကျွင်းလက်ကိုဆွဲ၍ အတူပျောက်သွားသည်။ ချူးလီလီကတော့ အခန်းကိုတစ်ပတ်လျှောက်ပတ်နေပြီးနောက် ကုတင်ဘေးက ဆိုဖာပေါ်တွင်ပြန်ထိုင်ကာ ဆက်၍ပျင်းနေရရှာတော့သည်။

“နွယ်လေး”   လင်းချင်းသည် နယ်မြေထဲသို့ ရောက်သည့်အခါ ကန်ကိုကြည့်ကာ ခေါ်သည်။ သူမ၏အသံနောက်တွင် ရေထဲမှ လက်မောင်းလုံးလောက်ရှိသည့် နွယ်များက ရေမျက်နှာပြင်ပေါ်တက်ကာ လှုပ်ယမ်းလာကြသည်။ ကျွင်းကျွင်းသည် အရင်ကထက် ပိုသန်မာလာပုံရသည့် နွယ်များကိုကြည့်ကာ လင်းချင်းကို ဘာလုပ်ရမှန်းမသိသဖြင့် လှည့်ကြည့်သည်။

“ကျွင်းကျွင်း နင့်အဝတ်တွေချွတ်ပြီး ကန်ထဲကိုဆင်းသွား”   ဒီလိုပြောရင်းဖြင့် လင်းချင်းသည် ရေခွက်တစ်ခုကိုကိုင်ကာ ကန်ထဲကရေကို ခပ်လိုက်ပြီး ကန်ဘက်ကို လက်ညိုးထိုးပြလိုက်သည်။

ကျွင်းကျွင်းသည် သူမကိုကြည့်ကာ အနည်းငယ်ရှက်သွားသည်။ ထို့နောက် လင်းချင်းကို ကျောပေး၍ အဝတ်များကို ချွတ်ဖိုလုပ်သည်။ လင်းချင်းသည် သူမက ရှက်နေသည်ကို သိသဖြင့် ရေသောက်ပြီးမှ စတော်ဘယ်ရီခင်းဘက်သို့သွားရင်း   “စိတ်မပူနဲ့။ ငါချောင်းမကြည့်ဘူး။ ပြီးတော့ ငါလည်းမိန်းမပဲလေ။ ဘာဖြစ်လို့ ရှက်နေတာလဲ?”

ကျွင်းကျွင်းသည် ရှက်ပြုံးလေးဖြင့် ကြယ်သီးကိုမြန်မြန်ဖြုတ်သည်။ သို့သော်လည်း လင်းချင်းသည် မြင်ချင်စိတ်ရှိပါက နောက်ကိုလှည့်စရာမလိုဘဲ မြင်နိုင်သည်ကိုတော့ မသိပေ။

လင်းချင်းသည် စတော်ဘယ်ရီခင်းထဲမှ အသီးများကိုခူးကာ ခွက်ထဲသို့ထည့်သည်။ ပုံမှန်ခွက်သည် စတော်ဘယ်ရီသီး နှစ်လုံးသုံးလုံးလောက်ဆန့်လေရာ လင်းချင်းက နောက်သုံးလုံးလောက်ကို လက်ထဲကကိုင်လိုက်သည်။ သူမပြန်လှည့်သည့်အခါတွင်တော့ ကျွင်းကျွင်းနှင့် နွယ်လေးတို့ မရှိတော့ပေ။ သို့သော်လည်း ကျွင်းကျွင်းက ကန်အောက်တွင်ရှိနေသည်ကို ခံစားမိသည်။

ထိုအချိန်တွင် ကျွင်းကျွင်းအား ကန်အောက်ခြေသို့ ရေတွက်မရနိုင်သည့် နွယ်များက ဆွဲခေါ်သွားသည်။ နွယ်များသည် သူမကိုရစ်ပတ်ကာ တစ်ကိုယ်လုံးကို ထုံကျဉ်လာစေသည်။ သူမ၏ကိုယ်ထဲသို့ တစ်ခုခုက ဝင်လာသည်။ ဘာမှန်းမသိသော်လည်း ခေါင်းသည် ပေါက်ကွဲမတက် ကိုက်ခဲနာကျင်လာသည်။ ခေါင်းကိုက်ခြင်းက သူမ၏စိတ်ကို ဝေဝါးစေကာ သူမ၏အာရုံများကို ဖြတ်တောက်ပစ်သည်။

သို့သော်လည်း တဖြည်းဖြည်းချင်း ပုံရိပ်များက အစီအစဉ်မကျစွာ သူမ၏စိတ်ထဲတွင် ပေါ်လာသည်။ လူများစွာက တစ်ဘက်တည်းကို သွားနေသည်ကို အရင်မြင်ရသည်။ ပတ်ဝန်းကျင်သည် ဆက်တိုက်ပြောင်းနေကာ လူတို့ကဆက်သွားနေသည်။ နောက်ဆုံးတော့ ဒီလူများသည် စိတ်ဓာတ်ကျသွားပုံရသည်။ သူတို့တွင် ရေ၊အစာနှင့်လက်နက်မရှိသဖြင့် နောက်ဆုံးတွင် လူစု၏ခေါင်းဆောင်များက လူအချို့ကို စွန့်ပစ်ခဲ့ဖို့ စီစဉ်ခဲ့ကြသည်။ ဒီလိုဖြင့် သူမတို့ သားအမိသည် စွန့်ပစ်ခံရသည်။ 

ဇွန်ဘီဖြစ်သွားသည့် အသင်းဖော်ထံမှ ကလေးကိုကာကွယ်ရန် သူမနှင့် ယောက်ျားတစ်ယောက်သည် အသက်စွန့်ကာ ကလေးဖြင့် ထွက်ပြေးခဲ့ရသည်။ သို့သော်လည်း နောက်ဆုံးတွင် သူမသည် ဇွန်ဘီကိုက်ခံရသည်။ ထို့နောက် ထိုယောက်ျားသည် အစာနှင့်ရေများကို ယူသွားကာ ကလေးကို သူမဖြင့်ထားခဲ့သည်။ သူမက မေ့မျောနေသည့်အချိန်တွင် သူမနှင့်ကလေးကို ထိုလူက ထားခဲ့သည်။ သူမခေါင်းထဲက ပုံရိပ်များသည် ပေါင်းစပ်ကာ ရှင်းလင်းသည်။ ဖြည်းဖြည်းချင်း သူမသည် အများစုကို မှတ်မိလာသည်။

ချန်းဝမ်ရှုပြောသည်က မှန်သည်။ သူမတို့သားအမိက စွန့်ပစ်ခံရသည်။ သူတို့ကို ထိုယောက်ျားက စွန့်ပစ်သွားခဲ့သည်။ ဒါကိုသိသွားသည့်အခါ သူမ၏ရင်ထဲတွင် အမုန်းတရားများက ကြီးထွားကာ ပြန့်နှံ့လာတော့သည်။

Previous Chapter 233 of 410 Next