၂၈၈။ အနံ့ခံပြီးတော်ပြီ
ဆရာက ဘာဖြစ်လို့ ပြေးသလဲဆိုသည်ကို လင်းချင်းက နားလည်သည်။ ခုနတုန်းက ချူးလီလီ၏ အရှိန်အဝါသည် မလှမ်းမကမ်းမှ ထွက်ပေါ်လာသောကြောင့် ဖြစ်သည်။ ဆရာသည် အကြောက်တရားကို သေချာပေါက် ခံစားလိုက်ရမှာဖြစ်ပြီး အိမ်ယာအပြင်ဘက်က ဇွန်ဘီအုပ်သည်လည်း ငြိမ်သက်သွားကာ မြေပြင်ပေါ်တွင် မလှုပ်မယှက်ရပ်တန့်သွားကြသည်။
ထိုအချိန်တွင် အဘိုးသည် လေကိုဖြတ်၍ လင်းချင်း၏ဘေးသို့ ရောက်လာကာ လက်ကိုနောက်ပစ်၍ မြေပြင်ပေါ်က အလောင်းများကို လျို့ဝှက်သည့်အကြည့်ဖြင့် ကြည့်နေသည်။
လင်းချင်းသည် အဘိုးကိုကြည့်ကာ “ဒီလူတွေကို သတ်လို့ရတယ်။ စားချင်တယ်ဆိုရင် ဒီငါးလောင်းကို စားရတယ်” ဒီလိုပြောရင်းဖြင့် လင်းချင်းသည် သူမသတ်ထားသည့် အလောင်းငါးလောင်းကို ပြလိုက်သည်။ သို့သော်လည်း အဘိုး၏မျက်နှာတွင် မနှစ်သက်ခြင်းတို့က ပေါ်နေကာ ခေါင်းခါပြသည်။
“မစားဘူးလား? ဘာဖြစ်လို့လဲ?” အဘိုးက အော်သည်။ ‘သူတို့က ရုပ်ဆိုးတယ်!’
လင်းချင်းသည် ဘာပြောရမလဲ မသိတော့သဖြင့် ဆွံ့အသွားသည်။ ‘ဘယ်လိုလုပ်ပြီးတော့ ဇွန်ဘီတစ်ကောင်က လူသားတွေကို ရုပ်ဆိုးတယ်ထင်တာလဲ?’
ထို့နောက် သူမသည် ဓားစာခံသုံးယောက်နားသို့သွားကာ ကောင်လေးနှစ်ယောက်ဘေးတွင် ဆောင့်ကြောင့်ထိုင်လိုက်သည်။ သူမသည် နယ်မြေထဲက ရေခွက်ကို ထုတ်လိုက်ကာ ကောင်လေးနှစ်ယောက်၏ ပါးစပ်ကိုဖြဲ၍ ရေအတင်းတိုက်လိုက်သည်။ ရေသုံးခွက်စီတိုက်ပေးပြီးသည့်နောက် ကောင်မလေးကို ကြည့်လိုက်သည်။
ထိုအချိန်တွင် ကောင်မလေးသည် သူမကို ခိုးကြည့်နေသည်။ လင်းချင်းက သူမကိုကြည့်လိုက်ရာ အကြည့်ချင်းဆုံသွားပြီး ထိုကောင်မလေးသည် သူမ၏ မျက်ဝန်းနက်များကို မြင်သွားသည်။
“အား!!!” သူမသည် ကြောက်၍ချက်ချင်းအော်ကာ နောက်သို့ဆုတ်နိုင်သမျှ ဆုတ်သွားသည်။
သူမသည် အပြင်က ဆူညံ့သံများကြောင့် နိုးလာတာ ဖြစ်သည်။ သူမကို ကယ်ဖို့တစ်စုံတစ်ယောက်က ရောက်လာသည်ထင်၍ အံ့သြပျော်ရွှင်စွာဖြင့် စောင့်နေခဲ့သည်။ မကြာခင်တွင် တစ်စုံတစ်ယောက်က ရောက်လာကာ ခန်းစီးများကို ဖြုတ်၍ ပျောက်သွားသည်။
