၃၆၄။ နွယ်လေးနိုးလာပြီ
ယွမ်ထန်ရှင်းနှင့် တူယွမ်ရှင်းတို့သည် လင်းချင်းကို ချက်ချင်းလှည့်ကြည့်ကာ သူတို့မဟုတ်ကြောင်း ပြောပြစေချင်နေကြသည်။
လင်းချင်းက လင်းဝမ်ဝမ်ကို ကြည့်ကာ “ငါပြောလိုက်လို့ နင်ညှပ်လိုက်တာလား? ဘာဖြစ်လို့ ငါ့စကားကို အရမ်းနားထောင်နေတာလဲ? မညှပ်ခင် တွေးမကြည့်ဘူးလား? တခြားတစ်ယောက်လည်း နင့်ကိုဒီလိုအကြံပေးဖူးတယ်မလား?”
လင်းဝမ်ဝမ်သည် သူမ၏ နားအနားတွင်သာရှိသည့် ဆံပင်တိုကို ထိလိုက်ကာ ကိုးယိုးကားယားဖြင့် “အရင်တုန်းက အခုလောက်မှ မဆိုးတာ။ ပြီးတော့လည်း ငါမညှပ်ဘူးဆိုရင် နင်တို့က အပြစ်ပြောနေကြမှာပဲမလား?”
‘နင်ညှပ်လိုက်ရင်တောင်မှ ငါတို့က အပြစ်ဆက်ပြောနေမှာပဲ’ တခြားသူများသည် စိတ်ထဲက ပြောနေကြသည်။
လင်းဝမ်ဝမ်က သူတို့အကြည့်များကို သတိထားမိသဖြင့် “နင်တို့ငါ့ကိုကြည့်နေတဲ့ပုံက ငါကဆံပင်ညှပ်လိုက်လည်း မသန်မာနိုင်သေးဘူးလို့ ထင်နေကြတာမလား? ဒါကဖြစ်သင့်ပါတယ်။ ဆံပင်ညှပ်ထားပင်မယ့် ဘာမှပြောင်းသွားတာမှ မဟုတ်တာ”
“တကယ်တော့ နင်သာပြောင်းလဲချင်ရင် ဆံပင်ညှပ်ဖို့တောင် မလိုဘူး” လုံချင်းယင်က အမှုအယာမဲ့စွာဖြင့် ပြောသည်။
“ဆံပင်တိုက ထိန်းသိမ်းရတာနဲ့ လျှော်ရတာ လွယ်လို့ ညှပ်လိုက်တာ” လင်းဝမ်ဝမ်က ပြောသည်။ “ဒါဆိုရင် ရေလည်းချွေတာပြီးသာပဲ။ ပိုမကောင်းဘူးလား?”
လုံချင်းယင်က သူမကိုကြည့်ကာ ဘာမှမပြောပေ။
“ကြိုက်သလိုသာလုပ်” လင်းချင်းက ပြောသည်။ “ဒါပင်မယ့် ဆံပင်ညှပ်လိုက်တယ်ဆိုတော့ စိတ်ပြောင်းသွားတဲ့ သဘောပါပဲ။ ဘာလုပ်သင့်တယ်သိပြီပေါ့”
လင်းဝမ်ဝမ်သည် သူမကို ခေါင်းငြိမ့်ပြကာ ပြတင်းပေါက်နားသို့ လျှောက်သွားပြီး မိုးခြိမ်းနေသည့် တိမ်မည်းများကို ကြည့်ကာ “ဘယ်တော့မှ တိုက်တာက ပြီးမှာလဲ? သူတို့ဒီလိုတိုက်နေတာက စခန်းမှာ အပျက်အစီးအရမ်းကို ကြီးမှာပဲ”
ယွမ်ထန်ရှင်းက သူမ၏မေးခွန်းကို ဖြေသည်။ “အပျက်အစီးတော့ သေချာပေါက်ရှိမှာပေါ့။ ကြီးလားမကြီးလားဆိုရင် မကြီးဘူးထင်တာပဲ”
လင်းချင်းသည် ပြတင်းပေါက်နားသို့ လျှောက်လာဖို့ ထလိုက်စဉ်တွင် နယ်မြေထဲမှ တစ်ခုခုကို ရုတ်တရပ် ခံစားမိသည်။ သူမသည် ခနငြိမ်သွားပြီးနောက် ဆိုဖာပေါ်မှ ပျောက်သွားသည်။
