၄၀၂။ ပုံးတစ်ခုသွားရှာ
လျူကျွင်းသည် အနည်းငယ် ကြောင်အသွားကာ
“နင်ပြောတာက. . .အဲ့နာမည်ကို ကြားခဲ့တာလား?”
လင်းချင်းကို နားမလည်ဖြစ်စွာဖြင့် ကြည့်သည်။
လင်းချင်းသည် စိတ်တိုစွာဖြင့် လက်ကိုတင်းတင်းပိုက်သည့်အခါ သူမ၏ရင်သားများက အနည်းငယ်ရှေ့သို့ ပိုထွက်လာပြီး ပြောသည်။
“သူ့နာမည်ကို ကြားခဲ့ရုံတင် မကဘူး. . .ရှဲ့တုန်းမိန်းမက တွဲခုတ်နေတဲ့ကောင်တွေထဲက တစ်ယောက်ဟေ့! ငါအဲ့ကိုရောက်သွားတုန်းက သူက အဲ့မိန်းမရဲ့တိုက်ခန်းထဲမှာ။ နောက်တစ်ယောက်လည်း ရှိသေးတယ်။ အဲ့မိန်းမအတွက် ရန်ဖြစ်နေကြတာ. . . အတိအကျရန်ဖြစ်တာတော့ ဘယ်ပြောရမလဲ။ အဆင့်နည်းနည်းနိမ့်တဲ့ တစ်ယောက်ကို အဲ့မိန်းမက နှင်ထုတ်လိုက်တယ်”
ဒီလိုပြောပြီးနောက် သူမသည် မေးကိုလက်ဖြင့်ထိကာ လျူကျွင်းကို ကြည့်၍
“အဲ့ကောင်က. . .နင့်ထက်ငယ်ပုံရတယ်။ နင်ထက်ငယ်တာလား?”
မေးလိုက်သည်။
လျူကျွင်းသည် ခနအံ့သြသွားပုံရပြီးနောက် ပြန်တည်ငြိမ်သွားသည်။ ကောဇောပေါ်တွင် ဆော့နေသည့် တုံတုံကို တစ်ချက်လှည့်ကြည့်လိုက်ကာ စိတ်အခြေအနေက ပိုကောင်းလာ၍
“ဟုတ်တယ်။ ငါ့ထက် သုံးနှစ်ငယ်တယ်. . .သူ့ကို နင်တကယ်တွေ့လာမယ်လို့ ငါမထင်ခဲ့ဘူး။ ဘယ်လောက်တောင် တိုက်ဆိုင်လိုက်သလဲ”
“ရှဲ့တုန်းကို သူတိုက်ခိုက်ခဲ့တယ်”
လင်းချင်းက ပြောသည်။
“ရှဲ့တုန်းက အဲ့တိုက်ခန်းကို ဟိုမိန်းမအတွက် ဝယ်ထားတာ။ ပရိဘောဂတွေက အသစ်တွေများတယ်။ ငါ့အထင် အဲ့မိန်းမလိုချင်သမျှဟာတွေအတွက် ဇွန်ဘီအမြူတေနဲ့ လဲဝယ်ခဲ့ရတာ ဖြစ်မယ်”
သူမသည် လက်ကိုဖြန့်လိုက်ကာ ကူကယ်ရာမဲ့စွာဖြင့် ပြောသည်။
“အဲ့မိန်းမရဲ့ သဘောထားကတော့ သူက ပေးနေနိုင်သမျှ ကာလပတ်လုံး ယူဖို့ကို တကယ်ကြိုက်နေမှာပဲ။ ဒါပင်မယ့် သူ့အတွက် ဝမ်းနည်းဖို့ကောင်းတာက သူ့ရှေ့မှာ တခြားယောက်ျားနဲ့ အီစကလီလုပ်နေပြီးတော့ သူ့ကိုဘယ်လိုဖယ်ထုတ်ကြမလဲ တိုင်ပင်နေကြတာ”
“ဒါဆိုရင် မမချင်းချင်း ကျွင်းကျွင်းရဲ့ သစ္စာမရှိတဲ့ ယောက်ျားက ရှဲ့တုန်းရဲ့ ကောင်မလေးနဲ့ တွဲနေတာကို မြင်လာပြီးတော့ သူတို့က ရှဲ့တုန်းကို သတ်ဖို့လုပ်နေတာကိုပါ ကြားလာခဲ့ရတာလား?”
