၃၄၂။ ထန်ဟေးကထွက်တယ်
လုထန်ရိ၏ မျက်လုံးထဲတွင် ပျော်ရွှင်မှုက ဖြတ်ပြေးသွားသော်လည်း မသိသာအောင် နေလိုက်သည်။ ထို့အစား ကောင်းချင်းမင်းကို “စခန်းထဲမှာ အဓိပ္ပါယ်မရှိတာတွေ လျှောက်မပြောနဲ့!”
ဘယ်လိုပဲဖြစ်ဖြစ် စခန်းထဲတွင် သူမ၏ သရုပ်မှန်က ပေါ်လာပါက ဒုက္ခများစရာဖြစ်မည်။
“ငါသိပြီ!”
ကောင်းချင်းမင်းက မျက်လုံးကို လှန်လိုက်ကာ ဖြေသည်။
လုထန်ရိက လင်းချင်းကို လှည့်ကြည့်ကာ “တကယ်ပဲ နင်ကိုး။ ခေါင်းဆောင်ဝူက တခြားတစ်ယောက်ကို လိုက်ရှာတယ်လို့ ငါထင်နေတာ”
လင်းချင်းသည် သူ့ကိုတစ်ချက်ကြည့်ကာ မေးသည်။ “ဘာဖြစ်လို့ နောက်ကျမှ လာတာလဲ?”
“ယန်းချောင်းက ဟေးဒီးစခန်းကသူတွေကို တစ်ခုခုလုပ်ဖို့ ပြင်နေတယ်လို့ ငါတို့ခေါင်းဆောင်က သတင်းရတာနဲ့ ခေါင်းဆောင်ဝူက တာဝန်ယူပေးပါတယ်။ ငါတို့က ဒီအကြောင်းကို သူတို့ကို လာပြောပြတာ” လုထန်ရိက ပြောသည်။
လင်းချင်းက ရှန်ယုကျန်း ပျောက်သွားသည့်ဘက်သို့ တစ်ချက်ကြည့်၍ သူမ၏ အခြေအနေကို ခနအာရုံခံကြည့်သည်။ သူမသည် အမှောင်ထဲတွင် လုံခြုံအောင် ပုန်းအောင်းနေသင့်ပြီ။
ထို့နောက် လုထန်ရိအား လှည့်ပြောသည်။ “အခု နင်တို့သူတို့ကို သွားရှာတော့။ ငါခနသွားစရာရှိလို့။ ငါရှင်းမယ့် ပြဿနာရှိသေးတယ်!”
ဒီလိုပြောပြီးသည့်နောက် ယွမ်ထန်ရှင်းတို့နေရာဘက်သို့ သူမသည် တစ်ချက်ကြည့်ကာ လုထန်ရိတို့၏ မျက်စိရှေ့မှောက်ကနေ ချက်ချင်း ပျောက်ကွယ်သွားသည်။
“ဘာပြဿနာလဲ?” လုထန်ရိနှင့် ကောင်းချင်းမင်းတို့သည် အချင်းချင်းကြည့်ကြသည်။ သူတို့နောက်က တစ်ယောက်ကတော့ ဒီမေးခွန်းကို ဖြေသည်။
ကောင်းချင်းမင်းက ခေါင်းကိုခါကာ “ငါလည်းမသိဘူး။ ငါတို့အပေါ်ထပ်ကိုပဲ အရင်သွားရှာရအောင်။ နောက်ကျနေပြီ။ အလုပ်မြန်မြန်လုပ်ပြီး စောစောပြန်ကြမယ်”
ဒီလိုပြောပြီးနောက် လုထန်ရိအား မကျေနပ်စွာဖြင့် ကြည့်ကာပြောသည်။ “ဒီလူတွေကို မင်းပဲစောင့်ကြည့်ပေးဖို့ပြောပြီးတော့ အခုငါတို့ခေါင်းဆောင်ရဲ့ နာမည်ကို မင်းကယူသုံးတယ်။ အတော်အရှက်မရှိတာပဲ!”
