May Honey Logo May Honey
Previous Next

၂၇၇။ အဆင့်သုံးရောက်သွားတဲ့နွယ်လေး

လင်းချင်းသည် ကန်ဘေးတွင်ချထားသည့် ထိုင်ခုံကို နယ်မြေလေး၏ရှေ့သို့ ဆွဲသွားချလိုက်သည်။ ထို့နောက် အိုးနှင့်ပုံးအချို့ကိုလည်း ထိုနေရာသို့ ရွေ့လိုက်သည်။ ထို့နောက် ကန်နားသို့သွားကာ ရေမျက်နှာပြင်က ဘယ်လောက်တက်လာသလဲ ဆိုသည်ကို သွားတိုင်းကြည့်သည်။ ထို့နောက် ပရိဘောဂပုံကြီးကို ကြည့်လိုက်သည်။ ရေသည် ဒီနေရာနားအထိ ရောက်မရောက်ကိုတော့ မသိသော်လည်း ပိုဝေးသည့် နေရာသို့ရွှေ့ထားသည်က ပိုကောင်းမည်ဟု ခံစားရသည်။ စိုက်ခင်းအတွက်လည်း ဒီလိုပဲဖြစ်သည်။

သူမဆီသို့ ပုံးကြီးကိုယ်စီဆွဲကာ ရောက်လာသည့် ဇွန်ဘီနှစ်ကောင်ကို ကြည့်လိုက်သည်။ သူတို့ ကိုယ်တီးလုံးဖြစ်နေသည်ကို လျစ်လျူရှုကာ မြက်ခင်းကို လက်ညိုးထိုးပြ၍   “ရေတွေကို မြက်ခင်းပေါ် လောင်းချလိုက်။ ပြီးရင် ဒါတွေကို ဟိုကိုသယ်ဖို့လာခဲ့”   လင်းချင်းသည် တောအုပ်အရှေ့က နေရာကို ပြလိုက်သည်။

သစ်တောနှင့်ရေကန်အား မြက်ခင်းဖြင့် ခွဲထားတာဖြစ်ပြီး မီတာနှစ်ရာလောက် ကျယ်သည်။ ရေသည် ဘယ်လောက်အထိ တက်မလဲဆိုသည်က မသေချာသော်လည်း လင်းချင်းသည် အကုန်လုံးကိုရွှေ့၍ ကြိုတင်ကာကွယ်ထားသည်က ပိုကောင်းမည်ဟု ခံစားရသည်။ ထို့အပြင် နောက်ဆုံးတစ်ခေါက် အဆင့်မြင့်တုန်းက မြက်ခင်းနှင့် သစ်တောကြားတွင် ကျယ်ဝန်းသည့် နေရာတစ်ခုပေါ်လာကာ နောက်တစ်ခုက နယ်မြေလေး၏ အရှေ့တွင်ဖြစ်သည်။

ဇွန်ဘီနှစ်ကောင်သည် ဖရုံသီးနှင့်အာလူးများကို တောအုပ်ရှေ့သို့ ရွေ့နေစဉ် လင်းချင်းသည် ပရိဘောများကို နယ်မြေလေးထဲသို့ တစ်ခုချင်းစီ ထည့်နေသည်။ ရှိရှိသမျှ ပရိဘောဂတိုင်းကို နယ်မြေလေးထဲသို့ ရွှေ့ပြီးသည့်အခါ ရေကန်ဘေးက ကျောက်တုံးများဖြင့်လုပ်ထားသည့် မီးဖိုလေးသည် ရေစိုနေပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။ ကန်နှင့်မြက်ကြားက ၃မီတာလောက်ကျယ်သည့် မြေသည် အခုတော့ရေဖြင့်စိုနေကာ မြက်ခင်းအထိ ရေသည်ရောက်လာပြီ ဖြစ်သည်။

ကျိ! ကျိ!   လင်းချင်းသည် ကြွက်အသံများကို ကြားလိုက်ရသည်။ ကုတင်အောက်တွင် ကြွက်နှစ်ကောင်က လာပုန်းနေသည်ကို သူမသိလိုက်ရသည်။ မီးခိုးရောင်ယုန်သည်လည်း မြက်ခင်းထဲကနေ ထွက်ပြေးလာသည်။ အခုတော့ကန်ဘေးတွင်ထိုင်ကာ စတော်ဘယ်ရီခင်းကိုကြည့်လိုက် ကန်ရေများကိုကြည့်လိုက် လုပ်နေသည်။ ယုန်မှာ စတော်ဘယ်ရီခင်းကို ရေမြုပ်မှာ စိုးရိမ်နေသည့်ပုံ ဖြစ်သည်။

လင်းချင်းက လှည့်ကြည့်လိုက်သည့်အခါ တစ်ခုခုက လွဲနေကြောင်း သိလိုက်သည်။   ‘ဟင်? ဘာဖြစ်လို့ နယ်မြေလေးက ပိုဝေးတဲ့နေရာကို ရောက်သွားပြန်တာလဲ?’

