၃၅၂။ တစ်စုံတစ်ယောက်က ပြဿနာတို့ကို မွှေနေတယ်
ယန်ချောင်းသည် သူ့ကိုကြည့်ကာပြောသည်။
“ငါတို့အခု တစ်လှေတည်းစီးနေတာ။ ငါက မင်းကိုလိမ်စရာအကြောင်းမရှိဘူး။ ဒါက လျို့ဝှက်ချက်ပဲ။ ငါတို့ပူးပေါင်းဆောင်ရွက်မှုကို အလေးထားတဲ့အနေနဲ့ ငါက မင်းကိုပြောပြနေတာ။ ဒါကိုတောင် မင်းက သံသယဝင်နေတုန်းပဲလား?”
ထန်ဟေးကပြောသည်။
“ဝူချန်းယွဲကို ဘယ်လိုဆွဲချမယ်ဆိုတဲ့အကြံ မင်းမှာရှိလို့လား?”
ယန်ချောင်းက သူ့ကိုကြည့်ကာ ဖြေသည်။
“ဟေးဒီးစခန်းကမိန်းမကိုဖမ်းဖို့ မင်းကိုလွှတ်မယ်ဆိုပြီး အဲ့မိန်းမကို ဇွန်ဘီဖြစ်အောင်လုပ်ဖို့ ငါစီစဉ်ထားတာ။ ဒါဆိုရင် စခန်းကလူတွေဆီကနေ တစ်ဖက်လက်နဲ့ သူ့ကိုဆွဲချစရာ အကြောင်းရှိသွားပြီ ဒါပင်မယ့် အခုအထိ အဲ့မိန်းမကို မင်းက မဖမ်းမိသေးဘူး။”
ထန်ဟေးက သူ့ကိုအဓိပ္ပါယ်ပါစွာကြည့်ကာ ပုခုံးတွန့်၍ ပြောသည်။
“ဟုတ်ပြီကွာ! ဟေးဒီးခစန်းက လူတစ်ယောက်ကိုပဲ မင်းကလိုချင်တာ။ ဘယ်သူပဲဖြစ်ဖြစ် ရတယ်မဟုတ်ဘူးလား? အဲ့ဒါကြောင့် အဲ့မိန်းမပဲဖြစ်ဖြစ် တခြားသူပဲဖြစ်ဖြစ် ငါဖမ်းဖို့လုပ်လိုက်မယ်။ အခုသွားတော့မယ်။ မင်းရဲ့ သုတေသနဌာနက ပြဿနာကိုရှင်းဖို့ နည်းကို ဖြစ်နိုင်သမျှ မြန်မြန်သာရှာထားတော့”
ထိုသုတေသနဌာနကို ယန်ချောင်းက ဦးဆောင်ထားမှန်း သိသည်။ စခန်းခေါင်းဆောင်၃ယောက် အတူတကွ တည်ဆောက်ခဲ့ခြင်း ဖြစ်သော်လည်း လက်ရှိတွင် ထိုဌာနအောက်က လူတိုင်းသည် သူ့အမိန့်အောက်တွင် ရှိကြသည်။ ထို့ကြောင့် ထိုနေရာတွင် ပြဿနာတက်လာပါက သူကတာဝန်ယူရမည် ဖြစ်သည်။
ထို့အတူ သူ့ညီမသည် ကိုယ့်အိမ်တွင်နေရင်း ရုတ်တရပ် ဇွန်ဘီကိုက်ခံရ၍ သေဆုံးခဲ့သည်။ ဒါက လက်စားချေခြင်းဆိုသည်မှာ ရှင်းလင်းသည်။ ယန်ချောင်းက အလွန်အမင်း ဝမ်းနည်း၍ စိတ်တိုနေပြီး သူ့အေးစက်၍ မှိုင်းနေသည့် မျက်နှာက သက်သေပြပြီးသားပင်။
ထန်ဟေးက ထွက်သွားဖို့လုပ်သော်လည်း တစ်ခုသတိရ၍ ပြန်လှည့်လာကာ ယန်ချောင်းကို ပြောသည်။
“နောက်တစ်ခုရှိသေးတယ်။ မင်းရဲ့ လူတွေကို တိုက်သွားတဲ့ ဇွန်ဘီကို ငါမြင်ဖူးတယ်။ ဇွန်ဘီမတစ်ကောင်ပဲ။ ဒါပင်မယ့် ထူးခြားတာတစ်ခုက …”
ခနရပ်ပြီးနောက် နားမလည်စွာဖြင့် တွေဝေစွာ ပြောသည်။
“အဲ့အချိန်တုန်းက အဲ့နေရာမှာ လူတချို့ရှိပင်မယ့် အဲ့ဒီဇွန်ဘီမက တခြားသူတွေကို လျစ်လျူရှုပြီးတော့ အဲ့လူကိုပဲ ဘာဖြစ်လို့ တိုက်ခိုက်သွားရတာလဲ?”
