May Honey Logo May Honey
Previous Next

၄၀၇။ ဇွန်ဘီတွေ ရေချိုးလို့ ပြီးပြီ

လုံယုပိုင်သည် ယန်ကျင်းဟွာအတွက် သူပြောနေသည့်စကားတို့က သိပ်အသုံးမဝင် ဖြစ်နေခြင်း၏ အကြောင်းအရင်းမှာ လင်းဝမ်ဝမ်ဖြစ်သည်ဟု သူယုံကြည်သည်။ အကယ်၍ ယန်ကျင်းဟွာကသာ ကြည့်ကောင်းသည့် ရေခဲစွမ်းအားရှင် ဖြစ်နေရုံတင်မက ခန္ဓာကိုယ်ကလည်း အကောင်းဆုံးဖြစ်ပြီး အိပ်ယာပေါ်တွင်လည်း ကောင်းနေတာ မဟုတ်လျှင် သူ့အတွက် အချိန်ကုန်ခံနေမှာ မဟုတ်ပေ။

ထို့ကြောင့် သူ့ကိုပိုထိန်းချုပ်နိုင်ဖို့ လိုအပ်နေသည်။ ယန်ကျင်းဟွာသည် သူ့အားအရမ်းစွဲလမ်းနေကာ လင်းဝမ်ဝမ်ကို တကယ်မေ့သွားဖို့ လိုအပ်သည်။ ဒီအတွေးများဖြင့် သူလှည့်လိုက်ကာ ယန်ကျင်းဟွာ၏ လည်တိုင်ကို လက်နှစ်ဖက်ဖြင့် ဖက်ထားကာ

“ဒီနေ့အတွက်က ဒီလောက်ပဲရတာလား? မင်းလျော့သွားပြီလား?”

လင်းမိသားစုများကို လုံယုပိုင်က ကိုယ်တိုင်သွားသတ်မည်ဟု ကြားသည့်အခါ ယန်းကျင်းဟွာသည် အတွေးများနေသည်။ ထို့ကြောင့် တစ်ဖက်သူက သူ့အားထပ်ဆွဲဆောင်လာသည့်အခါ သူဘာမှမတုန့်ပြန်မိပေ။ သို့သော်လည်း လုံယုပိုင်၏ ဆွဲဆောင်မှုရှိသည့် မျက်လုံးများကို မြင်သည့်အခါ သူ့ဦးနှောက်ထက် သူ့ကိုယ်က အမြန်လှုပ်ရှားတော့သည်။

. . .

လင်းအမျိုးသမီးနှင့် လင်းဝမ်ဝမ်တို့ကို အမှန်ပြောပြပြီးသည့်အခါ လင်းချင်းသည် သူတို့နှင့် ၁နာရီလောက် စကားထိုင်ပြောနေခဲ့သည်။ အမေနှင့် ညီမက သူမသည် ဒီနှစ်တွေအတွင်းမှာ ဘယ်လိုဖြစ်ခဲ့သလဲကို အကြမ်းဖျင်းပြောပြကြသည်။

“အမေ သမီးအကြောင်းကို. . .လင်းဖန်ကို မပြောနဲ့ဦး။ အခုသူအလုပ်များနေတာ။ အခြေအနေတွေက ပုံမှန်ဖြစ်မှာပဲ အသိပေးကြမယ်။ ဒီနေရာက တည်တည်ငြိမ်ငြိမ် လည်ပတ်နေတော့မှဦ ပြောပြကြမယ်”

လင်းချင်းသည် လင်းအမျိုးသမီးကို ကြည့်ကာ ပြောသည်။

လင်းအမျိုးသမီးက ခေါင်းငြိမ့်သော်လည်း ခနတွေးပြီးနောက် ပြောသည်။

“တကယ်တော့ လင်းဖန်လည်း အမေတို့လိုပဲ ခန့်မှန်းမိလောက်တယ်။ အမေတို့ထက်တောင် သူက သမီးကြီးနဲ့ ရင်းနှီးတာ။ အဲ့ဒီတော့ ဘယ်လိုလုပ်ပြီး ထူးဆန်းတာတွေကို မသိဘဲ နေမှာလဲ?”

“ဖြစ်နိုင်ပါတယ်”

လင်းချင်းက ပြောသည်။

“မေးလာရင်တော့ ဖြေလိုက်ပါ”

လင်းအမျိုးသမီးနှင့် လင်းဝမ်ဝမ်တို့က ခေါင်းငြိမ့်သည်။

လင်းချင်းသည် လင်းဝမ်ဝမ်၏ ဆံပင်ကိုကြည့်ကာ ပြောသည်။

“ဘာဖြစ်လို့ ဆံပင်ကိုညှပ်ပြီး လေ့ကျင့်ခန်းတွေ ထလုပ်နေတာလဲ?”

