၂၁၁။ နောက်တစ်ကောင်
လင်းချင်းသည် လုထန်ရိကို အံ့သြစွာ တစ်ချက်ကြည့်လိုက်သည်။ သူမကို ဒီလိုအီစီကလီစကားမျိုး ပြောလိမ့်မည်ဟု မထင်ခဲ့ပေ။ သူတို့မောင်နှမသည် ဒီလောက် ရင်းနှီးကြမည်ဟု လင်းချင်းသည် မယုံကြည်ပေ။ ‘ဘယ်လိုများ ဒီလိုဟာသမျိုး လာနောက်နေတာလဲ? ပြီးတော့ ငါက သူတို့အကုန်လုံးနဲ့ လက်ထပ်ပေးရတာက သိပ်ပြဿနာမရှိပင်မယ့် ငါ့လိုဇွန်ဘီတစ်ကောင်နဲ့ သူတို့က လက်ထပ်ရဲမှာတဲ့လား?’
ကောင်းချင်းမင်းသည် ချောင်းဟန့်၍ ပြောသည်။
“ဒါကနင့်နယ်မြေဆိုတော့ ငါဒီနယ်မြေထဲမှာ ဘာပဲလုပ်လုပ်. . .သိတယ်မလား?”
လင်းချင်းသည် သင်ပုန်းကိုယူ၍ ခေါင်းငြိမ့်ကာ ရေးပြသည်။ ‘နင်တို့ကိုယ်တွေ ငါမြင်သွားမှာကို ကြောက်နေတာလား?’
ဒီလူစုသည် သူမ၏နယ်မြေထဲတွင် ဗိုက်တင်းအောင် ချက်ပြုတ်စားသောက်ခြင်းပဲ လုပ်နေသောကြောင့် အနည်းငယ်ပျင်းနေကြောင်းကို နားလည်ပါသည်။
လင်းချင်း၏စာကိုဖတ်၍ ကောင်းချင်းမင်းက ပြုံးသည်။ သူ့၏ချောမောသည့် မျက်နှာတွင် နတ်ဆိုးလိုအပြုံးဖြစ်တည်လာသည့်အခါ ပုံမှန်မိန်းကလေးများသည် ကြွေသွားနိုင်သည်။ ဒီလိုအပြုံးဖြင့်
“ငါတို့က ယောက်ျားတွေ။ နင်ကမိန်းမပဲ။ ငါတို့ကတော့ သေချာပေါက် စိတ်ထဲမထားပါဘူး။ အသားပဲ့ပါတာမှ မဟုတ်တာ”
ထိုစကားကြားသည့်အခါ လင်းချင်းသည် အမှုအယာမရှိသည့် မျက်နှာဖြင့် ‘ဒါဆိုလည်း ရေသွားချိုးကြ။ အဝတ်တွေအကုန်ချွတ်ပြီး လျှော်လိုက်ကြဦး’
လုထန်ရိသည် တစ်ခုခုက မမှန်သလို ခံစားရသောကြောင့် ဖြတ်မေးသည်။ “ခနလေး! ဇွန်ဘီဘုရင်က သေပြီမလား? ဘာဖြစ်လို့ ငါတို့ထွက်မရတာလဲ? ပြီးတော့လည်း ဒီရက်ပိုင်း အပြင်မှာ နင်ဘာလုပ်နေတာလဲ?” သူ့လေသံသည် သူတို့အား ဒီနယ်မြေထဲတွင် လှောင်ပိတ်ထားသလို ခံစားရသောကြောင့် မေးတာမျိုး ဖြစ်သည်။
သူ့မေးခွန်းကြောင့် လင်းချင်းသည် အနည်းငယ်ရှက်သွားသည်။ သူတို့စခန်းခေါင်းဆောင်၏ ရတနာကို သူမကခိုးလာကြောင်း ဘယ်လိုပြောရမည်နည်း? တကယ်လို့ အခုအပြင်ထွက်ရင် ဝူချန်းယွဲ့သည် သေချာပေါက် အာရုံခံမိကာ လိုက်ရှာ၍ မေးခွန်းများ မေးလိမ့်ဦးမည်။ ဒီလိုဖြစ်ရင် ပေါ်သွားမှာပင်။