ယန်ချောင်းလည်း နားမလည်ဖြစ်သွားကာ သူ့ကိုကြည့်၍ မေးသည်။
“မင်း ဘာပြောတာလဲ? အဲ့ဒီဇွန်ဘီမက ပစ်မှတ်ကို ရွေးချယ်သွားတာလား?”
ထန်ဟေးက ခေါင်းငြိမ့်၍ ပြောသည်။
“အဲ့လိုပဲထင်တယ်။ ဘယ်အဆင့်လဲ မသိဘူး”
ယန်ချောင်းက သူ့ကိုဆက်ကြည့်နေကာ မေးသည်။
“သူအဆင့်ကို မင်းအာရုံခံမရဘူးလား? သူက ဘယ်လိုပုံစံမျိုးလဲ?”
ထန်ဟေးက ခေါင်းခါ၍ ပြောသည်။
“ငါသေချာမမြင်လိုက်ဘူး။ ဒါပင်မယ့် ဆံပင်ကတော့ရှည်တယ်။ အဲ့ဒါကြောင့် ဇွန်ဘီမဖြစ်မှာပေါ့ကွ”
ယန်ချောင်းက မျက်မှောင်ကျုံ့ကာ တိတ်သွားသည်။ သူက ဘာတွေးနေလဲ ထန်ဟေးက မသိနိုင်ပါ။
စကားပြောပြီးနောက် ထန်ဟေးက ပြန်သွားသည်။ မကြာခင်တွင် သုတေသနအဖွဲ့ကလူများကို ရှာခိုင်းထားသည့် လူနှစ်ယောက်က အလျင်စလိုဖြင့် ပြန်လာကြသည်။
“ခေါင်းဆောင် မကောင်းတာတစ်ခုခုတော့ ဖြစ်နေပါပြီ။ သုတေသန အဖွဲ့ ၁က လူတွေ ပျောက်သွားပါပြီ”
ယန်ချောင်း၏ မျက်နှာက ချက်ချင်းပြောင်းသွားကာ အံ့ဩနေသည်။ သူ့လူနှစ်ယောက်ကိုကြည့်ကာ မေးသည်။
“ဘာ? ဘယ်လိုလုပ်ပြီး ပျောက်သွားတာလဲ? ဘယ်သွားနေကြတာလဲ?”
ထိုလူနှစ်ယောက်က နဖူးတွင်ချွေးများပျံလာရင်း ဖြေသည်။
“ကျွန်တော်တို့ရောက်သွားတဲ့အချိန် သူတို့တိုက်ခန်းတွေမှာ မရှိတော့ပါဘူး။ အိမ်နီးနားချင်းတွေကို ကျွန်တော်တို့ မေးခဲ့ပင်မယ့် သူတို့ပြန်သွားတာကို ဘယ်သူမှ မမြင်ပါဘူး”
ယန်ချောင်းက ခနအကြာတွင် ပြန်တည်ငြိမ်သွားသည်။ သို့သော် မျက်နှာကတော့ အရင်ကထက် ပို၍မည်းသည်းလာသည်။
“လူတွေလွှတ်ပြီး အဲ့လူတွေကို ရှာကြစမ်းကွာ!”
“ဟုတ်ကဲ့ပါ ဆရာ!”
