May Honey Logo May Honey
Previous Next

၃၉၉။ အရင်က ကြီးကြပ်သူ

    	လုပ်ငန်းခွင်တွင် အလုပ်လုပ်နေသည့်သူများသည် ချွေးတပြိုင်းပြိုင်းဖြင့် အပေါ်ဝတ်များမပါဘဲ အလုပ်လုပ်နေကြသည်။ ၁၀ရက်ကျော်သဖြင့် သူတို့အသားများသည် ညိုလာပြီ။ လင်းချင်းနှင့် ယွမ်ထန်ရှင်းတို့ ရောက်သည့်အခါ အကုန်လုံးသည် သူတို့အား တစ်ချက်ကြည့်ကြသည်။  
   
    	လီကျန်းနှင့် သူ့လူများသည် လုပ်ငန်းခွင်ကို စီမံနေသည်။ လင်းချင်းနှင့် ယွမ်ထန်ရှင်းတို့ကို မြင်သည်နှင့် သူတို့က လျှောက်လာကြသည်။ လီကျန်းသည် လင်းချင်းကို ကယ်တင်ရှင်ကြီးလို မြင်တာကြောင့် အမြန်ပြောသည်။   “လုမိန်းကလေး ပြန်လာပြီပဲ ဟိုတစ်ကောင်ကို ဝေးဝေးသွားဖို့ ပြောပေးပါဗျာ. . .”  
   
    	ဒီလိုပြောကာ ဆောက်လုပ်ရေးခွင်ထဲတွင် လက်နှစ်ဖက်ကို နောက်ကိုပစ်လျှက် ပတ်ကြည့်နေသည့် သက်ကြီးဇွန်ဘီကို လက်ညိုးထိုးပြသည်။ ဆောက်လုပ်ရေးသမားများသည် သက်ကြီးဇွန်ဘီက သူတို့နားကို ရောက်လာတိုင်း ခြေလက်တို့ထုံကုန်ကာ လှုပ်ရခက်ကုန်ကြသည်။ သို့သော်လည်း သူအနားတွင်ရှိနေလေည်း သူတို့အလုပ်လုပ်နေသည်ကို မရပ်နိုင်ပေ။  
   
    	လင်းချင်းသည် ဒီကိုမရောက်ခင်တည်းက သက်ကြီးဇွန်ဘီ၏ အရှိန်အဝါကို သိပြီးသားဖြစ်သည်။ သူမက ဒီကိုရောက်လာသည့်အခါ ဆောက်လုပ်ရေးခွင်ထဲတွင် ဘာမှထူးထူးခြားမလုပ်ဘဲ ပတ်ကြည့်နေသည်ကိုသာ မြင်လိုက်ရသည်။ သူမသည် သက်ကြီးဇွန်ဘီအား စောင့်ခိုင်းထားသည့် မြစ်၏တခြားတစ်ဖက်ကို တစ်ချက်ကြည့်လိုက်သည်။  
   
    	သက်ကြီးဇွန်ဘီ၏ အဝတ်များက သန့်ပြန်နေသေးတာကို လင်းချင်းက တွေ့လိုက်ရသည်။ ဒီအဝတ်တွေကို သူဝတ်ထားတာ ဘယ်လောက်ကြာနေပြီလဲ လင်းချင်း မသိပေ။ သို့သော်လည်း ဘယ်သူမှ သူ့ကိုမမြင်တုန်း အဝတ်ခိုးလျှော်ကာ ဝတ်နေသလားလို့ လင်းချင်းက သိချင်နေမိသည်။ မဟုတ်ရင် အဝတ်တွေက ဘာဖြစ်လို့ ဒီလောက်သန့်နေမှာလဲ?  
   
    	လင်းချင်းက သူ့ကိုကြည့်လိုက်သဖြင့် သက်ကြီးဇွန်ဘီသည် လမ်းပတ်လျှောက်မနေတော့ဘဲ သူမထံသို့ လျှောက်လာသည်။  

သူလာသည်ကို မြင်သည့်အခါ လီကျန်းသည် ချက်ချင်း လင်းချင်း၏နောက်တစ်ဖက်တွင် ပြေး၍ အကာကွယ်ယူလိုက်ကာ ခါးသီးနေသည့် မျက်နှာဖြင့် လင်းချင်းအား တိုင်တန်းသည်။
“နင်သိမှာမဟုတ်ဘူး! ငါတို့ဒီမှာ အလုပ်စလုပ်တဲ့နေ့တည်းက ငါတို့ကို စောင့်ကြည့်နေတာ။ ငါတို့ အဲ့နေ့က သေလောက်အောင်ကို ကြောက်သွားရတာ တော်သေးတာက ချူးလီလီက ရောက်လာလို့။ ဒါပင်မယ့်လည်း အဲ့နေ့တည်းက နေ့တိုင်း ငါတို့ကို လာကြည့်တယ်။ လက်ကြီးနောက်ပစ်ပြီး ဆောက်လုပ်ရေးခွင်ထဲကို ပတ်လျှောက်နေတာအပြင် တခြားတော့ ဘာမှမလုပ်ပါဘူး။ တကယ်လို့ ငါတို့ထဲက တစ်ယောက်ယောက်သာ အပါးခိုပျင်းနေလို့ကတော့ နောက်ကနေ အဲ့လူကို စိုက်ကြည့်နေတော့တာပဲ!”

