၃၂၃။ ပြန်ရှင်လာတယ်
ယွမ်ထန်ရှင်းသည် ချန်ယုတင်းတို့ကို လူတစ်ယောက်လွှတ်၍ ပြောခိုင်းမည့်အကြောင်းကို ပြောပြီးသည့်အခါ လင်းချင်းက ထပ်ပြောသည်။ “လီလီ၊ မုံမုံနဲ့ ငါက ဒီနေရာက ဇွန်ဘီတွေကို ဖိနှိပ်ထားဖို့ အရင်ဆုံးသွားနှင့်မယ်။ ပြီးရင် သူတို့၂ယောက်ကို ထားခဲ့ပြီးတော့ လူတွေခေါ်ဖို့ နင်တို့ဆီကို ငါပြန်လာခဲ့မယ်”
နောက်နေ့မနက်တွင် အဆောက်ဦးကနေ လူတို့က အစောကြီး ထွက်ဖို့ပြင်ကြသည်။ လင်းဝမ်ဝမ်သည် စခန်းတွင်နေခဲ့စဉ် တခြားလင်းမိသားစုတို့က ပထမအသုတ် အလုပ်သမားများနှင့်အတူ ထွက်သွားကြမှာ ဖြစ်သည်။
လင်းဝမ်ဝမ်၊ လုံချင်းယင်နှင့် ယွမ်ထန်ရှင်းတို့သည် စခန်းတွင် လူထပ်စုနေကြမည်။ ဒုတိယအသုတ်အတွက် လူပြည့်မှ သူတို့သည် စခန်းအသစ်ကို သွားကြမှာ ဖြစ်သည်။ လင်းဖန်သည် လီကျန်းတို့ကို အုပ်ချုပ်ရေးရုံးသို့ ကြိုတင်ကာ အကြောင်းကြားခိုင်းလိုက်သည်။
လင်းချင်းသည် ဒီမနက်အဆောက်ဦးထဲက ထွက်ဖို့လုပ်တည်းက လင်းယုကို စိုက်ကြည့်နေတာ ဖြစ်သည်။ လင်းယုသည် လင်းချင်း၏အကြည့်ကြောင့် ခေါင်းမွေးများ ထောင်မတက်ကြောက်နေကာ လင်းဟောင်အား တီတိုးသွားပြောသည်။ “ဘာဖြစ်လို့ လုမိန်းကလေးရဲ့ နေကာမျက်မှန်အောက်က မျက်လုံးတွေက ငါ့ကိုတစ်ချိန်လုံး ကြည့်နေတယ်လို့ ငါထင်နေရတာလဲ?”
လင်းဟောင်သည် လင်းချင်းကို တစ်ချက်ကြည့်သည့်အခါ လင်းယုကို ကြည့်နေကြောင်းကို သိလိုက်ရသည်။ ထို့ကြောင့် လင်းယုကို လှည့်မေးသည်။ “မင်းသူ့ကို တစ်ခုခုလုပ်ထားမိတာလား?”
လင်းယုသည် ခေါင်းကိုအမြန်ခါကာ “ငါဘာမှမလုပ်ဘူး သူ့ကိုမြင်ဖူးတာ ဒါကပထမဆုံးပဲ။ မင်းတို့ဆီကတော့ အရင်က ငါကြားဖူး. . .”
ဒီလိုစကားပြောနေစဉ်တွင် လင်းချင်းက သူ့ထံသို့ လျှောက်လာသည်။ ကြောက်လန့်တကြားဖြစ်သွားကာ ချက်ချင်းပါးစပ်ကို ပိတ်သည်။ ထို့နောက် လင်းဟောင်နှင့်လင်းယုသည် လင်းချင်းကို နားမလည်စွာ ကြည့်နေကြသည်။
လင်းချင်းသည် လင်းယု၏အရှေ့သို့ ရောက်လာသည်။ သူမသည် ဒီယောက်ျားကို ပထမဆုံးမြင်ဖူးတာ ဖြစ်သည်။ လီကျန်းတို့နှင့် အတူနေသဖြင့် သူတို့ထဲက တစ်ယောက်ဖြစ်လိမ့်မည်။ သူမသည် လက်တစ်ဖက်ကိုပိုက်ကာ တစ်ဖက်က မေးကိုကိုင်ထားရင်း လင်းယုကို ခေါင်းအစခြေအဆုံးစိုက်ကြည့်ကာ အနားသို့ကိုင်း၍ အနံ့ခံကြည့်သည်။
သူမကပ်လာသည့်အခါ လင်းယုသည် အရမ်းကိုကြောက်လွန်း၍ လှုပ်ကိုမလှုပ်ရဲတော့ပေ။ လင်းဟောင်က လင်းချင်း၏ အပြုအမှုကိုကြည့်ကာ မနေနိုင်စွာဖြင့် မေးသည်။ “ဘာဖြစ်လို့လဲ? သူ့မှာ ပြဿနာတစ်ခုခုရှိလို့လား?”