တစ်ခါမှ မမြင်ဖူးသည့် ကတုံးတစ်ယောက်ကို မြင်လိုက်သည်။ သူမတို့ အဖွဲ့ထဲက မဟုတ်သည့်သူပင်။ ထို့ကြောင့် အသံမထွက်ရဲဘဲ လင်းချင်းကို စောင့်ကြည့်နေတာဖြစ်သည်။ ထိုအချိန်တုန်းက လင်းချင်း၏ မျက်ဝန်းနက်များကို မမြင်ခဲ့ပေ။
အခုတော့ လင်းချင်းက ပြန်လာကာ သူမ၏ သေလုမျောပါးဖြစ်နေသည့် သူငယ်ချင်းများကို ရေတိုက်နေသည်ကို တွေ့သည်။ ဘာရေမှန်းတော့ မသိပေ။ သို့သော်လည်း မမျှော်လင့်မိသည်မှာ ခေါင်းမော့လာသည့်သူထံတွင် ဇွန်ဘီမျက်လုံးနက်များ ရှိနေခြင်းပင်။
လင်းချင်းသည် သူမကို တစ်ချက်ကြည့်ကာ ထထွက်သွားဖို့ လုပ်သည်။ အလောင်းပုံဘေးတွင် အဘိုးသည်ရပ်နေကာ အလောင်းတို့ကို ကြည့်နေဆဲဖြစ်ကြောင်း မြင်လိုက်သည်။ ထို့ကြောင့် လင်းချင်းက “ကြည့်နေတာ ကြာနေပြီ။ တကယ်ကြီးမစားတော့ဘူးလား?”
“ဂါး” အဘိုးသည် သူမကို ခေါင်းမော့ကာ ပြန်ဖြေသည်။ ‘မစားဘူး’
“ဒါဆိုရင် ဘာဖြစ်လို့ ကြည့်နေတာလဲ?” လင်းချင်းက မေးသည်။
“ဂါး” အဘိုးက ဖြေသည်။ ‘အနံ့ခံနေတာ’
လင်းချင်းသည် ထပ်၍ဆွံ့အရပြန်သည်။ ‘အဘိုးရေ အဘိုးက ကိုယ့်ကိုယ်ကို သရဲများထင်နေလား? အနံ့ရှုရုံနဲ့ ဝပြီလား?’
“ပြန်ရအောင်” လင်းချင်းက ပြောသည်။ ထို့နောက် သူမသည် ထွက်လာကာ နံရံကိုခုန်တက်လိုက်သည်။ အဘိုးသည်လည်း ဧည့်ခန်းထဲကို တစ်ချက်ကြည့်ကာ လင်းချင်း၏ အနောက်သို့ လိုက်လာသည်။
နာရီအချို့ တိတ်ဆိတ်သွားပြီးနောက် လူတစ်စုသည် ဒီနေရာသို့ ခက်ခဲစွာဖြင့် ရောက်လာကြသည်။ သူတို့သည် အပြင်က ဇွန်ဘီအုပ်ကို မနည်းဖြတ်ကျော်လာပြီးသည့်အခါ သူတို့သည် ရိုင်းဆိုင်းယုတ်မာ ကြမ်းတမ်းသည့် ဓားပြများဖြင့် ရင်ဆိုင်ရတော့မည်ဟု ထင်ခဲ့ကြသည်။ သို့သော်လည်း အနားသို့ ရောက်လာသည့်တိုင်အောင် ဘာအသံမှ မကြားရပေ။
ဒီနေရာ၏ လုံခြုံမှုကို သေချာစစ်ပြီးမှ သူတို့သည် နံရံကို ကျော်တက်လာကြသည်။ ထိုအခါ ခြံထဲတွင် လင်းချင်းပုံထားခဲ့သည့် အလောင်းများကို တွေ့ကြသည်။ ဒီလိုအခြေအနေတွင် အလောင်းက ကြောက်စရာ မဟုတ်တော့ဘဲ ရှင်နေသည့်သူဖြင့် ကြုံရသည်ကမှ ကြောက်စရာဖြစ်သည်။ အနားသို့ သေချာကပ်ကြည့်သည့်အခါ ဓားပြအလောင်းတို့ဖြစ်မှန်း သေချာသိသွားကြသည်။ ခေါင်းဆောင်ကလွဲ၍ ဓားပြတိုင်း၏ အလောင်းတို့က ရှိနေသည်။
“ဘာ. . .ဘာဖြစ်တာလဲ? အကုန်သေသွားတာလား?”
