May Honey Logo May Honey
Previous Next

၃၀၈။ နင်ထပ်ပြီးတော့ သန်မာလာတယ်

သူမ၏ခေါင်းထဲက စွမ်းအင်အများစုသည် ဝူယွဲ့လျန်ဆီမှ ဖြစ်ပြီး သူမ၏အစွမ်းဟူ၍ သိပ်မကျန်တော့ပေ။ ဒါကြောင့် သူမ၏ဦးနှောက်ထဲမှ အစွမ်းများသည် ပိုသွက်လက်နေကာ မတည်မငြိမ်ဖြစ်နေတာ ဖြစ်သည်။

လျူကျွင်းသည် ဝူယွဲ့လျန်အား ဆိုဖာပေါ်သို့ ချပေးလိုက်ကာ နားမလည်သည့်ပုံ ဖြစ်နေသည်။ မတည်ငြိမ်ဖြစ်နေသည့် အစွမ်းများအပြင် လင်းချင်းနှင့် ပတ်သက်၍ သူမက မပြောတက်သည့် တစ်ခုခုက ရှိနေသေးသည်။

လင်းချင်း၏ အရှိန်အဝါသည် ထပ်ပြောင်းသွားသည်။ ထူးဆန်းသည့် အနံ့ကို ထပ်ပေါင်းရလျှင် လင်းချင်းသည် ဇွန်ဘီတစ်ကောင်၏အနံ့မျိုး မဟုတ်တော့ပေ။ လင်းချင်းထံတွင် ရှင်သန်ခြင်းတစ်ခုခုရှိနေသော်လည်း လူသားများလိုတော့ မဟုတ်ပြန်ပေ။

လင်းချင်း၏ အပြုအမှုအရဆိုလျှင် သူမသည် ကိုယ့်ကိုယ်ကို သတိထားမိပုံမရပေ။ ထို့အတူ လင်းချင်း၏အနံ့အသစ်စသည် ဝူယွဲ့လျန်နှင့် အနည်းငယ်ဆင်တူသည်။

လင်းချင်းသည် လျူကျွင်းက နားမလည်ဖြစ်စွာဖြင့် ထပ်သွားသည်ကို ကြည့်ရင်းခေါင်းရှုပ်ကျန်ခဲ့သည်။ သူမသည် ကိုယ်ကိုထပ်အနံ့ခံကြည့်ပြီးနောက် အဝတ်ပြန်ဝတ်လိုက်သည်။

ထို့နောက် လျူကျွင်းဆီသို့ လျှောက်သွားကာ မေးသည်။   “အောက်မှာ ဘယ်လောက်ကြာသွားလဲ?”

လျူကျွင်းသည် သူမ၏ဘေးတွင် နေရတာ ပျင်းနေပုံရသည့် တုံတုံကို သွားဆော့ခိုင်းလိုက်သည်။ ထို့နောက် ဝူယွဲ့လျန်ကို ပွေ့ထိုင်နေကာ ကလေးမလေး၏ ဆံပင်များကို သုတ်ပေးသည်။ လင်းချင်းမေးသည်ကိုကြားမှ တစ်ချက်မော့ကြည့်ကာ   “သုံးရက်လောက်”

လင်းချင်းသည် ဒီအဖြေကြောင့် အံ့သြသွားသည်။   “သုံးရက်တောင်လား? ကြာလိုက်တာ။ နွယ်လေးက ပင်ပန်းလွန်းလို့ အိပ်ချင်သွားတာ မဆန်းတော့ပါဘူး”

လျူကျွင်းသည် ခေါင်းငြိမ့်ပြသည်။

“ဪ လီလီတို့တွေ ပြန်လာသင့်ပြီမလား? ငါ့အထင် ကလေးမလေးကို သူ့အဖေဆီ အရင်ပြန်ပို့ပေးမှပဲ။ ခေါ်လာတုန်းက စာတစ်စောင်ပဲထားခဲ့တာ။ အဲ့လူက ဘာလုပ်မယ်မှန်း ငါတို့သိနိုင်တာ မဟုတ်ဘူး”   လင်းချင်းက ပြောသည်။

ထို့နောက်မှ သူမသည် ချူးလီလီက ယွမ်ထန်ရှင်းတို့ကို ပြန်ခေါ်ပြီးနောက် သူမ၏နယ်မြေထဲကို သူမဘာသာပြန်ဝင်လာ၍ မရသည်ကို ရုတ်တရပ် သတိရသွားသည်။ 