ချူးလီလီက သိချင်စွာဖြင့် မေးသည်။
လင်းချင်းက သူမကို လက်ညိုးထိုး၍ ခေါင်းငြိမ့်ကာ
“ဟုတ်တယ် အဲ့လိုမျိုး! နင်ပြောသလိုပဲ”
ထို့နောက် လျူကျွင်းဘက်ကိုလှည့်ကာ ပြန်ပြောသည်။
“နင်ပြောခဲ့တဲ့ ခွေးကောင်ဆိုတာကို ငါမသိခဲ့လိုက်ဘူး။ သိလို့ကတော့ သူ့ကိုအဝတ်ဖြဲတာထက် ပိုလုပ်ခဲ့တယ်။ သူ့ဟာကိုဖြတ်ပြီးတော့ ငါ့ခွေးကို ကျွေးပစ်လိုက်ရမှာ ငါ့မေ့သွားတာပဲ. . . အယ်! အဲ့လိုမလုပ်နိုင်လောက်ဘူး ရွံ့စရာကြီး!”
လင်းချင်း၏ စကားကြောင့် ခုနက လေးလံနေခဲ့သည့် ပတ်ဝန်းကျင်သည် ချက်ချင်းပေါ့ပါးလာသည်။
“ခွေးရှိလို့လား?”
စိတ်ဆိုးနေဆဲဖြစ်သော်လည်း လျူကျွင်းက မေးသည်။
လင်းချင်းက
“ရှိတယ်။ ပင်လယ်မြို့တော်စခန်းကို အပြန်လမ်းမှာ နွယ်လေးအတွက် အမြူတေရှာတုန်းက ဇွန်ဘီခွေးတစ်ကောင် ရလာတာ။ ငါ့နယ်မြေထဲမှာ ကြိုးချည်ထားတုန်းပဲ။ တကယ်တော့ ယန်းယန်ကို အဲ့ခွေးက သတ်လိုက်တာလေ။ ငါ့နယ်မြေထဲကို သူ့ကိုပစ်ချခဲ့ရုံတင်ပဲ။ ဒါကိုဘယ်သူမှ မသိသေးဘူး!”
ဒီလိုပြောပြီနောက် သူမ၏နှုတ်ခမ်းထက်သို့ လက်ညိုးတင်ကာ ပြလိုက်သည်။
“နင်လုပ်လိုက်တာလား?”
လျူကျွင်းနှင့် ချူးလီလီတို့မှာ အံ့သြကုန်ကြသည်။
“အင်း”
လင်းချင်းက ပြောသည်။
“ဒီနေ့လည်း အဲ့ကောင်နဲ့ကောင်မကို မေ့အောင်လုပ်ထားပြီးတော့ လမ်းမမှာ သူတို့အဝတ်တွေဖြဲပြီး ထားခဲ့လိုက်တယ်!”
လျူကျွင်းနှင့် ချူးလီလီတို့သည် အနည်းငယ် ဆွံ့အသွားသည်။ သို့သော်လည်း ဒီနှစ်ယောက် ဒါမျိုးဖြင့် တကယ့်ကိုတန်တယ်!
“ကျွင်းကျွင်း နင့်အတွက် ငါကန်ရေဖြည့်ပေးမယ်။ အဲ့အထဲမှာ အချိန်ကြာကြာ စိမ်ဖို့လိုမယ်။ ကန်ထဲကစွမ်းအင်တွေက အရင်ကထက် ပိုသိပ်သည်းလာပြီ။ နင်တညလုံး ရေစိမ်ချိုးနေလို့ ရသေးတယ်”
လျူကျွင်းက ခေါင်းငြိမ့်သည်။
“ညီမလေးလည်း ရေချိုးချင်တယ်။ ညီမလေးရောလို့!”