လုထန်ရိသည် သူ့ကိုပြုံးကြည့်ကာ ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်၍ ခေါင်းငြိမ့်သည်။ လူနေသည့်အိမ်များဘက်သို့ လျှောက်သွားရင်းက သူပြောသည်။ “ငါဒီလိုမလုပ်ရင် ငါ့လှုပ်ရှားမှုတွေက ပိုသံသယဝင်စရာ ကောင်းမှာ မဟုတ်ဘူးလား? ဟိုဇွန်ဘီမကို သူကအထဲကို သွင်းလာတာလား? ဟိုမိန်းမက တကယ့်ဇွန်ဘီစစ်စစ်ဖြစ်သွားပုံရတယ်။ ဟိုကောင် နောက်ဆုံးဘယ်လိုဖြစ်မလဲ ငါသိချင်လိုက်တာကွာ!”
ကောင်းချင်းမင်းက ပုခုံးကိုတွန့်ကာ ဖြေသည်။ “ဘယ်သူကသိမှာလဲ? သူဇွန်ဘီဖြစ်ဖို့ ငါမျှော်လင့်တယ်။ အဲ့ဒါမှ သူ့ခေါင်းကို ငါဖောက်ခွဲပစ်ရမှာ”
ထိုအချိန်တွင် သူတို့နောက်က ဟန်ရှို့သည် မေးသည်။ “ဟို. . . စခန်းထဲမှာ ဇွန်ဘီမ ရှိနေတာက ဆိုးတယ်မလား? လူတွေကို သူကကိုက်မှာလား?”
လုထန်ရိက သူ့မေးခွန်းအား ဂရုမထားစွာ ဖြေသည်။ “မကိုက်ပါဘူး။ သူခေါ်လာတဲ့ဇွန်ဘီက ကြုံရာလူကို မကိုက်ပါဘူး။ ခုနက မင်းလည်းမြင်သားပဲ။ ငါတို့အရှေ့မှာ ဇွန်ဘီမက သာမန်လူလိုပဲ။ ဖြောင်ကိုပဲ ပစ်မှတ်ထားနေတာ။ သူလည်း ဇွန်ဘီဖြစ်သွားရင် တကယ်ပျော်ဖို့ ကောင်းမှာပဲ”
“အခုဘယ်လိုဖြစ်နေပြီလဲ သိရအောင် ဖြောင်နောက်ကို မလိုက်ဘူးလား?” ဟန်ရှို့က မေးသည်။
“မလိုပါဘူး” ကောင်းချင်းမင်းက ပြုံးသည်။ “သုသေသနဌာနကိုပဲ သေချာပေါက် သွားမှာ။ ဒါက သူတို့နယ်နမိတ်ထဲမှာ။ သူ့လူတွေကို သူဒုက္ခပေးအောင် လွှတ်ပေးထားလိုက်တာက ပိုပျော်ဖို့ကောင်းတယ်”
“မပူနဲ့” လုထန်ရိက ပြောသည်။ “သူက သုသေသနစခန်းကို ရောက်နိုင်ရင်တောင်မှ အသက်ရှင်ဖို့အတွက်က အခွင့်ရေးကြီးကြီးမားမား ရှိမယ်လို့ ငါမထင်ဘူး။ ပြီးတော့လည်း သုသေသနဌာနက လူတွေက ခေါင်းဆောင်ဝူရဲ့လူတွေ။ သူအဲ့ဒီကိုသွားတာက ခေါင်းဆောင်ဝူအတွက် အကြောင်းပြချက်ကောင်း ရသွားတာပဲ မလား?”
ထိုအခါ ဟန်ရှို့နှင့် တခြားသူများသည် အချင်းချင်းကြည့်ကြကာ “ဒါဆိုရင် ငါတို့ကိစ္စ တစ်ခုမှ မပါဘူးမလား?”
လုထန်ရိနှင့် ကောင်းချင်းမင်းတို့ နှစ်ယောက်လုံးက ခေါင်းငြိမ့်ကြသည်။
. . .