    	လီကျန်း၏ စကားကြောင့် လင်းချင်းက ဒါကိုတွေးကြည့်မိသည်။ တချို့အလုပ်သမားများက နားဖို့တွေးလိုက်တိုင်း သူတို့နောက်သို့ တစ်ယောက်က ရောက်လာသည်။ လှည့်ကြည့်လိုက်သည့်အခါ ဇွန်ဘီခေါင်းဆောင်သည် သူတို့အား ဘာမှမပြောဘဲ စိုက်ကြည့်နေသည်ကို မြင်ရလိမ့်မည်။ ဒါက တကယ့်ကို ကြောက်ဖို့ ကောင်းတာ အမှန်ပင်!  
   
    	ထိုအခါ လင်းချင်းသည် သက်ကြီးဇွန်ဘီကို ကြည့်၍ ရယ်ကာ ပြောလိုက်သည်။   “ဒီလိုလုပ်လို့ မရဘူးလေ။ သူတို့အလုပ်က နှောင့်နှေးသွားမှာပေါ့”  
   
    	“ဂါး”   သက်ကြီးဇွန်ဘီသည် မကျေနပ်စွာဖြင့် သူမအား ပြန်ပြောသည်။  
   
    	လင်းချင်းက ရှိနေသဖြင့် တခြားသူများသည် သူ့အား သိပ်မကြောက်ကြပေ။ တူယွမ်ရှင်းက သိချင်စွာဖြင့် မေးသည်။   “သူဘာပြောတာလဲ?”  
   
    	“မကြိုက်ဘူးတဲ့”   လင်းချင်းက ပြောသည်။   “သူက ဒီလူတွေကို ကြီးကြပ်ပေးနေတာတဲ့။ လုပ်စရာရှိတာကို မလုပ်တဲ့သူ တွေ့လို့ကတော့ သူကဆွဲခေါ်ပြီး စားပစ်မှာ။ သူက ကြီးကြပ်သူမလို့”  
   
    	လင်းချင်း၏ စကားကို ကြားလိုက်ရသည့်သူအပေါင်းသည် အရိုးထဲနေ စိမ့်ချမ်းသွားကာ ကြက်သီးများ တဖြန်းဖြန်းထကုန်ကြသည်။  
   
    	လင်းချင်းသည် ဒီလူများအား အပြုံးကြီးပြုံး၍ ဆက်ပြောသည်။   “နောက်နေတာပါ။ သူက အကြောင်းမရှိဘဲ လူတွေကို မတိုက်ခိုက်ပါဘူး။ အကြောင်းမရှိဘဲ တိုက်မယ်ထင်နေလို့လား? ငါ့ဇွန်ဘီတွေကို အမိန့်တင်းတင်းပေးထားတာမလို့ သူတို့က လူတွေကို ထိခိုက်အောင် မလုပ်ဘူး”  
   
    	လီကျန်းနှင့် တခြားသူများသည် သူမ၏ဇွန်ဘီများက လူတွေကို ထိခိုက်အောင် မလုပ်သည်ကို သိပါသည်။ သို့သော်လည်း အနားကို ကပ်လာတာကို မြင်တိုင်း ကြောက်ဖို့ကောင်းနေသေးသည်။  
   
    	“ဒါဆိုရင်. . .သူဘာပြောတာလဲ?”  
   
    	“ငါသူ့ကို ရေ၁၀ရက်စာ အကြွေးတင်နေတယ်လို့ ပြောတာပါ”   လင်းချင်းက ပြောသည်။  
   
    	“ဘာရေလဲ?”   တခြားသူများက နားမလည်ကြပေ။  
   
    	ထိုအချိန်တွင် လင်းချင်းက သက်ကြီးဇွန်ဘီကိုကြည့်ကာ ပြောသည်။   “ခွက်ပေး”  
   
    	ထို့နောက် သက်ကြီးဇွန်ဘီသည် သူ့အဝတ်များကို လှန်လှောရှာလိုက်ပြီး သူ့အဝတ်ပွပွများကြီးထဲတွင် ခွက်တစ်လုံးကို သိမ်းထားမှန်း မြင်လိုက်ကြသည်။ ထို့နောက် လင်းချင်းအား သက်ကြီးဇွန်ဘီက ခွက်ကို ကမ်းပေးသည်ကို မြင်လိုက်ရသည်။  

