၃၃၈။ ရေထဲက လရိပ်ကို ဖမ်းခြင်း
ဇွန်ဘီခွေးကို ကြည့်ရသည်မှာ တကယ့်ကိုကြည့်လို့ရှုလို့ကို မလှတာပင်။ အရည်ပြားကလန်နေကာ အမွေးတွေကလည်း အလိပ်ကြီးလိုလုံးနေပြီး အနက်ရောင်သွေးများဖြင့် ပေကျံနေသည်။ မျက်လုံးထောင့်များသည်လည်း ကွဲနေကာ သွေးနှင့်အသားတို့က ပေါ်နေသည်။ သွားများက ဖြူဖွေးပြီး အရှည်ကြီးထွက်နေရာ အရမ်းကို ကြောက်ဖို့ကောင်းနေသည်။
လင်းချင်းသည် ဘေးတွင် ထိုင်ချလိုက်ကာ “နင့်ကိုနင်ကြည့်စမ်း. . .အရမ်းကို ရုပ်ဆိုးတာပဲ။ အခုကစပြီး နင်ကငါ့ခွေး ဖြစ်သွားပြီဆိုပင်မယ့် နင့်ကိုတခြားသူတွေနဲ့ တွေ့ပေးလို့ကို မရသေးဘူး။ ကလေးတွေကို နင်ခြောက်နေသလိုဖြစ်နေမှာမလား?”
“ဂါး. . .” ဇွန်ဘီခွေးသည် လင်းချင်းကို မကျေနပ်စွာဖြင့် အော်သော်လည်း မတိုက်ရဲပေ။ ထို့အစား သူ့ခြေလက်တို့ကို သူ့ကိုယ်ထဲသို့ ဖွက်ထားလိုက်သည်။
ထိုအချိန်တွင် ကန်ထဲကနေ ကြိုးလိုအရာက ထွက်လာသည်။ လင်းချင်းက လှမ်းဖမ်းလိုက်သည့်အခါ ကျောက်စိမ်းဖြူရောင် ငါးမီတာလောက်ရှည်သည့် နွယ်တစ်ခု ဖြစ်သည်။ နွယ်ကိုမြင်သည့်အခါ လင်းချင်းသည် နွယ်လေးပြောချင်သည်ကို သိလိုက်သည်။ နွယ်လေးက ကြာပွတ်အဖြစ် သုံးစေချင်၍ ပေးလိုက်ခြင်း ဖြစ်သည်။
“ဒီကိုလာ” လင်းချင်းသည် ဇွန်ဘီခွေးကိုကြည့်ကာ နောက်သို့မီတာအနည်းငယ် ဆုတ်လိုက်၍ အော်ပြောသည်။
“အူ ဝူး” ဇွန်ဘီခွေးသည် သူမ၏အမိန့်ကို မနာခံပဲ လှည့်ပြေးဖို့ လုပ်သည်။
“နင်ပြေးရဲရင်ပြေးကြည့်။ ငါနင့်ကို ဖမ်းပြီးတော့ ကန်ထဲကို ပစ်ချလိုက်မယ်” လင်းချင်းက ဇွန်ဘီခွေးကို အော်လိုက်သည်။
“ဝူး. . .” နှစ်လှမ်းလောက် လှမ်းပြီးနေသည့် ဇွန်ဘီခွေးသည် ချက်ချင်းရပ်သွားသည်။
လင်းချင်းသည် နွယ်ကိုလက်ကနေကိုင်ကာ အကျယ်ကြီးယမ်းလိုက်ရင်း “ဒီကိုလာ။ နင်ဘယ်ကိုပြေးရမယ်ထင်နေလဲ? ဟမ်?”
