၃၃၃။ မြို့ပေါ်ခရိုင်ကို ရောက်ခြင်း
လေးနာရီငါးနာရီလောက်သို့ ရောက်သည့်အခါ ကားသည် ဟန်ကျိုးမြို့ထဲသို့ ဝင်လာသည်။
“ဒါ. . .ငါတို့ ဟန်ကျိုးမြို့ထဲကို သွားနေတာလား?” အလုပ်လျှောက်သည့်သူများသည် အနည်းငယ်ကြောက်လာကြသည်။ ဇွန်ဘီတို့က ပိုများသထက်များလာသည်ကို မြင်သည့်အခါ ဒီလူများသည် ကြောက်လာကြသည်။ အထူးသဖြင့် သာမန်လူများက အရမ်းကိုကြောက်နေကြသည်။
“ငါတို့. . .ငါတို့မသွားချင်ဘူး! ငါတို့မသွားချင်ဘူး!. . .ငါတို့ပြန်ချင်တယ် မင်းတို့လိမ်တယ် လူတိုင်းကပြောသလို ဖြစ်နေတာပဲ ငါတို့ငါးစာချဖို့ ခေါ်လာတာမလား?”
“ဟုတ်တယ် ငါတို့မင်းတို့နဲ့အတူမသွားနိုင်ဘူး!”
ချန်ယုတင်း၏အဖွဲ့သားများသည် သာမန်လူများလို လိုက်မအော်သော်လည်း သူတို့ကြောက်နေကြတာ ဖြစ်သည်။ သူတို့ထဲက အချို့ကသာ မကြောက်တာ ဖြစ်သည်။
“ဟား စိတ်အေးအေးထား. . .ဇွန်ဘီတွေအပြင် ဘာရှိလို့လဲ။ ဇွန်ဘီတစ်ကောင်က မင်းကိုလာတိုက်ရင် ခေါင်းကိုရိုက်ခွဲပစ်လိုက်။ နှစ်ကောင်လာတိုက်ရင် အဲ့နှစ်ကောင်ရဲ့ခေါင်းကို တိုက်ခွဲပစ်လိုက်။ ဒါကမှ စခန်းထဲမှာ အငတ်ခံနေရတာထက် ပိုကောင်းသေးတယ်” အသံအုပ်အုပ်တစ်သံက ထွက်လာသည်။
လူတို့သည် အသံထွက်ရာကို လှည့်ကြည့်သည့်အခါ အနည်းဆုံး အရပ်၆ပေနှင့်၃လက်မလောက် အရပ်မြင့်သည့် ယောက်ျားတစ်ယောက်ကို တွေ့ရသည်။ သူ့တွင် မျက်ခုံးထူထူများနှင့် မျက်လုံးကြီးကြီးများရှိကာ လေးထောင့်မျက်နှာနှင့် ရိုမန်နှာခေါင်းရှိသည်။ သူ့ဆံပင်များသည် ထိပ်တွင်ပြားကပ်နေသော်လည်း လုံးဝကြီးကပ်နေတာတော့ မဟုတ်ပေ။ သေချာတာကတော့ ဒီဆံပင်ပုံသည် ဆံသဆရာဖြင့် ညှပ်ထားတာ မဟုတ်ပေ။
အခြားသူများသည် သူ့ကိုကြည့်ကာ သူတို့ထဲက တစ်ယောက်က အသံကျယ်ကျယ်ဖြင့်ပြောသည်။ “မင်း. . .မင်းမှာက အစွမ်းရှိတယ်! မင်းက သေချာပေါက်ကို ဇွန်ဘီတွေကို ကြောက်စရာ ဘယ်လိုလုပ် လိုမှာလဲ စခန်းက ဘယ်တာဝန်ဖြစ်ဖြစ် ရွေးရနေတာကို ဘာအစာလိုမှာလဲ။ မင်းငတ်တယ်ဆိုတာ ဘာလဲရော သိလို့လား?”