နယ်မြေလေးသည် သူမနှင့် မီတာများစွာကွာသည့်နေရာသို့ ရောက်နေနှင့်သဖြင့် လင်းချင်းသည် အနည်းငယ် ကြောင်အသွားသည်။ အစတုန်းက သူမသည် ပစ္စည်းများကို ရွေ့နေရသည်နှင့် နယ်မြေထဲတွင် ပြောင်းလဲနေခြင်းများကို သတိမထားမိပေ။ အခုတော့ အလုပ်ပြီးသွားသည့်အချိန်မှ နယ်မြေလေးသည် အဝေးသို့ ရောက်နေကြောင်းကို သိတော့သည်။

သူမသည် ပတ်ဝန်းကျင်ကို သေချာကြည့်သည့်အခါ နယ်မြေသည် ပိုကြီးလာသည်။ သစ်တောများသည်  ပိုကြီးများ ကျယ်ပြန့်လာကာ သစ်တောသည်လည်း ပိုများလာသည်။ ကန်ထဲကရေသည် လှုပ်နေကာ ငြိမ်သက်မည့် အရိပ်အယောင်ကို မရှိပေ။

ဇွန်ဘီနှစ်ကောင်ကို ကြည့်လိုက်သည့်အခါ သူတို့သည် ကန်ဘေးမှ ဖရုံသီးနှင့် အာလူးများကို သယ်နေရင်းက ကန်နှင့်ဝေးရာတွင် ရှိနေကြသည်။ လင်းချင်းသည် တစ်မီတာလောက် မြုပ်သွားသည့် မြက်များကို ကြည့်လိုက်သည်။ ထို့နောက် ကန်ရေသည် တဖြည်းဖြည်းချင်း ငြိမ်ကျသွားသည်။ ထို့နောက် လက်မောင်းလုံးလောက်ရှိသည့် နွယ်များက ကန်မျက်နှာပြင်ပေါ်သို့ တက်လာသည်။ နွယ်လေးသည် ပိုထူမလာသော်လည်း အရောင်သည် ကျောက်စိမ်းဖြူရောင် ဖြစ်သွားသည်။

လင်းချင်းသာ ရေကန်အောက်သို့ မဆင်းခဲ့ဖူးလျှင် နွယ်လေး၏ နွယ်များက မီတာတစ်ထောင်ထက် ပိုတိုမှာ မဟုတ်သည်ကို သူမသိခဲ့မှာ မဟုတ်နိုင်ပေ။ ရေကန်သည် ဘယ်လောက်နက်သလဲဆိုသည်ကို မပြောတက်သော်လည်း အောက်ခြေသို့ ကူးခတ်ရသည်က အရမ်းကိုကြာကြောင်းကိုတော့ သူမပြောနိုင်သည်။

ကျောက်စိမ်းဖြူရောင်နွယ်၏ထိပ်များတွင် သစ်ရွက်စိမ်းသေးသေးလေးများ ရှိနေသည်။ ရေထဲကနေ ထွက်လာကာ နွယ်တစ်ခုက လင်းချင်းကို ရစ်ပတ်လိုက်သည်။ လင်းချင်းသည် ကန်ဘေးသို့သွားကာ သူမ၏လက်မှ နွယ်များကိ ကြည့်လိုက်သည်။ သို့သော်လည်း နွယ်လေး၏ အရင်ဆုံးပြောစကားသည် သူမ၏အကြောင်းတော့ ဟုတ်မနေပေ။   ‘မေမေ ဟိုကကိုယ်တီးလုံးတွေက အရမ်းရုပ်ဆိုးတာပဲ။ သူတို့အကုန်လုံးပေါ်နေပြီ!’

လင်းချင်းသည် အနည်းငယ်ဆွံ့အသွားကာ စိတ်ထဲမှ ပြန်ပြောသည်။   ‘သူတို့က လူသားတွေ မဟုတ်တော့လို့ သူတို့ပေါ်တာမပေါ်တာ ဂရုမစိုက်တော့ဘူး!’