လင်းချင်းသည် သူမ၏ကိုယ်အား ဆန့်လိုက်ကာ လင်းယုကိုကြည့်၍ “ငါနင့်ကိုသိတယ်။ ဒါပင်မယ့် ငါမှတ်မိသလောက်က. . .နင် လွန်ခဲ့တဲ့၂လက သေသွားတာမလား? ဘာဖြစ်လို့ ပြန်ရှင်နေတာလဲ? ဇွန်ဘီမဖြစ်ဘဲ စွမ်းအားရှင်ဖြစ်လာတယ်!” လင်းယုအနားသို့ကပ်၍ အနံ့ကို သေချာခံကြည့်သည့်အခါ အရင်က ဘယ်မှာတွေ့ခဲ့သလဲကို မှတ်မိသွားသည်။
‘ဇွန်ဘီလို ငါနိုးလာတုန်းက ဂိုထောင်မှာ ငါကယ်ခဲ့တဲ့ သေတော့မယ့်ကောင်မလား? ဒါဝူယွဲ့လျန်လေးကို ငါမကယ်ခင်တုန်းက။ မတော်တဆ ငါသူ့ကိုကိုက်မိသွားတာကို ငါမှတ်မိသေးတယ်။ အဲ့အချိန်တုန်းက အသက်ငင်နေတာမလား? ဘာဖြစ်လို့ အခုကျတော့ ငါ့အရှေ့မှာ တက်တက်ကြွကြွကြီး ရှိနေတာပါလိမ့်?’
သူမသည် ကန်ရေတိုက်လိုက်တာမျိုးနှင့် ကန်ထဲဆင်းခိုင်းတာမျိုး လုပ်ခဲ့မိသလားကိုတော့ မမှတ်မိပေ။ ကျိုးကြောင်းစီလျော်စွာ ပြောရရင် သူ့ကိုယ်တွင် ပိုးကပြန့်သွားသဖြင့် ဇွန်ဘီဖြစ်နေသင့်သည်။
‘ဒီလိုမဟုတ်ဘဲ ဘာဖြစ်လာတာပါလိမ့်? သူ့အသက်ကို ဘာကပြန်ကယ်လိုက်တာလဲ? သေတော့မယ့်အချိန်မှ အစွမ်းက နိုးလာတာလား? မဟုတ်ရင်. . .’
လင်းချင်းသည် မေးကိုပွတ်ရင်း လင်းယုကို နားမလည်နိုင်စွာကြည့်ကာ တွေးနေသည်။
လင်းယုသည် သူမပြောသည်ကိုကြား၍ ကြောင်အသွားသည်။ ‘ငါသေမလိုဖြစ်ပြီးတော့ ဇွန်ဘီဖြစ်မသွားတာကို သူက ဘယ်လိုလုပ်ပြီး သိတာလဲ?’