“ဂါး. . .” ဇွန်ဘီခွေးသည် သူမအား ချက်ချင်းလှည့်ဟောင်ကာ တောအုပ်ထဲသို့ ပြေးတော့သည်။
လင်းချင်းသည် ကြာပွတ်တစ်ခုလိုမျိုး နွယ်အား မြေကြီးကို ရိုက်ချလိုက်ကာ လျှင်မြန်စွာပြေးပြီး ဇွန်ဘီခွေးအနောက်သို့ လိုက်တော့သည်။ သူမသည် ခွေး၏နေရာကို သေချာသိနေနိုင်သည်ဖြစ်ရာ ဘယ်ကိုပြေးနေသလဲကို သိသဖြင့် လမ်းကိုအမြန်သွားပိတ်လိုက်သည်။
လင်းချင်းနှင့် ဇွန်ဘီခွေးတို့ကြောင့် ဆိုဖာပေါ်တွင် ထိုင်ခဲ့သည့် ရှန်ယုကျန်းမှာ ခုံနောက်တွင်ပုန်းနေကာ တောအုပ်ဘက်သို့ ကြောက်လန့်တကြား ကြည့်နေသည်။ သူမသည် လင်းချင်း၏ အရှိန်အဝါကို ကြောက်နှင့်ပြီးသား ဖြစ်သော်လည်း ဇွန်ဘီခွေးက သူမအား ပို၍ကြောက်လန့်စေသည်။
လင်းချင်းနှင့် တခြားဇွန်ဘီများသည် သူတို့အရှိန်အဝါကို ထိန်းထားကြလေ့ရှိသော်လည်း ဇွန်ဘီခွေးကတော့ အကုန်ထုတ်လွှတ်ထားတာပင်။ ထို့အပြင် ဒီခွေး၏အရှိန်အဝါသည်လည်း ကြမ်းတမ်းကာ ရိုင်းဆိုင်းသည့် ဒေါသကြီးသားရဲလိုပင်။
ဇွန်ဘီခွေးသည် သစ်တောထဲသို့ ဝင်ပေးသွားသည်ကို မြင်သည်နှင့် လင်းချင်းသည် သစ်ပင်ပေါ်သို့ ခုန်တက်၍ပြေးကာ အရှေ့တွင် ခုန်ချလိုက်သည်။ ထို့နောက် သူမ၏လက်ထဲက နွယ်ဖြူသည် ခွေး၏ခေါင်းအား ချိန်နှင့်ပြီးသား ဖြစ်သည်။
လင်းချင်းသည် နွယ်တစ်ဖက်အား ကွင်းလျောထုံးလိုက်ကာ ခွေးကအနားသို့ကပ်လာသည်နှင့် ခုန်ချလိုက်တာ ဖြစ်သဖြင့် နွယ်ဖြူသည် ခွေး၏ခေါင်အား စွပ်သွားသည်။
ခွေးမှာ ဘာဖြစ်မှန်းသိချိန်တွင် နွယ်ဖြူမှာ သူ့လည်ပင်းတွင် ချည်နှင့်ပြီးသားဖြစ်နေသည်။
“ဂါး”
လင်းချင်းသည် ခုန်ချလိုက်ပြီးသည်နှင့် ကြိုးစတစ်ဖက်ကို သူမ၏အနားက သစ်ပင်တွင် ချည်လိုက်သည်။ “ရောက်နေတဲ့နေရာမှာ ရပ်နေ မဟုတ်ရင် ကန်ထဲကို ငါတကယ်ပစ်ချတော့မယ်”
“ဂါး ဂါး” ဇွန်ဘီခွေးသည် သစ်ပင်တွင်ကြိုးဖြင့် ချည်ခံထားရသဖြင့် ဒေါသတကြီးအော်ရင်း နွယ်ကနေ ရုန်းနေသည်။
လင်းချင်းသည် သတိပေးလိုက်ကာ တောထဲတွင် ရုန်းနေသည့်ခွေးအား တစ်ကောင်ထဲထား၍ ထွက်လာခဲ့သည်။
တောထဲကနေ ထွက်လာသည့်အခါ ရှန်ယုကျန်းအား “အခုငါနဲ့အတူ အပြင်ကို ထွက်လာချင်လား?” သူမက ရပ်မေးလိုက်သည်။ “ငါအခု ပင်လယ်မြို့တော်ကို သွားတဲ့လမ်းပေါ်မှာ။ တစ်နာရီလောက်မောင်းရင် စခန်းကိုရောက်ပြီ”
ရှန်ယုကျန်းသည် တောအုပ်ထဲသို့ စိတ်ပူစွာဖြင့် တစ်ချက်ကြည့်ကာ လင်းချင်းကို ခေါင်းခါပြ၍ စိတ်ညစ်စွာဖြင့် ခေါင်းငုံသွားသည်။ လင်းချင်းမှာ သူမက ဘာတွေးနေသလဲကို မပြောတက်တော့ပေ။
လင်းချင်းသည် သူမကို ဆက်၍မပြောတော့ဘဲ ခေါင်းငြိမ့်ကာ “ဟုတ်ပြီ”
နယ်မြေထဲကနေ ထွက်လာသည့်အခါ လင်းချင်းသည် အချိန်ကိုကြည့်လိုက်သည်။ မှောင်နေပြီဖြစ်ရာ သူမသည် ကားကိုနယ်မြေထဲကနေ ထုတ်လာ၍ ဆက်မောင်းနှင်လာသည်။
. . .
