May Honey Logo May Honey
Previous Next

၂၃၁။ ကပ်စေးနဲတဲ့ယောက်ျား

နယ်မြေထဲကို ဝင်လိုက်သည်နှင့် လင်းချင်းသည် ရှဲ့တုန်းကို ထားခဲ့ကာ မျက်လုံးမှိတ်လိုက်ပြီး ကိုယ်ဖျောက်၍ အပြင်သို့ ထွက်လာသည်။ ဇွန်ဘီမငယ်၏ စိတ်မပျော်စွာဖြင့် အော်နေသံကို ကြားသည့်အခါ သူမသည် ခပ်ဖွဖွပြုံးလိုက်သည်။ ထို့နောက် အဆောက်အဦးများပေါ်သို့ ခုန်တက်၍ ထွက်လာခဲ့တော့သည်။

သူမသည် လုပ်စရာရှိသည်ကို လုပ်ရဦးမည်။ လုထန်ရိတို့လူများနှင့် ကလေးမလေးသည် သူမ၏တာဝန်များကို အကြိမ်ကြိမ်အခါခါ နှောင့်နှေးစေသဖြင့် သူမသည် သိုလှောင်ရုံများကို ရှာဖို့အချက်အလက်ကို မရှာနိုင်ခဲ့ပေ။

တစ်ဖက်တွင်တော့ လုထန်ရိသည် ရှောင်ယွင့်လုံအား မေးနေသည်။   “ဘယ်လိုလုပ် ဇွန်ဘီဘုရင်မနဲ့ တိုးတာလဲ? သူ့မှာဘာအစွမ်းရှိတာလဲ?”

အခြားသူများသည်လည်း မုန့်ယွဲ့ကို ကျောပိုးထားသည့် ရှောင်ယွင့်လုံကို သိချင်စွာဖြင့် ကြည့်လိုက်ကြသည်။ ဘယ်လိုလုပ်ပြီးတော့ ဇွန်ဘီဘုရင်မက မင်းသမီးလေးကို ခေါ်သွားသလဲကို သိချင်နေကြတာ ဖြစ်သည်။

ရှောင်ယွင့်လုံကဖြေသည်။   “ငါတို့ဆီလာတာ။ မုန့်ယွဲ့တောင်မှ အာရုံမခံမိခဲ့ဘူး။ သိလိုက်တဲ့အချိန်မှာ ငါတို့တံခါးရှေ့ကို ရောက်နေနှင့်ပြီ။ ပြတင်းပေါက်ကနေ ငါတို့ခုန်ချလာပင်မယ့် သူကတကယ်မြန်တယ်။ ငါတို့ကားမောင်းပြေးလာတာ ဝေးဝေးကို မရောက်ခင်မှာပဲ ကားကိုမှောက်အောက် လုပ်လိုက်တယ်။ မုန့်ယွဲ့နဲ့ လင်းလင်းက ကားထဲမှာ။ ကားဆီကို ငါရောက်သွားတော့ လင်းလင်းက ပျောက်သွားပြီ”   သူပြောပြီးသည့်အခါ အနည်းငယ်စိတ်မကောင်းဖြစ်စွာ ခေါင်းကိုငုံ့လိုက်သည်။

ဝူချန်းယွဲ့သည် သူ့သမီးကို ပွေ့ချီထားရင်းက ကျောကို ပွတ်ပေးနေသည်။ သူ့သမီးကိုယ်ထဲက စွမ်းအားများသည် ချိုးဖောက်သွားပုံရသဖြင့် သူ့သမီး၏ အစွမ်းများက နိုးထသွားပြီးလားဟု သူတွေးမိသွားသည်။

လုထန်ရိတို့ကိုကြည့်ကာ သူမေးသည်။   “အဲ့ဒီမိန်းမက ဘယ်လိုလုပ် ဇွန်ဘီဘုရင်မနဲ့ တွေ့တာလဲ? လင်းလင်းကို သူ့ဆီကနေ ခေါ်လာရဲတယ်ဆိုတော့. . .ဘယ်လိုများလုပ်လိုက်တာလဲ?”