အရပ်ရှည်ရှည်ဖြင့်သူသည် ခေါင်းခါကာ ရိုးသားစွာ ပြောသည်။ “ဟမ့်! . . ငါတာဝန်တွေက ရတဲ့အစာက ငါစားဖို့ကို ဘယ်လိုမှ မလောက်ဘူး. . .ငါကတစ်ယောက်တည်း မထွက်ရဲပင်မယ့် တခြားဘယ်သူကမှလည်း ငါနဲ့အသင်းမဖွဲ့နိုင်ကြဘူး”
ထိုအချိန်တွင် တစ်ယောက်က ဝင်ပြောသည်။ “ဘာဖြစ်လို့ ကြောက်နေကြတာလဲ? သေချာကြည့်ကြ။ ဒီဇွန်ဘီတွေက ငါတို့အနားကို မကပ်ရဲဘူး။ ဒါကိုအခုအထိ သတိမထားမိကြသေးဘူးလား?”
တခြားသူများသည် ဒီပြောသည့်သူကို ကြည့်လိုက်သည့်အခါ လူငယ်တစ်ယောက်က လေးထောင့်မျက်မှန်ဟောင်းတစ်ခုကိုတပ်ကာ လက်ပိုက်၍ ဘေးတွင်ထိုင်နေသည်ကို မြင်လိုက်ရသည်။
သူသည် မျက်မှန်ကတစ်ဆင့် လမ်းကိုစူးစမ်း၍ လိုက်လာသည့်သူ ဖြစ်သည်။ ဒီလိုပြောပြီးနောက် တစ်ချိန်လုံး ငြိမ်နေသည့် လင်းဖန်တို့ကို တစ်ချက်ကြည့်လိုက်ပြီး အကြည့်လွှဲလိုက်သည်။
သူ့စကားကိုကြားမှ တခြားသူများသည် ဒီလူငယ်လေး၏ စိတ်ငြိမ်ခြင်းများဖြင့် လွှမ်းမိုးခံသွားကာ အနည်းငယ်စိတ်ငြိမ်သွား၍ ပြတင်းပေါက်ကနေ အပြင်ကို ကြည့်ကြသည်။ သူတို့သည် အပြင်ကိုကြည့်သည့်အခါ လမ်းဘေးက ဇွန်ဘီများသည် သွားများကိုဖြဲ လက်သည်းများကိုထုတ်၍ ရူးသွပ်စွာဖြင့် ကားကိုတိုက်တာမျိုး မရှိသည်ကို တွေ့ရသည်။ ထို့အစား ဇွန်ဘီတိုင်းသည် ကားကိုမြင်သည်နှင့် ခနရပ်ကြည့်ပြီးနောက် ဝေးရာကိုတောင် ထွက်ပြေးသွားကြတာ ဖြစ်သည်။
“ဟမ်? ဒါက? တကယ်ကြီးပဲ သူတို့က ထွက်တောင်ပြေးသွားတယ် ဘာဖြစ်လို့လဲ?” အရပ်ရှည်သည့်သူသည် အံ့သြစွာပြောသည်။
“ဒီဘက်ကိုလည်းကြည့်။ ဒီဇွန်ဘီတွေလည်း ပြေးသွားကြတယ်!”