ကန်ရေဖြင့် ရေချိုးရမည်ကို ကြားသည်နှင့် ချူးလီလီသည် ထအော်တော့သည်။ သူတို့လို ဇွန်ဘီများအတွက် လင်းချင်း၏ ကန်ရေသည် လူသားများ ရေပူစမ်းတွင် ရေစိမ်ချိုးရသလို ဖြစ်သည်။ သက်သောင့်သက်သာရှိကာ ကြည်နူးဖို့ကောင်းသလို သူတို့အစွမ်းတွေ တိုးတက်ဖို့လည်း တကယ်ကောင်းသည်။
“မပူနဲ့။ နင့်အတွက်လည်း ရစေရမယ်”
လင်းချင်းက ခေါင်းငြိမ့်လိုက်သည်။
ထို့ကြောင့် ဒီညမှာ လင်းချင်းသည် လျူကျွင်း၊ ချူးလီလီ၊ ရှဲ့တုန်း၊ ရှန်ယုကျန်းနှင့် အမိုးပေါ်က မုံမုံတို့အတွက် တစ်ညလုံးစိမ်ချိုးဖို့ ကန်ရေတွေ ပေးလိုက်ရသည်။ ထို့နောက် သူမသည် အမိုးပေါ်တွင် ကောင်းကင်ကိုကြည့်၍ အော်လိုက်သည်။
“ဂါး!”
သူမသည် ဒီလိုမအော်ရတာ ကြာပြီ။ အော်ပြီးနောက် သူမ၏လည်ချောင်းကို ထိကြည်ကာ ထူးဆန်းနေသလို ခံစားနေရသည်။ သူမ၏အသံကြားသည့်နောက် သဏ္ဍာန်အချို့က သူမထံသို့ အမြန်ပြေးဝင်လာသည်။
လင်းချင်း၏ အော်သံသည် သေချာပေါက်ကို အောက်ထပ်ကလူများ ကြားရသည်။ သို့သော်လည်း စည်းမျဉ်းအရ သူတို့သည် ငါးလွှာနှင့် အမိုးထပ်တွင် ဖြစ်သမျှ ကိစ္စများကို စိတ်ထဲမထားပေ။
တခြားအမိုးများပေါ်မှ သဏ္ဍာန်များသည် လင်းချင်း၏ အမိုးပေါ်သို့ အမြန်ရောက်လာကြသည်။ ဒါတွေသည် အဆင့်၅ဇွန်ဘီ၅ကောင်နှင့် အဆင့်၄ဇွန်ဘီ၂ကောင် ဖြစ်သည်။
လင်းချင်းက သူတို့ကိုကြည့်ကာ ပြောသည်။
“ငါခနပျောက်သွားပြီးတော့ နင်တို့ရက်တွေကို ဖြုန်းမိတာ ငါသိပါတယ်။ ဒီနေရာကို ဆက်ပြီးတော့ စောင့်ကြပ်ပေးထားတာကို ကျေးဇူးတင်တဲ့အနေနဲ့ ဒီနေ့ နင်တို့ကို တစ်နာရီရေချိုးခွင့်ပေးမယ်”
ဇွန်ဘီ၇ကောင်သည် သူမအား တိတ်ဆိတ်စွာ ကြည့်နေကြသည်။ သူတို့ထံမှ ဘာအသံမှ ထွက်မလာသော်လည်း သူတို့ပျော်နေကြသည်ကို လင်းချင်းက ခံစားမိသည်။ သူမက လက်ကိုလှုပ်လိုက်သည့်အခါ ဇွန်ဘီများ၏ဘေးတွင် တစ်မီတာရှည်သည့် ရေပုံးကြီးပေါ်လာသည်။
သူမသည် ဒီပုံးကိုလက်ညိုးထိုးပြကာ သူတို့အား “အခု နင်တို့ဒီလောက်ရှည်တဲ့ပုံး ဒါမှမဟုတ် ရေထည့်လို့ရမယ့်ဟာတစ်ခုခုကို ကိုယ့်အတွက်ကိုယ်သွားရှာ။ နင်တို့အထဲဝင်ပြီး ရေစိမ်ချိုးရမှာ။ အခုသွားတော့”
ဒီလိုပြောပြီးနောက် ဇွန်ဘီ၇ကောင်သည် သူမအား နားမလည်စွာဖြင့် ခနကြည့်နေသေးသည်။ ပါးစပ်ပြဲနေသည့် ဇွန်ဘီကောင်လေး၊ သက်ကြီးဇွန်ဘီနှင့် အဆင့်၄ ဇွန်ဘီနှစ်ကောင်တို့သည် မြန်မြန်လှုပ်ရှားကြကာ သူတို့အတွက် ရေပုံးရှာဖို့ ထွက်သွားကြသည်။
သက်လတ်ပိုင်းဇွန်ဘီနှင့် တခြားဇွန်ဘီနှစ်ကောင်သည် ဘာဖြစ်လို့ ရေပုံးရှာဖို့လိုသလဲဆိုသည်ကို မသိကြပေ။ လင်းချင်းက သူတို့သုံးယောက်အား
“သွားရှာကြလေ။ ရေမချိုးချင်ဘူးလား? သောက်ရေပဲ လိုတာလား?”