လီကျန်းသည် သူ့အသင်းဖော်များကို ဒီအကြောင်း တခြားသူများကို လုံးဝမပြောဖို့ ပြင်းထန်စွာ သတိပေးထားလေရာ လင်းဖန်နှင့် ယွမ်ထန်ရှင်းတောင်မှ လင်းယုဘာဖြစ်ခဲ့သလဲကို မသိပေ။
လင်းချင်းနှင့် လင်းယုနှစ်ယောက်လုံးသည် အံ့သြနေကာ တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေခြင်းကလွဲ၍ ဘာကိုမှ မလုပ်ပေ။
တခြားသူများသည်လည်း လင်းချင်းပြောသည်ကို ကြားသည့်အခါ နားမလည် ဖြစ်ကုန်ကြသည်။ လင်းယုဘာဖြစ်မှန်းမသိသည့် လင်းဟောင်သည်လည်း နားမလည်ဖြစ်သွားသည်။ သို့သော် လင်းချင်း၏စကားထဲမှ အချက်အလက်အချို့ကို ထုတ်နိုင်လိုက်သည်။
“ဟမ်? ဘာဖြစ်လို့ လင်းယုက ဇွန်ဘီဖြစ်ရမှာလဲ? အရင်က တွေ့ဖူးကြတာလား? ဪ လွန်ခဲ့တဲ့၂လတုန်းက အမကြီးလည်း ပင်လယ်မြို့တော်ကနေ တောင်ဘက်ကို လာခဲ့တာပဲ။ အဲ့အချိန်တုန်းက လင်းယုတို့တွေကလည်း ဒီကိုလာနေတာ။ လမ်းမှာ တွေ့ကြတယ်ထင်တယ်”
လင်းဟောင်က လင်းချင်းကို ပြောသည်။
ထို့နောက် လင်းယုကို လှည့်မေးသည်။ “မင်းဇွန်ဘီအကိုက်ခံလိုက်ရတာလား?”
လင်းချင်းသည် လင်းယုကို စိုက်ကြည့်နေဆဲဖြစ်ကာ လင်းဟောင်ကို ဖြေသည်။ “ဟုတ်တယ်။ တောင်ဘက်ကိုသွားတဲ့လမ်းမှာ တွေ့ခဲ့တာ”
လင်းယု၏မျက်နှာတွင် စိတ်ရှုပ်ကာ ကြောက်လန့်ခြင်းတို့က ပေါ်နေသည်။ လင်းဟောင်၏ အမေးကို ဘယ်လိုဖြေရမလဲ မသိတော့ပေ။
“အဲ့အချိန်တုန်းက နင်ငါ့ဆီက အကိုက်ခံလိုက်ရတာကို ငါမှတ်မိတယ်” လင်းချင်းက လင်းယုကို သိချင်စိတ်ဖြင့် ပြောသည်။ “ငါ့သွားကြောင့် အဲ့မှာပိုးရှိနေမှာပဲ!” လင်းချင်းသည် လင်းယု၏ ရင်ဘတ်ကို လက်ညိုးထိုးပြသည်။
ထိုအခါမှ လင်းယုသည် အသိပြန်ကပ်သွားသည်။ သူ့မျက်နှာက အကြည့်သည် ပြောင်းလဲသွားသည်။ လင်းချင်းကို အံ့သြခြင်း၊ နားမလည်ခြင်းနှင့် တခြားရှုပ်ထွေးသည့် ခံစားချက်မျိုးစုံဖြင့် ကြည့်လာသည်။
လင်းချင်းသည် သူနှင့်နီးနေလေရာ သူ့ခံစားချက်များက အရမ်းသိသာနေသဖြင့် အတွေးတို့ကို ချက်ချင်းအာရုံခံနိုင်သည်။ လင်းယုသည် ဂိုထောင်ကနေ သူနိုးလာတုန်းက ကူကယ်ရာမဲ့၍ နားမလည်ဖြစ်နေခြင်းတို့ကို ပြန်တွေးနေတာ ဖြစ်သည်။
လင်းချင်းသည် နားလည်စွာဖြင့် ခေါင်းငြိမ့်ကာ “ဪ ငါနားလည်ပြီ! နင်နိုးလာတော့ ရှင်နေသေးတာကို သိလိုက်ရတယ်။ ပြီးတော့လည်း နင့်သွေးက ရဲနေသေးသလား စမ်းဖြတ်ကြည့်တယ်ပေါ့”
“ကျွန်တော်. . .ကျွန်တော်ရဲ့ ဒီကိုက်ရာက ဘယ်ကရောက်လာလဲ သိချင်နေတာ” လင်းယုက စပြောသည်။ “ဒါပင်မယ့် ဘာဖြစ်လို့ ရှင်လည်းမေးရင်တော့ ဒီကိုက်ရာကြောင့်ဖြစ်မယ်လို့ ကျွန်တော်ယုံတယ်။ အဲ့ဒီအချိန်တုန်းက အမကြီးမှန်း သိလိုက်ရတော့ တကယ်စိတ်အေးသွားပါပြီဗျာ!”