“ဒီလောက်အဝေးကြီးရောက်လာတာတောင် ခရီးက ငြိမ်းချမ်းနေတာ မထူးဆန်းတော့ပါဘူး။ ငါတို့ ဘယ်ဇွန်ဘီဆီကမှ အတိုက်မခံရသေးဘူး”
အရှေ့တွင်ထိုင်နေသည့် လင်းချင်းသည် သူတို့ကို တစ်ချက်လှည့်ကြည့်ကာ ပြန်လှည့်သွားသည်။
အရှေ့တွင် လင်းဖန်နှင့် ချန်ယုတင်းတို့သည် လင်းချင်း၏ မြေပုံထဲကအတိုင်း မြို့ပေါ်ခရိုင်၏ အုပ်ချုပ်ရေးရုံးအရှေ့သို့ ရောက်လာကြသည်။ လမ်းများက ပိတ်နေသဖြင့် သူတို့သည် ဒီကိုရောက်ဖို့ အတော်မောင်းခဲ့ရတာ ဖြစ်သည်။ ကားများသည် လမ်းကျဉ်းကျဉ်းကနေ မောင်းဖို့ မဖြစ်နိုင်သောကြောင့် လမ်းပေါ်က စွန့်ပစ်ထားသည့်ယာဉ်များကို တွန်းတိုက်၍ မောင်းလာရုံအပြင် မရှိပေ။
ထို့ကြောင့် သူတို့သည် ဒီအစိုးရရုံးသို့ ရောက်ဖို့အတွက် အရမ်းအားစိုက်မောင်းခဲ့ရသည်။ တော်သေးသည်မှာ သူတို့ကားများတွင် လူများ၍သာ။ အရမ်းကို လမ်းပိတ်သည့်နေရာများတွင် သူတို့သည် လူများသဖြင့် တချို့တပ်သားများကို သူတို့အစွမ်းဖြင့် ဖယ်ခိုင်းခြင်း သို့မဟုတ် ဆင်း၍ရွှေ့စေခြင်းမျိုး လုပ်ရသည်။
သို့သော်လည်း ဒီရုံးက သူတို့၏ သွားမည့်နေရာ မဟုတ်ပေ။ သွားမည့်နေရာမှာ ဗစ်တိုးရီးယားဟိုတယ်ဖြစ်ပြီး ဒီကနေ သိပ်မဝေးပေ။ ဒီနေရာက ခနရပ်နားခြင်းသာ။
ဟိုတယ်သို့ မရောက်ခင် လင်းချင်းသည် အရင်ခုန်၍ရပ်လိုက်သည်။ သူမသည် ရှေ့ဆုံးက ကား၏အရှေ့တွင် ရပ်စေကာ ကားထဲက လူများအား “ဒီမှာခနစောင့်”
လင်းချင်းသည် လမ်းအလည်ကြီးမှာ ကားကိုရပ်စေပြီးနောက် လမ်းဘေးက ဟိုတယ်ဆီသို့ လျှောက်သွားသည်။
ရှောင်ယွင့်လုံသည် ကားပြတင်းပေါက်ကနေ ခေါင်းပြူထွက်ကြည့်ကာ
“သူဘာလုပ်နေတာလဲ?”
ချန်ယုတင်းက ခေါင်းခါပြသည်။
“အင်း. . .ဇွန်ဘီတွေ သွားရှင်းထုတ်ပေးတာ” လင်းဖန်က ထင်ကြေးပေးသည်။
တခြားသူများသည် သူ့ကိုကြည့်ကြကာ ဘာဖြစ်လို့ လင်းချင်းက တစ်ယောက်တည်း ဇွန်ဘီသွားရှင်းသလဲ တွေးနေကြသည်။ ‘လူများရင် အလုပ်က ပိုမမြန်ဘူးလား?’