ဒီလိုတွေးရင်းဖြင့် လင်းချင်းသည် ဝူယွဲ့လျန်အား ခေါင်းသုတ်ပေးနေသည့် လျူကျွင်းတို့နားသို့ လျှောက်လာသည်။ သူမ၏ ဆံပင်သည် မခြောက်သေးသော်လည်း ရေများတော့ စီးကျမနေတော့ပေ။ ကလေးမလေးသည် အိပ်ပျော်နေသေးသော်လည်း အခုတော့ ကောင်းသွားပြီ။ သူမသည် မကြာခင် ကျန်းမာသည့် ကလေးတစ်ယောက်လို နိုးလာမှာ အမှန်ပင်။

လင်းချင်းသည် ဗီရိုသို့လျှောက်သွားကာ တီရှပ်ကြီးတစ်ခုယူလာ၍ ဝူယွဲ့လျန်ကို ဝတ်ပေးသည်။

“လီလီကို သွားခေါ်ပြီးတော့ ဒီအသေးလေးကို ပြန်ပို့ရမယ်”   လင်းချင်းက ပြောသည်။

လျူကျွင်းက သူမကိုကြည့်ကာ ခေါင်းငြိမ့်သည်။

လင်းချင်းသည် အပြင်သို့ထွက်လာကာ ကိုယ်ဖျောက်လိုက်၍ စခန်းနားက အမိုးတစ်ခုပေါ်သို့ ခုန်တက်လိုက်သည်။ ထို့နောက် အမိုးပေါ်မှနေ လီလီနှင့် မုံမုံ၏တည်နေရာကို အာရုံခံကြည့်သည်။ ထို့နောက် ထိုဘက်သို့ အမြန်ခုန်သွားသည်။

လီလီနှင့် မုံမုံသည် အဝေးကြီးမှာ မဟုတ်ဘဲ စခန်းနံရံနှင့် မီတာရာချီလောက်သည့် နေရာတွင်သာ ရှိနေတာ ဖြစ်သည်။ တစ်ယောက်သည် ကိုယ်ဖျောက်နိုင်ကာ နောက်တစ်ယောက်ကတော့ အရမ်းကို မြင့်မားလွန်းသည့် အဆင့်တစ်ခုသို့ ရောက်နေသည်။ သူတို့က အရှိန်အဝါကို ထိန်းထားသဖြင့် အဆင့်၇စွမ်းအားရှင် သုံးယောက်ဆိုလျှင်တောင် သူတို့ကို အာရုံမခံနိုင်ပေ။

မကြာခင်တွင် လင်းချင်းသည် သူတို့ရှေ့သို့ ရောက်လာသည်။ ချူးလီလီနှင့် မုံမုံသည် အပေါ်ဆုံးထပ်တစ်ခု၏အမိုးတွင် ဆောင့်ကြောင့်လေးထိုင်နေကြကာ ပုရွက်ဆိတ်များကို ထိုင်ရေနေကြတာ ဖြစ်ကြသည်။

“မကြီးချင်းက ဘာဖြစ်နေလဲ မသိဘူး။ သူဒီမှာမရှိတာ သုံးရက်ရှိနေပြီ”   ချူးလီလီသည် နှုတ်ခမ်းကိုဆူထားရင်းက ပုရွက်ဆိတ်အုပ်ကနေ ကွဲလာသည့် ပုရွက်ဆိတ်များကို သူတို့ပုရွက်ဆိတ်အုပ်ထံသို့ တုတ်တစ်ချောင်းဖြင့် ပြန်တွန်းပို့နေရင်း ပြောသည်။

“ဂါး!”   မုံမုံက သူမကို ပြန်အော်ပြောသည်။   ‘အသေးလေးကို ခေါ်လာတာ!’

“အင်း။ ကလေးမလေးက ဘယ်သူမှန်း ငါတို့မှ မသိတာ။ ဘာဖြစ်လို့ ကယ်တာပါလိမ့်?”

“ဂါး!”   မုံမုံသည် မကျေနပ်စွာ အော်ပြသည်။   ‘အသေးလေးကို ငါအရင်က မြင်ဖူးတယ်။ အဲ့တုန်းက ငါ့ဆီကနေ သူကခေါ်သွားတာ!’