တနေ့ခင်းလုံးနှင့် တစ်ညလုံး အစွမ်းများကို စုပ်ယူပြီးချိန်တွင်တော့ နွယ်လေးသည် စလှုပ်လာပြီ။
သူမသည် ကန်ဘေးတွင် ပေါ်လာကာ ကန်ထဲက လှိုင်းထန်နေခြင်းကို ကြည့်နေသည်။ ဒီတစ်ခါတော့ ရေမျက်နှာပြင်သည် မြင့်မသွားဘဲ ကန်ရေထဲက အစွမ်းတို့က ပိုများလာတာ ဖြစ်သည်။
သူမသည် ဘေးကိုတစ်ချက်ကြည့်လိုက်သည့်အခါ ရှန်ယုကျန်းသည် ကန်ထဲက အသံများကြောင့် နယ်မြေလေးထဲသို့ ပုန်းနေသည်။ တောအုပ်ထဲက ဇွန်ဘီခွေးသည်လည်း မြေပြင်ပေါ်တွင်ဝပ်၍ ငြိမ်ကုတ်နေသည်။
ကန်ရေသည် ဖြည်းဖြည်းချင်းငြိမ်ကျသွားသည်။ လင်းချင်းသည် နွယ်လေးက ကန်ထဲကနေ နွယ်များစွာကို ထုတ်လာတော့မည် ထင်၍ စောင့်နေသော်လည်း ရင်းနှီးသည့် ဘာနွယ်ကမှ ရေထဲကနေ ထွက်မလာပေ။
ထိုအချိန်တွင် ရေထဲကနေ သူမထံသို့ တစ်ခုက ရွေ့လာသည်။ ရေထဲက ခပ်မှိန်မှိန် ပုံရိပ်လေးကို လင်းချင်းက ကြည့်ကာ တွေးမိသည်။ ‘ဟမ်? ရေဘဝဲနဲ့ တူနေတာလား?’
သူမသည် မျက်လုံးကိုပြူး၍ သူမထံသို့ လက်တံတိုတိုလေးများကိုသုံးကာ ရွေ့လာသည့် ထူးဆန်းသည့်အရာကို ကြည့်နေသည်။ နီးလာလေလေ လင်းချင်းသည် ထူးဆန်းသည့် အမှုအယာဖြစ်လာလေလေပင်။ သူမ၏ မျက်နှာထက်တွင် အံ့သြခြင်း၊ ပျော်ရွှင်ခြင်း၊ ရှုပ်ထွေးခြင်း၊ သိချင်စိတ်ပြင်းပြင်းနှင့် စိတ်အားထက်သန်မှုတို့ ပြည့်နေသည်။
သူမထံသို့ ကူးလာသည့်အရာသည် တကယ့်ကို နွယ်လေးပင်။ လက်ရှိအသွင်အပြင်အရ နွယ်လေးသည် ကန်ကြမ်းပြင်ကနေ တကယ့်ကို လွတ်လာနိုင်ပုံရသည်။
‘အခုလွတ်လွတ်လပ်လပ် သွားရပြီလား? ကမ်းစပ်ကို လာနိုင်ပြီလား? ဘာဖြစ်လို့ သေးသွားတာလဲ? အဆင့်မြှင့်လိုက်ရင် အရင်က ပိုကြီးလာပါတယ်’
အဖြူရောင်သတ္တဝါသည် လင်းချင်းနှင့် နီးလာသည့်အခါ ကန်ထဲကနေ ခုန်ထွက်လာသည်။ လင်းချင်းမှာ ပြုံးစိစိမဖြစ်ဘဲ မနေနိုင်ပေ။ နွယ်လေး၏ အရောင်သည် ကျောက်စိမ်းဖြူလေးသာ ဖြစ်နေသေးသော်လည်း ပုံစံကတော့. . . တစ်မီတာလောက်ရှည်သည့် နွယ်များက ဖြူဖြူဝဝကိုယ်လုံးလုံးလေး၏ အနောက်ကနေ ပျော့ပြောင်းစွာ ကျနေသည်။