ဇွန်ဘီသုံးကောင်သည် လင်းချင်းပြောသည့်ရေမှာ သူတို့ရက်များစွာ မျှော်နေသည့်ရေဖြစ်ကြောင်းကို နားလည်သည်။ သို့သော်လည်း ဒီရေကို သောက်ဖို့အတွက်သာ သူတို့က သိတာဖြစ်သည်။ လင်းချင်းက ချိုးဖို့ပြောတုန်းက နားမလည်သလို အခုရေပုံးရှာခိုင်းတော့လည်း ဘာအတွက်လိုမှန်း မသိဖြစ်နေကြသည်။
လင်းချင်းသည် သက်ပြင်းချကာ “ဟင်း~~~ ပုံးသာသွားရှာကြ။ နင်တို့မှာပုံးမရှိရင် ဘယ်လိုရေချိုးကြမှာလဲ? သွားကြ!”
ဇွန်ဘီခေါင်းဆောင်သုံးယောက်သည် နားမလည်သော်လည်း တခြားရွေးစရာမရှိသဖြင့် သွားရှာရတော့သည်။ သူတို့က တော်တော်ဖြင့် ပြန်လာမှာ မဟုတ်လောက်သည်ကို လင်းချင်းက သိသည်။
ထို့ကြောင့် ခုနတုန်းက ချူးလီလီကြည့်နေခဲ့သည့် နေရာကို သူမကြည့်လိုက်သည်။ ထို့နောက် ကိုယ်ဖျောက်လိုက်ကာ အဆောက်အဦးပေါ်ကနေ ခုန်ဆင်းသွားသည်။ သူမထွက်သွားသည့်အခါ ချူးလီလီနှင့် မုံမုံတို့သည် သူမသွားသည်ဘက်ကို တစ်ချက်ကြည့်ကြသည်။ သို့သော် သူတို့က ဘာမှမလုပ်ပေ။
အောက်ထပ်တွင် ယွမ်ထန်ရှင်းနှင့် တခြားအဆင့်၅ သို့မဟုတ် အဆင့်၆ ရောက်နေသည့်သူများက လင်းချင်း၏ အရှိန်အဝါပျောက်သွားသည်ကို သိလိုက်ကြသည်။ သို့သော်လည်း သူမက နယ်မြေထဲသို့ ဝင်သွားသည်ဟုသာ ထင်လိုက်ကြသည်။
ကိုယ်ပျောက်နေသည့် လင်းချင်းသည် အမိုးပေါ်ကနေ အမြန်ခုန်ချပြီးနောက် ဓာတ်တိုင်များ၊ သစ်ပင်ထိပ်များနှင့် ဇွန်ဘီနံရံတို့ကို ဖြတ်ကျော်လာသည်။ သို့သော်လည်း သူမသည် မရပ်ဘဲ ရှေ့သို့ဆက်သွားသည်။
နှစ်မိနစ်လောက်ကြာသည့်အခါ သူမသည် စခန်းသစ်နှင့် ၁၀မိုင်လောက်ဝေးသည့် အဆောက်အဦးမြင့်ပေါ်တွင် ရပ်လိုက်သည်။ ဒီနေရာသည် မြစ်နှင့်အရမ်းနီးသည်။ မြစ်ကအရှိန်အဝါသည် အနားကအရှိန်အဝါ အများစုကို ကွယ်ထားကာ လေကပြင်းသည်။
အကယ်၍ လင်းချင်း၏ အာရုံခံနိုင်စွမ်းသည် ချူးလီလီထက် မထက်မြတ်ပါက ဒီမြစ်နားတွင်ပုန်းနေသည့် အဆင့်၇ စွမ်းအားရှင်ကို အာရုံခံနိုင်မှာ မဟုတ်ပေ။