“တကယ်တော့ အနားက ဇွန်ဘီအများစုက ထွက်ပြေးကုန်ကြပါပြီ” လင်းဖန်က ဆက်ပြောသည်။ “ငါ့အထင်တော့ ဟိုတယ်ထဲမှာ ပုန်းနေနိုင်တဲ့ကောင်တွေကို သွားမောင်းထုတ်တာ ဖြစ်မယ်။ သူကဘာလဲဆိုတာကို သတိရဦး။ သူ့အရှိန်အဝါကို ထုတ်လိုက်တာနဲ့ ဒီဇွန်ဘီတွေက ထွက်ပြေးသွားမှာပဲ။ တခြားဘာမှ သူလုပ်စရာ မလိုဘူး”
ရှောင်ယွင့်လုံနှင့် ချန်ယုတင်းတို့က ခေါင်းငြိမ့်ကြသည်။ လုမိန်းကလေးက ဘာလဲဆိုသည်ကို သတိရသည့်အခါ သူတို့သည် ဒီမေးခွန်းကို မေးဖို့တောင် မလိုတာကို သိသွားကြသည်။
လင်းချင်းသည် ဟိုတယ်ထဲသို့ လျှောက်လာသည်။ ဟိုတယ်သည် သိပ်မရှည်သော်လည်း အတော်ကြီးကာ အခန်းက နှစ်ရာကျော်သည်။ ထို့အတူ အပြင်အဆင်ကလည်း ကောင်းသည်။ ဆိုလာစနစ်များကိုတပ်ပြီးသည်နှင့် ဒီအဆောက်အဦးတင် မီးရမည်ဖြစ်ကာ လူနေဖို့ တကယ်သင့်တော်သည်။
ဟိုတယ်၏အရှေ့တွင် စျေးကြီးတစ်ခုရှိခဲ့သဖြင့် ဒီနေရာသည် မဆိုးပေ။ အရင်က ဇွန်ဘီများဖြင့် ပြည့်နှက်နေသည့် နေရာဖြစ်ခဲ့သည်။ သို့သော်လည်း လင်းချင်းတို့ကားများ ရောက်လာသည်ကို အာရုံခံမိသည်နှင့် ဇွန်ဘီတိုင်းက မြန်နိုင်သမျှ မြန်မြန်ကို ထွက်ပြေးသွားကြနှင့်သည်။
လင်းချင်းသည် ဟိုတယ်ထဲသို့ဝင်ကာ လျှောက်သွားနေသည်။ သူမက လျှောက်သွားကြည့်ရုံဖြင့် အပြင်ကလူများသည် တချို့အခန်းထဲက ဇွန်ဘီများက ခုန်ချ၍ ထွက်ပြေးကုန်ကြတာကို မြင်လိုက်ရသည်။ ၁၀မိနစ်လောက်ကြာသည့်အခါ လင်းချင်းက ပြန်ထွက်လာသည်။
လင်းချင်းသည် ဟိုတယ်အရှေ့က လမ်းမပေါ်သို့ထွက်လာကာ တခြားသူများအား “အကုန်ရှင်းပြီ။ ဆင်းခဲ့တော့”
ရျောင်ယွင့်လုံနှင့်တခြားသူများသည် ကားထဲက ထွက်လာပြီးနောက် တပ်သားများသည်လည်း ဆင်းလာကြသည်။ ထို့နောက် သူမဆီသို့ လျှောက်လာကြသည့် ရှောင်ယွင့်လုံ၊ လင်းဖန်နှင့် ချန်ယုတင်းတို့အား “ငါတို့ဆောက်လုပ်ရေးမပြီးခင် ဒီဟိုတယ်မှာ နေကြမယ်။ အခန်းက ၂ရာကျော်တော့ ငါတို့လူတွေနေဖို့ လောက်ပါတယ်။ တခြားဘယ်လိုထင်ကြသေးလဲ?”