…
ယန်ချောင်းက သူ့သုတေသနပညာရှင်များ ပျောက်သွား၍ သတိအပြည့်ဖြစ်နေချိန်တွင် ဝူချန်းယွဲ့တို့သည် ပျက်စီးသွားသည့် စမ်းသပ်ခန်းသို့ ရောက်လာသည့်အခါ အကုန်ရှုပ်ပွနေ၍ အလောင်း ၂လောင်းကိုပါ တွေ့လိုက်ရသည်။
“ခေါင်းဆောင် ဖြောင်ကောချန်ရဲ့ အမြူတေကို ထုတ်ခံလိုက်ရပါတယ်” ရှောင်လီချန်းသည် အဖြူရောင်လက်အိတ်တစ်စုံဝတ်၍ အမြန် စစ်ဆေးပြီးနောက် ဝူချန်းယွဲ့ကို တင်ပြသည်။ “ပြီးတော့ ဇွန်ဘီပိုးလည်း ဆိုးဆိုးဝါးဝါး ကူးစက်ထားခံရပါတယ်။ သူ့လက်မောင်းမှာ ကိုက်ရာတစ်ခု ရှိပါတယ်။ မသေခင်တုန်းက ဇွန်ဘီအကိုက်ခံလိုက်ရတာ ဖြစ်မယ်”
ဝူချန်းယွဲ့သည် ဒါကိုကြားသည့်အခါ မျက်နှာထက်တွင် ဘာအမှုအယာမှ ပေါ်မလာပါ။ လျန်တရှု၏ ကိုယ်ကို ခပ်ကြာကြာကြည့်ပြီးနောက် ပြောသည်။
“ဒေါက်တာလျန်ကို သေချာမြှုပ်နှံပေးလိုက်ပါ။ သုတေသန ပညာရှင်တွေကို စောင့်ကြည့်ထား။ ယန်ချောင်း တွေ့မသွားစေနဲ့”
သူ့ဘေးနားက တပ်ဖွဲ့ခေါင်းဆောင်က ခေါင်းငြိမ့်၍ အခြားတစ်ယောက်ကို အမြန်အမိန့်ပေးသည်။
“ဟုတ်ကဲ့ ဆရာ။ မင်း ဒေါက်တာလျန်ကို သယ်သွား”
ထို့နောက် ဝူချန်းယွဲ့က လျှောက်ထွက်သွားရာ ဆောင့်ကြောင့်ထိုင်နေသည့် ရှောင်လီချန်းကထ၍ လိုက်လာသည်။ ဖြောင်ကောချန်၏ အလောင်းကိုကြည့်၍ ပြောသည်။ “ဦးခေါင်းခွံကို ဖောက်ခံလိုက်ရတာ။ ဘယ်သူလုပ်တာပဲဖြစ်ဖြစ် အမြူတေရအောင် ယူသွားတာ သေချာပေါက်ပဲ။ ဒါပင်မယ့် ဇွန်ဘီက ဘယ်လိုလုပ် အကိုက်ခံလိုက်ရတာလဲ? တစ်ကောင်က လွတ်သွားလို့လား?” စကားပြောရင်းဖြင့် မှန်လုံအခန်းများထဲတွင် ထည့်ထားသည့် ဇွန်ဘီတို့ကို ကြည့်သည်။
ရှောင်ယွင့်လုံက ခေါင်းခါ၍ ပြောသည်။ “စစ်ကြည့်ပြီးပြီ။ ဘယ်ဇွန်ဘီမှ လွတ်မသွားဘူး။ ဖြောင်ကောချန်ကို ကိုက်တဲ့ဇွန်ဘီက ဒီထဲက မဟုတ်ဘူး”
“ဒါဆိုရင် ဘယ်ကလဲ?” ဝူချန်းယွဲ့က နားမလည်နိုင်ပါ။
ခဏတွေးပြီးနောက် ရှောင်ယွင့်လုံကို ရုတ်တရပ် လှည့်ကြည့်ကာ ပြောသည်။ “သူဒီကိုပြန်လာတာလား? မင်းအရင် သူထွက်သွားတယ်လို့ ပြောခဲ့တာမလား?”
ရှောင်ယွင့်လုံက ခေါင်းငြိမ့်၍ သဘောတူသည်။ “ဒါက ဖြစ်နိုင်ပါတယ်။ ဒါပင်မယ့် သူပြန်တဲ့လမ်းမှာ လုပ်စရာရှိတယ်လို့ ပြောတော့ နောက်မှရောက်လာနိုင်တယ်။ ပြန်လာရင်တောင် သူက ကိုယ်ဖျောက်နေရတာကြိုက်တော့ သိမှာမဟုတ်ဘူး”
“ခေါင်းဆောင် ဖြောင်ကောချန်က Dခရိုင်က လူနေရပ်ကွက်မှာ အကိုက်ခံလိုက်ရတာကို ဒီအထိပြေးလာတာပါ။ ဘာဖြစ်လို့ ဒီကိုလာတာလဲ ကျွန်တော်တို့ မသိပါဘူး။ ဒါပင်မယ့် ဒေါက်တာလျန်နဲ့ တွေ့တာတော့ သေချာပါတယ်။ မဟုတ်ရင် ရည်ရွယ်ချက်ရှိရှိ လာတွေ့တာလား?” ရှောင်လီချန်းသည် ထရပ်၍ ဝူချန်းယွဲ့ကို ပြောသည်။
ဝူချန်းယွဲ့က မျက်တောင်ခတ်၍ ခေါင်းငြိမ့်ကာ ပြောသည်။ “ဖြစ်နိုင်တယ်။ ဒါပင်မယ့် ဖြောင်ကောချန်ကိုကိုက်ဖို့ ဇွန်ဘီတစ်ကောင်ကို ဘာဖြစ်လို့ သူကလွှတ်ပေးရတာလဲ?”