‘ဟင်? ဒါငါသူ့ကိုပေးထားတဲ့ ခွက်မဟုတ်ပါလား?’
လင်းချင်းသည် အဖုံးဖြင့် ကြွေခွက်ကို ကြည့်လိုက်ကာ သက်ကြီးဇွန်ဘီကို အံ့သြနေမိသည်။ ဘာမှမပြေဘဲ သူမသည် ခွက်ကိုယူကာ လက်ကိုလှုပ်လိုက်သည်။ ထို့နောက် သူမ၏လက်ထဲကခွက်သည် ရေဖြင့်ပြည့်သွားသည်။ ထိုအခါမှ သက်ကြီးဇွန်ဘီကို ပေးလိုက်သည်။

    	တခြားသူများက သက်ကြီးဇွန်ဘီသည် ချက်ချင်းသောက်မည်ဟု ထင်နေကြသော်လည်း သူကတော့ အဖုံးကိုပြန်ပိတ်၍ ယူကာထွက်သွားသည်။ တခြားသူများသည် သူ့ကိုလိုက်ကြည့်နေကာ သူက ပျက်စီးနေသည့် အဆောက်အဦး၏ ဒုတိယထပ်ကို တက်သွားကာ ခုံတစ်လုံးကို ဆွဲယူကာ ထိုင်သည်။ ထို့နောက်မှ ကျော့ရှင်းလှသည့် အပြုအမှုဖြင့် ခွက်ကိုမြှောက်ကာ သောက်တော့သည်။  
   
    	“ရေကို လက်ဖက်ရည်ကြမ်းလို သောက်နေတာလား?”   တခြားသူများသည် လင်းချင်းအား နားမလည်စွာ မေးသည်။  
   
    	လင်းချင်းက ပုခုံးကိုတွန့်ကာ   “ဟုတ်မှာပေါ့”  
   
    	“သူတို့ကို နေ့တိုင်းရေပေးဖို့ လိုတာလား?”   ယွမ်ထန်ရှင်းက မေးသည်။   “ဇွန်ဘီတွေလည်း ရေလိုလို့လား?”  
   
    	လင်းချင်းက သူ့ကိုကြည့်ကာ   “သူတို့လိုတာ သာမန်ရေတော့ ဘယ်ဟုတ်မလဲ”  

ဒီလိုပြောပြီးနောက် သူမသည် လက်ရှိလုပ်နေသည့် အလုပ်များကို ပတ်ကြည့်သည်။ အခု သူမတို့သည် တံတားပေါ်တွင် ရပ်နေသည်။ ဒါသည် စခန်း၏ ဂိတ်ဖြစ်လာမည့် နေရာပင်။ သူမသည် ပတ်ဝန်းကျင်ကိုကြည့်ကာ ဘာမှမပြောပေ။

ယွမ်ထန်ရှင်းတို့သည် သူမနောက်တွင်ရပ်နေကာ သူမကို လက်ရှိလုပ်ငန်းစဉ်များ ပြောပြနေသည်။ သူမတွေးမိသမျှတိုင်းကို ယွမ်ထန်ရှင်းတို့ကလည်း တွေးထားပြီးသား ဖြစ်သည်။

အနားက အဆောက်အဦးများကို ဖယ်ထားပြီးသား ဖြစ်လေရာ ဒါကို ယွမ်ထန်ရှင်းတို့လို မြေစွမ်းအားရှင်များကသာ ဖယ်နိုင်မည်ဖြစ်ကြောင်း ခန့်မှန်းမိသည်။ သူမသည် ပတ်ဝန်းကျင်က အဆောက်အဦးလေးများကို ကြည့်နေသည်။ အနှစ်၂၀ ၃၀လောက်တော့ ရှိနေပုံရသည်။

ယွမ်ထန်ရှင်းသည် သူမက အဆောက်အဦးလေး လိုချင်သည်ကို ခန့်မှန်းမိသဖြင့်
“နယ်မြေထဲကို အဆောက်အဦးလေး ထည့်ချင်တာမလား? ဘာဖြစ်လို့ သွားမကြည့်တာလဲ? ဟိုကအဆောက်အဉီးတွေက လူနေခဲ့တာတွေ။ ငါးလွှာ ခုနစ်လွှာတော့ ရှိတယ်။ ပိုသေးတာကို ရှာကြရင်တော့ သီးသန့်အဆောက်အဦးတွေက ဒီဘက်မှာ”