လင်းချင်းသည် ကိုယ်ဖျောက်လိုက်ကာ လူနေသည့်နေရာသို့ ဝင်လာ၍ အဆောက်အဦးတစ်ခုထံသို့ လျှောက်လာသည်။ သူမသည် အနားသို့ရောက်သည့်အခါ ဝရံတာတစ်ခုပေါ်သို့ ခုန်တက်လိုက်၍ အမိုးပေါ်သို့ ခုန်ကူးသည်။ အမိုးပေါ်တွင် သူမသည် ထောင့်တစ်ခုတွင် ရပ်နေ၍ လှေကားရှိရာ အခန်းပေါ်က လူကို ကြည့်လိုက်သည်။
ဒီလူက စခန်းထဲသို့ တကယ်ဝင်လာနိုင်သည်ကို သူမအနည်းငယ် အံ့သြမိသည်။ ထို့အတူ ဒီဓားပြခေါင်းဆောင်က နောက်ဘာလုပ်ဖို့ စီစဉ်နေသလဲကိုလည်း သိချင်သွားသည်။ သူမသည် ထန်းဟေး၏ ပစ်မှတ်ကို မသိသလို ထန်ဟေးသည်လည်း အနောက်ကနေ သူ့အားစိုက်ကြည့်နေသည့်သူ ရှိကြောင်းကို မသိပေ။
သူသည် ဖြောင်ကောချန်နှင့် လုထန်ရိတို့ ရှိခဲ့သည့်နေရာကို တစ်ချက်ကြည့်ကာ မျက်နှာမကောင်းပေ။
“အသုံးမကျလိုက်တဲ့ကောင်!” သူသည် မျက်မှောင်ကျုံ့၍ပြောကာ လှည့်ထွက်ဖို့လုပ်သည်။ သို့သော်လည်း သူသည်ခနရပ်၍ ဘေးကိုလှည့်ပတ်ကြည့်သည်။
သံသယဝင်စရာ တစ်ခုမှ မတွေ့သည့်အခါ သူအတွေးလွန်မိတာ ဖြစ်လိမ့်မည်ဟု ထင်သွားသည်။ ထို့နောက် အဆောက်အဦးကနေ ခုန်ဆင်းသွားသည်။ သူ့အနောက်တွင်တော့ ကိုယ်ပျောက်သဏ္ဍာန်တစ်ခုက ကပ်လိုက်လာသည်။
လင်းချင်းက သူ့နောက်ကို ခုန်မလိုက်ခင် လင်းဝမ်ဝမ်၏ အခန်းကို တစ်ချက်ကြည့်လိုက်သည်။ ဒီနေရာတွင် မကောင်းတာတစ်ခု ဖြစ်လုနီးပါး ဖြစ်ခဲ့သောကြောင့် သူမက အချိန်မှီပြန်ရောက်လာနိုင်ခဲ့သည်ကိုပဲ သူမဝမ်းသာနေမိသည်။
ထို့အတူ လုထန်ရိတို့အား တစ်ချက်ကြည့်လိုက်ကာ ‘ဒီကောင်လေးက ဘာတွေးနေမှန်းကို ငါမတွေးတက်တော့ဘူး!’
. . .
တစ်ဖက်တွင်တော့ လုထန်ရိတို့သည် လှေကားပေါ်ကနေ တက်လာကာ လင်းဝမ်ဝမ်တို့ အခန်းသို့ ရောက်လာသည်။ ထို့နောက် သူတို့သည် တံခါးကို ခေါက်လိုက်ကြသည်။
လုံချင်းယင်သည် တံခါးကို ဖွင့်လိုက်သည့်အခါ ချောမောသည့် ကောင်လေးကို မြင်လိုက်ရသည်။ သူမသည် ဒီသူမှာ မိန်းကလေး မဟုတ်ဘူးဆိုတာကို သေချာစေရန် သူ့ရင်ဘတ်ကို သေချာကြည့်လိုက်ရသေးသည်။ ထို့နောက်မှ သူမသည် “ဘာကူညီပေးရမလဲ?”
ထက်မြတ်သည့် မျက်လုံးဖြင့် အမျိုးသမီးမှာ သူက ယောက်ျားလား မိန်းမလား သေချာရအောင် သူ့ရင်ဘတ်ကို ကြည့်သည်ကို မြင်သည့်အခါ ခနဲ့တဲ့တဲ့အပြုံးက ပေါ်လာသည်။ ထို့နောက် စိတ်ထဲအဆင်မပြေဖြစ်သွားသည်ကို မေ့လိုက်ကာ ပြုံး၍ပြောသည်။ “ဒီမှာ လင်းဝမ်ဝမ်ရှိလား?”
လုံချင်းယင်သည် တခြားသူများကို ဖြန်းကြည့်လိုက်၍ ကောင်းချင်းမင်းကို ပြန်ကြည့်ကာ မေးသည်။ “နင်တို့က ဘယ်သူတွေလဲ? ဘာဖြစ်လို့ ဝမ်ဝမ်ကို လာရှာတာလဲ?”