လုထန်ရိနှင့် ကောင်းချင်းမင်းတို့သည် ပြုံးသွားကြကာ လုထန်ရိက    “ငါတို့မပါဘူး။ သူတစ်ယောက်တည်း”

ဝူချန်းယွဲ့နှင့် ရှောင်ယွင့်လုံတို့သည် အံ့သြသွားကြသည်။ ကောင်းချင်းမင်းက   “သူ့မှာနယ်မြေရှိတယ်။ လဝက်လောက်က တခြားနေရာမှာ ငါတို့ရှိနေကြတာ။ အဆင့်ငါးဇွန်ဘီအုပ်က ငါတို့ကိုဖမ်းပြီးတော့ မြို့ပေါ်ကို ခေါ်လာတာ။ သူကရုတ်တရက် ပေါ်လာပြီးတော့ ငါတို့ကိုကယ်ပေးသွားတာပဲ။ နောက်တော့ သူ့နယ်မြေထဲမှာပဲ ငါတို့နေကြတယ်။ ဘာဖြစ်ခဲ့မှန်းမသိခင်မှာကို လင်းလင်းကို သူကနယ်မြေထဲကို ခေါ်လာတာ”

ဝူချန်းယွဲ့နှင့် ရှောင်ယွင့်လုံတို့သည် အချင်းချင်းတစ်ချက်ကြည့်ကာ လင်းလင်းကို ကြည့်ကြသည်။ ဝူချန်းယွဲ့သည် သက်ပြင်းချကာ ပြောသည်။   “ကံကောင်းတာက ဇွန်ဘီဘုရင်မက လင်းလင်းကို ထိခိုက်အောင်မလုပ်လို့ မဟုတ်ရင်. . .”

“ငါတို့အခုဘာဆက်လုပ်ကြမှာလဲ?”   ရှောင်ယွင့်လုံက မေးသည်။   “မင်းဇွန်ဘီအမြူတေက ခိုးခံလိုက်ရပြီမလား? ငါတို့နောက်အဆင့်၆ဇွန်ဘီရှာကြမလား? ဒါကိုပြောမှ မင်းက အတော်ကပ်စီးနှဲတာပဲကွာ။ လင်းလင်းကို ကယ်ပေးတဲ့သူ့ကိုမှ မင်းကဇွန်ဘီအမြူတေကို လိုက်ကပ်နေသေးတယ်။ ဇွန်ဘီအမြူတေက မင်းရဲ့သမီးအသက်ထက် အရေးပါနေလို့လား?”

အမိုးပေါ်တွင် ကြားရသလောက် ဝူချန်းယွဲ့ကိုက်လိုက်သည့် အမျိုးသမီးမှာ အမြူတေကို ခိုးသွားခဲ့ပုံရသည်။ ဝူချန်းယွဲ့ ဒေါသထွက်နေပုံအရဆိုလျှင် သူမက မိုးကြိုးဇွန်ဘီအမြူတေကို ခိုးသွားခဲ့ပုံပင်။ အခြားသူများသည်လည်း ခေါင်းငြိမ့်လိုက်ကြသည်။

“ဟုတ်တယ်!”   ဝူချန်းယွဲ့လို သဘောကောင်းကာ နူးညံ့သည့်သူက ဒီလောက်ကပ်စေးနှဲမည်ဟု သူတို့မသိကြပေ။

ဝူချန်းယွဲ့သည် ရှောင်ယွင့်လုံအား အပြုံးဖွဖွဖြင့် ပြောသည်။   “မင်းငါ့အကြောင်းကို အခုမှသိတာလား? ပြီးတော့လည်း ငါက သူ့ကို လွှတ်မပေးဘဲ နေလို့လား? ငါကျေးဇူးတင်ကြောင်းပြောလိုက်ပြီးတော့ နောက် သူငါ့ကို အကူညီလာတောင်းရင်လည်း ငါကူညီပေးမှာပဲ”  
  
ရှောင်ယွင့်လုံသည် မျက်လုံးလှန်လိုက်ကာ   “မင်းသူ့ကို ကိုက်လိုက်တာလေကွာ! မင်းရှုံးသွားတာတောင်မှ ကိုက်ချလိုက်သေးတယ်! မင်းဒီလိုလုပ်မယ်လို့ ငါယုံတောင်မယုံနိုင်ဘူး”

ဝူချန်းယွဲ့သည် သူ့အားစောင်းကြည့်ကာ ပြုံးရင်း   “ငါဘာပြောခဲ့လဲ? မင်းသေချာမကြားဘူးထင်တယ်!”