ပင်လယ်မြို့တော်စခန်းတွင် လင်းဝမ်ဝမ်နှင့် လုံချင်းယင်တို့သည် သူတို့၏ အခန်းဟောင်းတွင် နေကြစဉ် ယွမ်ထန်ရှင်းတို့က ခန်းမ၏ တစ်ဖက်အဆောက်အဉီးတွင် နေကြသည်။ လီကျန်းတို့အဖွဲ့သည် လင်းဖန်တို့နှင့် အတူထွက်သွားပြီဖြစ်ရာ တူယွမ်ရှင်း၊ လုကျင်းကျားနှင့် တခြားအစွမ်းမရှိသည့် တပ်သားအချို့သာ ကျန်ခဲ့သည်။
အခုအချိန်တွင်တော့ ယွမ်ထန်ရှင်းတို့အကုန်လုံးသည် လင်းဝမ်ဝမ်၏ အခန်းထဲတွင် ထိုင်နေကြကာ သူတို့သေနတ်များကို တိုက်ချွတ်သူ၊ ကဒ်ဆော့သည့်သူနှင့် စာဖတ်နေသည့်သူတို့ဖြင့် သက်သက်သာသာရှိနေကြသည်။ အချို့ဆိုလျှင် ပြတင်းပေါက်၏ဘေးတွင်ထိုင်ကာ အပြင်ကို ငေးနေကြသည်။
လင်းဝမ်ဝမ်သည် မီးဖိုချောင်ထဲတွင် အလုပ်များနေကာ လုံချင်းယင်ကတော့ လင်းဝမ်ဝမ်၏ လက်ရာများကို စားပွဲတွင်နေရာ ချပေးနေသည်။ မီးဖိုချောင်ကနေ စွပ်ပြုပ်ပန်းကန်လုံးကြီး သယ်လာသည့် လုံချင်းယင်သည် ခေါင်းမော့ကာ တခြားသူများအား မျက်နှာသေဖြင့် “ညစာရပြီ။ လာစားကြတော့”
ဧည့်ခန်းထဲကလူအချို့သည် မီးဖိုချောင်ထဲသို့ ချက်ချင်းလျှောက်လာကြသည်။ အချို့က သူတို့လက်များကို ဆေးပြီး အချို့က ခုံတွင်နေရာယူနေပြီးသားဖြစ်ကာ အချို့ကတော့ သူတို့၏ ပန်းကန်များထဲသို့ ထမင်းကိုဖြည့်နေသည်။
“လုမိန်းကလေးတို့က မကြာခင် ပြန်လာမယ်လို့ထင်လား?” တူယွမ်ရှင်းသည် အလင်းရောင်သိပ်မရှိတော့သည့် ကောင်းကင်ကို လှည့်ကြည့်ကာ တူကိုကိုက်နေရင်း ပြောသည်။
လင်းဝမ်ဝမ်က အပြင်ကို တစ်ချက်ကြည့်ကာ ဖြေသည်။ “သူတို့သာပြန်လာမယ်ဆိုရင် မကြာခင် ပြန်ရောက်လာတော့မှာပါ။ ဒါပင်မယ့် လုမိန်းကလေးက အမြဲတမ်းခြေရာပျောက်နေတက်တာ။ သူပြန်ရောက်နေတာ ကြာတာကိုမှ လူလုံးထွက်မပြသေးတာလည်း ဖြစ်နိုင်တာပဲ”
“ဟုတ်တယ်” လုံချင်းယင်က ခေါင်းငြိမ့်၍ သဘောတူစွာ ထောက်ခံသည်။