“ခေါင်းဆောင်ရဲ့ အလောင်းက ဒီမှာမရှိဘူး!”
“အလောင်းတစ်ချို့က ထူးဆန်းတယ်။ ဘာဖြစ်လို့ ခြောက်ကပ်နေတာလဲ?”
“ဒါကိုကြည့်. . .ခေါင်းဖွင့်ခံထားရတယ်”
သူတို့သည် အလောင်းများကို သေချာစစ်ကြည့်သော် ဇွန်ဘီကိုက်ဖြဲခံထားရသည့် ဒဏ်ရာမျိုးကို မတွေ့ရပေ။
“သူတို့ကို တစ်ယောက်ယောက်က သတ်သွားတာလား?”
“ဖြစ်နိုင်တယ်. . .ခေါင်းကွဲနေပင်မယ့် နှလုံးတွေ ပျောက်မနေဘူး။ ပြီးတော့လည်း သူတို့ဦးနှောက်တွေကို စားမထားတော့ သူတို့ကို အဆင့်မြင့်ဇွန်ဘီက သတ်သွားတယ်လို့ မထင်ဘူး”
“ဒါပင်မယ့် ဒီနှစ်ယောက်လုံးက အဆင့်၆တွေ။ ဘယ်အဆင့်မြင့်တဲ့သူက သူတို့ကို တစ်ချိန်တည်းသတ်သွားနိုင်တာလဲ?”
“အထဲကိုလာကြ!!!” ထိုအချိန်တွင် ဧည့်ခန်းထဲသို့ ရောက်သွားသည့်သူက အပြင်ကလူများကို လှမ်းခေါ်သည်။ သူတို့သည် ချက်ချင်းဝင်လာကြသည့်အခါ ထောင့်တစ်ခုတွင် ဓားစာခံသုံးယောက်ကို တွေ့သွားကြသည်။
ကောင်မလေးသည် ထောင့်တွင်ခြေထောက်ကိုပိုက်ထိုင်၍ ကွေးနေသည်။ သူတို့လာသည့်အခါ သူမသည် ခေါင်းထောင်ကြည့်သည်။ ကောင်လေးနှစ်ယောက်ကတော့ လင်းချင်းထားခဲ့သည့် ပုံစံအတိုင်း ဆက်လဲနေကြသည်။
သူတို့သည် ချက်ချင်းပဲ ကောင်မလေးနှင့် ကောင်လေးတို့၏ကိုယ်များကို စိတ်ပူစွာဖြင့် စစ်ဆေးကြည့်ကြသည်။ ထို့နောက် သူတို့သည် သေနေသည့် ဓားပြများကို ထပ်တောင်သတ်ချင်စိတ် ပေါက်လာကြတော့သည်။
ကောင်မလေးကို ဘာဖြစ်ခဲ့သလဲဟု မမေးရဲကြပေ။ ကောင်မလေး၏ မှိုင်းကျနေသည့် မျက်လုံးများကြောင့် သူတို့မေးလိုက်ပါက ပိုခံစားရသွားမည်ကို စိုးရိမ်နေကြသည်။ သူတို့ကို ပြန်ရှင်တွေ့သလို အသက်ရှင်နေကြသေးသည်။ ဒါဆိုရင်ကို လုံလောက်ပါပြီ။
ထို့အတူ ကောင်မလေးသည်လည်း စကားတစ်ခွန်းမှကို မဟပေ။
. . .
လင်းချင်းနှင့် အဘိုးတို့သည် ဟိုတယ်လေးသို့ ပြန်ရောက်လာသည့်အခါ ချူးလီလီက လင်းချင်း၏ဘေးသို့လာသည်။
“ဘယ်လိုလဲ? သူတို့ထွက်ပြေးသွားပြီလား?” ချူးလီလီသည် ချောမွေ့နေသည့်လေသံဖြင့် မေးသည်။
လင်းချင်းက သူမကိုကြည့်ကာ “တစ်ယောက်ကပြေးပြီ။ ကျန်တဲ့သူတွေကိုတော့ ငါသတ်လိုက်တယ်!”