‘ဒါပင်မယ့် သူတို့ကိုကြည့်ရတာ မျက်လုံးတောင်အောင့်တယ်!’   နွယ်လေးက ပြောသည်။

လင်းချင်းသည် အသံထွက်အောင်ကို ရယ်မိသွားသည်။   ‘ဟုတ်ပါပြီ။ နောက်ကျရင် သူတို့ကို ဝတ်စရာတစ်ခုခု ပေးလိုက်ပါ့မယ်။ အခုနင်ရော ဘယ်လိုလဲ? အဆင့်မြင့်သွားပြီလား?’

နွယ်လေးသည် သူ့နွယ်ကို တွန့်ကွေးကာ   ‘ဟုတ်တယ်! ဟုတ်တယ်! အခုအဆင့်တက်သွားလို့ အဆင့်သုံးဖြစ်သွားပြီ။ အဆင့်ငါးကိုရောက်ရင် အပြင်ကိုထွက်ပြီး အပြင်လောကကို ကြည့်လို့ရတော့မှာ အပြင်လောကကြီးက အရမ်း အရမ်း အရမ်းကို ကြီးတာပဲနော်!’

“ဟင်? နင်အပြင်ကို မြင်နိုင်လို့လား?’   လင်းချင်းက အံ့သြစွာ မေးသည်။   “ဘယ်လိုလုပ်ပြီးတော့လဲ?”

‘မြင်တယ်! မြင်တယ်!’   နွယ်လေးကပြောသည်။   ‘မေမေ့ကိုယ်ကနေ တစ်ဆင့်မြင်တာလေ’

“ငါ့ကိုယ်ကလား?”   လင်းချင်းသည် နားမလည်ဖြစ်သွားသည်။

‘ဟုတ်တယ်! ဟုတ်တယ်!’   နွယ်လေးက ပြန်ဖြေသည်။

လင်းချင်းက ခနတွေးကြည့်သော်လည်း ဘယ်လိုမှန်းကို မသိနိုင်ပေ။ နွယ်လေးမှာ သူမ၏အာရုံခံမှုကနေ အပြင်ကိုမြင်နိုင်ခြင်းဟုသာ ခန့်မှန်းလိုက်သည်။ သူမသည် မေးခွန်းမေးကာ အချိန်ဖြုန်းဖို့ အစီအစဉ်မရှိပေ။ နွယ်လေးက အဆင့်ထပ်မြင့်သွားပြီဖြစ်ရာ ချူးလီလီ၏ကိုယ်အား ပြန်ပြုပြင်ပေးနိုင်တော့မှာ ဖြစ်သည်။

“နွယ်လေး နင်အခု လီလီကိုယ်ကို ပြင်ရပြီလား?”

“ဟုတ်ကဲ့ ရပါပြီ! နွယ်လေးက အခုအပြည့်ပဲ!”   နွယ်လေးက ပြန်ဖြေသည်။

လင်းချင်းသည် နွယ်လေး၏ အဓိပ္ပါယ်ကိုသိသည်။ အားအပြည့်ဖြစ်နေ၍ အလုပ်အချို့ လုပ်နိုင်ပြီဖြစ်ကြောင်း ပြောချင်တာ ဖြစ်သည်။

“ဒါဆိုရင်လည်း ဟုတ်ပြီ”
လင်းချင်းက ပြောသည်။
“လီလီကို ခေါ်လာခဲ့မယ်။ ငါတို့ကို စောင့်”

ဒီလိုပြောပြီးနောက် လင်းချင်းသည် ချက်ချင်းထွက်မလာသေးဘဲ ဗီရိုသို့သွားကာ လူကြီးဝတ်နှစ်စုံထုတ်၍ ဇွန်ဘီနှစ်ကောင်ကို လက်ယက်ခေါ်လိုက်သည်။   “နင်တို့နှစ်ယောက် ဒီကိုလာ”

ဇွန်ဘီနှစ်ကောင်သည် သူမအား ခနတွေဝေစွာကြည့်ပြီးနောက် လာသည်။ လင်းချင်းသည် သူတို့ကို အဝတ်များပေးကာ မေးသည်။   “ဘယ်လိုဝတ်ရမလဲသိလား?”