လင်းဝမ်ဝမ်သည် ခနငြိမ်နေပြီးနောက် လင်းအမျိုးသမီးကို တစ်ချက်ကြည့်သည်။ ထို့နောက် လင်းချင်းကိုကြည့်ကာ ပြောသည်။

“ညီမလေး ခံစားမိတာက. . . မကြီးနဲ့ အကိုကြီးကို ညီမလေးက အရမ်းအားကိုးနေမိသလိုပဲ။ မကြီးပြောတာမှန်တယ်။ တစ်ချိန်လုံး မကြီးတို့ကိုပဲ အရမ်းမှီခိုနေမိတာ။ မကြီးတို့လည်း အန္တရာယ်များတဲ့ အခြေအနေနဲ့ ကြုံရနိုင်တာပဲ။ မကူညီပေးနိုင်ရင်တောင်မှ အနည်းဆုံး ကိုယ့်ဟာကိုယ် လုံခြုံအောင် နေသင့်တယ်လို့ ထင်တယ်”

လင်းချင်းက သူမကိုကြည့်ကာ အံ့သြစွာဖြင့် ပြောသည်။	

“ဒီနှစ်တွေအတွင်းမှာ ငါနင့်ကို ဘယ်လောက်တောင် အလိုလိုက်ထားမိတာလဲ? ဒါကိုနင်အခုမှ တွေးမိတယ်လား? ကမ္ဘာပျက်ခေတ်ဖြစ်နေတော့ လူတိုင်းက ကိုယ့်ဟာကိုယ် ကာကွယ်တက်ဖို့လိုတယ်။ နင်ဒါကို အရင်က မသိဘူးလား? နင်မှီခိုနေတဲ့သူက တစ်နေ့နေ့မှာ လဲကျသွားနိုင်တယ်။ နင့်ကိုယ်နင်ပဲ အားကိုးတာက အမှန်ဆုံး လုပ်သင့်တာပဲ”

လင်းဝမ်ဝမ်သည် ခေါင်းငုံ့သွားကာ အသံတိုးတိုးဖြင့် ပြောသည်။

“သိတာက တစ်ခု။ လုပ်တာက တစ်ခုလေ။ ညီမလေးက လေ့ကျင့်ခန်းတွေမှာ အမြဲတမ်း ညံ့ဖျင်းနေတာကို မကြီးလည်း သိရဲ့သားနဲ့”

“မွေးတည်းက ကံဆိုးနေတာ”

လင်းချင်းက ပြောသည်။

“နင်ငယ်ငယ်လေးတည်းက နင့်ဆီမှာ မကောင်းတာ ဖြစ်နေတာတွေက ရပ်ကိုမသွားဘူး။ နင်အသက်ရှင်နေသေးတာပဲ အံ့ဖွယ်ဖြစ်နေပြီ။ ဒါတောင် နင်က အရင်က ဘာမှကို မပြောင်းလဲနိုင်ဘူး”

“မကြီးက ထန်ရှင်းကို ညီမလေးအနားမှာ အမြဲထားပြီး ကာကွယ်ပေးထားခိုင်းတာကိုး!”

လင်းဝမ်ဝမ်က ပြောသည်။

“ဒါဆိုရင် ဒါငါ့အပြစ်လား?”

လင်းချင်းက မျက်လုံးပြူးကာ ပြောသည်။

ညီအမနှစ်ယောက်သည် ရန်ထဖြစ်တော့မလို ဖြစ်ကုန်သောကြောင့် လင်းအမျိုးသမီးက ဝင်ပြောရတော့သည်။

“ဟုတ်ပါပြီ။ ဟုတ်ပါပြီ။ အခုသမီးငယ်က သူ့ကိုယ်သူ ကာကွယ်ဖို့က အရေးကြီးပြီဆိုတာကို သူသိပြီလို့ အမေထင်ပါတယ်။ စခန်းက ကန်ထုတ်ခံရပြီး သမီးကြီးရဲ့ ကာကွယ်မှုလည်းမရှိတော့ သမီးငယ်လည်း ခွေးလေခွေးလွင့်လေးလို ပြေးလွှားနေခဲ့ရ ပြီးပါပြီ”

လင်းဝမ်ဝမ်က သူမ၏ အမေကို ကူပြောပေးသည့်အခါ လင်းချင်းက တစ်ချက်ကြည့်ကာ ပညာဆက်ပေးမနေတော့ပေ။

“ထားလိုက်တော့။ နောက်ကျနေပြီ။ အမေရော ဝမ်ဝမ်ရော နှစ်ယောက်လုံး အောက်ထပ်ကိုဆင်းပြီး နားကျတော့လေ”