ခနတွေးပြီးနောက် လင်းချင်းသည် လိမ်လိုက်သည်။ ‘အပြင်မှာ နောက်ဇွန်ဘီဘုရင်တစ်ကောင်ရှိတယ်’
“ဘာ! နောက်တစ်ကောင်! တစ်ကောင်တည်း မဟုတ်ဘူးလား?” အခြားသူများသည် မျက်နှာများ ပျက်ယွင်းကုန်ကြသည်။
‘မဖြစ်နိုင်တာ! နောက်တစ်ကောင်လား! ငါတို့မှာ တစ်ကောင်ဆီက သတ်ခံရမလို ဖြစ်နေတာ အခုတော့ နောက်တစ်ကောင် ထပ်ပေါ်လာပြန်ပြီလား!’ လျူကျင်းက မေးလာသည်။ “ကြည့်ရတာ ဇွန်ဘီဘုရင်နှစ်ကောင် တိုက်နေတုန်း မိုးကြိုးနဲ့ကောင်သေတော့ အမကြီးက ချက်ချင်းဇွန်ဘီခေါင်းကို ခိုးလာတာမလား?”
အခြားသူများသည် လင်းချင်းကို မတူညီသည့် အမှုအယာများဖြင့် ကြည့်လာကြသည်။ ဒါကအမှန်ဆိုလျှင် အပြင်သို့ထွက်ပါက သူတို့သည် နောက်တစ်ကောင်ထံမှာ စားခံရလိမ့်မည်။
လင်းချင်းသည် လျူကျင်း၏အတွေးကို သဘောကျသွားသည်။ သူပြောသည်မှာ မှန်သော်လည်း ဇွန်ဘီဘုရင်နှင့် စွမ်းအားရှင်ဖြစ်နေခြင်းသာ ကွာခြားတာ ဖြစ်သည်။ သူမခိုးလာသည်မှာ ဇွန်ဘီဆီက မဟုတ်သော်လည်း သူတို့အခု နယ်မြေထဲကထွက်လျှင် ကောင်းတာမရှိတာတော့ အမှန်ပင် ဖြစ်သည်။ ထို့ကြောင့် လျူကျင်းအား လက်မသာ ထောင်ပြလိုက်သည်။
အခြားသူများသည် အံ့သြ၍ အကျယ်ကြီးအော်ပြောလာသည်။ “မဖြစ်နိုင်ဘူး ဇွန်ဘီဘုရင်တစ်ကောင်ကို ရင်ဆိုင်လာတော့ နောက်တစ်ကောင်ကို အခုဘယ်လိုလုပ်ပြီး ယှဉ်နိုင်မှာလဲ?”
လင်းချင်းသည် ခေါင်းမော့ကြည့်ကာ ဂရုမစိုက်သလို ပုခုံးတွန့်ပြ၍ ရေးပြသည်။ ‘ငါကဘာကိုကြောက်ရမလဲ? ငါထွက်သွားချင်လည်း ဘယ်သူမှ သိမှာမဟုတ်ဘူး’ ဝူချန်းယွဲ့က အပြင်မှာရှိသော်လည်း လင်းချင်းသည် အသံသေးသေးလေး တစ်ခုမှ မထွက်ဘဲ ထွက်ပြေးလာ၍ ရသည်။
ထိုအချိန် အပြင်ဘက်က ဝူချန်းယွဲ့သည် သစ်ပင်မြင့်တစ်ခုက သစ်ကိုင်းတွင်ထိုင်ကာ မျက်လုံးကိုမှိတ်ထား၍ စောင့်နေသည်။ သူခိုးသည် သေချာပေါက် ပြန်ပေါ်လာမည်ကို သူယုံကြသည်။ မျက်နှာကို မမြင်လိုက်ရသော်လည်း အရှိန်အဝါကို မှတ်မိလိုက်လေရာ ငါးမိုင်ပတ်လည်တွင် ပြန်ပေါ်လာပါက သူ့၏ထက်မြက်သည့် အာရုံသိကြောင့် အာရုံခံမိမှာ သေချာလေသည်။