သူမ၏ လေဆာလို ပစ်တော့မတက် မျက်လုံးများကြောင့် ကောင်းချင်းမင်းသည် ကြောက်တောင်သွားသည်။ အလိုလို ခြေနှစ်လှမ်းလောက် သူဆုတ်မိလိုက်ပြီး တခြားတံခါးကို သွားခေါက်နေသည့် လုထန်ရိအား အမြန်သွားဆွဲခေါ်လိုက်သည်။ ထို့နောက် “ဟိုဟာ. . .မင်းဒီဘက်အပိုင်းကို ယူလိုက်”
ဆွဲခေါ်ခံလိုက်ရသည့် လုထန်ရိသည် ဘာဖြစ်မှန်းကို မသိပေ။ လုံချင်းယင်အား နားမလည်စွာ တစ်ချက်ကြည့်၍ ထူးဆန်းသည့် အပြုံးကြီးဖြင့် ကောင်းချင်းမင်းကို လှည့်ကြည့်သည်။ ထို့နောက် တခြားသူများကို နားမလည်စွာ ကြည့်လိုက်သည်။ ‘ဘာဖြစ်တာလဲ?’
ဟန်ရှို့တို့သည်လည်း မသိသဖြင့် လက်ဖြန့်ကာ ခေါင်းခါပြကြသည်။
ယွမ်ထန်ရှင်း၏ တံခါးရှေ့သို့ ရောက်သွားသည့် ကောင်းချင်းမင်းသည် လုံချင်းယင်ကို တစ်ချက်ကြည့်လိုက်ကာ တခြားသူများကို ကျောပေး၍ ရပ်လိုက်သည်။
ထိုအချိန်တွင်ပဲ ယွမ်ထန်ရှင်းတို့ တံခါးက ပွင့်လာသည်။ ယွမ်ထန်ရှင်းသည် တံခါးကနေ ခေါင်းကဲကြည့်သည့်အခါ အပြင်တွင် သူစိမ်းများကို တွေ့လိုက်သည်။ ထို့အတူ လင်းဝမ်ဝမ်တို့ တံခါးလည်းပွင့်နေသည်ကို မြင်ရသည်။ “ဘာလဲ? ငါဘာကူညီပေးရမလဲ? ဘယ်သူတွေလဲ?”
တစ်ဖက်တွင်တော့ ထူးဆန်းသည့် ဒီသူစိမ်းများသည် တံခါးကို ပြန်ပိတ်ဖို့ လုပ်နေသည့် ရေခဲရိုက်မျက်နှာဖြင့် လုံချင်းယင်နှင့် ရင်ဆိုင်နေရသည်။ “ဟာ. . .ခနလေးစောင့်ပါဦး! ငါတို့က. . .အင်း. . . မင်းတို့ကို သတင်းပြောဖို့လာတာ။ မင်းတို့ကို ပြောစရာရှိလို့။ ဒါပင်မယ့်လည်း စိတ်မဝင်စားရင် ထားလိုက်ပါ။ ငါတို့အခုပြန်တော့မယ်” လုထန်ရိသည် လုံချင်းယင်ကို အမြန်တားလိုက်နိုင်သည်။
“ငါတို့အတွက်လား?” လင်းဝမ်ဝမ်၏ အသံက ထွက်လာသည်။ သူမသည် လုထန်ရိပြောသည်ကိုကြားသဖြင့် လုံချင်းယင်၏အနောက်ကနေ လှမ်းကြည့်သည်။
လုံချင်းယင်သည် သူမဖြင့် အကြည့်တစ်ချက်စုံအောင် ကြည့်ပြီးမှ လုထန်ရိတို့အား မယုံကြည်စွာဖြင့် ဆက်၍စိုက်ကြည့်နေသည်။
ထိုအချိန်တွင် လုထန်ရိ၏ အနောက်မှ တူယွမ်ရှင်းကလည်း ထွက်လာကာ မေးသည်။
“မင်းတို့က ဘယ်သူတွေလဲ?”
“ဒီစခန်းရဲ့ စိုက်ပျိုးရေးဌာနက အဆင့်သုံးကပ္ပတိန် လုထန်ရိပါ။ ဒါက ငါ့အလုပ်သမားကဒ်။ မင်းတို့ကို ဒုက္ခပေးဖို့လာတာ မဟုတ်လို့ စိတ်မပူပါနဲ့” လုထန်ရိသည် သူ့အလုပ်သမားကဒ်အား ယွမ်ထန်ရှင်းတို့ဘက်သို့ပြကာ ပြောသည်။