ချူးလီလီသည် သူမကို အံ့သြစွာကြည့်ကာ   “ဟမ်? နင်ကဘယ်တုန်းက အဲ့အသေးလေးနဲ့ အတူတူရှိခဲ့တာလဲ?”

ဒီတစ်ခါတော့ မုံမုံသည် ဘာမှမဖြေဘဲ ပုရွက်ဆိတ်များကိုသာ ကြည့်နေသည်။

“ဟင်?”   ချူးလီလီသည် သူမကို နားမလည်စွာ ကြည့်သည်။ မုံမုံက ဘာမှမဖြေသည့်အခါ သူမသည်လည်း ပုရွက်ဆိတ်များကိုသာ ဆက်ရေတွက်တော့သည်။ ထို့နောက် ပုရွက်ဆိတ်အုပ်ကနေ ထပ်ထွက်လာပြန်သည့် တစ်ကောင်ကို ပြန်ပို့လိုက်သည်။

ထို့နောက် လင်းချင်းသည် သူတို့နှစ်ယောက်ရှေ့တွင် ပေါ်လာကာ   “ငါ ဟန်ကျိုးမှာ ရှိနေတုန်းက အသေးလေးကို သူခိုးသွားတာ။ တော်သေးတာက သူနဲ့နေတုန်း ကလေးမလေးမှာ ဘာမှဖြစ်မသွားလို့သာပဲ”

သူမထွက်လာသည်နှင့် လီလီနှင့် မုံမုံတို့သည် သူမကို ချက်ချင်းခေါင်းမော့ကြည့်လာကြသည်။

“ဝိုး! မကြီးပြန်လာပြီပဲ! ဟင်? ပိုသန်မာလာပြန်ပြီလား?”   သူမကို မော့ကြည့်ကာ လီလီသည် ပျော်သွားပြီးနောက် နားမလည်ဖြစ်သွားကာ သူမကိုနှစ်ပတ်လောက် ခေါင်းအစခြေအဆုံး ပတ်ကြည့်သည်။

လင်းချင်းသည် ခေါင်းငြိမ့်ကာ လက်ကိုဖြန့်လိုက်ရင်း   “အဲ့လိုပဲ။ ငါ့အဆင့်ကတော့ မတက်သေးပင်မယ့် ငါ့ကိုယ်က ပိုသန်လာသလို ခံစားရတယ်!”   ဒီလိုပြောရင်း သူမသည် အပြင်ဘက်သို့ လက်ကိုလွှဲချလိုက်သည်။

ရွှီးခနဲမြည်သွားသည့် အသံနှင့်အတူ အရှေ့က အဆောက်အဦး၏ ထောင့်တစ်ခုသည် ပဲ့သွားကာ ဘုန်းခနဲ အမြင့်ကနေ ဖုန်လုံးကြီးဖြင့် ပြုတ်ကျသွားသည်။ လင်းချင်းသည် ဒီအကွာအဝေးကို အမြင်ဖြင့် တိုင်းကြည့်လေရာ အနည်းဆုံး သူမနှင့် မီတာ၂၀ကွာသည်။

ချူးလီလီနှင့် မုံမုံတို့သည် သူမကို အံ့သြစွာ ငေးကြည့်နေပြီးမှ ထောင့်မရှိတော့သည့် အဆောက်အဦးကို ကြည့်လိုက်သည်။ ထိုအဆောက်အဦး၏ အုတ်များကို ဖြတ်သွားသည်မှာ ချောမွေ့လွန်း၍ တိုဖူးကို ဓားဖြင့်လှီးသလိုကို တိကျနေသည်။

“ဒါဇွန်ဘီလက်သည်းမဟုတ်တော့ဘူး။ ဘာဖြစ်လို့ ဒီလောက်အဝေးကြီးကို ခုတ်နိုင်တာလဲ? ညီမလေးကျတော့ ဒါမျိုးမလုပ်နိုင်ဘူးလား?”   ချူးလီလီသည် အားကျစွာပြောကာ ထိုအဆောက်အဦးအား လှမ်းဖြတ်ကြည့်သည်။ သို့သော်လည်း ဘာမှမဖြစ်ပေ။