ချူးလီလီသည် နှုတ်ခမ်းလေးကိုဆူကာ မကျေမနပ်ဖြင့် “ဓားပြတွေက အဆိုးဆုံး။ သူတို့က ဇွန်ဘီတွေထက်တောင် ဆိုးသေးတယ်။ လူတွေကို စားတယ် ပြီးတော့လည်း ယုတ်မာကြတယ်”
လင်းချင်းသည် သူမ၏ပုခုံးကို ပုတ်လိုက်ကာ “သူတို့နဲ့ဝေးဝေးနေ!” စကားပြောရင်း လင်းဖန်တို့အခန်းဆီသို့သွားသည်။ သူမအလျင်စလို လျှောက်နေသဖြင့် ချူးလီလီသည် အနောက်ကနေ အမှီလိုက်ကာ မေးသည်။ “ဘာဖြစ်လို့လဲ?”
“ဒီနေရာကနေ ထွက်သွားမှ ရမယ်။ လင်းဖန်ကို အခြေအနေ ရှင်းပြရမယ်” လင်းချင်းက ပြောသည်။
ချူးလီလီသည် ခေါင်းငြိမ့်သည်။ “ဟုတ်”
ထို့နောက် လင်းချင်း၏အနောက်သို့ စိတ်ဝင်စားမှုမရှိဘဲ ဆက်လိုက်လာသည်။ လင်းချင်းသည် လင်းဖန်၏အခန်းသို့ ရောက်သည့်အခါ ဝေ့ကျန်းချန်က တံခါးကို စောင့်နေသည်။
“လင်းဖန်အထဲမှာလား?”
ဝေ့ကျန်းချန်သည် ခေါင်းငြိမ့်ကာ တံခါးမဖွင့်ခင် “ကပ္ပတိန်ကြီး လုမိန်းကလေး ရောက်လာပါတယ်”
“ဝင်ခိုင်းလိုက်” လင်းဖန်၏အသံက အထဲကနေ ထွက်လာသည်။
ဝေ့ကျန်းချန်သည် တံခါးကိုဖွင့်ပေးကာ လင်းချင်းကို ဝင်ဖို့လက်ပြသည်။
လင်းချင်းနှင့် ချူးလီလီတို့သည် အခန်းထဲတွင် လင်းဖန်၊ အမျိုးသမီးလင်း၊ လီကျန်း၊ လဲ့ယောင်နှင့် အခြားသူများသည် မြေပုံဖြန့်တင်ထားသည့် စားပွဲကိုဝိုင်းထိုင်နေသည်ကို တွေ့လိုက်ရသည်။
“ဒီနေရာနဲ့ ဒီနေရာ ငါတို့မြို့ပေါ်ကို သွားဖို့လမ်းရှာရမယ်။ လမ်းမှာ ဆီဆိုင်တွေများတော့ ငါတို့ဆီလည်းရှာဖို့လိုတယ်” လင်းချင်း ဝင်လာသည့်အခါ လင်းဖန်သည် ခေါင်းမော့မကြည့်ဘဲ ပြောနေတာ ဖြစ်သည်။
လင်းချင်းသည် မြေပုံကိုတစ်ချက်ကြည့်ကာ သူတို့ကို ပြောသည်။ “ငါတို့ မြေပုံကို အခုကြည့်ဖို့ မလိုတော့ဘူး။ ငါတို့ပင်လယ်မြို့တော်စခန်းကို သွားပြီးတော့ ယွမ်ထန်ရှင်းကို အရင်ရှာမှပဲ”
သူမပြောသည်ကို ကြားသည့်အခါ အခြားသူများသည် နားမလည်စွာဖြင့် သူမကို မော့ကြည့်ကြသည်။ လင်းဖန်က “ဘာဖြစ်လို့လဲ? တစ်ခုခုဖြစ်လို့လား?”
လင်းချင်းသည် နောက်ကိုပစ်ထားသည့် သူမလက်ကို ထုတ်ပြလိုက်သည်။ သူမ၏လက်ဝါးနှင့် လက်ချောင်းများတွင် သွေးများဖြင့် ရွှဲနေသည်။ “တစ်ခုခု ဖြစ်တာပေါ့. . .လူတစ်စုကို သတ်လာခဲ့တာ”