သို့သော်လည်း သူ့ကိုစောင့်နေသည့် ရှောင်ယွင့်လုံတို့သည် ဒုက္ခရောက်တော့မည်။ သူတို့နားသို့ ငါးပေလောက်ပဲရှိသည့် အလွန်ပိန်သည့် သဏ္ဍာန်လေးက ကပ်လာသည်။ ထိုအရာသည် ဆံပင်တိုဖြင့် ဆယ့်လေးနှစ်အရွယ် မိန်းကလေး ဖြစ်သော်လည်း လူသားလို မဟုတ်တော့ဘဲ အပြုအမှုများက ပုံမှန်မဟုတ်တော့ပေ။
မျက်နှာတစ်ဝက်လောက်ကို အကြေးခွံများဖြင့် ဖုံးထားကာ ခြေပြောင်တွင် ခြေသည်းများက ချွန်ထက်စွာ ထွက်နေသည်။ မျက်လုံးများက အစိမ်းဖျော့ဖျော့ဖြင့် ဖြစ်ကာ သူငယ်အိမ်သည် ကန့်လန့်ဖြစ်သည်။ ထိုမျက်လုံးများသည် မြွေနှင့်တူသော်လည်း တိတိကျကျတော့ မဟုတ်ပေ။ မျက်လုံးအောက်တွင် ပန်ဒါလို မျက်တွင်းမည်းကြီးများကလည်း ကျနေသေးသည်။
သူမသည် သန့်ပြန့်နေသည့် အဖြူရောင်ရှပ်နှင့် ဒူးဖုံးအနက်ရောင်စကပ်ဖြစ်သည့် ကျောင်းဝတ်စုံကို ဝတ်ထားသည်။ သူမ၏ ခြေထောက်များက ပေါ်နေလေရာ ဒူးနားတွင် အကြေးခွံများကလည်း ခပ်ဖျော့ဖျော့ တောက်ပနေသည်။ စကတ်နောက်တွင် အမြီးရှည်တစ်ခုက ထွက်နေကာ သူမ၏ နှေးကွေးသည့် အပြုအမှုများအလိုက် လှုပ်ယမ်းနေသည်။
သူမသည် ဖိနပ်မစီးထားပေ။ စီးချင်ရင်တောင်မှ သူမ၏ ချွန်ထက်ကာ ကွေးကောက်နေသည့် ခြေသည်းစွယ်များကြောင့် မစီးနိုင်ပေ။ ဘယ်ဖိနပ်မဆို ဒီခြေသည်းများကြောင့် စုတ်ပြတ်သွားမည်သာ။ သူမ၏ ကြောက်ဖို့ကောင်းကာ ထူးဆန်းသည့်ပုံကလွဲလျှင် မျက်လုံးစိမ်းများက စိတ်ရှုပ်ကာ ထိုင်းမှိုင်းနေသလိုနှင့် ဘာအသိမှမရှိသလို ဖြစ်နေသည်။
သူမသည် လမ်းဘေးက သစ်ပင်ပေါ်တွင် ရပ်လိုက်ကာ သစ်ပင်ကို လက်တစ်ဖက်တင်ရင်း အနံ့ခံကြည့်နေသည်။ ထို့နောက် မျက်လုံးထဲမှ ထိုင်းမှိုင်းမှုများကို သိချင်စိတ်တို့က အစားထိုးသွားသည်။ သူမသည် ပျော်ရွှင်စွာပြုံးကာ သစ်ပင်ပေါ်မှ လမ်းပေါ်သို့ ခုန်ဆင်းလာသည်။
အနားတွင် လူသားအချို့ရှိနေကြောင်းကို သူမ၏ အနံ့ခံအာရုံက ပြောနေတာ ဖြစ်သည်။ ထိုအနံ့များကြားတွင် သူမသည် သဘာဝကျစွာဖြင့် စိတ်ရှင်းသန့်စရာ အနံ့နှစ်ခုကို သူမရလေရာ အရမ်းသက်သောင့်သက်သာရှိသွားသည်။ ဒါတွေကို သူမသည် အရမ်းကို ကြိုက်နှစ်သက်သည်။ အနားသို့ ကပ်လာလေလေ သူမ၏မျက်လုံးများက တောက်လေလေ ဖြစ်သည်။