ဒီနှစ်ယောက်သည် ခေါင်းငြိမ့်ကာ ထထွက်သွားသည်။

ထိုအချိန်တွင် လင်းချင်းသည် အမိုးပေါ်သို့ တက်သွဦးသည်။ ဇွန်ဘီများက ရေချိုးနေဆဲပင်။ သူတို့အား တစ်နာရီလောက်သာ ရေချိုးခိုင်းဖို့ လုပ်ထားသော်လည်း အခုတော့ နှစ်နာရီနီးပါးပင် ရှိသွားပြီ။

“တော်ပြီ။ ထွက်တော့ အကုန်လုံးထွက်ကြတော့ နင်တို့ရေချိုးချိန်ပြည့်ပြီ”

အမိုးပေါ်သို့ ရောက်သည့်အခါ လင်းချင်းသည် လက်ခုပ်တီးကာ ဇွန်ဘီများကို ပြောသည်။ သို့သော်လည်း ဇွန်ဘီတို့က သူမကိုကြည့်သာနေကာ တစ်ကောင်မှ ထမလာပေ။ သူတို့ကမှ မထွက်ချင်ကြတာ

လင်းချင်းက သူတို့ရေပုံးများ၏ အလည်သို့ လျှောက်လာကာ ထပ်အော်သည်။

“ထတော့! ငါ့ကိုအကြမ်းနည်း သုံးရအောင် မလုပ်ကြနဲ့”

သူမ၏ ခြိမ်းခြောက်သံကြားမှ ဇွန်ဘီတို့သည် တုန့်ပြန်ကြသည်။ အဆင့်၄ဇွန်ဘီနှစ်ကောင်သည် ချက်ချင်းထရပ်ကာ ရေပုံးထဲမှ ဖြည်းဖြည်းချင်း ထွက်လာကြသည်။ သူတို့ထွက်တာမြင်မှ တခြားဇွန်ဘီများသည်လည်း ထရပ်ကြသည်။

လင်းချင်းသည် ဓာတ်ဆီပုံးနားသို့သွားကာ အကျယ်ကြီးပုံးကို ခေါက်လိုက်သည်။ ထို့နောက် အထဲကို ခေါင်းငဲ့ကြည့်သည့်အခါ ပါးစပ်ပြဲနေသည့် ဇွန်ဘီကောင်လေးကလည်း သူမအား ရေထဲကနေ ခေါင်းပြန်မော့ကြည့်နေသည်ကို တွေ့ရသည်။ သူ့မျက်လုံးနက်များနှင့် ပြဲနေသည့် ပါးစပ်တို့အကုန်လုံးကို ရေထဲတွင်နှစ်ထားသည်။

လင်းချင်းသည် ဒီမျက်နှာကို မြင်လိုက်ရသဖြင့် အနည်းငယ်တောင် တွန့်သွဦးသည်။ ထို့နောက် သံပုံးကို ခေါက်လိုက်ကာ ပြောသည်။

“ထွက်တော့! ထွက်စမ်း! နင့်အကြည့်ကြီးက အရမ်းကြောက်ဖို့ ကောင်းတယ်! အမြန်ထွက်ပြီး နင့်မျက်နှာကို ပတ်တီးစီးထားစမ်း”

ဇွန်ဘီကောင်လေးသည် ရေပုံးထဲတွင် ထိုင်နေရာက ထလိုက်ပြီးနောက် ရေပေါ်တွင် ခေါင်းကပေါ်လာကာ လင်းချင်းကို ကြည့်သည်။ 

လင်းချင်းသည် နောက်သို့နှစ်လှမ်းဆုတ်လိုက်သည့်အခါ ဇွန်ဘီကောင်လေးက ပုံးထဲကနေ ထွက်လာသည်။ သူမသည် ဘေးတွင်ကြည့်လိုက်သည့်အခါ ကလေး၏အဝတ်များ တွေ့သဖြင့် လှမ်းပစ်ပေးလိုက်သည်။

သူမသည် ပတ်တီးကိုကိုင်ကာ အဝတ်ပြန်ဝတ်ပြီးသား ဖြစ်သည့် အဆင့်၄ဇွန်ဘီမအား လှမ်းပြောသည်။

“ဇွန်ဘီနံပတ်၂ ဒီကိုလာဦး”

ဇွန်ဘီမသည် လင်းချင်း၏ဘေးကိုလာကာ ကြည့်သည်။

“အခုကစပြီး သူ့ကိုပတ်တီးစီးပေးဖို့ နင်တာဝန်ယူ။ ငါလုပ်တာကိုကြည့်ထား။ ဒါဆိုရင် ဘယ်လိုလုပ်ရမလဲ နင်သိလိမ့်မယ်”

လင်းချင်းက ပြောသည်။

“ဂါး. . .”