ရှောင်ယွင့်လုံသည် တစ်ဖက်သို့ လှည့်သွားကာ   “မင်းက ကပ်စေးနှဲတဲ့ကောင်ပဲ! အမြဲတမ်းမင်းက ဒီလိုပဲ! လာငြင်းမနေနဲ့!”

ထိုအချိန်တွင် အခြားသူများသည် ဝူချန်းယွဲ့ကို အံ့သြစွာ ကြည့်နေကြသည်။ သူတို့သည် အရေးကြီးတာတစ်ခုကို သိလိုက်ရသဖြင့် သူတို့ကို နှုတ်ပိတ်ရန် သတ်လိုက်မလားလို့ စိုးရိမ်လာကြမိသည်။

ဝူချန်းယွဲ့သည် ပြုံးရင်းဖြင့်   “ဟုတ်တယ်။ ငါကကပ်စေးနှဲတယ်။ အဲ့ဒီတော့ ဘာဖြစ်လဲ? ငါတို့ယာယီစခန်းချထားတဲ့ နေရာကိုပဲ မြန်မြန်သွားရအောင်။ မုန့်ယွဲ့အခြေအနေက မကောင်းတာကို မင်းက ဒီကို ဘာဖြစ်လို့ ခေါ်လာတာလဲ?”

ရှောင်ယွင့်လုံသည် သူကျောပိုးထားသည့် မုန့်ယွဲ့ကိုတစ်ချက်ကြည့်ကာ   “လင်းလင်းဘာဖြစ်လဲကို ငါတို့ပြောဖို့လာပင်မယ့် မိုးရွာလာတယ်။ ဇွန်ဘီဘုရင်မက ဘယ်မှာရှိမှန်းမသိတော့ ယာယီစခန်းချထားတဲ့နေရာကို ငါတို့ပြန်သင့်မသင့်လည်း မသိတော့ဘူး”

ဝူချန်းယွဲ့သည် သူ့ကိုတစ်ချက်ကြည့်ကာ ငြိမ်သွားသည်။ သို့သော်လည်း ရုတ်တရက် လင်းလင်းပွေ့ထားခဲ့သည့် ယုန်ကိုသတိရသွားကာ မြင်ဖူးနေသလို ခံစားလိုက်ရသည်။   ‘ဘာဖြစ်လို့ ယုန်ကိုမစားတာလဲ? ဘာဖြစ်လို့ သိမ်းထားတာလဲ?’   ဒီမိန်းမကို သူနားမလည်နိုင်တော့ဘူးဟု သူခံစားလာရသည်။

တစ်ဖက်တွင်တော့ လင်းချင်းသည် စီမံရေးရုံးကို ရှာတွေ့ဖို့အတွက် ရက်အချို့ကြာခဲ့သည်။ ထိုအချိန်တွင် သူမကို ဇွန်ဘီမငယ်ကလည်း လိုက်ရှာနေသည်။ သို့သော်လည်း ကိုယ်ပျောက်နေသည့် လင်းချင်းကို ဘယ်သူကမှ မရှာနိုင်ပေ။ 

လင်းချင်းသည် စီမံရေးရုံးက မြေပုံများစွာကို ကြည့်ပြီးတော့ ဟန်ကျိုးမြို့၏ ပထဝီမြေအနေအထားကို ပိုနားလည်သွားသည်။ မြေပုံများမှ အမှတ်အသားများကြောင့် သူမသည် သိုလှောင်ရုံအချို့ကို တွေ့ခဲ့သည်။ ဆန်၊ ဂျုံ၊ ဆီ၊ ဆားနှင့် အခြားအစာများသည် ကောင်းနေဆဲပင်။ ၃၀ရာခိုင်နှုန်းလောက်က ပျက်စီးသွားသော်လည်း ကျန်တာများက စား၍ရဆဲပင်။ လင်းချင်းသည် ထိုအစာအမြောက်အများကို သူမ၏နယ်မြေထဲသို့ ထည့်သည်။