ဇွန်ဘီနှစ်ကောင်၏ တုံ့ပြန်ချက်သည် မတူပေ။ ဇွန်ဘီထီးသည် လင်းချင်းပေးသည့် အဝတ်များကို စိုက်ကြည့်နေကာ မယူပေ။ သူ့လိုမဟုတ်သည့် ဇွန်ဘီမကတော့ ယူလိုက်ကာ အပေါ်အောက်ကို သေချာကြည့်နေသည်။ ထို့နောက် ဖြဲလိုက်သည့်အသံထွက်လာကာ ဇွန်ဘီမသည် တီရှပ်ကို ဖြဲလိုက်နှင့်သည်။

“ဟဲ့!”   လင်းချင်းသည် ဇွန်ဘီမကို စိုက်ကြည့်၍ ဇွန်ဘီထီးကို တစ်ချက်ကြည့်လိုက်သည်။ သူမသည် ခါးတစ်ဖက်ထောက်ကာ နောက်တစ်ဖက်ကို နဖူးအား မထိဘဲ မနေနိုင်တော့ပေ။ ဒီလိုလုပ်စဉ် နဖူးပေါ်ကလက်သည် ချော်သွားကာ သူမ၏ကတုံးကို ပွတ်မိသွားသည်။ လင်းချင်းသည် ကတုံးကိုပွတ်နေရင်း ဇွန်ဘီနှစ်ကောင်ကို သက်ပြင်းချကာ ကြည့်နေမိသည်။

“မဖြဲရဘူး။ ဝတ်ဖို့လိုတာ။ နားလည်လား?”   ဇွန်ဘီမကို ပြောသည်။   “အခုတစ်ခါကူညီပေးမယ်။ နောက်မှတ်ထား”   ထို့နောက် အတွင်းခံဘောင်းဘီကိုကိုင်ကာ ဇွန်ဘီမရှေ့တွင် ဒူးတစ်ဖက်ချ၍ ထိုင်ကာ   “လာ ခြေထောက်ကိုထည့်”

ဇွန်ဘီမသည် လင်းချင်းက ရူးနေသည့်သူ ဖြစ်နေသလိုမျိုး ကြည့်သည်။ လင်းချင်းသည် စောင့်နေသော်လည်း ဇွန်ဘီမက ဘာမှကို မတုံ့ပြန်ပေ။ ထို့ကြောင့် ခေါင်းမော့ကြည့်လိုက်မိရာ ထိုအကြည့်ကို သတိထားမိလိုက်သည်။   ‘ဘုရားရေ! ငါဘာတွေ လုပ်နေမိတာပါလိမ့်? ဇွန်ဘီကို အဝတ်ဆင်ဖို့ လုပ်ပေးနေတာကို ဇွန်ဘီက ငါ့ကိုငကြောင်လို့ ထင်နေတယ် ဘာဖြစ်လို့လဲ?’

“ဘာဖြစ်လို့ ငါ့ကိုကြည့်နေတာလဲ? ခြေထောက်ကိုထည့်!ဘယ်ဘက်! ဒီဘက်မဟုတ်ဘူး! အင်း! ဒီခြေထောက်! တော်တယ်! အခုနောက်ဖက်ကိုထည့်! ဒီထဲကိုမဟုတ်ဘူး! ဟိုဘက်ကိုဟ! ခြေထောက်တစ်ဖက်ကို တစ်ခုစီထည့်! နှစ်ဖက်လုံးမဟုတ်ဘူး! ဟုတ်ပြီ! ထတော့!”

လင်းချင်းသည် အတွင်းခံဝတ်ပေးပြီးသည့်အခါ ဘောင်းဘီတိုကို ဝတ်စေရသည်။ ဗီရိုထဲတွင် ဘောင်းဘီတိုနှင့် ဂါဝန်တို့အပြင် တခြားဘောင်းဘီကို ရှာမတွေ့သောကြောင့် ဖြစ်သည်။

ထို့ကြောင့် လင်းချင်းသည် ဘောင်းဘီတိုနှင့် ရှပ်အကျီတစ်ထည်ကို ဇွန်ဘီမအား ဆင်ပေးလိုက်ရသည်။ သို့သော်လည်း အံ့သြဖို့ကောင်းသည်က ရှပ်အကျီကိုတော့ ဇွန်ဘီမက မဖြဲပစ်ပေ။ ထို့နောက် လင်းချင်းသည် ဇွန်ဘီမ၏ခေါင်းက ဒဏ်ရာကြီးက ကလေးများကို ကြောက်စေမည်ဖြစ်ကြောင်း သိလိုက်သည်။ ထို့ကြောင့် ဒါကိုရှင်းဖို့ ဇွန်ဘီမဖြဲထားသည့် တီရှပ်ကိုပတ်ကာ သူမအား ဗီရိုထဲကနေ ဘေ့စ်ဘောဦးထုပ်ကို ရှာဆောင်းပေးထားလိုက်သည်။

‘အင်း မဆိုးဘူးပဲ!’   လင်းချင်းသည် စိတ်ထဲက ပြောနေမိသည်။  
Previous Chapter 277 of 410 Next