    	လင်းချင်းသည် သူညွှန်ပြသည့် နေရာကို ကြည့်လိုက်သည်။ ဒီဘက်က အဆောက်အဦးတိုင်းက တကယ့်ကို ဟောင်းနေပြီ။ အတော်လေးသစ်တာတို့က ငါးလွှာ၊ ခြောက်လွှာလောက်ရှိကာ သေးတာကတော့ အန္တရာယ်ရှိပုံရသည်။ ပြိုကျတော့မလိုပုံများပင်။  
   
    	“ဟုတ်ပြီ။ ဟိုကိုသွားကြည့်ရအောင်”   သူခေါင်းငြိမ့်လိုက်ကာ ထိုနေရာသို့ ယွမ်ထန်ရှင်းနောက်က လိုက်သွားသည်။  
   
    	“လင်းယု ကားယူလာပေး။ ငါတို့ဟိုကို မောင်းသွားကြမယ်”   ယွမ်ထန်ရှင်းသည် သူ့ဘေးမှာ ရပ်နေသည့် လင်းယုကို ပြောသည်။  
   
    	“ဟုတ်ကဲ့ ဆရာ”   လင်းယုက ပြောသည်။ ထို့နောက် ဆောက်လုပ်ရေးခွင်၏ တစ်ဖက်သို့ ပြေးထွက်သွားသည်။ မကြာခင် သူတို့နားသို့ လမ်းကြမ်းမောင်း ကားအနက်တစ်စီးက ရောက်လာသည်။ လင်းချင်းနှင့် ယွမ်ထန်ရှင်းတို့သည် ကားနောက်ခုံတွင် ထိုင်လိုက်သည်။ လင်းယုက ယွမ်ထန်ရှင်းပြသည့် နေရာသို့ မောင်းသွားသည်။  
   
    	၁၀မိနစ်လောက် ကြာသည့်အခါ သူတို့သည် လူနေခဲ့သည့်အိမ်များရှိသို့ ရောက်လာသည်။ ဒီကအဆောက်အဦးတိုင်းသည် သီးသန့်များဖြစ်ကာ ၂လွှာ ၃လွှာလောက်သာ ပါကြ၍ အရင်ပိုင်ရှင်များ ဆောက်ခဲ့တာ ဖြစ်သည်။  
   
    	လင်းချင်းသည် ကားပေါ်က ဆင်းလိုက်သည်။ ဒီအဆောက်အဦးများက ဆောက်ထားသည်မှာ ၁၀နှစ်မကျော်လောက်သေးပေ။ ကမ္ဘာမပျက်ခင် ၁နှစ် ၂နှစ်လောက်ကမှ ဆောက်ထားသည်များ ဖြစ်မည်ဟု သူမတွေးလိုက်သည်။ အရင်လူများက ဒီမှာနေခဲ့တာ သိပ်မကြာလောက်ပေ။  
   
    	“ဘယ်လိုလဲ? ဒီက အဆောက်အဦးတွေက ကောင်းတယ်မလား?”   ယွမ်ထန်ရှင်းက ကားပေါ်ကဆင်းကာ ပြောသည်။  
   
    	လင်းချင်းက ခေါင်းငြိမ့်သည်။ ဒီအဆောက်အဦးများက လှပနေတာမျိုး မဟုတ်သော်လည်း ခိုင်ခံပုံရသည်။ ဇိမ်ခံဗီလာသည် ဒီကနေ နည်းနည်းလှမ်းနေသဖြင့် အခုအချိန်တွင် ဒါကအကောင်းဆုံး ရွေးချယ်မှုဖြစ်သည်။  
   
    	လင်းချင်းက အတော်အသင့် ကြည့်ကောင်းသည့် အဆောက်အဦးကို ကြည့်ကာ လက်ညိုးထိုးပြ၍ ပြောသည်။   “ဒီတစ်ခု။ အထဲကို ဝင်ကြည့်ရအောင်”  
   
    	ယွမ်ထန်ရှင်းက ခေါင်းငြိမ့်ကာ အဆောက်အဦးထဲသို့ သူမနောက်က ဝင်လိုက်လာသည်။ ဒီအဆောက်အဦးတွင် တံခါးနှစ်ခုပါသည်။ အပြင်တံခါးသည် သံဖြင့်လုပ်ထားကာ အတွင်းတံခါးက သစ်သားဖြင့် ဖြစ်သည်။ တံခါးများသည် မျပက်စီးသေးသော်လည်း အကျယ်ကြီးဖွင့်ထားသည်။ အညိုရောင်ရင့်ရင့် အစွန်းများက ရှိနေသော်လည်း ဒါကကမ္ဘာပျက်ပြီးနောက် အဆောက်ဦးတိုင်းတွင် တွေ့ရတာမျိုးသာ ဖြစ်သည်။ ဒါသည် သွေးကွက်တို့က ခြောက်သွားသည့်ပုံပင်။
Previous Chapter 399 of 410 Next