သူမ၏တာဝန်က ပြီးသွားသဖြင့် သူမသည် ကောင်းမည့်နေရာအချို့ကို မြို့တွင်ရှာခဲ့သည်။ သို့သော်လည်း ဇွန်ဘီမငယ်က ပြဿနာတစ်ခုဖြစ်နေသေးရာ လင်းချင်းသည် ချူးလီလီကိုသာ ကိုင်တွယ်ခိုင်းလိုက်မည်ဟု ဆုံးဖြတ်ထားလိုက်သည်။ သူမသည် ကားဆိုင်တွင် မောင်း၍ရသည့်ကားတစ်စီးတွေ့လေရာ မောင်းပြန်လာတော့သည်။ နောက်နေ့တွင်တော့ သူမသည် လင်းဖန်တို့နေသည့် မြို့မှ ဟိုတယ်သို့ ပြန်ရောက်လာသည်။

ဟိုတယ်နှင့်ငါးမီတာလောက်ကွာသည့်အခါ သူမသည် လမ်းမပေါ်တွင် သွားလာနေသည့် ဇွန်ဘီအုပ်ကြီးကို တွေ့လိုက်ရသည်။ သူမ၏အရှိန်အဝါကို ထုတ်လွှတ်လိုက်သည့်အခါ လမ်းဖယ်ပေးကြသော်လည်း ထွက်သွားကြမည့်ပုံတော့ မရှိပေ။

လင်းချင်းဖြတ်ကျော်သွားသည်နှင့် သူတို့သည် လမ်းပိတ်သွားကြပြန်သည်။ ဇွန်ဘီနံရံကိုဖြတ်လာပြီးသည့်နောက် လင်ချင်းသည် ကားပြတင်းပေါ်ကနေ ခေါင်းထုတ်လှည့်ကြည့်သည့်အခါ သူတိုသည် အပြင်ကိုမျက်နှာမှု၍ လျှောက်နေကြတာဖြစ်ကြောင်း သိလိုက်ရသည်။ ကြည့်ရသည်မှာ ချူးလီလီက သူတို့ကိုစောင့်ကြပ်ဖို့ အမိန့်ပေးခိုင်းထားပုံရသည်။

သူမသည် ခေါင်းပြန်ဝင်ကာ ဟိုတယ်သို့ မောင်းလာသည်။ ဟိုတယ်တွင် ကားထိုးပြီးနောက် သူမသည် ကလေးနှစ်ယောက်က ကစားနေသည်ကို မြင်လိုက်ရသည်။

“တုံတုံ ဒီမှာ! ဒီမှာ! ဟီး ဟီး ငါ့ကိုလာဖမ်းလေ!”
လင်းရှောင်လု၏ ရယ်သံလေးကို ကြားရသည်။ ကလေးနှစ်ယောက်သည် ကားပါကင်တွင် ပြေးတမ်းလိုက်တမ်းကစားနေကြသည့်ပုံပင်။

“မပြေးနဲ့!”   တုံတုံသည် လင်းရှောင်လု၏ နောက်ကနေ ပြေးလိုက်ရင်း အော်ပြောသည်။

ချန်းဝမ်ရှုနှင့် ကျွင်းကျွင်းတို့သည် အနားက ပန်းခင်းနားတွင်ထိုင်ကာ ကလေးနှစ်ယောက်ကို ကြည့်ရင်း စကားပြောနေကြသည်။ ချန်းဝမ်ရှုက   “ဘာမှမမှတ်မိဘူးလား? တကယ်လို့ နင်တို့နှစ်ယောက်ကို စွန့်ပစ်သွားတဲ့ ယောက်ျားကို ပြန်တွေ့ရင် နင်မှတ်မိပါ့မလား?”
Previous Chapter 231 of 410 Next