လင်းချင်းသည် နားမလည်ဖြစ်သွားကာ မယုံနိုင်စွာဖြင့် “ဘာ? ငါ့သွားတွေက ဒီလိုလုပ်နိုင်ပါ့မလား? နင်ပြောချင်တာက ဇွန်ဘီကိုက်ခံရလို့ သေတော့မယ့်သူတွေကို ထပ်ကိုက်ရင် သူတို့ကို ပိုးမဖြစ်အောင် ကယ်နိုင်တယ်ဆိုတာမလား? ဒါကြီးက အခြေအမြစ်မရှိတဲ့ အထင်ကြီး!”
“ဒါပင်မယ့် အဲ့အချိန်တုန်းကဟာတွေကို ကျွန်တော် တစ်ခုမှ မမှတ်မိဘူး. . .” လင်းယုက ပြောသည်။ “ဘာဖြစ်လဲတောင် ကျွန်တော်မသိတာ။ ဒီကိုက်ရာကလွဲရင် တစ်ကိုယ်လုံးက အရင်ကနဲ့ အတူတူပဲ။ အမကြီးက ကျွန်တော့်ကို မကယ်ရင် ဘယ်သူက ကယ်မှာလဲ?”
လင်းချင်းသည် ခနတွေးပြီးနောက် မေးကိုပွတ်ကာ “နင်နိုးလာတော့ ဘယ်အချိန်လဲဆိုတာကို မှတ်မိလား?”
“မနက် ၁နာရီ ၂နာရီလောက် ထင်တယ်” လင်းယုက မသေမချာဖြင့် ဖြေသည်။
လင်းချင်းသည်လည်း ခနတွေးပြီးနောက် “ငါလည်း အဲ့အချိန်ပဲ ထွက်သွားတာ ထင်တယ်။ ငါမှတ်မိတာက နင့်ကို ငါ့နယ်မြေထဲကို ခေါ်သွားပြီးတော့ ငါဘာမှမလုပ်. . . မတော်တဆ နင့်အပေါ်ကို လဲကျသွားပြီးတော့ ကိုက်မိတာပဲ ရှိတယ်”
လင်းယု၏စကားများကို သူမ၏မှတ်ဉာဏ်ဖြင့် ရောတွေးပြီးသည့်အခါ သူမ၏သွားများက တကယ်ကြီး လင်းယုကို ကယ်လိုက်နိုင်သည်ဟု ခံစားရသည်။ ‘မဖြစ်နိုင်တာကြီး!’ သူမတွေးမိသည်။
သူတို့ပြောသည်ကိုကြားသည့် တခြားသူများသည်လည်း သူမတို့ကို ကြောင်အစွာ ကြည့်နေကြသည်။
“လု. . .လုမိန်းကလေးရဲ့ သွားမှာက ပိုးမရှိဘူးလား? ဒါမှမဟုတ်. . . ပိုးကူးခံရတဲ့သူတွေကို တန်ပြန်သက်ရောက်မှုနဲ့ ပျောက်စေတာလား?”
လင်းဟောင်သည် လင်းချင်းကို နားမလည်စွာဖြင့် မျက်မှောင်ကျုံ့ကြည့်သည်။ သူသည် အရင်က ဆေးကျောင်းသား ဖြစ်ခဲ့ဖူးသောကြောင့် ဒီလိုမေးခွန်းမျိုးဆိုလျှင် ပို၍သိချင်စိတ်ပြင်းသည်။
“ငါလည်း သေချာမသိဘူး. . .” လင်းချင်းက သူ့ကိုကြည့်ကာ ပြောသည်။
လင်းဟောင်သည် သူမကိုကြည့်ကာ စပ်စုစွာဖြင့် “ဖြစ်နိုင်ရင်. . .ထပ်စမ်းကြည့်ပါလား။ ဇွန်ဘီကိုက်ခံရပြီးတော့ မသေသေးတဲ့ အကောင်ကို ထပ်ကိုက်ကြည့်။ ဘာဖြစ်မလဲ သိရတာပေါ့”
လင်းချင်းသည် သူ့ကိုထူးဆန်းစွာ စိုက်ကြည့်ကာ ပြောသည်။ “ငါ့အထင်တော့ ငါဒီတိုင်းစားလိုက်မှာပဲ!”
ထိုအခါ လင်းဟောင်သည် ဘာပြောရမလဲကို မသိတော့ပေ။