ယွမ်ထန်ရှင်းသည် လင်းဝမ်ဝမ်ကို ကြည့်ကာ မေးသည်။ “ဘာဖြစ်လို့ သူတို့နဲ့အတူ မသွားတာလဲ? နင်တို့မိန်းကလေး၂ယောက်တည်း ဒီမှာနေကျန်ခဲ့တာ မလုံခြုံဘူး။ နေ့ပိုင်းတွေဆိုရင်တောင် အပြင်ကို သိပ်မထွက်ကြနဲ့။ ငါတို့က အလုပ်သမားကိစ္စကို ကိုင်တွယ်လိုက်မယ်”
လင်းဝမ်ဝမ်သည် သူ့ကိုခေါင်းမော့ကြည့်ကာ ခေါင်းငြိမ့်ပြ၍ “သိပါတယ်။ ဒီတိုင်း ညီမက အကို့ကို ကူညီပေးချင်လို့ပါ” ဒီလိုပြောကာ သူမ၏မျက်လွှာကိုချသွား၍ ထမင်းကို ခေါင်းငုံ့ကာ ဆက်စားသည်။
ယွမ်ထန်ရှင်းကသာ အရင်တစ်ခေါက်က ၁လကျော်လောက် ပျောက်သွားခြင်းမျိုး မရှိခဲ့လျှင် သူမသည် သူ့အနားတွင်နေဖို့ ဒီလိုခေါင်းမာနေမှာ မဟုတ်ပေ။ သူပျောက်နေတုန်းက သူမသည် အရမ်းကို စိုးရိမ်ခဲ့ရကာ ဆုံးရှုံးသွားရတော့မလားဟူ၍ စိတ်ပူခဲ့ရသည်။
ဒါသည် သူမအတွက် နှိပ်ဆက်ခံနေရခြင်းလိုမျိုးဖြစ်၍ သူမအသက်ရှုကြပ်နေစေသည်။ ဒီလိုမျိုး သူမထပ်၍ မခံစားချင်တော့ပေ။ ထို့ကြောင့် အန္တရာယ်များမှန်းသိရဲ့နှင့် သူမသည် သူ့အနားတွင် ဆက်နေချင်တာ ဖြစ်သည်။ ဒါက တစ်ကိုယ်ကောင်းဆန်မှန်း သိသော်လည်း ခံစားချက်များက ထိန်းချုပ်လို့မရတော့ပေ။
ယွမ်ထန်ရှင်းသည် လင်းဝမ်ဝမ်၏ အကြည့်ကို မြင်သည့်အခါ ဘာပြောရမလဲ မသိတော့ပေ။ သူသည် ခေါင်းငုံသွားချိန်တွင် တခြားသူများကတော့ သူ့အား သိနေသည့် အကြည့်များဖြင့် ပြုံး၍ကြည့်ကုန်ကြသည်။
“ဘာဖြစ်လို့ ငါ့ကိုလာကြည့်နေတာလဲ? စားစမ်းပါ”
ယွမ်ထန်ရှင်းသည် သူတို့ကို ပြုံး၍ပြောလိုက်သည်။ ထိုအခါ သူတို့သည် ချက်ချင်းခေါင်းငုံ့၍ ဆက်စားကြသည်။
“ဒုခေါင်းဆောင် အမြန်မိန်းမယူတော့” ထိုအချိန်တွင် မီးဖိုချောင်ထဲမှ ထမင်းသွားယူ၍ ပြန်ထွက်လာသည့် လုံချင်းယင်က သူမ၏ ပုံမှန်လေသံဖြင့် ပြောသည်။