သူမနှင့် သိပ်မဝေးသည့် နေရာတွင် ရှောင်ယွင့်လုံတို့သည် စွန့်ပစ်ထားသည့် အိမ်ယာတွင် နားနေကြသည်။ သူတို့သည် အဆောက်အဦးထဲက ဇွန်ဘီများကို ရှင်းလင်းပြီးနောက် အတော်လေး သန့်ရှင်းသည့် အခန်းတွင် နားနေကြသည်။
ထိုအချိန်တွင် သူတို့စိတ်ပူစရာမရှိပေ။ အဆောက်ဦးထဲက ဇွန်ဘီများအကုန်လုံးကို သတ်ပစ်ပြီးနောက် ပထမထပ်က တံခါးကို ပိတ်လိုက်သည်။ အဆောက်အဦးနားက သာမန်ဇွန်ဘီများသည် တံခါးမဖွင့်တက်သဖြင့် သူတို့သည် အပြင်မှာသာ အုံခဲ့နေကြတာ ဖြစ်သည်။ တပ်သားများသည် တံခါးနောက်က လှေကားနားတွင် စောင့်နေကာ ဒုတိယထပ်နှင့် တတိယထပ်တွင် နှစ်စုခွဲကာ ခေါင်းဆောင်များဖြင့် ၁၀ယောက်တစ်ဖွဲ့စီ စောင့်ကြပ်နေကြသည်။
ရှောင်ယွင့်လုံသည် မုန့်ယွဲ့ရှာပေးထားသည့် သပ်သပ်ရပ်ရပ်ရှိသည့် အခန်းထဲသို့ ဝူယွဲ့လင်းကို ချီခေါ်လာသည်။ တပ်သားများက သန့်ရှင်းရေးလုပ်ပေးပြီးနောက် သူတို့က ဝင်လာတာ ဖြစ်သည်။ ဝူယွဲ့လင်းက အချီခံထားသဖြင့် သူ့မှာမှော်ဆန်သလို ခံစားနေရသည်။
‘နောက်ဆုံးတော့ ငါ့ကိုခေါင်းကိုင်အဖေအဖြစ် အသိအမှတ်ပြုလိုက်ပြီမလား?’
ဒီရက်ပိုင်းတွင် သူမနှင့် အတူဆော့ပေးနေရ၍ သူအတော်ပျော်ရွှင်နေသည်။ “တစ်ချက်လောက်ပဲပြပါ! ကပ်စေးမနည်းနဲ့! ဒါကမြက်ပုစဉ်းရုပ်လေးတစ်ရုပ်ပဲကို! သမီးရဲ့ ခေါင်းကိုင်ဖေဖေကို ပြပါဦး။ ခေါင်းကိုင်ဖေဖေက ပိုကောင်းတဲ့ အသစ်တစ်ခုလုပ်ပေးမယ်လေ”
ဝူယွဲ့လင်းက သူမကိုယ်ဖြင့် အရုပ်လေးကို ဖွက်ထားကာ သူ့အား သတိအပြည့်ဖြင့် မျက်လုံးကြီးကြီးများဖြင့် ကြည့်နေခြင်းကို ရှောင်ယွင့်လုံသည် ထိုင်ခုံပေါ်တွင်ထိုင်ရင်း ကြည့်နေသည်။
ရှောင်ယွင့်လုံဘေးက မုန့်ယွဲ့ကတော့ မြက်ပင်အချို့ဖြင့် အလုပ်များနေသည်။ သူမသည် ကြိုးစားလုပ်သော်လည်း မြက်ပုစဉ်းရုပ်ကို တူအောင် မလုပ်နိုင်ပေ။ ခနကြာတော့ သူမသည် စိတ်မဝင်စားတော့ဘဲ မြက်များကို ရှောင်ယွင့်လုံအား ပစ်ပေးကာ
“အချိန်ယူပြီးလုပ်ကြည့်။ ငါတော့မရဘူး”