မုံမုံသည်လည်း ဒီလိုလုပ်ကြည့်လေရာ ဘာမှမဖြစ်ပေ။

ထိုအချိန်တွင် လင်းချင်းသည် လက်ဝါးကို ဖြန့်ကြည့်သည်။ သူမ၏လက်ဝါးမှ မြူခိုးနက်များထွက်လာကာ စက်လုံးတစ်ခုဖြစ်၍ သူမ၏လက်ပေါ်တွင် မြောက်နေသည်။ ထိုမြူခိုးနက်များကို ထုတ်လိုက်သည်နှင့် မုံမုံနှင့် လီလီတို့သည် အလိုလိုကို နောက်ဆုတ်သွားကြသည်။ တိတိကျကျပြောရလျှင် မုံမုံသည် လီလီ၏ အနောက်တွင် ပုန်းကြည့်နေခြင်းပင်။

လင်းချင်းသည် သူမ၏မြူခိုးနက်များထံမှ ခြိမ်းခြောက်မှုကို မခံစားမိပေ။ သူတို့နှစ်ယောက်၏ လှုပ်ရှားမှုကို မြင်သည့်အခါ မြူခိုးများကို ပြန်သိမ်းလိုက်ပြီး   “အရမ်းကြောက်ဖို့ကောင်းလို့လား?”

“ဇွန်ဘီဘုရင်နဲ့ဘုရင်မကို စမ်းကြည့်ဖူးလား? ဒါဆိုရင် သိလိမ့်မယ်”   ချူးလီလီက ပြောလိုက်သည်။ ထိုအခါ လင်းချင်းနှင့်လီလီသည် အနောက်က မုံမုံကို ကြည့်လာသည်။

“ဂါး!!!”   ‘မဖြစ်ဘူး!!! ငါ့ကိုမလုပ်ပါနဲ့!’

သူတို့ထံမှ အကြည့်ခံရသည့်အခါ မုံမုံသည် ခေါင်းမွေးများတောင် ထောင်သွားမတက် ဖြစ်သွားကာ အစရှာမရအောင်ကို ပျောက်သွားတော့သည်။

လင်းချင်းသည် မျက်လုံးကို မှေးကျဉ်းကြည့်လိုက်သည့်အခါ အစိမ်းလုံးတစ်လုံးသည် အဆောက်အဦးပေါ်ကနေ ထွက်ပြေးနေသည်ကို မြင်လိုက်ရသည်။ သူမသည် မျက်လုံးပြန်ဖွင့်ကာ မုံမုံအား   “ဟုတ်ပါပြီ။ ငါလီလီကို နယ်မြေထဲ ထည့်မလို့။ နင်ဆက်ပုန်းနေရင် ငါနင့်ကို ထားခဲ့တော့မှာ!”

ချူးလီလီသည် မုံမုံက ကိုယ်ဖျောက်နိုင်ကြောင်းကို သိသော်လည်း လင်းချင်းက ကိုယ်ဖျောက်ထားသည့် မုံမုံကို မြင်နိုင်ကြောင်းကိုတော့ တွေးတောင်မတွေးမိခဲ့ပေ။   “မြင်နိုင်တယ်လား?”

“အင်း”   လင်းချင်းက ခေါင်းငြိမ့်ဖြေသည်။

မုံမုံသည် ချက်ချင်းပြန်မလာသေးဘဲ တခြားအမိုးပေါ်တွင် ဆောင့်ကြောင့်လေးထိုင်နေကာ လင်းချင်းတို့ကို လှမ်းကြည့်နေသေးသည်။

လင်းချင်းသည် သူမကို ပြန်လာဖို့ ခေါ်ရမှာကို ပျင်းသဖြင့် ဒီလိုစ၍ ပြောခြင်းသာ ဖြစ်ပါသည်။   ‘မုံမုံက ဘာဖြစ်လို့ မြူခိုးနက်ကြောင့် ထွက်တောင်ပြေးရတာလဲ?’

“အခုယွမ်ထန်ရှင်းတို့က စခန်းမှာလား?”   ချူးလီလီကို မေးလိုက်သည်။

“ဟုတ်တယ်။ စောင့်ကြည့်ပေးထားတယ်”   ချူးလီလီက ခေါင်းငြိမ့်ကာ ဖြေသည်။  
Previous Chapter 308 of 410 Next