“အဟွတ်!” တခြားသူများသည် လုံချင်းယင်ကို လှည့်ကြည့်ကြချိန်တွင် ယွမ်ထန်ရှင်းသည် အစာသီးတော့မတက် ဖြစ်သွားသည်။ ယွမ်ထန်ရှင်းက လုံချင်းယင်ကို နားမလည်သလိုကြည့်ကာ “ဟာ. . .မိန်းမရဖို့ဆိုတာက ခက်ခဲပါတယ်”
လုံချင်းယင်သည် ခုံတွင်ထိုင်ချလိုက်ပြီးနောက် အေးစက်စွာဖြင့် သူ့ကိုတစ်ချက်ကြည့်ကာ လင်းဝမ်ဝမ်ကို တူဖြင့်ထိုးပြ၍ “ဘာဖြစ်လို့ ခက်ရမှာလဲ? ဒီမှာ မိန်းကလေးတစ်ယောက် အရှေ့တင်ရှိတယ်။ သူနဲ့အရမ်းရင်းနှီးနေမှတော့ ဘာဖြစ်လို့ သူ့ကိုမတိုက်တွန်းကြည့်တာလဲ? သူ့ကိုစောင့်နေတဲ့ ယောက်ျားတွေ ဘယ်လောက်များလဲဆိုတာရော သိကြလား?”
တူဖြင့်အထိုးခံလိုက်ရသည့် လင်းဝမ်ဝမ်သည် ရှက်သွားကာ လုံချင်းယင်၏တူကို သူမ၏တူဖြင့် ပြန်ရိုက်ချရင်း “ချင်းယင် အဓိပ္ပါယ်မရှိတာတွေ လျှောက်ပြောမနေနဲ့”
လုံချင်းယင်သည် လင်းဝမ်ဝမ်အား မျက်လုံးလှန်ပြမိကာ “ငါပြောတာက အဓိပ္ပါယ်မရှိလို့လား?”
“နင်တို့ဘယ်လိုထင်ကြလဲ?” သူမသည် တူယွမ်ရှင်းတို့အား လှည့်မေးလိုက်သည်။
“အဟမ်း. . .ဟမ်း! ဒါက. . .အင်း. . .တကယ်တော့ ချင်းယင်ပြောတာ အမှန်ပဲ ဒုခေါင်းဆောင် ဝမ်ဝမ်နဲ့ အတူရှိဖို့ တွေးကြည့်လို့ရသားပဲ” တူယွမ်ရှင်းသည် မျက်လုံးတစ်ဖက်မှိတ်ပြကာ သူမ၏မေးခွန်းကို ဖြေသည်။
လုကျင်းကျားနှင့် တခြားသူများသည်လည်း သူတို့၏ ပန်းကန်များကို ကိုင်ထားကာ ယွမ်ထန်ရှင်းကို တိတ်ဆိတ်စွာကြည့်နေရင်း ခေါင်းငြိမ့်ပြသည်။
ယွမ်ထန်ရှင်းသည် သူတို့ကို တစ်ချက်ကြည့်ကာ ပြောသည်။ “ဝမ်ဝမ်က အခုတစ်ယောက်တည်းပဲဆိုတော့ မင်းတို့အကုန် ကြိုးစားကြည့်ဖို့ အခွင့်အရေးရှိတာပဲ”
သူက ဒီလိုပြောလိုက်သည်နှင့် အကုန်လုံးသည် ခေါင်းကိုငုံ့သွားကာ ဘာတစ်ခွန်းမှ မပြောတော့ဘဲ အစာစားဖို့သာ အာရုံစိုက်လိုက်ကြတော့သည်။