နွယ်လေး၏ကိုယ်ထည်သည် ဘောလုံးလေးလို ဖြစ်နေသောကြောင့် လင်းချင်းမှာ ဘယ်ဟာကဗိုက်၊ ဘယ်ဟာက လည်ပင်းနှင့် ဘယ်ဟာက ခေါင်းမှန်း မပြောတက်တော့ပေ။ သူမသည် မျက်နှာကိုတော့ ရှာတွေ့ပါသည်။ မျက်လုံးစိမ်း ကြီးကြီးလေးများနှင့် နှာခေါင်းပိစိလေးရှိကာ ပါးစပ်တော့ မပါပေ။ တကယ်တော့ နွယ်လေး၏ပုံသည် မုန်လာဉအကြီးကြီးလိုပင်။ ခေါင်းနှင့်အမြီးတို့သည် သေးကာ ဗိုက်လုံးလုံးက အကြီးကြီးပင်။ အမြစ်ရှည်ရှည်များကိုတော့ အမြီးဟု မြင်နိုင်သည်။
နွယ်လေးသည် အရည်လဲ့ကာ တောက်ပသည့် မျက်လုံးစိမ်းကြီးကြီးများကို တဖြတ်ဖြတ်ခတ်ကာ သူအမြစ်များဖြင့် ကိုယ်ကိုထောက်ပံ့ရပ်ကာ လင်းချင်းထံသို့ ပျော်ရွှင်စွာ အမြန်လာသည်။ သို့သော်လည်း နှစ်လှမ်းစာလောက်ပဲ လျှောက်ရသေးသည်။ အမြစ်များဖြင့် ရှုပ်သွားကာ ကြမ်းပြင်ပေါ်သို့လဲကျ၍ ကန်ဘက်သို့ ပြန်လိမ့်သွားတော့သည်။
“ဟား နွယ်လေး ဒါနင်လား?”
လင်းချင်းသည် နွယ်လေးမှန်းသိသော်လည်း နာမည်တပ်ခေါ်ကာ မရယ်ဘဲ မနေနိုင်တော့ပေ။
နွယ်လေးသည် ရေထဲကနေ လင်းချင်းရှိရာသို့ ပြန်လှိမ့်လာပြီးနောက် အမြစ်များဖြင့်ရပ်ကာ လင်းချင်းထံသို့ ဆက်ပြေးလာသော်လည်း ထပ်လဲကျသွားပြန်သည်။
နွယ်လေး၏ သနားဖို့ကောင်းသည့် မျက်လုံးကြီးများကိုကြည့်ကာ လင်းချင်းသည် အပြုံးဖြင့် ကန်နားကိုလာ၍ ဗိုက်ပူပူလေးဖြင့် နွယ်လေးကို ကုန်း၍ကောက်ချီလိုက်ရသည်။ ထိုအခါ နွယ်လေးက တကယ့်ကို လေးကြောင်း သိလိုက်ရသည်။
‘မေမေ မေမေ နွယ်လေးက ထွက်လာပြီး ဆော့ရပြီ ဟီး ဟီး ဟီး ဟီး’ သူမက ချီလိုက်သည်နှင့် ရင်းနှီးနေသည့် နွယ်လေး၏ အသံနှင့် စကားပြောပုံတို့ကို ကြားရသည်။
နွယ်လေးကို ချီထားသည့်အခါ လင်းချင်းသည် ကိုယ်ကမမာဘဲ ပျော့ပျောင်းကာ ရေမြုပ်လို ဖြစ်နေသော်လည်း အရမ်းကို လေးလံ့နေကြောင်း သိလိုက်ရသည်။
“နွယ်လေး နင်ဘာဖြစ်လို့ လေးနေတာလဲ?” လင်းချင်းသည် မမေးဘဲ မနေနိုင်ပေ။ သူမသည် ဇွန်ဘီမဟုတ်သလို အားသည်လည်း မသန်လျှင် နွယ်လေးကို မနိုင်မှာကို မဟုတ်ပေ။ နွယ်လေးသည် အကောင်သေးသေးလေး ဖြစ်နေသော်လည်း အနည်းဆုံး ပေါင်၁၁၀လောက်ရှိနေသည်။
‘မေမေ မေမေ ဒါကနွယ်လေးရဲ့ မူရင်းပုံ မဟုတ်ဘူး။ နွယ်လေးက ကြီးလာဦးမှာ မေမေ အသေးလေးနဲ့ ကစားဖို့ ဒီထဲကို အခုခေါ်လာပေးရမလား? သူအပြင်မှာဆိုတာ ခံစားမိတယ်’
“ဘာဖြစ်လို့ သူ့ကိုလာစေချင်တာလဲ?” လင်းချင်းက မေးသည်။ “ငါနဲ့ အခုအပြင်ထွက်မရသေးဘူးလား?”