သူ့စိတ်ထဲတွင် သံသယတို့ပြည့်နေချိန်မှာ တပ်သားတစ်ယောက်က အပြင်ကဝင်လာ၍ တပ်ဖွဲ့ခေါင်းဆောင်ကို တီတိုးပြောသည်။ ထို့နောက် တပ်ဖွဲ့ခေါင်းဆောင်၏ အမှုအယာက လေးနက်သွားသည်။
“ခေါင်းဆောင်!”
တပ်ဖွဲ့ခေါင်းဆောင်သည် ဝူချန်းယွဲ့၏ဘေးသို့လာကာ ပြောသည်။
“ယန်းယန်က ဆိုးဆိုးဝါးဝါးသေဆုံးသွားတာပါ။ ယန်ချောင်းရဲ့ ဒေါသနဲ့ဆိုရင် … လုံခြုံရေးအတွက်ထားတဲ့ စွမ်းအားရှင်တွေကို နုပ်နုပ်စင်းပစ်လောက်တယ်”
ဝူချန်းယွဲ့က သူ့ကိုအံ့ဩစွာကြည့်၍ ပြောသည်။
“သေသွားတာလား? ဘယ်လောက်ဆိုးဆိုးဝါးဝါးသေသွားလို့လဲ?”
“ခေါင်းနဲ့ လက်မောင်းတစ်ဖက်ကို အစားခံလိုက်ရတာပါ” တပ်ဖွဲ့ခေါင်းဆောင်က ပြောသည်။ “ဇွန်ဘီသားရဲတစ်ကောင် ဖြစ်ပုံရတယ်။ ယန်ချောင်းရဲ့ လူတွေက လူသတ်သမားရဲ့ အစအနကို ရှာလို့မတွေ့ပါဘူး။ အခု လူအများကြီးလွှတ်ပြီးတော့ စခန်းတစ်ခုလုံးကို ရှာနေပါတယ်”
“ခေါင်းနဲ့ လက်မောင်းတစ်ဖက် … တကယ်ဆိုးဝါးတာပဲ! လက်စားချေတာဖြစ်မယ်! သံသယဝင်စရာ မလိုအောင် သူပဲဖြစ်မယ်။ အစအနမကျန်ဘဲ ဘယ်သူက သတ်နိုင်မှာမလို့လဲ။ ပြီးတော့ သူ့မှာ တကယ်ဇွန်ဘီသားရဲရှိတယ်။ ဇွန်ဘီခွေးကို မွေးထားတာမလား?”
ဝူချန်းယွဲ့က တွေးပြီးနောက် လုပ်နိုင်မည့်အစွမ်းရှိသည့်သူကို ခန့်မှန်းလိုက်သည်။
“ပြီးတော့ ယန်းယန်က လင်းဝမ်ဝမ်ကို သွားရှုပ်ခဲ့တာ မကြာသေးဘူး။ လင်းဝမ်ဝမ်ကြောင့် သတ်ပစ်တာ ဖြစ်နိုင်တယ်။ မဟုတ်ရင် ငါတို့လိုမျိုး ယန်ချောင်းကို ဖျက်စီးချင်လို့။ ဒါပင်မယ့် ဒါက …”
စကားပြောရင်း သူ့မျက်နှာထက်တွင် ခါးသီးမှုတို့ပေါ်လာကာ ဆက်ပြောသည်။
“ဘာဖြစ်လို့ ဇွန်ဘီကောင်းလေး မလုပ်နိုင်တာလဲ? အခုတော့ ငါတို့စခန်းကို ပြဿနာတွေရှာသွားတယ်။ ယန်ချောင်းနဲ့ စာရင်းရှင်းချင်ရင်တောင် ငါတို့အတွက် အခွင့်အရေးတော့ ဖန်တီးပေးသွားတာပဲ။ သူဒီလိုမျိုး ပြဿနာရှာနေရင် ငါတို့စခန်းတော့ ကသောင်းကနင်းဖြစ်ကုန်တော့မှာပဲ”
ထိုအခါ ရှောင်ယွင့်လုံတို့သည် သူက ဘယ်သူ့ကို ရည်ညွှန်းနေသလဲကို သိရှိသွားသည်။ ဇွန်ဘီမိန်းကလေး၏ လုပ်ကိုင်ပုံနှင့် အစွမ်းတို့ကို တွေးမိသည့်အခါ အကုန်လုံးက တိတ်ဆိတ်သွားကြသည်။ မုန်တိုင်းတိုက်တော့မည်ဟု သူတို့ခံစားရကာ တစ်စုံတစ်ယောက်က ပြဿနာတို့ကို မွှေနေသလိုပင်။