လင်းချင်းပြောသည်ကို ကြားသည့်အခါ အဆင့်၄ဇွန်ဘီမသည် ပတ်တီးစီးပေးနေဖို့ ကြိုးစားကြည့်သည်။ သို့သော်လည်း ဇွန်ဘီကောင်လေးသည် ပါးစပ်ကိုဟကာ ဇွန်ဘီမအား မကျေနပ်စွာ အော်လိုက်သည်။

ဇွန်ဘီမသည် သူ့အော်သံကြောင့် လန့်သွားကာ အနောက်သို့ ခြေ၂လှမ်းလောက် အမြန်ဆုတ်သွားသည်။ လင်းချင်းက ဇွန်ဘီကောင်လေး၏ ခေါင်းအနောက်ကို ရိုက်ချလိုက်ကာ

“ဘာလုပ်နေတာလဲ? ငါသူ့ကို ဒီလိုလုပ်ခိုင်းတာ နင်ကဘာကိစ္စ သွားအော်နေတာလဲ?”

ဇွန်ဘီကောင်လေးသည် လင်းချင်းကို နားမလည်သလို ပြန်လှည့်ကြည့်သည်။

ပတ်တီးစီးပေးနေရင်း လင်းချင်းက ပြောသည်။

“အချိန်တိုင်း နင့်အတွက် ငါ့ကိုလုပ်ပေးခိုင်းနေတာလား? ဘယ်လိုလုပ်ရမလဲ နင်သိလို့လား? နင့်ဟာနင် လုပ်လို့ကတော့ သရဲထက်တောင် ပိုဆိုးနေမှာ”

“ဂါး. . .”

ဇွန်ဘီကောင်လေးက ထပ်အာခံသည်။

ဖြောင်း!

လင်းချင်းက နောက်ထပ်ချက် ခေါင်းကိုရိုက်လိုက်ကာ ပြောသည်။

“မငြင်းနဲ့ မဟုတ်ရင် နင်ရေထပ်ချိုးရမှာ မဟုတ်ဘူး။ နားလည်လား?”

ဒါကိုကြားမှသာ ဇွန်ဘီကောင်လေးက ငြိမ်သွားတော့သည်။ ဒီလိုမှ ဇွန်ဘီမသည်လည်း အနားကိုကပ်၍ သေချာလာလေ့လာသည်။

ပတ်တီးစီးပေးပြီးသည့်အခါ လင်းချင်းသည် တခြားဇွန်ဘီများကို လှည့်ကြည့်လိုက်သည်။ အကုန်လုံးက အဝတ်များ ဝတ်ပြီးနေပြီသော်လည်း တချို့တွေက ကြယ်သီးကို တလွဲကြီးတပ်ထားကြသည်။

ထို့ကြောင့် လင်းချင်းသည် သူတို့၏ ကြယ်သီးများကို ပြန်တပ်ပေးကာ ပြောသည်။

“ရပြီ။ အခုကိုယ့်နယ်နမိတ်ကို ပြန်သွားပြီး စောင့်နေကြတော့။ ငါမခေါ်မချင်း နင်တို့ပြန်လာစရာမလိုဘူး”

“သွား!”

လင်းချင်းသည် သူတို့ကို လက်ကာပြလိုက်သည်။

ဇွန်ဘီအဖွဲ့သည် ချက်ချင်းလှည့်ထွက်သွားကာ အမိုးပေါ်ကနေ ခုန်ချ၍ အမြန်ပြေးသွားကြသည်။

သူတို့ပြန်သွားသော်လည်း ဇွန်ဘီကောင်လေးသည် သူ့ပုံးကိုကိုင်ထားကာ မပြန်ချင်သေးတာကို လင်းချင်းက ဆွံ့အစွာ တွေ့လိုက်ရသည်။

“သွား! ဘာဖြစ်လို့ ပုံးကိုကိုင်ထားတာလဲ? နင့်နယ်နိမိတ်ကို မစောင့်ဘူးဆိုရင် ငါနင့်ကို ရေတောင် ထပ်တိုက်မှာ မဟုတ်ဘူးနော်”

လင်းချင်းက ခြိမ်းခြောက်လိုက်ရသည်။

“ဂါး. . .”

ဇွန်ဘီကောင်လေးသည် သူ့ပုံးကိုမလွှတ်ချင်လွှတ်ချင်ဖြင့် ထားခဲ့ကာ အမိုးပေါ်ကနေ ခုန်ချ၍ ပျောက်သွားတော့သည်။

လင်းချင်းသည် ဘေးကိုကြည့်လိုက်သည့်အခါ ဇွန်ဘီတစ်ကောင်က ပျောက်နေသေးသလို ခံစားရသည်။
Previous Chapter 407 of 410 Next