သူတို့၃ယောက်သည် ခေါင်းခါသည်။ သူမက ဒီနေရာကို ရွေးသည့်သူဖြစ်၍ သူတို့သည် သူမနှင့်သဘောမတူစရာ အကြောင်းကို မရှိပေ။ ထို့အတူ သူမက လုံခြုံရေးကို အပြည့်အဝကို အာမခံနိုင်သည့်သူလည်း ဖြစ်နေသေးသည်။
‘ငါတို့သဘောမတူလို့ လှည့်ထွက်သွားရင် ဘယ်လိုလုပ်ကြမလဲ? သူထွက်သွားတာနဲ့ အနားက ဇွန်ဘီအုပ်ကြီး ရောက်လာရင် တကယ့်ကို အိပ်မက်ဆိုးဖြစ်ပြီ’ ဒီဇွန်ဘီတွေက ဆယ်သန်းကျော်သည်။ သူတို့ကို ချက်ချင်းမသတ်နိုင်ရင်တောင်မှ သူတို့သည် ပင်ပန်းလွန်း၍ သေသွားနိုင်သည့် ပမာဏဖြစ်သည်။
ဘယ်သူကမှ မကန့်ကွက်သည့်အခါ လင်းချင်းက ခေါင်းငြိမ့်၍ “နောက်တစ်ခုရှိသေးတယ်. . .အပေါ်ဆုံးအလွှာကို ငါတို့အတွက်ထားလိုက်။ တခြားဘယ်သူတွေကို လုံးဝတက်လို့မရဘူးလို့ မှာထားပေး။ ဘာဖြစ်လို့လဲဆိုတာ သိတယ်မလား”
သူတို့၃ယောက်သည် အချင်းချင်းကြည့်ကာ နားလည်စွာဖြင့် ခေါင်းငြိမ့်လိုက်သည်။ ထို့နောက် လင်းချင်းသည် ပတ်ဝန်းကျင်ကိုကြည်ကာ သစ်ပင်ထိပ်ပေါ်သို့ ခုန်တက်သွား၍ ဟိုတယ်အမိုးပေါ်သို့ တန်းခုန်တက်သွားသည်။ လင်းဖန်တို့က နောက်ကလူများကို စုကာ ဟိုတယ်၏ ဧည့်ကြိုခန်းသို့ ခေါ်သွားကြသည်။
လင်းချင်းသည် အမိုးပေါ်တွင် ထိုင်ချကာ နယ်မြေထဲသို့ ဝင်သွား၍ ချူးလီလီနှင့် မုံမုံတို့ကို ခေါ်ထုတ်ဖို့လုပ်ရသည်။ သို့သော်လည်း သူမက နယ်မြေထဲသို့ ရောက်သည်နှင့် သူမ၏ကိုယ်အား အဖြူရောင်ကျောက်စိမ်းနွယ်က လာရစ်ပတ်သည်။
နွယ်လေးသည် သူမကို စောင့်နေပုံရသည်။ “မေမေ မေမေ နွယ်လေး အဆင့်မြှင့်ချင်တယ်!. . .ကျေးဇူးပြုပြီး အမြူတေတွေ အများကြီး အများကြီး ရှာပေးပါဦးနော်”
လင်းချင်းသည် အံ့သြစွာကြည့်ကာ “ဟမ်? ငါနင့်ကို အဆင့်လေးနဲ့အဆင့်ငါးအမြူတေတွေ အများကြီး ပေးထားတယ်မလား? မလုံလောက်ဘူးလား?”
နွယ်လေးသည် မကျေနပ်စွာဖြင့် ပြန်ဖြေသည်။ ‘ဟင့်အင်း။ ဒါတွေက လုံလောက်ဖို့နဲ့ အဝေးကြီး. . .ပြီးတော့လည်း အသစ်တစ်ယောက်ကို နွယ်လေးက အစွမ်းနဲ့ကုပေးရသေးတယ်လေ’ ဒီလိုပြောကာ နွယ်လေးသည် သူ့နွယ်တစ်ဖက်ဖြင့် ရှန်ယုကျန်းကို ညွှန်ပြသည်။
လင်းချင်းသည် လျူကျွင်းနှင့် ချူးလီလီတို့အရှေ့တွင် သတိအပြည့်ဖြင့် ထိုင်နေရှာသည့် ရှန်ယုကျန်းကို ကြည့်လိုက်သည်။ သူမသည် ခွင့်ပြုချက်မရဘဲ မလှုပ်ရဲပုံဖြစ်သည်။ ဒါက ချူးလီလီနှင့် အရမ်းနီးနေသဖြင့် အရှိန်အဝါဖြင့် ဖိနှိပ်ခံထားရပုံရသည်။