နွယ်လေးက ခေါင်းကိုခါသော်လည်း တစ်ကိုယ်လုံးက လှုပ်နေသဖြင့် လင်းချင်း၏ လက်ထဲကနေ ပြုတ်ကျတော့မလို ဖြစ်လေသည်။ ထို့ကြောင့် မလှုပ်တော့ဘဲ အမြစ်များကိုသာ ယမ်းပြ၍ ဆက်ပြောသည်။ ‘မရဘူး။ အပြင်လေနဲ့ ထိလို့မရသေးဘူး။ အပြင်လေက သတ်နိုင်တယ်’
လင်းချင်းသည် အဖြေကြောင့် အံ့သြသွားသည်။ သူမသည် နွယ်လေးကို အပြင်သို့ တန်းခေါ်သွားမလို့ လုပ်သော်လည်း လေတွင် ပြဿနာရှိနေမည်ဟု မထင်ခဲ့မိပေ။ ထို့ကြောင့် နားမလည်စွာဖြင့် မေးသည်။ “ဟမ်? ဘာဖြစ်လို့လဲ?”
နွယ်လေးက ဖြေသည်။ ‘ကန်ရေကို စုပ်ယူပြီး ဒီနေရာလို လေကသန့်နေမှ နွယ်လေးက ရှင်နေနိုင်တာ။ ပြီးတော့ မေမေ နွယ်လေးရဲ့ ပြောင်းလဲမှုက မပြီးသေးဘူး။ မကြာခင် ဒုတိယအဆင့် ရောက်တော့မှာ။ ဒါပင်မယ့် မေမေနဲ့အတူတူ လုပ်ဖို့လိုတယ်’
လင်းချင်းက ခေါင်းငြိမ့်ကာ “လေသန့်တာလား? အပြင်ကလေက မသန့်ဘူးလို့ နင်ပြောတာမလား?”
နွယ်လေးသည် အမွေးလိုဖြစ်နေသည့် သူ့နွယ်များကို လှုပ်ခါကာ ‘ဟုတ်တယ်။ အပြင်ကလေက နွယ်လေးရဲ့ ဖြူဖြူဖွေးဖွေးကိုယ်လေးကို စားပစ်နိုင်တယ်။ ထွက်လို့မရဘူး’
“ဒါဆိုရင် ဘယ်လိုထုတ်ပေးရမလဲ?” လင်းချင်းက မေးသည်။ “အပြင်ထွက်နိုင်ဖို့ အဆင့်ငါးကို ရောက်မှလား? အဆင့်လေးကို ရောက်နေပြီမလား?”
နွယ်လေးက ‘မရောက်သေးဘူး မေမေ ကလေးမလေးကို သွားခေါ်ပေးပါ သူနဲ့ နွယ်လေး ကစားချင်တယ် ပြီးတော့ မေမေကြိုက်တဲ့ တခြားတစ်ယောက်ကိုလည်း ဒီကိုခေါ်ပေးပါ။ ယောက်ျားဖြစ်ဖို့လိုတယ် မြန်မြန်နော်’